Monday, December 15, 2008

အမည်တွေများတဲ့အကြောင်း

ပန်းချီထိန်လင်း

ကင်းခြေများတွေက ခြေများမှများစေတော့ သူကကင်းခြေများ။

အမည်များသူများမှာကား အမည်တွေအများကြီးနဲ့ ကားယားကားယား
တွားသွားနေရသလို၊ တွားသွားနေရသလို၊ တွားသွားနေရလို့။

ဟိုကွေ့ဟိုတက်နဲ့၊ ဒီကွေ့ဒီတက်နဲ့
ကွေ့တွေများသလောက်၊ တက်တွေလည်းများသလောက်လောက်
နာမည်တွေလည်း မှိုလိုပေါက်၊ မြွေလိုပေါက်၊ ရွာရိုးကိုးပေါက်။

အိမ်မှာနေတော့တခု၊ ဧည့်စာရင်းတိုင်တော့တခု
မဂ္ဂဇင်းစာမျက်နှာမှာတခု၊ အင်တာနက်စာမျက်နှာမှာတခု၊
ဒီလောက်များတဲ့အထဲကနေမှ တကယ်ခေါ်ရတော့
ဧည့်သည်ကြီးတဲ့၊ အုပ်ကြီးတဲ့၊ ကတုံးကြီးတဲ့၊ သပြေညိုကြီးတဲ့၊
စောင့်ရတယ်၊ မီးစောင့်ရသလို၊ ရေစောင့်ရသလို
ဖုတ်သွင်းရထားစောင့်သလိုစောင့်နေတာ ဘာကိုပါလိမ့်၊
စောင့်နေတာကိုပါ စောင့်နေရတာ
လှသန်းကို လှသန်းလို့ခေါ်ခွင့်ရဖို့
ဘဂျမ်းကို ဘဂျမ်းလို့ခေါ်ခွင့်ရဖို့
စောင့်၊ စောင့်၊ စောင့်ရင်းစောင့်ရင်း၊
ရေပေါ်မှာ ကိုယ့်အမည်ကိုယ်
ရေးကြည့်နေမိတယ်
ရေကြည့်နေမိတယ်။ ။


Friday, December 12, 2008

အရိုးစု


ကျနော့်အရိုးတွေကို ကျနော်ကျေးဇူးတင်တယ်
သူတို့ကအခုထိ ကျနော့်အပေါ်ကောင်းတုန်းပဲ
ကျနော့်ခါးက အခုထိမတ်တုန်းပဲ
ကျနော့်ခြေထောက်တွေက အခုထိအမြင့်ကိုတက်တုန်းပဲ
ကျနော့်လက်ဖျံတွေက အခုထိမြန်ဆန်သွက်လက်တုန်းပဲ
ကျနော့်စိတ်သွားရာနောက်ကို သူကလိုက်တုန်းပဲ။

ကျနော့်အရိုးတွေက ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့သေးဘူး
ကျနော်သတိလက်လွတ်ဖြစ်လို့
ကျနော်ကံမကောင်းလို့
ကျိုးတုန်းကကျိုးခဲ့ဘူး
ပြီးတော့ပြန်ကောင်းတာပဲ။

နှစ်ပေါင်းရာထောင် အရိုးတွေ ပြန်တူးဖော်တော့
အရိုးတွေက လူတယောက်ရဲ့ပုံပန်းကိုပြောပြသတဲ့
အရိုးတွေက လူတယောက်ရဲ့ဘဝကိုပြောပြသတဲ့
သူတို့သန်မာခဲ့တာ
သူတို့ချည့်နဲ့ခဲ့တာ
သူုတို့ပျော်ရွှင်ခဲ့တာ
သူတို့ကြေကွဲခဲ့တာ
သူတို့ငြိမ်းချမ်းခဲ့တာ
သူတို့တိုက်ပွဲဝင်ခဲ့တာ...
အရိုးတွေက မလိမ်ဘူး။

အရိုးသားဆုံးနှလုံးသားများ၏အစုအဝေးကို
အရိုးစုဟုခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ကဗျာစာအုပ်ကလေး
တခါကကျနော်တို့တည်ဆောက်ခဲ့ဘူးတယ်
နံရိုးတူသူချင်း။

မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတထပ်အသားတထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော်မုန်းတယ်
လေးတွဲ့ထိုင်းမှိုင်းစွာရပ်လို့
ကျနော့်ရှေ့ကမှန်ထဲမှာ..
သူ့အရိုးတွေကနေ သူထွက်ပြေးနေတဲ့ကောင်။

အရိုးအရင်း
အသားလိုလို့အရိုးတောင်း
အရိုးပေါ်အရေတင်
အရိုးကွဲမှအသဲစွဲ
အရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးကအရိုးတွေကိုတော့
မမေ့ကြပါနဲ့။

ကမ္ဘောဒီးယားကအရိုးတွေ
ရဝမ်ဒါကအရိုးတွေ
ဘောစနီးယားကအရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့အရိုးတွေ
လူမသိသူမသိအရိုးတွေ..။

ကိုယ့်ခြေထောက်အောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော်ဘယ်သူ့အရိုးပေါ်ရပ်နေမိသလဲလို့။

မင်းဟာငါ့ရဲ့နံရိုးတချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး
ကျနော့်အရိုးတွေကို ကျနော်ချစ်တယ်။ ။

Monday, December 8, 2008

ပင်လယ်ဓါးပြ


အဆုံးမရှိတဲ့ပင်လယ်မှာ
သားကောင်နောက်ကိုလိုက်သူ
အပြောကျယ်တဲ့ပင်လယ်မှာ
ရတနာကျွန်းကိုရှာသူ
မြေပုံထဲမှာမပါတဲ့ကျွန်းကလေးတွေမှာ
တခါတလေပုန်းခိုတတ်သူ။

စိတ်ကြိုက်ကမ်းခြေတခုမှာ
တနေ့ကျရင်မြို့ကြီးတမြို့တည်အုန်းမတဲ့၊
ကမ္ဘာကြီးကိုလုယက်ဖို့ဆိုတာ
သိန်းငှက်တကောင်နဲ့
သစ်သားခြေထောက်တဖက်ပဲလိုသတဲ့။

ကောင်မလေးရေ
နောက်ဆုံးကျန်တဲ့မျက်လုံးတဖက်လို
ငါ မင်းကိုချစ်ခဲ့ပါတယ်။ ။

Thursday, November 13, 2008

လပြည့်ည



ဒီညမှာ ငါ့လရောင်က မှန်တံခါးက ဝင်တယ်
ဒီညမှာ မင်းလရောင်က သံတိုင်ကြားက ဝင်တယ်
တနေ့ကျရင် မင်းနဲ့ငါ လရောင်အောက်မှာ အတူလမ်းလျှောက်ကြအုန်းမယ်။
အုတ်နံရံပေါ်မှာ မင်းရေးခဲ့တဲ့ကဗျာ
အဲဒီညမှာ ငါပြန်ရွတ်ပြချင်ပါတယ်။ ။


Thursday, October 30, 2008

စက္ကူနဲ့လုပ်တဲ့ကောင်




ငှက်တွေလိုပဲ လေမှာပျံဝဲတယ်
ကိုယ်ပိုင်အတောင်ပံတော့ မရှိပေဘူး
ကြိုးဆွဲရာအတိုင်းသာ...။ ။

(ကျနော့်ကဗျာတွေမှာ ဆက်တွေးစရာလေးတွေ ပါခဲ့တယ်ဆိုရင် အဲဒါဟာ ကဗျာရေးသူရဲ့ မိမိကိုယ်မိမိ ဝေဖန်ရေးအပေါ်မှာသာ အခြေခံခဲ့ပါကြောင်း ဝန်ခံပါရစေ)

Monday, October 20, 2008

အိပ်ယာဝင်



ရေနည်းငါးတစ်ကောင်ရဲ့
ခြောက်ခြားပူလောင်ပုံမျိုး
စိုးရိမ်မှုတွေက
ငါ့အပေါ်ပြိုကျ

ခြေထောက်အောက်မှာ
ကမ္ဘာ
သဒ္ဒါစည်းကျဉ်းကျဉ်းနဲ့
ချစ်ခြင်းမေတ္တာကိုဖွဲ့

ချစ်သူတို့ခွဲခွာချိန်
အနောက်ဘက်တိမ်နီနီမှာ
အိမ်ပြန်ငှက်တို့ခြေရာ
အထီးကျန်မှုဆာလောင်လွန်းသမို့
အမှောင်ဆီတိုးလို့ဝင်ခဲ့..

ဘယ်တော့မှပြန်ရနိုင်တော့မည်မဟုတ်
ရုပ်ရှင်တပွဲကို
ချစ်သူရင်ခွင်ထဲကကြည့်သလို
ဘဝကိုရင်ဖိုချင်ရဲ့
ဒါပေမယ့်
အားလုံးပြီးဆုံးခဲ့ပြီမဟုတ်လား
ကြိုးတန်းပေါ်ကည
ပြုတ်ကျလာတယ်..

မီးရထားလက်မှတ်
ဘတ်စကားလက်မှတ်
ရုပ်ရှင်လက်မှတ်
ထီလက်မှတ်
အားလုံးအမှတ်တရပါပဲ..

ခြင်ထောင်တထပ်
စောင်တထပ်နဲ့
အမှတ်တရတွေကိုခြုံသိပ်လိုက်ရဲ့

စကြဝဠာထဲမှာ
ကမ္ဘာထဲမှာ
ငါ့အတွက်အိပ်ဖို့တနေရာ
ငါ့ဖာသာငါရှာခဲ့

မနက်ဖြန်မနက်စောစော
ဘဝကိုဒုက္ခနဲ့ဆေးကြောရဦးမယ်..။

ဒီကဗျာကို ဘယ်တုန်းက ရေးခဲ့တာလဲ ကျနော် မမှတ်မိတော့ပါ။ အခု ဆရာမ မနော်ဟရီရဲ့ ကျေးဇူးနဲ့ လက်ဝယ်ပြန်ရပါတယ်။ ကဗျာကို ပြန်ဖတ်တော့ ကိုယ့်ကဗျာ ကိုယ်မမှတ်မိနိုင်လောက်အောင်ပါပဲ။ အနောက်ဘက်တိမ်နီနီ၊ အထီးကျန်မှုဆာလောင်လွန်းသမို့၊ ကြိုးတန်းပေါ်ကည၊ ဘဝကိုဒုက္ခနဲ့ဆေးကြောရအုန်းမယ် စတဲ့ မှတ်မှတ်ရရဖြစ်ခဲ့ဘူးတဲ့ စကားလုံးတွေကို ပြန်တွေ့မှပဲ ငါ့ကဗျာလေးရယ်လို့ ရင်မှာပြန်နွေးထွေးရပါတယ်။
အချိန်ကာလက ဘာတွေကို ပြောင်းလဲစေခဲ့သလဲ။ ဒီကဗျာလေးက ကျနော့်ကို မေးခွန်းတွေ ထုတ်လို့နေပါရောလား။
အခုတော့လည်း မနက်ဖြန်မနက်အကြောင်း မတွေးပဲ အိပ်ယာဝင်တတ်ခဲ့နေပြီကော။

Sunday, October 19, 2008

ကုလားအုတ်တွေနေတဲ့မြို့

ပန်းချီထိန်လင်း


ဒီလိုပဲ ငါတို့ဟာ နေ့ထူးနေ့မြတ်တွေတိုင်း
ဆက်သွယ်ရေးတွေပြတ်တောက်လို့
အနှေးပြကွက်နဲ့ ငါတို့
အသေးစိတ် ပြိုလဲကျ သွားပုံများ။

တို့လက်ထဲကဖုန်းတွေဟာ

ဆက်သွယ်ရေးဧရိယာပြင်ပလို့၊

အလိုလိုထထဖြေကြ။


ဒီလိုရာသီဥတုမျိုးမှာ
လုံခြည်ဝတ်ရင်လဲ ဆင်ဆာလွတ်အောင်၊

ပဲပြုတ်သည်ခေါ်ရင်လဲဆင်ဆာလွတ်အောင်၊

ကလေးချော့ရင်လဲ ဆင်ဆာလွတ်အောင်၊

ယုတ်စွအဆုံး

ဘုရားရှိခိုးတာတောင်မှ ဆင်ဆာလွတ်အောင်။

မိုးရွာထဲလမ်းလျှောက်ရင်း၊

ရေချိုးမမှားအောင်၊စဉ်းစားရတဲ့ဒုက္ခ။

မှောင်ထဲထိုင်ရင်း၊

ကိုယ့်အရိပ်မထွက်အောင်စောင့်ရှောက်ရတဲ့ဒုက္ခ။


ဒါပေမဲ့

ရေငုတ်သမားတွေ ပဲ

အဲဒီလို ပုလဲ တွေ ယူယူ လာကြတာ။

သဲကန္တာရကြီးပါပဲ၊

ကုလားအုပ်တွေရဲ့ ခြေထောက်တွေကို

သန်မာစေတာ။


Hteinlin

စက်တင်ဘာ 2008

Thursday, September 25, 2008

အဲဒီညနေက ကားမှတ်တိုင်မှာ

ကျနော် ဘက်စကား စောင့်နေသည်။
သည်ဝါကျမှာ အပိုင်းသုံးပိုင်းပါသည်။
ကျနော်..ဘက်စကား..စောင့်နေသည်။
ကျနော်သည် ပြုလုပ်သူဖြစ်သည်။ ဘာလုပ်သလဲ။ စောင့်နေသည်။ ဘာကိုစောင့်နေသလဲ။ ဘက်စ်ကားကို စောင့်နေသည်။ ဘက်စ်ကားသည် စောင့်နေခြင်း ခံရသူဖြစ်သည်။
ကျနော် ပြန်စဉ်းစားသည်။ ကျနော်က ပြုလုပ်သူဆိုလျင် အခြေအနေကို ဖန်တီးခွင့် ကျနော့်မှာ ရှိရပေမည်။ ကျနော်စောင့်နေလျင် ဘက်စ်ကားက လာကိုလာရမည်။ ဘက်စကားသည် ကျနော့်စေခိုင်းရာအတိုင်း လုပ်သူဖြစ်ရမည်။ သူက ပြုလုပ်ခံရသူဟု ဆိုထားသည် မဟုတ်လား။ မှတ်တိုင်မှာ ကျနော်ရပ်နေပုံကလည်း ဘက်စ်ကားကို လာကိုလာရမည်ဆိုသည့် ဟန်ပန်ဖြင့် စောင့်နေပုံမျိုးဖြစ်သည်။

အမှန်တကယ်ကျတော့ သည်လိုမဟုတ်ပါ။ ဘက်စ်ကားက ကျနော်စောင့်နေသည့်အတွက် လာမည်ဆိုသည့်သဘော မဟုတ်ပါ။ အကြောင်းတစုံတရာကြောင့် အချိန်အကြာကြီးကြာမှ လာချင်လာပါလိမ့်မည်။ ဒါမှမဟုတ် အကြောင်းတစုံတရာကြောင့် မလာပဲလည်း နေချင်နေပါလိမ့်မည်။ သေချာသည်မှာ ဘက်စ်ကားလာမှ ကျနော်သွားလိုရာကို သွားနိုင်မည်ဖြစ်သည်။ သည်ခရီးကို အခြားနည်းလမ်းများထက် ဘက်စ်ကား စီးသွားမှ ဖြစ်နိုင်သောကြောင့် ကျနော် ဘက်စ်ကားကို စောင့်နေခဲ့ခြင်းဖြစ်သည်။ ကျနော်က စောင့်နေရသူ ဖြစ်ပါသည်။ စောင့်နေသောကြောင့် စောင့်သူ၊ ပြုလုပ်သူဟု ကျနော့်ကို သတ်မှတ်လျင် မမှန်နိုင်ပါ။ ကျနော်သည် စောင့်နေရုံမှအပ ဘာမှ မလုပ်နိုင်ပါ။

ကျနော်သွားချင်သော ခရီးသည်လည်း စောင့်နေရုံဖြင့် ရောက်မသွားနိုင်ပါ။ ထိုအခါ ဘက်စ်ကားသည် အရေးကြီးလာပါသည်။ ကျနော့်အတွက် အရေးကြီးလာပါသည်။
ဘက်စ်ကားသည် ကျနော်က စောင့်နေခြင်းကို ခံနေရပါသည်။ ထို့ကြောင့် ဘက်စ်ကားကို ပြုလုပ်ခံရသူဟု သတ်မှတ်လျင်လည်း မမှန်နိုင်ပါ။ သူက ကျနော်စောင့်နေသော်လည်း လာချင်လာမည်။ မလာချင်လည်း မလာပါ။ သူ့မှာ သူ့အကြောင်းနှင့်သူ ရှိနိုင်ပါသည်။ ထိုအကြောင်းကို ကျနော်က မသိနိုင်ပါ။ တစုံတရာလည်း မစွက်ဖက်နိုင်ပါ။ သေချာသည်မှာ ဘက်စ်ကားလာမှ ကျနော်သွားလိုရာ ခရီးကို ရောက်ပါလိမ့်မည်။ ထိုအခါ ဘက်စ်ကားသည် ကျနော့်အတွက် အရေးကြီးလာပါသည်။ သူသည် ကျနော့်ခရီးကို မြန်အောင် နှေးအောင်၊ ရောက်အောင် မရောက်အောင် ဖန်တီးနိုင်သူ ဖြစ်လာပါသည်။
ထိုအခါ သဒ္ဒါသဘောသည် မှားယွင်းသွားပါသည်။ ကျနော်သည် စောင့်နေသော်လည်း ပြုလုပ်ခံရသူ ဖြစ်သွားပါသည်။ ဘက်စ်ကားသည် စောင့်နေခြင်း ခံရသော်လည်း ပြုလုပ်သူဖြစ်သွားပါသည်။

စာကြောင်းတကြောင်းဖြစ်ရန် ပြုလုပ်သူ၊ ပြုလုပ်ခံရသူနှင့် ပြုလုပ်ခြင်းတို့ ရှိရမည်ဟု ဆိုပါသည်။ ပြုလုပ်ခံရသူ မပါသော စာကြောင်းများလည်း ရှိပါသည်။ သို့သော် ပြည့်စုံသော စာကြောင်းဟု ဆိုနိုင်မည်လား။
ဥပမာ ကျနော်စောင့်သည်ဟု ဆိုပါတော့။
ကျနော် ဘာကိုစောင့်သလဲ။ အမျိုးမျိုးဖြစ်နိုင်ပါသည်။ အခွင့်အရေးကို စောင့်တာလား။ ပဲပြုတ်သည်ကို စောင့်တာလား။ ချစ်သူကို စောင့်တာလား။ အရက်ဆိုင် တံခါးအဖွင့်ကို စောင့်တာလား။ ဖြစ်နိုင်စရာတွေ အများကြီးရှိသည်။ သို့သော် ကျနော်က စောင့်နေသည်။ စောင့်နေသည်ဆိုသည့် စကားလုံးမှာ အစောင့်ခံတခု လိုနေသည်ကိုတွေ့ရသည်။ စားနေသည်။ ဖတ်နေသည်။ နမ်းနေသည်။ ရိုက်နေသည် စသည့်စကားလုံးတို့မှာလည်း အစားခံ၊ အဖတ်ခံ၊ အနမ်းခံ၊ အရိုက်ခံ အရာတခုခု လိုအပ်နေပါသည်။
သို့သော် ငိုနေသည်။ ရယ်နေသည်။ အိပ်နေသည်။ ထိုင်နေသည် စသည့်စကားတို့အတွက်တော့ ပြုလုပ်ခံတခုခု မလိုပါ။ တွေးရင်း နည်းနည်းလမ်းချော်သွားပါသည်။ ကျနော်သည် သဒ္ဒါဆရာ မဟုတ်ပါ။ ဘက်စ်ကားစောင့်နေသူတယောက်သာဖြစ်သည်။

ဘက်စ်ကားစောင့်ရင်း တခုခုမတွေးဖြစ်အောင် ငေးမောယူရလောက်သည့် မိန်းမတယောက်ယောက်လည်း မှတ်တိုင်တွင်မရှိပါ။ ဟိုပြောဒီပြော စကားစမြည်ပြောစရာ အဖော်တယောက်ယောက်လည်း မပါပါ။ ထိုအခါ ကျနော် ဆက်တွေးပါသည်။
ကျနော် ဘက်စ်ကား စောင့်နေသည်။
သည်မှာ ပြောစရာ ခေါင်းစဉ်သုံးခု တွေ့ပါသည်။ နံပတ်တစ် ခေါင်းစဉ်မှာ ကျနော်ဖြစ်သည်။
ကျနော်သည် ခရီးတခု သွားမည့်သူဖြစ်သည်။ ထိုခရီးသည် လမ်းလျောက်သွားရန် အတန်ဝေးသော ခရီးဖြစ်သည်။ ထိုအခါ ဘက်စ်ကားစီးသွားရန် ကားမှတ်တိုင်ကို ရောက်လာသူမှာ ကျနော်ဖြစ်သည်။ ကားမှတ်တိုင်ကို ဘက်စ်ကား စီးသွားရန် လာရခြင်းမှာ ကျနော့်မှာ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်၊ စက်ဘီး စသည့် ကိုယ်ပိုင်ယဉ်တခုခု၊ လမ်းလျောက်သွားခြင်းထက် ပိုမိုမြန်ဆန် သက်သာစေသော ကိရိယာပစ္စည်းတခုခု မရှိခြင်းကြောင့်ဖြစ်သည်။ ကျနော်သည် အများပြည်သူ ခရီးသွားလာလွယ်ကူစေရန် စီစဉ်ပေးထားသည့် ဘက်စ်ကားကိုစီးမှသာ မိမိလိုရာ သွားနိုင်မည့်သူဖြစ်ပါသည်။ နည်းနည်းဖြည့်ပြောရလျင် ဘက်စကားခပေးရန် ရှိသူလည်းဖြစ်သည်။ သို့သော် အငှားယဉ်စီးရန် ပိုက်ဆံမလုံလောက်သူ၊ သို့မဟုတ် နှမြောသူ၊ သို့မဟုတ် အငှားယဉ်စီးသွားရလောက်အောင် အရေးကြီးသည့် ကိစ္စတခုခု မရှိသူလည်းဖြစ်ပါသည်။

ဒုတိယခေါင်းစဉ်မှာ ဘက်စ်ကားဖြစ်သည်။
လူအများလိုက်ပါစီးနင်းလို့ရအောင် တည်ဆောက်ထုတ်လုပ်ထားသည်။ လူအများသွားလာလွယ်ကူစေရန် စီစဉ်ပေးထားသည့် လမ်းကြောင်းများအတိုင်း မောင်းနှင်သွားလာသည်။ သတ်မှတ်ထားသော မှတ်တိုင်များတွင် လူအတင်အချလုပ်သည်။ အနည်းဆုံးစရိတ်ဖြင့် ခရီးတခုကို သွားနိုင်အောင် သင့်တင့်သောနှုန်းထားတခုကို ယူသည်။ တယောက်ကိုတယောက် မသိသူများ အတူတကွ စီးနင်းကြသည်။ လိုရာမှတ်တိုင်ရောက်လျင် မည်သူ့ကိုမျှ နှုတ်ဆက်ရန်မလိုပဲ ဖုတ်ဖက်ခါ ဆင်းသွားလို့ရသည်။
တချို့ဘက်စ်ကားက သစ်သည်။ တချို့ဘက်စ်ကားက ဟောင်းနွမ်းစုတ်ပြတ်သည်။ တချို့ဘက်စ်ကားက ချောင်ချိသည်။ တချို့ဘက်စ်ကားက ကြပ်သိပ်ညပ်နေသည်။ တချို့ဘက်စကားက အန္တရယ်ဖြစ်လောက်အောင် အကြမ်းပတမ်းမောင်းသည်။ အမြန်မောင်းသည်။ တချို့ဘက်စ်ကားက တရေးလောက် ကောင်းကောင်းမှေးနိုင်လောက်အောင် အိတွဲ့လေးဖင့်သည်။ အခု ကျနော်ရေးနေသည့် ဘက်စ်ကားအကြောင်းလိုပင် စိတ်ပျက်ဖို့ကောင်းသည်။ သို့သော် ခင်ဗျားတို့လည်း ဘက်စ်ကားစောင့်ဖူးသူများ ဖြစ်နိုင်ပါသည်။

နောက်ဆုံးခေါင်းစဉ်ကတော့ စောင့်နေသည်။
စောင့်နေသည်ဆိုသည့် ပြုလုပ်ခြင်းကိရိယာသည် ကျနော်ပြောခဲ့သလို ဆန့်ကျင်ဘက် အဓိပ္ပါယ်တွေကိုလည်း ပေါက်ဖွားစေပါသည်။ ကံနှင့်ကတ္တားကို ပြောင်းပြန်ဖြစ်သွားစေပါသည်။ စောင့်နေသူသည် မရေရာပါ။ စောင့်နေသူသည် ဘာမှမတတ်နိုင်ပါ။ လည်ကလေးတဆန့်ဆန့်နှင့် စောင့်နေရပါသည်။ သူ့ကို တယောက်ယောက်က ခိုင်းထားသလို ဇွဲကောင်းကောင်းနှင့် စောင့်နေပါသည်။ ဘက်စ်ကား မလာမှာကို စိုးရိမ်ပူပန်စွာ စောင့်နေပါသည်။ ချိန်းဆိုထားရာဆီ အချိန်မီမရောက်မှာကို ကြောင့်ကျစွာ စောင့်နေပါသည်။
ဘက်စ်ကားလာမှ စောင့်နေခြင်းကိစ္စ ပြီးပါမည်။ ဘက်စ်ကားမလာမချင်း စောင့်ကြရပါမည်။

ဆိုရလျင် ကျနော်နှင့် ဘက်စကားတွေ့သွားသည်နှင့်၊ ကျနော့်ရှေ့မှာ ဘက်စ်ကား ရပ်လိုက်သည်နှင့်၊ ဘက်စ်ကားပေါ် ကျနော်တက်လိုက်သည်နှင့် စောင့်နေခြင်း ပြီးဆုံးသွားပါသည်။ စောင့်ဖို့ မလိုတော့ပါ။ စောင့်နေသည်ဟု ပြောရန် မရှိတော့ပါ။ ကျနော်နှင့် ဘက်စကားကြားတွင် စောင့်နေသည်ဆိုသည့် စကားလုံး မရှိတော့ပါ။
ဘက်စကားက ဆက်မောင်းသွားပါသည်။ ကျနော်က ကားပေါ်မှာ ပါသွားပါသည်။ ဘက်စ်ကားကို ကျနော်စီးသွားပါသည်။ ဘက်စကားသည် ကျနော်စီးတာကို ထိုအချိန်ကျမှ ခံရပါတော့သည်။ ထိုအခါ ကံနှင့်ကတ္တားသည် နေရာမှန် ရောက်သွားလေသည်။ သို့သော် ကျနော် ဘက်စ်စကားစောင့်ခဲ့သည်ဟု ပြောချင်မည်ဆိုလျင်တော့ ပြောနိုင်ပါသေးသည်။ စီးနင်းလိုက်ပါသွားမှတော့ စောင့်ခဲ့သည်ဆိုသည့် အကြောင်းက အရေးမကြီးတော့ဟု ယူဆချင်လည်း ယူဆပါ။ သိုသော် နောက်တခါ ဘက်စ်စကားအကြောင်း ပြောလျင် စဉ်းစားလျင်၊ ဘက်စ်ကား စီးတော့မည် ဆိုလျင်တော့ စောင့်သည်ဆိုသော စကားလုံးကို ရှောင်ကွင်း၍ မရနိုင်ပါ။ ဘက်စ်ကားဆိုတာ စီးမည်ဆို စောင့်ရပါသည်။


Wednesday, September 24, 2008

ခရီးရှည်



ကြည့်လိုက်တိုင်း အမြဲတမ်း ကူးခတ်နေတာပဲ
ဘယ်ကိုမှတော့ မရောက်ဘူး
ဧည့်ခန်းမှန်ကန်ထဲက ရွှေငါးလေးတွေ..။ ။


Tuesday, September 23, 2008

တနှစ်ပြီးတဲ့နောက်

ပန်းချီထိန်လင်း
http://www.hteinlin.com/

ညီမလေး၊ ဆိုင်း(န်)မအင်(န်)ခင် ကထဲက၊
ကြည့်ထားရမှာက
ဇောက်တွေကဘယ်မှာ၊
ဒေါက်တွေကဘယ်မှာ၊
ဗျောက်တွေကဘယ်မှာ၊
ပြီးပြီဆိုမှ
ကျော်စရာရှိတာတွေကို ကျော်မယ်၊
ချက်စရာရှိတာတွေ ချက်ကြမယ်။

ှ မှာချင်တာက
ဆိုင်ကယ်တွေကို၊ မျက်နှာမပြနဲ့၊
တို့တာဝန်အရေးသုံးပါးဆို၊ ဆဲတဲ့အကျင့်ကြီးကိုဖျောက်။
မောရသုတ်ပြီးတိုင်း သစ္စာသာဆို။

ဘယ်လိုလဲခု၊ို
မျက်လုံးကို နောက်စေ့မှာတပ်ပြီး
လမ်းလျှေက်တတ်နေပြီလား။
နားကအမြဲတမ်း၊ ဒေါက်ဝီး ဖြစ်နေပါစေ။

ဆိုင်းဘုတ်တွေနဲ့
ဒေါင်အတူမထိုင်ကြေး။

လက်ခုတ်တီးခေါ်လိုက်တိုင်း
နီးရာကောင်တာပေါ်ကိုသာ မျက်လုံးကို ပစ်တင်ထားလိုက်၊

မှတ်ပုံတင်ထဲကမျက်နှာနဲ့ တော့တဖြည်းဖြည်းတူလာပြီ။
နဲနဲ ဖေါ့ထား၊လမ်းလျှောက်ရင်၊
ညီမလေးအဲဒီတခုတော့ နဲနဲသတိထားကွယ်။
မှဲ့ဆိုတာ၊အမြဲတနေရာထဲမှာပဲရှိ ရ မယ်။
ဟုတ်တယ်ဟုတ်။
ကြက်ဆူပင်တွေထဲမှာဆိုရင်
အမြဲတမ်း၊ ဆက်သွယ်မှူဧရိယာရဲ့၊ အပြင်ဘက်၊
ဟုတ်တယ်ဟုတ်။
နာမည်ခေါ်လာပြီဆို
ငုတ်တုတ်သာမေ့ပစ်လိုက်။
ဗြောင်။

အရေးကြီးဆုံးက
ဆိုင်း(န်)အောက်(တ်)လုပ်ဘို့ဘယ်တော့မှမမေ့နဲ့။
သိပ်ညောင်းနေရင်တော့လဲ ထွက်လျှောက်၊
အိမ်ထဲကထွက် ပြီဆို၊ လမ်းကို ဆိုင်း(န်)အောက်(တ်) လုပ်။
ရေသောက်ပြီးပြီဆိုရင်၊ရေခွက်ကို ဆိုင်း(န်)အောက်(တ်)လုပ်။
အိပ်မက်မက်ပြီးပြီဆို၊ညကို ဆိုင်း(န်)အောက်(တ်)လုပ်။
-- သိပ်နမ်းချင်နေရင်တော့လဲနမ်းပေါ့။
ဒါပေမဲ့၊
ကောင်လေးနုတ်ခမ်းကို၊ ဆိုင်း(န်)အောက်(တ်)လုပ်ခဲ့။
မင်းသေချင်သေသွားနိုင်တယ်နော်၊
ဘ၀ကိုတော့ဆိုင်း(န်)အောက်(တ်)လုပ်ဖြစ်အောင်လုပ်သွား။

နောက်ဆုံးတခု ပြောမယ်၊
ဒီကဗျာကို ဆိုင်း(န်)အောက်လုပ်သွား။

့hteinlin
21092008

Tuesday, September 16, 2008

မသိနားမလည်မှုကို ကျော်လွှားရေး

(အတွေးအမြင်ခေါင်းကြီး)

၂၁ ရာစုနှစ်သည် တစ်ဖက်စွန်းရောက်မှုတွေ များလာသောရာစုနှစ် (century of Extremes) ဖြစ်သည်ဟု ၂၁ ရာစုကို လေ့လာသူ ပညာရှင် ဂျိမ်းမာတင်က ဆိုသည်။ ဤရာစုတွင် စိတ်ကူးစိတ်သန်း အသစ်တွေ အများကြီး ပေါ်လာသည်။ ထိုစိတ်ကူးစိတ်သန်းတို့ကို ၂၁ ရာစု လူသားများက လွယ်လွယ်နှင့် လက်မခံကြချေ။ ယနေ့ခေတ် လူသားတို့သည် အရာရာကို စမ်းသပ်ကြည့်ပြီးမှ လက်ခံသည်။
၂၁ ရာစု လူသားတို့သည် သူများပြောတိုင်း ယုံသည့် မလိမ်မိုး မလိမ္မာခေတ်ကို ကျော်လွှားခဲ့ပြီဟု အတွေးအခေါ် ပညာရှင်များက ကောက်ချက်ချသည်။ ယင်းအဆင့်သို့ ရောက်လာခြင်းမှာ အိုင်တီခေါ် သတင်း ပြန်ကြားရေး နည်းပညာ၏ ကျေးဇူးတရား ဖြစ်သည်ဟု လက်ခံထားကြသည်။
အတွေးအခေါ် သမိုင်းပညာရှင် အာနက်စ်ဂဲလ်နာက သမိုင်းတွင် စခန်းသုံးဆင့် ရှိခဲ့သည်ဟု ညွုန်းဆိုသည်။ (၁) Sword ဓား၊ (၂) Plough ထယ်နှင့် (၃) Book စာအုပ်တို့ဖြစ်သည်။ ဤသုံးစခန်းကို (၁) အမဲလိုက်ခြင်း၊ အစာရှာစုဆောင်းခြင်း (၂) ထွန်ယက်စိုက်ပျိုးခြင်းနှင့် (၃) အသိပညာ တိုးချဲ့ခြင်း ဟူ၍ ဖွင့်ဆိုနိုင်သည်။
သူများပြောတိုင်း ယုံခြင်း၊ ခြောက်တိုင်းကြောက်ခြင်း၊ မြှောက်တိုင်းမြောက်ခြင်း၊ တမတ်ဖိုးလောက် သိသည်ကို တကျပ်ဖိုးလောက် ထင်နေခြင်း၊ ကျွဲခြေရာခွက်ကို သမုဒ္ဒရာမှတ်ခြင်း စသည်တို့သည် အသိပညာ ခေါင်းပါးခြင်းကြောင့်ဖြစ်သည်။ သမိုင်းစခန်းနှင့်တွက်လျင် ၁ နှင့် ၂ လူသားအဆင့်သာ ရှိဦးမည်ဖြစ်သည်။
အသိပညာ နုံနဲ့သူသည် စိတ်ကူးစိတ်သန်းအသစ် ထုတ်နိုင်စွမ်းမရှိ။ သူသိထားသမျှ သာမန်ဗဟုသုတလေးကို ဧရာမဟု မှတ်ထင်သည်။ စိတ်ကူးစိတ်သန်း အသစ်များကိုလည်း လက်ခံနိုင်စွမ်း မရှိချေ။ ထိုအခါ သူ နားမလည်သော အသစ်အားလုံးကို မျက်စိမှိတ် ပယ်ချလေသည်။ မိမိထက် တတ်သိနားလည်သူများကို မလိုမုန်းထားခြင်း၊ မယုံသင်္ကာ ဖြစ်ခြင်းတို့သည် ယင်းတို့၏ သိသာသော အားနည်းချက်များဖြစ်သည်။ ထိုသို့သောသူနှင့် သူ၏ အ၀န်းအ၀ိုင်းသည် ၂၀ ရာစုမှ နောက်ပြန်ဆုတ်ဖို့သာရှိသည်။
အသိပညာအခြေခံ ရှိသူများကမူ စိတ်ကူးစိတ်သန်း အသစ်များကို ဓါတ်ခွဲခန်း လုံခွက်ထဲ ထည့်ကာ မီးပြင်းတိုက်၍ ဆန်းစစ်သည်။ တော်ရုံ စိတ်ကူးစိတ်သန်းတို့သည် ပြာကျသွားကြသည်။ မီးပြင်းဒဏ်ကို ခံနိုင်သော စိတ်ကူးစိတ်သန်းတို့သည် အဆင့်မြင့်သော လူ့ယဉ်ကျေးမှုကြီးကို ဖန်တီးမည်ဖြစ်သည်။
ဖရန်စစ်ဘေကွန်က လူသားတို့၏ တွေ့ရှိချက်ကြီး သုံးမျိုးသည် သမိုင်းတွင် အရေးအကြီးဆုံး ဖြစ်သည်ဟု ဆိုသည်။ (၁) ပုံနှိပ်စက်ကို တွေ့ရှိခြင်း၊ (၂) ယမ်းမှုန့် gun powder ကို တွေ့ရှိခြင်းနှင့် (၃) မဂ္ဂနက်သံလိုက် magnet ကို တွေ့ရှိခြင်းတို့သည် သမိုင်းတခုလုံးကို ပြောင်းလဲသွားစေသည်။ အရာရာသည် တကမ္ဘာလုံး၌ အကုန် ပြောင်းလဲသွားသည်။
ပုံနှိပ်စက်ကြောင့် စာပေများကို လက်နှင့် ကူးယူကာ ဖြန့်ချီနေရခြင်းမှ ပုံနှိပ် ဖြန့်ချီလာနိုင်၍ အသိပညာ ပြန့်ပွားမှု လျင်မြန် ကျယ်ပြန့်လာသည်။ ယမ်းကို တွေ့ရှိ၍ စစ်ရေးစစ်ရာတို့တွင် အကြီးအကျယ် အပြောင်းအလဲတွေ ဖြစ်ခဲ့သည်။ မည်သည့် အင်ပါယာ၊ မည်သည့် ဘာသာရေးဂိုဏ်း၊ မည်သည့် ကြယ်စုတို့မျှ ပုံနှိပ်စက်၊ ယမ်းနှင့် သံလိုက်တို့လောက် ဖြစ်စေခဲ့သည် မဟုတ်ပေ။
ဖရန်စစ်ဘေကွန်၏ ကျောင်းသားဟောင်း ဖြစ်သူ သောမတ်စ်ဟောဘ်စ်ကလည်း ပညာ၏ မဏ္ဍိုင်သုံးပါး အကြောင်းကို တင်ပြခဲ့သည်။ ပညာ၏ မဏ္ဍိုင်သုံးခုကသာလျင် အရာရာကို ရှင်းပြနိုင်သော ပါဝါရှိသည်ဟု ထောက်ပြသည်။ ပညာ၏ ပထမမဏ္ဍိုင်မှာ ရူပဗေဒဖြစ်၍ သဘာဝ အရာဝတ္ထုတို့ အကြောင်းကို ရေရေလည်လည် ရှင်းပြနိုင်စွမ်းရှိသည်။ ပညာ၏ ဒုတိယမဏ္ဍိုင်သည် စိတ်ပညာဖြစ်၍ လူကို တဦးချင်းအနေဖြင့် လေ့လာသည်။ စိတ်ပညာကို အသုံးချ၍ လူအကြောင်းကို ရှင်းပြနိုင်သည်။ တတိယမဏ္ဍိုင်သည် နိုင်ငံရေးပညာဖြစ်သည်။ ဤပညာသည် လူမှုအဖွဲ့အစည်းတို့အကြောင်းကို လေ့လာသည်။ နိုင်ငံရေးပညာဖြင့် ကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်သည်။ လူသားတို့ ဆုတ်ယုတ်ကြောင်းတရားများကို နိုင်ငံရေးပညာဖြင့် ရှောင်လွှဲနိုင်၊ ဖယ်ရှားနိုင်သည်။
လူသားတို့ တိုးတက်ရေးဖြစ်စဉ်တွင် အကြီးမားဆုံး အတားအဆီးမှာ မသိနားမလည်မှုဖြစ်သည်။ မသိနားမလည်ခြင်းသည် အသိပညာ ခေါင်းပါးမှုကြောင့်ဖြစ်သည်။ အသိပညာ ခေါင်းပါးမှုသည် လေ့လာဆည်းပူးမှု မရှိခြင်းကြောင့်ဖြစ်သည်။ လေ့လာဆည်းပူးမှု မရှိခြင်းသည် လေ့လာဆည်းပူးမှု၏ အကျိုးတရားကို မမြင်ခြင်းကြောင့်ဖြစ်သည်။ လူပျင်းများသည် အကျိုးကိုမြင်မှ အလုပ်လုပ်သည်။ လူတော်များသည်ကား အကျိုးရလဒ်ကို မစဉ်းစားပဲ သူ့ စွမ်းဆောင်ချက် အကောင်အထည်ပေါ်ရေးကိုသာ ရှေးရှုလေသည်။ စိတ်ကူးစိတ်သန်းများနှင့် လုပ်ဆောင်ချက်များသည် အချိန်အခါမရွေး မီးပြင်းတိုက် ခံနိုင်ပါမှ ၂၁ ရာစုတွင် ဆန်ကာတင်ကျန်မည် ဖြစ်လေသည်။

(အတွေးအမြင်၊ အမှတ် ၁၉၅၊ ဇွန်လ၊ ၂၀၀၈)

Monday, September 15, 2008

ချစ်ခြင်းရဲ့ပုလွေသံကလေး

အသက် ၈၀ ကျော် အဖွားအိုတဦးက ငယ်တုန်းက ချစ်ပုံပြင်ကို ပြန်ပြောရင်း မျက်ရည်ကျတဲ့ အခန်းနဲ့ ဇာတ်သိမ်းလိုက်တဲ့အခါ အတ္တလန်တိတ် သမုဒ္ဒရာအောက်က ဇာတ်ခုံကြီးတခုံ ပြန်လည် နိုးထလာခဲ့ဖူးတယ်။ အခုနေတဲ့ ဥရောပမြောက်ပိုင်း ဆိပ်ကမ်းမြို့ကလေးကနေ ကမ်းခြေကို ရိုက်ခတ်လာတဲ့ ရေလှိုင်းကလေးတွေထဲ ခြေထောက်တွေကို နှစ်ရင်း ရေပြင်အဝေးတနေရာမှာ တရွေ့ရွေ့ လှော်ခတ်သွားလာနေတဲ့ ပုလေသံကလေးကို ကျနော် မြင်ယောင်ကြည့်မိပါတယ်။
ဒီကဗျာကို ဘလော့မှာ တင်ပြီးပြီလို့ ထင်ခဲ့တာပါ။ ဒီည ပြန်ဖတ်ရင်း မတွေ့တော့မှ ဖိုင်ကြိုဖိုင်ကြားမှာ ပြန်ရှာခဲ့ရတယ်။ ဒါကော နုစဉ်တုန်းကလားလို့ မေးရင် မကျတ်တကျတ်တုန်းကလို့ ဖြေရမှာပဲ။ ဆိုတော့ ခုကော ကျတ်ပြီလားဆိုတော့... ဟင့်အင်း ချက်တုန်းပြုတ်တုန်းပါပဲဗျာ။

တိုက်တန်းနစ်
နှင်းခါးမိုး

၁၊က၊

ဒီသဘောၤကြီးပေါ်မှာပဲ
တွေ့ခဲ့ကြ
ချစ်ခဲ့ကြ၊

ဒီသဘောၤကြီးပေါ်မှာပဲ
ပြေးခဲ့ကြ ပုန်းခဲ့ကြ
မျက်လုံးတွေကို ရှောင်ကွင်းခဲ့ကြ၊

ဒီသဘောၤကြီးပေါ်မှာပဲ
ကခဲ့ကြ
မျက်ရည်ကျခဲ့ကြ
မျက်လုံးတွေစုံမှိတ်ပြီး
လေမှာစိတ်ကိုဆန့်တန်း
တောင်ပံယှက်ပျံသန်းခဲ့ကြ၊

ဒီတုန်းကတော့
ဒီသဘောၤကြီးဟာ
ဒီရေပြင်ကျယ်ကြီးထဲ
ဒီလို နစ်မြုပ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။

ကံကြမ္မာကရက်စက်တယ်
လူနှစ်ယောက်မှ ပျဉ်ပြားတချပ်ပဲပေးတယ်
လူနှစ်ယောက်မှ ရှင်သန်ခြင်းတခုပဲပေးတယ်
ချစ်သူနှစ်ယောက်မှာ
တယောက်ကိုတယောက်က ထားရစ်ခဲ့ခိုင်းတယ်။

လက်ဆုပ်ကိုဖြေ
သွားခွင့်ပေးလိုက်ရပေါ့
မင်းနစ်သွားတဲ့ရေပြင်ကြီးက နက်ရှိုင်းလွန်းလှ
မင်းအချစ်က ဒီထက်ပိုနက်ရှိုင်းတယ်
မင်းပေးခဲ့တဲ့ရှင်သန်မှုနဲ့အတူ
တဘဝလုံးငါ့မှာနစ်မြုပ်ရပေအုန်းမယ်။

၃၊

ဘယ်တော့မှမနစ်မြုပ်နိုင်ဘူးလို့
ကြွေးကြော်ခဲ့သူတွေ သတိထား
မျောနေတဲ့ရေခဲတုံးကြီးတွေဆိုတာ
မြေပုံအညွုန်းထဲမှာ မပါဘူး
ကံကြမ္မာနဲ့သာတိုးမိရင်
တိုက်တန်းနစ်ကြီးလည်းရင်ကွဲရတယ်။

၁၊ ခ၊

ဟောဒီရေအောက်က
နွံဖုံး သံချေးတက် ကိုယ်ထည်ကြီးဟာ
တခါက မီးထိန်ထိန်လင်းခဲ့တဲ့
ရေပေါ်ဇာတ်ခုံကြီးတခုံပါ
အခုတော့
ပုံပြင်တွေအေးခဲနေတဲ့ရေပြင်ကျယ်ကြီးထဲ
တရွေ့ရွေ့လှော်ခတ်သွားလာနေတာ
ချစ်ခြင်းရဲ့ပုလွေသံကလေး။ ။

Thursday, September 11, 2008

လိုက်လိုက်ကောက်ရတဲ့ညနေခင်းလေးများ



လမ်းပေါ်ကျော်ကျလာတဲ့ဘောလုံးကို
လှည့်ကြည့်ရင်း ငါဆက်လျောက်တယ်၊

မင်းတို့က အားလို့ ကစားနေတာ
ငါက ကိစ္စတခုရှိလို့ သုတ်သုတ်သွားနေတာ
ငါ့ရှေ့တည့်တည့်ကျတာမဟုတ်တော့
ငါက ပြန်လှည့်ပြီး ကောက်မပေးနိုင်ဘူး၊
တခါတလေ ဒီလိုပဲ
ငါတို့ကန်တဲ့ဘောလုံးတွေက
ကွင်းပြင်ထွက်ထွက်သွားတတ်တယ်၊
ငါ့ဘောလုံး ငါကောက်ခဲ့ရပေါင်းများပြီ
သူများဘောလုံးတွေလည်း ကောက်ပေးဘူးခဲ့။

ကန်ကြ ကန်ကြ
ပျော်ပျော်ပါးပါးကန်ကြ
အားထည့်ကန်ကြ
အာရုံထည့်ကန်ကြ
မှော်ထည့်ကန်ကြ၊
ကန်ကြ ကန်ကြ
ဂိုးဝင်အောင်ကန်ကြ
နိုင်အောင်ကန်ကြ
ရွှေဖိနပ်ရအောင်ကန်ကြ။

ကန်ချက်မမှန်တော့
ဘောလုံးက ကွင်းပြင်ထွက်တယ်
ဒီဘောလုံးကလေး
လမ်းပေါ်မှာ ကားကြိတ်သွားမလား
မြောင်းထဲပဲကျမလား
သံဆူးကြိုးနဲ့ငြိလေမလား၊
ငါကိုယ်တိုင်ကော
ကွင်းပြင်ထွက်သွားတဲ့ဘောလုံးကလေးလား
ငါတို့ဟာ ဘောလုံးကလေးများလို တလိမ့်လိမ့်
ဘယ်လိုကန်ချက်မျိုးနဲ့ကြုံခဲ့ကြရတယ်။

ညနေညနေ
ငါဖြတ်လျှောက်ပြီးပြန်လာနေကျ
ဘောလုံးကွင်းဘေးလမ်းကလေးပေါ်မှာ
ငါ့အတွေးတွေကို ငါဆွဲပြေးတယ်
အပေးအယူလုပ်တယ်
အမြောက်ထောင်တယ် ခေါင်းနဲတိုက်တယ်
အဝေးကလှမ်းကန်တယ်
ငါ့အတွေးတွေကို ငါဂိုးသွင်းတယ်။

ဘောလုံးဆိုကတည်းက အလုံးကြီးလေ
ဘာမှအသေအချာမပြောနိုင်ဘူး
မကောက်ပေးဖြစ်ခဲ့တဲ့ဘောလုံးကလေးအကြောင်း
အိမ်ရောက်တော့ကဗျာရေးတယ်
ဘာမှအသေအချာမပြောနိုင်ဘူး
ငါဟာကွင်းပြင်ထွက်သွားတဲ့ဘောလုံးကလေးလား
ဘာမှအသေအချာမပြောနိုင်ဘူး။

ငယ်ငယ်က ငါ့ကော်ဘောလုံးကလေး
တယောက်ထဲ နံရံဆီကြုံးကြုံးကန်ခဲ့တဲ့ဘောလုံးကလေး
ကားကြိတ်လို့ပြားချပ်သွားခဲ့တဲ့ဘောလုံးကလေး
အဖေဝယ်ပေးတဲ့နေ့က
အိပ်ယာထဲဖက်အိပ်ခဲ့ဘူးတယ်။ ။

Tuesday, August 26, 2008

တခါကစင်တင်ခဲ့ဘူးတဲ့ပြဇာတ်တပုဒ်




ငိုချပစ်လိုက်တယ်
မိုးတွေရွာချလိုက်တယ်။

စကားလုံးတွေ
မျက်ရည်တွေ
ရှိုက်ရှိုက်တက်လာသံတွေ။

စိတ်ထဲမှာရှိတာတွေ
ရင်ထဲမှာရှိတာတွေ
ကုန်သွားတဲ့အထိ..။

ကမ္ဘာကြီးကိုဘုရားသခင်က
ရေနဲ့မီးနဲ့ ဆေးကြောပစ်ခဲ့ဘူးတယ်မဟုတ်လား။

ဘဝကိုအသစ်တခုလဲလိုက်သလို
မုန်တိုင်းပြီးဆုံးသွားသလို
ရုပ်ရှင်ရုံတရုံထဲကထွက်လာသလို
အဝတ်အစားတွေဘာတွေတောင်ဆွဲဆန့်လိုက်သေး
ပြီးတော့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့တဲ့လူတယောက်ကို
အားရပါးရပြုံးပြလိုက်တယ်။

နှလုံးသားဆိုသည်
ဘူတာရုံတခုမျှသာ။ ။

( ကြာပါပြီ။ စာအုပ်ကြားက ပြန်တွေ့လို့ တင်လိုက်တာ။
နုစဉ်တုန်းက ဆိုပါတော့။ အဟတ် )

Saturday, August 23, 2008

မနက်စာ



မနက်ခင်းက
မင်းပါးပြင်ပေါ်မှာ
မင်းဆံစတွေပေါ်မှာ
ဝါဝင်းတဲ့နဖူးပြင်ပေါ်မှာ
မင်းရဲ့ရွှေလည်တိုင်ပေါ်မှာ။

မနက်ခင်းကို
ငါငေးနေမိတယ်
မင်းဟာ
ငါ့ရဲ့မနက်ခင်းလေးပါကွယ်
ငါဒီလိုပြောခဲ့ဘူးတယ်မဟုတ်လား။

မနက်ခင်းမှာ
နုပျိုတဲ့နေရောင်ပါတယ်
သန့်ရှင်းတဲ့လေပြည်ပါတယ်
အတွေးသစ်အမြင်သစ်
ဗီတာမင်သစ်တွေပါတယ်
မြင်သူကိုကြည်နူးစေတဲ့
စိတ်ကူးရွရွလေးတွေပါတယ်
မနက်ခင်းဟာ
ကော်ဖီပူပူလေးတခွက်ဆိုလည်း မမှားဘူး။

မနက်ခင်းဟာ
နေ့တိုင်းအသစ်ပြန်မွေးဖွားတယ်
မနက်ခင်းဟာ
ကိုယ်တို့အိမ်ခန်းထဲကို
မီးဖိုချောင်ဘက်ကဝင်လာပြီး
ဝရန်တာလေးပေါ်ကပြန်ထွက်သွားတယ်
အိပ်ယာကနိုးတဲ့အခါ
မနက်ခင်းဟာ
ကော်ဖီစားပွဲပေါ်မှာစောင့်နေတယ်
သတင်းစာတစောင်နဲ့
ကော်ဖီတခွက်နဲ့
ထမင်းကြော်တပန်းကန်နဲ့
အိပ်ပုတ်ကြီးတဲ့သားကလေးနဲ့
အသံစာစာသမီးကလေးနဲ့
မျက်နှာသစ်ပြီးစ
အိမ်ရှင်မရဲ့အပြုံးနဲ့။

အိမ်ကလေးကတော့
မနက်ခင်းလိုမဟုတ်ဘူး
နေ့တိုင်းအသစ်ပြန်မမွေးဖွားနိုင်ဘူး
ဥတုရာသီထဲ
နံရံတွေရေနံမဝခဲ့
ပျဉ်ပြားကြမ်းတွေကျိုးပေါက်ခဲ့
အိမ်တိုင်တချို့ယိုင်ခဲ့၊
အခုတော့
သားကိုလည်း
နှိုးမယ့်သူရှိခဲ့ပြီ
ကိုယ်ပိုင်မနက်ခင်းတခုနဲ့
သမီးကလည်း သူ့တေးသူသီတတ်ခဲ့ပြီ
အိမ်ရှင်မရဲ့ပါးကွက်ကြားအောက်မှာလည်း
ပက်ကြားအက်ကလေးတွေထင်ခဲ့ပြီ
ကော်ဖီတခွက်ကလည်း
သကြားနဲ့နို့ဆီနည်းခဲ့ပြီ။

စားပွဲအိုလေးပေါ်မှာ
ငါ့ရဲ့မနက်ခင်းကို ငါငေးတယ်
အချိန်ကာလက
အိမ်ရှေ့ကပိတောက်ပင်ကြီးကိုခုတ်လှဲပစ်ခဲ့
ဒါပေမယ့် မင်းကလှတုန်းပါပဲကွယ်
လွတ်နေတဲ့ထိုင်ခုံပေါ်မှာ
ဓါတ်ဘူးဟောင်းလေးပေါ်မှာ
ဘုရားရှိခိုးစာအုပ်ပေါ်မှာ
ရေဒီယိုတလုံးပေါ်မှာ
မနက်ခင်းကိုငါငေးတယ်
ဒီအိမ်ထဲကဘယ်အရာဖြစ်ဖြစ်
လက်သည်းညှပ်လေးတခုကအစ
ငါကတွယ်ငြိမိသူ
ပြတင်းဘောင်ပေါ်မှာ
နေစာလှုံနေတဲ့ကြောင်လေးရောပေါ့
မနက်ခင်းကလှတုန်းပဲ
ငါ့ရဲ့အိမ်ရှင်မကိုငါငေးတယ်။

ဝရန်တာမှာ
စာလေးတွေကိုအစာကျွေးရင်း
တံစက်မြိတ်ကငှက်အိမ်ကလေး
မင်းကြည့်မောနေတဲ့အခါ
မနက်ခင်းမှာ
ဘယ်တော့မှအငွေ့မပြယ်မယ့်
ကော်ဖီပူပူတခွက်ကိုငါတွေ့တယ်။

မနက်ခင်းက
တငြိမ့်ငြိမ့် ငါ့ရဲ့မြစ်ရေစီးပေါ်မှာ။ ။

Sunday, August 10, 2008

စကားလက်ဆောင်

လူ့ဘ၀ရဲ့
ညအသင်္ချေမှာ
အိပ်မက်နှောက်ယှက်မှုကင်းတဲ့
အိပ်စက်ခြင်းဆိုတာ
ဘယ်ခါကမှ မရှိခဲ့ပါ။

သေခြင်းရဲ့အဆုံးစွန်
တမလွန်ရှိသည်ဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အလင်းရောင်သစ္စာရှာတဲ့
ကဗျာဆရာဟိုးမားတို့နှင့်
သွားရောက်တွေ့ဆုံဆွေးနွေးခြင်းပင်၊

သေခြင်းရဲ့အဆုံးစွန်
တမလွန်မရှိဘူးဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အိပ်မက် အနှောက်အယှက်ကင်းတဲ့
အိပ်စက်ခြင်းပင်။

သေရမှာကို
ငါဘယ်လိုမှ မကြောက်တကား၊

ငါကြောက်တာက
ကိုယ်ယုံကြည်တာကို အချိုးဖျက်ခံပြီး
ပြောရေးဆိုခွင့်မဲ့စွာအသက်ရှင်နေရမယ့်
သီလကြောင်ဒီလောကရဲ့
နေ့ လ ရက်များ။ ။

အောင်ချိမ့်

တနေ့က သူငယ်ချင်းတယောက်နဲ့ အိပ်မက်အကြောင်း စကားစပ်မိရာကနေ ဒီကဗျာလေးကို သွားသတိရမိပါတယ်။ မြန်မာမော်ဒန်ခေတ်ဦးက ၁၉၇၀ နှောင်းပိုင်း မိုးဝေစာပေမဂ္ဂဇင်းမှာ ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ။ ကဗျာတွေကို အလွတ်ရလေ့မရှိတဲ့ ကျနော်ဟာ ဒီကဗျာကိုတော့ စိတ်ထဲ စွဲမြဲနေခဲ့ပါတယ်။ ကျနော့်ရဲ့ အလုပ်လမ်းညွုန်ကဗျာလို့ဆိုလည်း မမှားပါဘူး။

Friday, August 8, 2008

မောင်တို့ရွာ သာပါစမေး

အသက်ရှင်နေတဲ့ လူတွေရဲ့ မျက်နှာအသေတွေကို သင်တို့ မြင်ဘူးပါသလား။
ကျနော့်ကွန်ပြူတာမှာ မုန်တိုင်းတုန်းက တန်းစီနေတဲ့ ဒုက္ခသည်တစုကို ရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အွန်လိုင်းပေါ်မှာ တွေ့ရာက သတိထားမိပြီး စက်ပေါ်ဆွဲချ မျက်နှာဖုံးအဖြစ် တင်ထားလိုက်တာ ဒီနေ့အထိပါပဲ။ ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ သူတို့တစု မျက်နှာတွေကို တန်းတွေ့ရတာပါ။ အစားအသောက်၊ ပစ္စည်း ပစ္စယ ဝေတဲ့နေရာမှာ တန်းစီနေပေမယ့် သူတို့မျက်နှာတွေပေါ်မှာ လိုချင်မှု၊ မျှော်လင့်ချက် စတာတွေ မတွေ့ရသလို မုန်တိုင်းရဲ့ ဒုက္ခတွေ ဖိစီးထားပေမယ့်လည်း သောကတွေ၊ ကြေကွဲမှုတွေ၊ တခုခုအပေါ် ဒေါသ၊ အလိုမကျမှု စတာတွေလည်း မတွေ့ရပါဘူး။ ပြောရရင် ဘာခံစားချက်မှ ဖွင့်ဆိုကြည့်လို့ မရနိုင်တဲ့ တကယ့် မျက်နှာအသေတွေပါ။ တခါတခါ ကျနော်လည်း သူတို့မျက်နှာတွေကို စေ့စေ့ထိုင်ကြည့်ရင်း ဘာကိုမှ မတွေးမိ၊ မခံစားမိတော့ပဲ ငူငူကြီး ဖြစ်ဖြစ်သွားမိပါတယ်။ စာစကားနဲ့ပြောရရင် တကယ်တော့ အဲဒီနေရာမှာ လူသားရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတော့တာပါပဲ။

အခု ရှစ်လေးလုံး နီးလာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်တွေးကြည့်ရာက မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေထဲက ပြုံးပျော် အော်ဟစ်နေခဲ့ဘူးတဲ့ ကျနော်တို့ ပြည်သူတွေကို သတိရလိုက်မိတယ်။ မြန်မာ့သမိုင်းမှာ လူထုတရပ်လုံးကို အဲဒီတုန်းကလို ပျော်ရွှင်စေခဲ့ဘူးတဲ့ အဖြစ်အပျက်တွေ သိပ်များများ ရှိခဲ့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွတ်လပ်ရေးရတုန်းက ဘယ်လောက် ပျော်ခဲ့ကြဘူးသလဲ ကျနော် မမီတော့ သေချာ မသိဘူးပေါ့။ ကျနော် သေသေချာချာ သိတာက ၁၃၅၀ ပြည့် လူထုအရေးတော်ပုံကြီးလို့ ဆိုရမယ့် ရှစ်လေးလုံး ကာလတုန်းက မြန်မာပြည်သူတွေ တကယ်ပျော်ခဲ့ဘူးတဲ့ အဖြစ်တွေပါ။

ပျော်ခဲ့ကြတဲ့ ရက်ကြီး ၃ ရက် ဆိုပါတော့။
ပထမ တရက်က ရှစ်လေးလုံးနေ့ကပါ။ မိုးလင်းထဲက တကယ်မှ ဖြစ်လာပါ့မလား၊ ဖြစ်လာရင်လည်း အပစ်အခတ်တွေနဲ့ သေကြရအုန်းမလား၊ တတိုင်း တပြည်လုံးမှ ပါပါ့မလား စသဖြင့် ပူပန်နေရာက၊ မနက်ခင်း တခုလုံး ငြိမ်သက်၊ နေ့ခင်း ထမင်းစားချိန်နီးမှ ဟိုတကွက် ဒီတကွက် ထဖြစ်ရကာနေ နေ့လည်ခင်းလည်း ကျော်ရော လမ်းမတွေပေါ် စစ်ကြောင်းကြီးတွေ အုန်းအုန်းကျတ်ကျတ် ဖြစ်လာတော့ အဲဒီတညလုံး ပျော်လိုက်ကြတာ။ ဘယ်သူမှ အိမ်ထဲမှာ မနေနိုင်ကြဘူး။ လမ်းတွေပေါ်မှာ တရုန်းရုန်း။ ခေတ်ကြီး ခုပဲ ပြောင်းသွားသလို ပျော်နေခဲ့ကြတာပါ။ ( အိမ်တံခါး အလုံပိတ်ပြီး စိုးရိမ် ကြောက်ရွံနေခဲ့တဲ့ သူတွေလည်း ရှိချင် ရှိခဲ့မှာပါ )

ဒုတိယ တရက်ကတော့ သမတကြီး ဦးစိန်လွင် နှုတ်ထွက်သွားပြီဆိုတဲ့ နေ့ကပါ။
၉ ရက်နေ့စလို့ ပစ်သံခတ်သံတွေ ဆူညံခဲ့။ သေကြ၊ ပျောက်ကြ၊ သောက ဒေါသတွေဖြစ်ကြရနဲ့။ လူငယ်ကျောင်းသားတွေလည်း မြေအောက် လျိုးသူလျိုး၊ နယ်မြို့တွေဘက် ဆင်းသူဆင်းနဲ့ အခြေအနေက တင်းမာ အေးစက်နေကြချိန်။ ဆေးရုံကြီး အရေးပေါ်ဌာနကို သပိတ်စခန်းလို အခြေပြုထားရချိန်မှာ ဆန်တပြည် ၂ ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ၊ စိန်လွင် ၆ တန်း တစောက်ကန်း စတဲ့ ကြွေးကျော်သံတွေနဲ့ မဆလ သက်တမ်းတလျောက် ပစ်ခဲ့ခတ်ခဲ့သမျှ ဒီကောင် ကြီးပဲလို့ အားလုံးက မေတ္တာထားကြနေကြတဲ့ ဦးစိန်လွင် နှုတ်ထွက်ကြောင်း ည ၈ နာရီ သတင်းမှာ ကြေငြာသံလည်း ကြားလိုက်ရော လူတွေ ကိုယ့်အိမ်ထဲကကိုယ် တပြိုင်တည်း ဟေးကနဲ ထအော်လိုက်ကြတာ တော်လည်းသံကြီး ကြားလိုက်ရသလိုပါပဲ။ ပျော်လိုက်ကြတာ။ ဒီမကောင်းဆိုးဝါးကြီး မရှိတော့ရင်တော့ အခြေအနေတွေ ပြန်ကောင်းလာတော့မယ်လို့လည်း မျှော်လင့်ခဲ့ကြတာကိုး။

ဒါပေမယ့် ထင်သလို ချက်ချင်းဖြစ်မလာပါဘူး။ လမ်းတွေပေါ်မှာ အတားအဆီးတွေ စစ်ကားတွေ စစ်သားတွေ ဆက်ရှိနေဆဲပါ။ လူတွေက လမ်းတွေပေါ်မှာ ဟိုလျောက်ဒီလျောက်ရင်း ခပ်လှမ်းလှမ်းကနေ မိုက်ကြည့်ကြည့်ကြ၊ မနှစ်မြို့ဟန် လုပ်ပြကြပေါ့။ ဒီကြားထဲ ဆေးရုံကြီးက ဒဏ်ရာရ လူနာတွေအတွက် အရေးပေါ် သွေးလိုလို့ သွေးလှုဖို့ ရောက်လာတဲ့ လူအုပ်ကို ဆေးရုံဝင်းအပြင် ကားလမ်းပေါ်ကနေ လှမ်းပစ်သွားလို့ တံခါးပေါက်နားမှာ ကျဆုံးသူတွေအတွက် လွမ်းသူပန်းခွေချစရာ နေရာလေးတခု ဖြစ်လာရပြန်တယ်။ လူတွေကလည်း ဟိုဘက်ကလှည့် ဒီဘက်ကလှည့် အားစမ်းနေချိန်၊ စစ်အုပ်ချုပ်ရေးကလည်း ပစ်ဖို့ ခတ်ဖို့ အဆင်သင့်ပုံနဲ့ပါ။ အဲလိုဖြစ်နေချိန်မှာ သြဂုတ် ၂၁ ထင်ပါတယ်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာချက် နေ့ခင်းဘက်ကြီး ကြားလိုက် ကြရပါတယ်။ လူတွဟာ ရုတ်တရက်ပျော်ပြီး လမ်းပေါ်က စစ်သားတွေကို မုန့်တွေကြွေးကြ၊ ပန်းတွေပေးကြ၊ လက်ဆွဲကြနဲ့။ စစ်သားတွေလည်း အခုမှ အလုံးကြီးတခု ကျသွားသလို၊ လန့်နိုးသလို ဖြစ်ကြ။ အဲဒီမြင်ကွင်းကို အခုပြန်တွေးရင် အခုပြန်မြင်နေတုန်းပါပဲ။ အဲဒီနေ့က ရခဲ့တဲ့ စစ်တပ်နဲ့ပြည်သူကြား ချစ်ကြည်ရေး စိတ်ဓါတ်ဟာ အာဏာရှင်တွေရဲ့ ကျိန်စာကြောင့် ဒီနေ့ ဒီအခြေဆိုက်ခဲ့ကြရတာ မြန်မာ့သမိုင်းရဲ့ ကံဆိုးမှုလို့ ဆိုရပါတော့မယ်။

အခုတော့ ကျနော်တို့ပြည်သူတွေ မပျော်ခဲ့ကြရတာ အနှစ် ၂၀ ရှိပါပြီ။ အပေါ်က ပြောခဲ့သလို ပျော်ရမယ့် ရက်တရက်ကို ကျနော်တို့ နောက် ဘယ်နှစ်နှစ် စောင့်ကြရအုန်းမလဲ။ ကွန်ပြူတာပေါ်က မျက်နှာအသေတွေကို ကြည့်ရင်း မေးခွန်းထဲမှာ ကျနော် ပစ်လှဲချလိုက်မိပါတယ်။

Wednesday, August 6, 2008

တိမ်ကိုငေးမော



လွတ်လပ်တယ်၊ ပေါ့ပါးတယ်
ဖြူစင်တယ်၊ မြင့်မားတယ်၊ သန့်ရှင်းတယ်
အသွင်အမျိုးမျိုး.. အဆင်အမျိုးမျိုး.. ဘယ်တော့မှမရိုးဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ် လိုရာပုံဖော်နိုင်သေး..၊

တခါတလေ ညို
ပြိုချင်ပြိုချလိုက်
ငါ့စိတ်တွေစိုစိုရွှဲပါစေတော့ကွယ်။ ။

Tuesday, August 5, 2008

တပါတီအာဏာရှင်စံနစ်အလွန် မြန်မာ့နိုင်ငံရေးလေဟာနယ်နှင့် စီမံခန့်ခွဲပိုင်ခွင့်

ဝေလင်း

လွန်ခဲ့သော အနှစ် ၂၀က မြန်မာလူထုသည် အောင်ပွဲခံခဲ့ကြသည်။ သည်တုန်းက အတိုက်အခံလည်း မရှိ၊ လူထုခေါင်းဆောင်လည်း မရှိ၊ ရွေးကောက်ခံပါတီလည်း မရှိ၊ အဝေးရောက် အစိုးရလည်း မရှိ၊ ပြည်ပ မီဒီယာလည်း မရှိ၊ ဒိုနာလည်း မရှိ။ ခါးစည်းခံနေရသည့် ဒုက္ခတွေကို ကုလသမဂ္ဂကလည်း မသိ၊ လုံခြုံရေးကောင်စီကလည်း မသိ၊ နိုဘယ်ဆု ကော်မတီကလည်း မသိ။ ရာဇလီလည်း မရှိခဲ့၊ ဂမ်ဘာရီလည်း မရှိခဲ့။ ကိုယ့်ခံစားချက်နဲ့ကိုယ် လူထုတရပ်လုံး အိမ်ပြင် ထွက်ခဲ့ကြသည်။ လယ်သမားတွေက မြို့ပေါ် တက်လာသည်။ အလုပ်သမားတွေက စက်ရုံအလုပ်ရုံတွေထဲက ထွက်လာသည်။ ၀န်ထမ်းတွေက ရုံးထဲက ထွက်လာသည်။ ကျောင်းသားတွေက ကျောင်းဝင်းအပြင် ထွက်လာသည်။ ယူနီဖောင်းဝတ်တွေပင် လူထုရှေ့က အလံကိုင်ခဲ့ကြသည်။ လူထုသည် ငြိမ်းချမ်းစွာ၊ စည်းကမ်းပြည့်စွာ၊ အင်အားရှိစွာဖြင့် လွန်ခဲ့သော အနှစ်၂၀က အောင်ပွဲခံခဲ့ကြသည်။

ထိုအချိန်က နိုင်ငံရေးလုပ်ခွင့်လိုင်စင်ကို လမ်းစဉ်ပါတီက ကိုင်ထားသည်။ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်။ မိတ်ဆွေ၊ အရံ၊ တင်းပြည့်။ ကလပ်စည်း၊ အမြုတေ၊ ကေဒါ။ ယူနစ်၊ ဒေသ၊ ဗဟို။ နိုင်ငံရေး တက္ကသိုလ်၊ ညီလာခံ ဆုံးဖြတ်ချက်၊ ဥက္ကကြီး စသည်တို့မှာ ကျနော်တို့ နေ့စဉ် ထိတွေ့နေရသော နိုင်ငံရေး စကားလုံးများ ဖြစ်သည်။ စီးပွားရေးက သကြားလုံးကအစ တန်းစီဝယ်ရသည့် ဆိုရှယ်လစ်စီးပွားရေးစံနစ်ဖြစ်သည်။ ရွှေဝါဆပ်ပြာကို မှိုတက်ခပေါင်းနှင့် တွဲရောင်းသည့် စီးပွားရေး၊ သမ၀ါယမဆိုင်တွေမှာ ဆီစာအုပ်ကို ပေါင်စားရသည့် စီးပွားရေး ဖြစ်သည်။
ပေတရာလမ်းပေါ်ရောက်သောအခါ ဒါတွေသည်ပင် ကြွေးကြော်သံတွေ ဖြစ်လာသည်။ တပါတီစံနစ် ဖျက်သိမ်းပစ်၊ ပါတီစုံစံနစ် ပေါ်ထွန်းရေး ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး။ အာဏာရှင်စံနစ် ကျဆုံးပါစေ။
ထိုအချိန်က နိုင်ငံမှာ သမတကြီးရှိသည်။ ဥက္ကဌကြီးရှိသည်။ နိုင်ငံတော်ကို ပါတီက ဦးဆောင်သောအခါ အရာရာကို ဥက္ကဌကြီးက ဆုံးဖြတ်သည်။ ဥက္ကဌကြီးသည် ၁၉၆၂ အာဏာသိမ်းသူ၊ နိုင်ငံကို ၂၆ နှစ်လုံးလုံး ယူနီဖောင်းဝတ်လိုက်၊ ရင်ဖုံးတိုက်ပုံနှင့် မောင့်ကျတ်သရေ ခေါင်းပေါင်းဆောင်းလိုက်ဖြင့် အုပ်ချုပ်လာသူ။ သည်အာဏာရှင်ကြီး ကျဆုံးပါစေဟု ကြွေးကြော်ခဲ့ကြသည်။

အာဏာရှင်ကြီးသည် သူ့နိုင်ငံရေး ဇာတ်သိမ်းကို သူသိပုံရသည်။ သူသည် မြင်းသမားပီပီ ရှုံးမဲမဲသည်။ တိုင်းပြည်ကို ၀င်ခတ်လည်း ခတ်၊ ထွက်ခတ်လည်း ခတ်သည်။ အချိန်နှင့်အညီ လိုအပ်လာသော အပြောင်းအလဲကို တည်တည်ငြိမ်ငြိမ် နိုင်နိုင်နင်းနင်းဖြစ်အောင် ထိန်းကျောင်းပေးခဲ့ရမည့်အစား စစ်တပ်နှင့် လူထုကို ရန်တိုက်ပေးခဲ့သည်။ သူမွေးသည့်မျောက် သူပြန်ချောက်မှာစိုးကာ သူထောင်ခဲ့သည့် ပါတီကို သူကိုယ်တိုင် အကြင်နာကင်းမဲ့စွာ ဖျက်ပစ်လိုက်သည်။
လူထုမုန်းသည်သူကို အရင်တင်ကာ လူထုကို ထိပ်တိုက်တိုက်သည်။ မဟန်တော့ သူ့ပညာဖြင့် သူ့နိုင်ငံကို အခွင့်အရေးရတုန်း တခုခုတော့ လုပ်ပေးသွားချင်သည့် ပညာတတ်တယောက်ကို အသုံးချကာ လူထုကို လှည့်စား အချိန်ဆွဲသည်။ အင်အားစုအားလုံး ပါဝင်သည့် ကြားဖြတ်အစိုးရ တရပ်ဖြင့် တိုင်းပြည်ကို အကောင်းဆုံး ထွက်ပေါက်ယူကာ လူထု၏ အမြင့်မားဆုံးသော နိုင်ငံရေးဒီရေပေါ် အမျိုးသား ညီညွတ်ရေးအလံ ထူရမည့်အစား တန်ပြန်သပိတ် လှုပ်ရှားမှုများဖြင့် မင်းမဲ့စရိုက် ခေါင်းစည်းထိုးကာ လူထုသွေးဖြင့်ခင်းသည့် လမ်းပေါ်မှ စစ်ကားများကို ဖြတ်မောင်းခိုင်းပြီး လူထုနှင့် စစ်တပ်ကြား ကမ္ဘာမကြေဘူး ရန်စကို ကြိုးအခွေလိုက် ချထားပစ်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် မြန်မာ့သမိုင်းမှာ တပါတီစံနစ် ကျဆုံးသွားသည်။ ဆိုရှယ်လစ်စီးပွားရေး ကျဆုံးသွားသည်။ တိုင်းပြည်ကို မထိန်းကျောင်းနိုင်သည့် အခြေခံဥပဒေတခု စာရွက်စုတ် ဖြစ်သွားသည်။ ဒါကို ဘယ်သူမှ မငြင်းနိုင်။ ငြင်းခုန်ဖွယ်ရာ ဖြစ်လာသည်မှာ တိုင်းပြည် ဘာ့ကြောင့် ပိုကောင်းမွန်မလာသလဲ ဆိုသည့်ကိစ္စဖြစ်သည်။
တကယ်တော့ စစ်တပ်နှင့် အန်အယ်ဒီသည် တိုင်းပြည်၏ တကယ့်ပြသနာ အရင်းအမြစ်မဟုတ်ပါ။

လူထု၏ အထွေထွေမကျေနပ်မှုများကြောင့် အရေးအခင်းကြီး ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။ အရင်းစစ်လျင် ထိုအချိန်က တိုင်းပြည်၏ ဆုတ်ယုတ် ပျက်ပြားခဲ့သော စီးပွားရေး ပြသနာသာလျင် ထိုအထွေထွေမကျေနပ်မှုကြီး မြစ်ဖျားခံရာ အမှန်ဖြစ်ပါသည်။ ထိုအခါ ထိုသို့ စီးပွားရေး ဆုတ်ယုတ် ပျက်ပြားရခြင်းမှာ ထိုပါတီ ထိုစံနစ်၌ တာဝန်ရှိသည်ဟု လူထုက ဝေဖန်ပိုင်းဖြတ်သည်။ ထို့ကြောင့် ထိုပါတီ ထိုစံနစ်ကို ၂၆ နှစ်ကျော် သည်းခံ ပေါင်းသင်းခဲ့ပြီးကာမှ မခံရပ်နိုင်သည့်အဆုံး ကျောပေါ်မှ ခါချလိုက်ခြင်းဖြစ်သည်။ သိုသော် ပိုမိုကောင်းမွန်သည့် အခြေအနေတရပ် ရသင့်ပါလျက် ယနေ့အထိ လူထုခမျာ မရခဲ့ရှာ။ တပါတီစံနစ်လည်း မရှိတော့။ ဆိုရှယ်လစ်စီးပွားရေး စီမံကိန်းတွေလည်း မရှိတော့။ လက်ရှိ နိုင်ငံ့အာဏာ ကိုင်စွဲထားသူတွေ ကိုယ်တိုင်က ဈေးကွက်စီးပွားရေး၊ ဒီမိုကရေစီ၊ ခေတ်မီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ် စသည်ဖြင့် ကြွေးကြော် လုပ်ကိုင်နေပါလျက် ဘာ့ကြောင့် အခြေအနေတွေက ယခင်ထက် ယခု ပိုမို ဆိုးဝါးနေရသနည်း။ ဝေဖန်ပိုင်းဖြတ်မှု အမျိုးမျိုး၊ အပြန်အလှန်စွပ်စွဲမှု အမျိုးမျိုးသည် ယနေ့တိုင်းပြည်၏ နိုင်ငံရေးပြသနာ အသွင်ဆောင်လာခဲ့တော့သည်။
ဆေးပညာတွင် ရောဂါကို ကုရမည့်အစား ရောဂါလက္ခဏာကိုသာ ကုသတတ်သည့် အမှားမျိုး ရှိသည်ဟု ကြားဘူးသည်။ ချုပ်ငြိမ်းသွားသော အာဏာရှင်စံနစ်၏ ထွက်ခတ်ခတ်ခဲ့သော ပယောဂအခံဖြင့် တိုင်းပြည်၏ အမျိုးသားအင်အားစုအားလုံးသည် ရောဂါလက္ခဏာကိုသာ ရောဂါအမှတ်ဖြင့် အနှစ် ၂၀ ကြာ မှားယွင်းကုသနေမှုသည် ယခုအခါ လူနာအသက်ကို ထိခိုက်နိုင်သည်အထိ အန္တရယ်ရှိနေပြီဟု သတိရသင့်ပါသည်။ ( ဟိုဘက် ဒီဘက် သူ့ဆေးမြီတို၊ ကိုယ့်ဆေးမြီတိုတို့ဖြင့် လက်လွန်ခြေလွန်တွေလည်း ဖြစ်ခဲ့ကြပါပြီ)

တပါတီအာဏာရှင်စံနစ် ချုပ်ငြိမ်းသွားသောအခါ မြန်မာ့နိုင်ငံရေးတွင် လေဟာနယ်ကြီး တခု ဖြစ်ကျန်ခဲ့သည်။ ထိုလေဟာနယ်ကြီးကို စီမံခန့်ခွဲရန် အခွင့်သည် သူတို့တွင်ရှိသည်ဟု အရေးအခင်းကြီး၏ ဦးဆောင် အင်အားစုများက ထိုအချိန်က ယုံမှတ်ခဲ့ကြ၏။ လူထုကလည်း သူတို့ကို အခွင့်အရေး ပေးကြည့်ချင်စိတ် အပြည့်ရှိခဲ့သည်။ သို့သော် လက်တွေ့၌မူ ထိုအင်အားစုများသည် မတည်ငြိမ်၊ မသဲကွဲခဲ့သေး။ ထို့နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေး အခွင့်အခါများကို ထိထိမိမိ မဆုပ်ကိုင်နိုင်ခဲ့ခြင်းက ထိုအချက်ကို ထင်ရှားစေခဲ့သည်။
တဘက်တွင်လည်း တိုင်းပြည်၏ အရေးကြီးသော အချိုးအကွေ့ကို မိမိတို့သာ ထိန်းကျောင်းနိုင်သည်ဟု စွဲမှတ်နေသည့် နိုင်ငံ၏ တခုတည်းသော လက်နက်ကိုင် အင်အားစုကြီးဖြစ်သည့် စစ်တပ်ကလည်း ထိုလေဟာနယ်ကို စီမံခန့်ခွဲရန် သူတို့၌သာ အခွင့်ရှိသည်ဟု တထစ်ချ ခံယူထားကြသည်။ အားလုံးပေါင်းကာ စီမံခန့်ခွဲလျင် ပို၍ကောင်းသည်ဟု သိမြင်သင့်ပါလျက် ဇာတ်သိမ်းမကောင်းသူ အာဏာရှင်ကြီးတိုက်ခဲ့သည့် ကျိန်စာ မီးကြွင်းကြောင့် ရန်ငြိုးကြိုးခွေ တငွေ့ငွေ့ လောင်ကာ လေဟာနယ်ကို ပြဿနာများဖြင့် လောင်စာ ဖြည့်ခဲ့မိကြသည်။ ရောဂါလက္ခဏာများ ထူပြောကာ ဆေးမြီတိုများဖြင့် နေမြင့်ခဲ့ကြသည်။
လွန်ခဲ့သည့် အနှစ်၂၀က မူလရောဂါကြီးကမူ တနေ့တခြား ပိုလို့ဆိုးဝါးလာလေသည်။

အားလုံးကို ဖယ်ရှားကြည့်လိုက်စမ်းပါ။ ဒီမိုကရေစီကိုလည်း ဖယ်ကြည့်ပါ။ ပုဆိန်ရိုးကိုလည်း ဖယ်ကြည့်ပါ။ ဖက်ဒရယ်ကိုလည်း ဖယ်ကြည့်ပါ။ ပြည်ထောင်စု မပြိုကွဲရေးကိုလည်း ဖယ်ကြည္ခ့်ပါ။ စစ်အာဏာရှင်စံနစ်ကိုလည်း ဖယ်ကြည့်ပါ။ အမျိုးသားသစ္စာဖောက်ကိုလည်း ဖယ်ကြည့်ပါ။ အနာဂတ်နိုင်ငံရေး ဦးဆောင်မှုကိုလည်း ဖယ်ကြည့်ပါ။ လုံခြုံရေးကောင်စီကိုလည်း ဖယ်ကြည့်ပါ။ ဒီနာတာရှည် လူမမာကြီးရဲ့ ရောဂါအမှန်က ဘာလဲ။ တိုင်းပြည်စီးပွားရေး ဖြစ်ပါသည်။ လူထုခံစားနေရသော စီးပွားရေးဒုက္ခ ဖြစ်ပါသည်။ ထိုဒုက္ခ ထိုရောဂါကို ပျောက်ကင်းသက်သာအောင် လုပ်ရေးသည်သာ တိုင်းပြည်၏ တခုတည်းသော ဒီနေ့ နိုင်ငံရေးပြဿနာဖြစ်သည်။ လမ်းပြမြေပုံသည် လူနာကို ဆေးရုံတင်ရမည့်အစား ဆံပင်ကောက်ဆိုင် ပို့သည်နှင့် တူနေလေသည်။ အနှစ် ၂၀ အစိုးရ လုပ်ခဲ့ဘူးသည့် အတွေ့အကြုံအရ အနာဂတ် နိုင်ငံရေးဦးဆောင်မှု နေရာကို စာရွက်ပေါ် ရေးထားသည့် ဥပဒေဖြင့် မရနိုင်ကြောင်း သိသင့်ပါသည်။ လူထု၏ ဟောင်းလောင်းဖြစ်နေသာ အစာအိမ်ထဲ၌ သင်တို့အတွက် ထောက်ခံမဲ မရှိပါ။

ယနေ့လူထုသည် လွန်ခဲ့သော အနှစ် ၂၀ က လူထုနှင့် မျိုးဆက်တဆက် ကွာချင်ကွာမည်။ လိုအပ်ချက်က မပြောင်းလဲလျင် သူတို့လိုအင်လည်း ပြောင်းလဲလိမ့်မည် မဟုတ်။ အထွေထွေ အကြပ်အတည်းများက သူတို့ပိုင်းဖြတ်ချက်ကို ပြဌာန်းပေးလာသော တနေ့တွင် လူထုသည် လုံခြုံရေးကောင်စီထက် ပိုမို အင်အားရှိကြောင်း မမေ့သင့်ပါ။ လူထုအကျိုးစီးပွားကို လစ်လျုရှုသော တနည်း လူထုပါးစပ်ပေါက်ကို မြက်ခြောက်ဝါးခိုင်းသော မည်သည့် စီမံခန့်ခွဲမှုမဆို တပါတီ အာဏာရှင်စံနစ် အလွန် မြန်မာ့နိုင်ငံရေး လေဟာနယ်ထဲတွင် မြေပုံကိုင်သွားသော်လည်း လမ်းပျောက်နေပါလိမ့်အုန်းမည်။

Thursday, July 24, 2008

မီးခိုးတိမျအိမျဖှဲ့




တခါတုန်းကတော့
ပါးစပ်ဖျားကမချကြဘူး
မက်မက်မောမော၊

အခုတော့
အငွေ့မသေသေးရင်တောင်
ဖိနပ်ဦးနဲ့နင်းချေသွားတတ်တယ်။

လမ်းပေါ်၌
ကျနော်ကြည့်ငေးနေမိသော
စီးကရက်အစီခံကလေးများ..။ ။

Saturday, July 5, 2008

လွမ်းနှင်းမှုန်မှုန်

(၀တ္ထုတို)
နှင်းခါးမိုး

မြက်ခင်းပြင်ကျယ်ထဲမှာ တပင်တည်း မားမားစွင့်စွင့် ရှိနေသည့် ယူကလစ်ပင် မြင့်မြင့်က အပြာရောင် ကောင်းကင်ကို နောက်ခံထားလျက် ယိမ်းနွဲ့လို့နေသည်။ သင်တန်းခန်းမထဲမှာတော့ ဆရာ့စကားကို နားစိုက်ကာ တိတ်ဆိတ် ငြိမ်သက်လျက်။ ပန်ကာနှစ်လုံး၏ လည်ပတ်သံ မတိုးမကျယ်လေး ထွက်ပေါ်နေတာ ကြားရသည်။

...မတရားမှုတွေကို ဖျက်သိမ်းပြီး တရားမျှတမှုရှိတဲ့ သစ်လွင်တဲ့ လူ့အဖွဲ့အစည်း တခုကို တည်ဆောက်ဖို့ ဦးတည်ထားတဲ့ အကူးအပြောင်း ကာလတခုမှာ ကျနော်တို့တွေ မလွဲမသွေ လုပ်ရမယ့် အလုပ်တခုကတော့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ အတိတ်နဲ့ ပစ္စုပန် အဖြစ်အပျက်တွေအပေါ်မှာ တရားမျှတမှုကို ပြန်လည် ရှာဖွေတာဖြစ်တယ်။ မတရားမှုတွေကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတဲ့ သူတွေဟာ သူတို့ရဲ့ အိပ်မက်ဆိုးကို ဘယ်တော့မှ မမေ့နိုင်ကြဘူး။ အဲဒီလို မမေ့နိုင်ပဲ ပြန်ပြန် သတိရနေတဲ့ အခါတိုင်းမှာလည်း စိတ်မှာ နာကျင်ရပြန်တယ်။ ခံခဲ့ရတဲ့အပေါ်မှာ တခုခု ပြန်မတုန့်ပြန်နိုင်သေးသရွေ့၊ ပြန်မရသေးသရွေ့ ဒီကိစ္စကို မမေ့နိုင် ဖြစ်နေကြရတယ်။ ဒါကို မမေ့နိုင်ပဲနဲ့ ရှေ့ကို ဆက်သွားလို့ မရ ဖြစ်ကြရပြန်တယ်။ ဆက်သွားပြန်ရင်လည်း စိတ်မှာ မရှင်းဘူး ဖြစ်နေတတ်တယ်။ တကယ်တန်းကျတော့ အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့လို့ရတဲ့ အရာမှ မဟုတ်တာ။...
...အခု ကျနော် ပြောချင်တာက ဘယ်သူမဆို ခင်ဗျားတို့၊ ကျနော်တို့မှာ လူတိုင်းမှာ အဲဒီလို မမေ့နိုင်တာလေးတွေ ဘ၀မှာ ရှိခဲ့ကြဘူးမယ်။ ကိုယ့်ကို မတရားလုပ်တာ ခံခဲ့ရဘူးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ကိုယ်က မတရား လုပ်ခဲ့ဘူးတာလည်း ဖြစ်ချင်ဖြစ်မယ်။ ပြီးတော့မှ ဒါကို မတရားဘူးလို့ သိပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင် ဖြစ်နေရတာ၊ ဒါမျိုးပေါ့လေ။ ဒါမှမဟုတ် တရားတာ၊ မတရားနဲ့ မဆိုင်ပဲ ကိုယ့်ဘ၀မှာ မေ့လို့မရ ဖြစ်နေတာမျိုးလည်း ရှိကောင်း ရှိနိုင်တယ်။ အဲဒါလေးတွေကို ကျနော်တို့တယောက်ချင်း ပြောကြည့်ကြရအောင်။ ဝေဒနာလေးတွေကို မျှဝေတာပေါ့။ ဒါကလည်း တခါတခါ အဲဒီလို ပြောလိုက်ရတဲ့အခါ ရင်ထဲ ပေါ့သွားတတ်တာမျိုးလည်း ဖြစ်တတ်တယ်။ ကဲ လုပ်ကြပါ။ နွေးနွေးထွေးထွေး ပွင့်ပွင့်လင်းလင်းပေါ့။...

ဆရာ့စကားဆုံးတော့ အယောက်နှစ်ဆယ်ကျော်ရှိသည့် သင်တန်းသားများ တွတ်ထိုးကုန်သည်။ တချို့ကတော့ ပြောရမည့် အကြောင်းအရာကို စဉ်းစားရင်း ငြိမ်သက်နေသည်။ ကိုနှင်းဆီလည်း တခြားလူတွေရဲ့ မျက်နှာကို လိုက်ကြည့်ကာ ဟိုတွေး ဒီတွေး တွေးနေမိသည်။ သူ့မှာ ပြောစရာ အကြောင်းအရာ မရှိတာမဟုတ်။ ပြောစရာတွေ များနေတာဖြစ်မည်။ ဘ၀မှာ မေ့မရတဲ့ အဖြစ်တွေက အများသားကလား။ ကိုယ့်မှာ ဝေဒနာ ကျန်ခဲ့တာလည်း ရှိ၊ သူများကို ဝေဒနာ ပေးခဲ့မိတာလည်း ရှိရဲ့။

အမှန်တော့ ဒီဘာသာရပ်ကို သူ စိတ်ဝင်စားခဲ့သည် မဟုတ်။ ဘာသာရပ်နာမည်က အကူးအပြောင်းကာလ တရားမျှတမှုကို ရှာဖွေခြင်း တဲ့။ သူစိတ်ဝင်စားတာက အကူးအပြောင်း ဖြစ်အောင်၊ အဓိပ္ဖါယ်ရှိတဲ့ အကူးအပြောင်း ကာလကို ရောက်အောင် ဘယ်လို သွားကြမလဲ၊ လုပ်ကြမလဲ ဆိုတာကိုဖြစ်သည်။ အခုတော့ မုန့်ဆီကြော်က ဘယ်မှာနေမှန်း မသိ၊ လက်သုပ်ပုဝါ ရှာနေသလို ဖြစ်မနေဘူးလားဟု တွေးမိသည်။ ဒီဘာသာရပ်ကို ဆွေးနွေးကြသည့်အခါ အဆီအငေါ် မတည့်ဟု သူထင်သော အချက်တချက် ရှိသေးသည်။ အကူးအပြောင်းကာလ ရောက်သည့်အခါ လက်ရှိ အာဏာရှင်တွေကို၊ သူတို့ နောက်လိုက်နောက်ပါတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေး၊ မပေးဆိုသော အချေအတင် ဆွေးနွေးမှုဖြစ်သည်။ ဆွေးနွေးရင်း သူ ပြုံးမိသည်။ ဘေးနားက ဖထီးက ဘာဖြစ်လို့လဲ မေးတော့ တည့်တည့်ပဲ သူ ပြောလိုက်မိသည်။
... အော် ကျနော်တို့က သူတို့ကို လွတ်ငြိမ်းခွင့် ပေးမယ်၊ မပေးဘူးနဲ့ ခပ်တည်တည်သာ ပြောနေကြရတာ။ တကယ့်လက်တွေ့မှာက ထောင်ထဲက နိုင်ငံရေးသမားတွေ၊ လူငယ်ကျောင်းသားတွေနဲ့ ကျနော်တို့လို ပြည်ပရောက်နေကြတဲ့ သူတွေက ငါတို့ကို ဘယ်နေ့များ လွတ်ငြိမ်းချမ်းသာခွင့် ပေးလေမလဲလို့ မသေမချာနဲ့ တောင်းလိုက် မျှော်လိုက် လုပ်နေကြရတာ မဟုတ်လား။...
ဖထီးကပါ သဘောကျစွာ ရယ်ချလိုက်သည်။
... အေးဗျာ ဒါတွေ သင်နေရတာ မရောင်ရာဆီလူးများ ဖြစ်နေမလားလို့ စဉ်းစားမိတယ်။...
... ဒီလိုတော့ မဟုတ်ပါဘူး ဖထီးရယ်။ သိထားတာတော့ မမှားပါဘူး။ ဒါပေမယ့် လောလောဆယ် ရန်သူကို တိုက်နေရတဲ့အချိန်မှာ တိုက်ပွဲထဲမှာ အသုံးဝင်မယ့် ဘာသာရပ်တွေကိုပဲ သင်ရင်တော့ ကောင်းတာပေါ့လေ။ နယ်ဆင်မန်ဒဲလားနဲ့ သူ့ရဲဘော်တွေဟာ ရန်သူ လူဖြူအစိုးရကို ဆန့်ကျင် ရင်ဆိုင်နေကြရတဲ့ အချိန်တုန်းက ဒီ ထရန်စစ်ရှင်နယ် ဂျပ်စတစ်ကို လေ့လာ သင်ကြားခဲ့ကြသလား၊ သူတို့နဲ့တွေ့ရင် ကျနော် မေးကြည့်ချင်တယ်။...

ရှေ့ခုံတန်းမှ တိုင်းရင်းသူ သင်တန်းသူလေး ထကာ သူမ၏ မေ့မရမှုလေးတခုကို စအပြော ကိုနှင်းဆီတို့ စကားပြတ်သွားကြသည်။ သင်တန်းတခုလုံး ထိုကောင်မလေးပြောတာ စိတ်ဝင်စားစွာ နားစွင့်နေကြသည်။ ကိုနှင်းဆီက ထိုဖက်တီးပုတ်မလေးကို အစက အထင်မကြီး။ အိပ်လိုက် စားလိုက်နဲ့ ခပ်ထုံထုံနေမှာဟု ထင်ခဲ့သည်။ သို့သော် သင်တန်းသက် ကြာလာသောအခါ ထိုဖက်တီးမလေး ပွင့်လင်းရဲရင့်တာ၊ စနစ်တကျ တွေးခေါ်တတ်တာတွေကို သတိပြုမိလာသည်။ ကျမကလေ ဘာဖြစ်ချင်သလဲ ဆိုတော့ မိန်းမတပ်ရင်းမှုး ဖြစ်ချင်တာ ဦးရဲ့ဟု သူမ၏ ရည်မှန်းချက်ကို ကြားရပြီးသည့်နောက် ကိုနှင်းဆီ ထိုကလေးမလေးကို ခင်မင်သွားမိသည်။ အခုလည်း သူမ၏ မေ့မရနိုင်မှုကို စိတ်ဝင်စားစွာ ကိုနှင်းဆီ နားစိုက်နေမိသည်။

... ကျမငယ်ငယ်က ကျောင်းမှာ ဖြစ်ခဲ့တာပါ။ ကျမတို့အတန်းထဲမှာ ကျောင်းသားတယောက် ပေတံ ပျောက်သွားတယ်။ ဆရာက ယူတဲ့သူကို ပေါ်အောင်ရှာခိုင်းတယ်။ မပေါ်ရင် တတန်းလုံးကို ရိုက်မယ်လို့ ပြောတယ်။ ဘယ်သူမှ ကိုယ်မယူပဲနဲ့ အရိုက်မခံချင်ကြဘူး။ ဒါပေမယ့် ယူတဲ့သူကိုလည်း ပေါ်အောင် မရှာနိုင်ကြဘူး။ နောက်ဆုံးတော့ အားလုံး အရိုက်ခံကြရတယ်။ ကျမ စဉ်းစားတယ်လေ။ ဒါ တရားသလားလို့။ ကျမမှာ ဘာမှ အပြစ်မရှိပဲနဲ့ အရိုက်ခံခဲ့ရတယ်။ စိတ်ထဲမှာ အရမ်းဒေါသဖြစ်တယ်။ ဒီနေ့ထက်ထိ အဲဒါကို မမေ့နိုင်ဘူး။ အဲဒီ့ဆရာကိုလည်း စိတ်ထဲမှာ ခွင့်မလွှတ်နိုင်ဘူး။...

အင်း ငါတို့ လူ့အဖွဲ့အစည်းမှာ ဒါတွေဟာ ဒီကနေ့အထိ ရှိနေတုန်းပဲ။ အရပ်ပြော ပြောရရင်တော့ ၀ိုင်းကြီးချုပ်စနစ်ပေါ့လေ။ ဒီနေ့ စစ်အာဏာရှင်တွေလည်း ဒီနည်းကိုသုံးပြီး လူထုကို အကြောက်တရား သွင်းတတ်လေ့ရှိတယ်။ ကောင်မလေး စကားအဆုံးမှာ ကိုနှင်းဆီစိတ်ထဲမှာ ထိုသို့ ပြောနေမိသည်။
ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ပိုင်းမှာ စစ်အစိုးရက ကျောင်းတွေ အတန်ကြာ ပိတ်ထားသည်။ ပြန်ဖွင့်ရန် ကြိုးစားသောအခါ ကျောင်းသားတယောက်ကို မိဘ၊ အတန်းပိုင်ဆရာ၊ ရပ်ကွက်လူကြီး စသည်တို့ အာမခံစေကာ ထိုကျောင်းသား ပြဿနာဖြစ်လျင် အားလုံးကို အရေးယူမည်ဆိုသော ပုံစံမျိုးလုပ်ထားတာကို သွားသတိရလိုက်သေးသည်။ အပြစ်ကင်းမဲ့သူကို အပြစ်မပေးမိစေရေးသည် တရားဥပဒေ၏ အနှစ်သာရတခု မဟုတ်လား။ ဒီသင်တန်းမှာပင် အစောပိုင်းက သင်ခဲ့ရသည့် တရားဥပဒေစိုးမိုးရေး ဘာသာရပ်က ရခဲ့သည် ဥပဒေ ဗဟုသုတလေးဖြင့် ကိုနှင်းဆီ ချိန်ထိုးကြည့်မိပြန်သည်။ ဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် တိုင်းပြည်။ ထိုတိုင်းပြည်၏ လမ်းဆုံးလမ်းခွများမှာ ထောင်ထားသည့် ဆိုင်းဘုတ်ကြီးတွေမှာ ရေးထားတာက ဥပဒေကိုလေးစားပါတဲ့။ မည်မျှ ရယ်စရာ ကောင်းလိုက်ပါသနည်း။ သူ့သူငယ်ချင်းတယောက်၏ စကားကို မဆီမဆိုင် သွားသတိရလိုက်မိသေးသည်။ ... ဒီကောင်တွေအကြောင်းကို ပြောရတာ လူကို အသက်တိုစေတယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ အကုသိုလ်များလို့။ တချိန်တည်းမှာပဲ အသက်လည်း ရှည်စေပြန်တယ်ကွ။ ဘာဖြစ်လို့လည်းဆိုတော့ ရယ်ရလို့ဟေ့... တဲ့။ ကိုနှင်းဆီ ပြုံးလိုက်မိသည်။

နောက်တယောက် ထပြောသည့်အလှည့် ရောက်လာသည်။ တိုင်းရင်းသား လူငယ်အဖွဲ့တခုမှ လူငယ်တဦးဖြစ်သည်။ သင်တန်းထဲမှာ အနေအအေးဆုံး၊ စကားအနည်းဆုံး လူငယ်လေးဖြစ်သည်။ စကားထွက်ပြောရသည့် အလုပ်ကို တတ်နိုင်သလောက် ရှောင်တတ်သူလည်းဖြစ်သည်။ အခု သူက ဘယ်သူမှ မတိုက်တွန်းရပါပဲ စောစောစီးစီး စကားပြောဖို့ ထရပ်တော့ ကိုနှင်းဆီ အံသြသွားသည်။ စိတ်လည်း ၀င်စားသွားသည်။ သူ့မှာ ပြောစရာ မမေ့နိုင်တဲ့ အဖြစ်ကလေးတခု မှတ်မှတ်ရရ ရှိနေလို့နေမှာဟု တွေးမိသည်။

... ဖြစ်တာက ကျနော့်အဖေ ဆုံးတုန်းကပါ။ ကျနော် ငယ်သေးတယ်။ အဖေဆုံးပြီး လုပ်စရာ ကိစ္စ၀ိစ္စတွေပြီးလို့ အိမ်မှာ လူရှင်းသွားတော့ အမေက ကျနော့်ကို ခေါ်ပြောတယ်။ သားရယ်တဲ့။ သား စာသိပ်တတ်ချင်မှန်း အမေသိပါတယ်တဲ့။ အမေလည်း မင်းကို ကျောင်းထားပေးချင်ပါတယ်တဲ့။ ဒါပေမယ့် အခု မင်းအဖေ ဆုံးသွားပြီ သားရယ်တဲ့။ အမေ မင်းကို ကျောင်း ဆက်ထားပေးနိုင်တော့မှာ မဟုတ်ဘူးတဲ့။ အမေ အဲဒီလို ပြောနေတုန်းကတော့ ကျနော့်စိတ်ထဲမှာ ဘာမှ သိပ်မဖြစ်ဘူး။ အေးလေ အမေ ထားမပေးနိုင်တော့လည်း မတက်ရုံပေါ့လို့ ဒါလောက်ပဲ တွေးမိတယ်။ ဒါပေမယ့် ည အိပ်ယာထဲ ရောက်တော့ စိတ်က လျောက်တွေးမိတယ်။ စာသင်ခန်းရယ်။ သူငယ်ချင်းတွေရယ်။ ကျနော့်ဘ၀ ရှေ့ရေးရယ်။ အဲဒီလို တွေးရင်းကမှ ၀မ်းနည်းလာပြီး ဘယ်လိုဖြစ်မှန်း မသိဘူး။ ကျနော် ရှိုက်ကြီးတငင် ငိုပစ်လိုက်မိတယ်။ တကယ့်ကို ၀မ်းနည်းပမ်းနည်း ငိုနေမိတယ်။ အခုနေ အဲဒီအကြောင်းကို ပြန်တွေးရင်လည်း ငိုချင်ချင် ဖြစ်မိသေးတယ်။ အမေ့ကိုတော့ အပြစ်မတင်ပါဘူး။ သနားလည်း သနားတယ်လေ။ ဒါပေမယ့် ဒီအဖြစ်ကို ကျနော် ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ဘူးဆိုတာ စိတ်က သိနေတယ်။ အဲဒါပါပဲ။...

လေသံ အေးအေးဝဲ၀ဲကလေးဖြင့် သူပြောတတ်သလို ပြောသွားပေမယ့် နားထောင်နေရင်း စိတ်ထဲမှာ နင့်နင့်နဲနဲ ခံစားလိုက်ရသည်။ သူ့အဖေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာ့ကြောင့် ဆုံးပါးသွားရပါလိမ့်။ နယ်စပ်ဒေသမှာ နေသူတွေဆိုတော့ တော်လှန်ရေးတပ်ထဲမှာ ကျဆုံးသွားတာလား။ ဒါမှမဟုတ် ပေါ်တာအဆွဲခံရကာ ဒဏ်ပိသေသွားတာလား။ ဒါမှမဟုတ် မိုင်းနင်းမိတာလား။ ပိုးထိတာလား။ အဆက်အစပ်မရှိ ကိုနှင်းဆီစိတ်ထဲမှာ လျောက်တွေးမိပြန်သည်။ ဒီလိုကလေးတွေ ငါတို့တိုင်းပြည်အနှံ့မှာ ဘယ်လောက်များ များပြားခဲ့ပြီလဲ။ သက်ပြင်းမောစွာချမိသည်။

... ခေတ်ဆိုးကြီးတခေတ်ကို ဖြတ်သန်းလိုက်ရတဲ့အခါ အဲဒီလူ့အဖွဲ့အစည်းမှာ ထိခိုက်ခံစားခဲ့ရတဲ့ ဓားစာခံခေါ်ခေါ်၊ သားကောင်ခေါ်ခေါ် အဲဒီလိုလူတွေ အများကြီး ကျန်ရစ်ခဲ့တယ်။ ဒီလိုလူတွေကို လူ့အဖွဲ့အစည်းက ကုစားမှုပေးရမယ်။ ပြန်လည်ပြုစု ပျိုးထောင်ပေးရမယ်။ ဒါကို မလုပ်ပဲနဲ့ ခေတ်သစ်တခု ထူထောင်လို့ မရဘူး။ အကူးအပြောင်း ကာလတခုမှာ တရားမျှတမှုကို ရှာဖွေဖို့ ကြိုးစားတာဟာ ဒါ့ကြောင့်ပဲ။ ခင်ဗျားတို့ ပြောတာတွေဟာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။ တခါတလေကျတော့ တခြား လူတယောက်အတွက် ဘာမှ မဟုတ်ပါဘူးလို့ ထင်ရတဲ့ ကိစ္စတွေဟာ လူတယောက်အတွက်ကျတော့ ဘ၀မှာ ဘယ်တော့မှ မေ့မရတဲ့ အကြောင်းတွေ ဖြစ်နေတတ်တာ တွေ့ရတယ်။ ဒါ တော်တော် သတိထားရမယ့် အချက်ပဲ။ ကဲ ဆက်ပြောကြပါဗျာ။...

ဆရာဖြစ်သူမှာ ကိုနှင်းဆီနှင့် သက်တူရွယ်တူခန့်ဖြစ်သည်။ ကတုံးဆံပင် တိုတိုနှင့် မျက်နှာက ချိုသည်။ လေအေးကလေးနှင့် စကားပြောတတ်သည်။ တခါကတော့ သူလည်း လက်နက်ကိုင် တော်လှန်ရေးသမား တဦးဖြစ်သည်။ သူနှင့် ကိုနှင်းဆီမှာ ရှစ်လေးလုံးမျိုးဆက်ချင်း အတူတူဖြစ်သည်။ တောင်အာဖရိကမှာ ခြောက်လသင်တန်း တက်ပြီး ပြန်လာကစ၊ ဒီဘာသာရပ်အပေါ် အတော် တက်ကြွနေပုံရသည်။

... ဒီဘာသာရပ်က အကူးအပြောင်း ကာလရောက်မှ အသုံးဝင်မယ်ဆိုတဲ့ သဘော မဟုတ်ဘူး။ ရန်သူ့ဆီမှာ အကူးအပြောင်းကာလ သူတို့ရဲ့ ကံကြမ္မာအတွက် စိုးရိမ်စိတ်တွေ ရှိနေနိုင်တယ်။ ကျနော်တို့က ဒီကာလအတွက် ဆွေးနွေးအဖြေရှာပြီး သဘောထားတရပ်ကို ပေးနိုင်ခဲ့ရင် ဒါက အခုသွားနေတဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကို အထောက်အကူ ပေးနိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဥပမာ ကျနော်တို့က နိုင်ငံရေးအဖြေတခု ရရေးအတွက် အကူးအပြောင်းကာလမှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတဲ့ သဘောထားကို ပြသခြင်းအားဖြင့် သူတို့ရဲ့ အနာဂတ်အတွက် ပူပန်စိတ်ကြောင့် အပြောင်းအလဲကို လုပ်ဖို့ တွန့်ဆုတ်နေတဲ့ သူတို့သဘောထားအပေါ် နည်းနည်းတော့ အကျိုး သက်ရောက်လိမ့်မယ်လို့ ခင်ဗျား မထင်ဘူးလား။...
မည်သို့ဆိုစေ ဒီဘာသာရပ်ကို ကိုနှင်းဆီ အနည်းငယ် စိတ်ဝင်စားလာသည်။ ယခင်ကထက်စာလျင် တက်ကြွမှု နည်းနည်း ပိုရှိလာသည်။ အခုလည်း တယောက်ပြီးတယောက် ထပြောနေသည့် မမေ့နိုင်မှုလေးတွေကို နားထောင်ရင်း ဘာပြောရကောင်းမလဲဟု စဉ်းစားနေမိသည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်ကာလက အလင်းရောင်ပျိုးကာစ ခပ်စောစော မနက်ခင်းလေးတခုကို သူသတိရမိသည်။ ထိုမနက်က နှင်းပါးပါးလေးကျနေသည်။ နယ်ကို ခရီးသွားအုန်းမည်ဟု ပြောကာ အိတ်ကလေးတလုံးကို လွယ်ပြီး အိမ်က သူထွက်လာသည်။ သမီးလေးကိုချီကာ သူ့ချစ်ဇနီးမမနုက ခြံဘေး လမ်းသွယ်ကလေးထိပ်ထိ လိုက်ပို့သည်။ သမီးလေးက သူ့လက်ကလေးကို ဝှေ့ယမ်းလို့ပြနေသည်။ စကားတော့ မပြောတတ်သေး။ ဒါပေမယ့် တခုခုပြောနေသလို စိတ်မှာ ထင်မိသည်။ ခပ်လှမ်းလှမ်းရောက်မှ ပြန်လှည့်ကြည့်တော့ မျက်စေ့တဆုံး သူ့ကို ငေးကြည့်နေသည့် ဇနီးဖြစ်သူကို တွေ့ရကာ ခြေလှမ်းတွေ တုန့်ခဲ့မိသေးသည်။ နောက်ဆုံးတော့ သားအမိနှစ်ယောက်ကို နှင်းမှုန်တွေထဲမှာ သူ ထားပစ်ခဲ့သည်။
ခရီးထောက်မြို့လေးကို ရောက်တော့ အိမ်ကို လှမ်းဖုန်းဆက်၍ ချစ်ဇနီးမမနုကို စကားပြောသည်။ သူ့စာရေးစားပွဲ အံဆွဲထဲမှာ စာနှစ်စောင် ထားခဲ့တာ၊ တစောင်က မမနုဖို့။ တစောင်က သမီးလေးဖို့။ သမီးကြီးလာလို့ ဖေဖေကောလို့ မေးရင် အဲဒီစာလေး ပေးဖတ်လိုက်နော်ဟု သူမှာလိုက်သည်။ သူက စကားပြောရင်း အသံဖျားတွေ တုန်သလို ရှိလာသော်လည်း မမနုက တည်တည်ငြိမ်ငြိမ်ဖြင့် ကျန်းမာရေး ဂရုစိုက်ဖို့၊ လမ်းမှာ ဘေးအန္တရယ်ကင်းအောင် အိမ်ကနေ ဆုတောင်းနေမည့်အကြောင်းတွေ ပြောနိုင်သေးသည်။ မမနုက တည်ငြိမ်နေလေ၊ သူမှာ ပိုလှုပ်ခါရလေ ဖြစ်ခဲ့သည်။

... အဲဒီမနက်ခင်းလေးဟာ ကျနော့်ကို အမြဲခြောက်လှန့်နေတယ်။ ကျနော့်ဇနီးဆီ ရေးခဲ့တဲ့စာမှာ မင်းဆီကို အရောက်ပြန်လာဖို့ မင်းဆီက ကိုယ်ထွက်လာခဲ့တာပါလို့ ရေးခဲ့တယ်။ သမီးဖတ်ဖို့ ရေးတဲ့စာမှာတော့ သမီးအတွက် အနာဂတ်လှလှလေးတခု ဖေဖေ သွားယူနေတယ်လို့ ကျနော် ရေးခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်ထိ သမီးအတွက် အနာဂတ်လှလှလေးတခုလည်း ကျနော် ယူမသွားနိုင်သေးဘူး။ ကျနော့်ကို ဒီနေ့ထက်ထိ သစ္စာရှိစွာစောင့်နေတဲ့ မမနုဆီလည်း ကျနော် မပြန်နိုင်သေးဘူး။ ကျနော်တို့အိမ်ဘေးက လမ်းသွယ်လေးထဲမှာတော့ အခုလို မနက်ခင်းတွေဆို နှင်းမှုန်မှုန်နဲ့ ဖြစ်နေရောပေါ့။...

လူ့အဖွဲ့အစည်းတခုတွင် တရားမျှတမှုရှိရန် လိုအပ်သကဲ့သို့ မိသားစု တခုတွင်လည်း မေတ္တာတရားရှိရန် လိုအပ်သည်။ တရားမျှတမှုနှင့် မေတ္တာတရားသည် အဓိပ္ဖါယ် မတူသော်လည်း အဆက်အစပ်တော့ရှိသည်။ မေတ္တာတရားနှင့် ရှာသော တရားမျှတမှုသည် ပို၍ လေးနက်သလို၊ တရားမျှတမှုရှိသော မေတ္တာတရားသည် ပို၍ ပြည့်စုံပါသည်။ အကူးအပြောင်းကာလကို ရောက်ရင်ဖြင့် ကိုနှင်းဆီလည်း သူ့ရဲ့ မိသားစုလေးအတွက် တရားမျှတမှုရှိသော မေတ္တာတရားကို မလွဲမသွေ ရှာဖွေရပါလိမ့်မည်။ သူ အိမ်ကို ပြန်ရောက်လျင် ပထမဆုံး လုပ်မည့်အလုပ်မှာ စာရေးစားပွဲအံဆွဲထဲက စာကလေး နှစ်စောင်ကို ဖွင့်ဖတ်ဖို့ပဲဖြစ်သည်။ ထိုအချိန်၌ သူတို့အိမ်လေးထဲသို့ အုန်းလက်တွေကြားမှ တိုးဝင်လာသော နေပြောက်ကလေးများ ထိုးကျကောင်း ကျနေပေလိမ့်မည်။ ဒါ မဖြစ်နိုင်တဲ့ အိပ်မက်တခုအကြောင်း ပြောဆိုနေခြင်းလား။ သေချာတဲ့ မနက်ဖြန်အကြောင်း မိတ်ဆက်ပေးနေခြင်းလား။ နေ့စဉ်ဒိုင်ယာရီ စာမျက်နှာတိုင်းမှာ ကိုနှင်းဆီ ဘယ်တော့မှ မပျက်မကွက် မှန်မှန်ရေးခဲ့သည်က စာ နှစ်ကြောင်းသာ။
မမနုဆီ ရောက်အောင် ပြန်ခဲ့မယ်။
သမီးလေးအတွက် အနာဂတ်လှလှလေး ယူခဲ့မယ်။

ဒေါင်းအိုးဝေ။ ၂၀၀၁။

Wednesday, July 2, 2008

နှလုံးသားထဲမှာနေတဲ့ တစ္ဆေ

( ၀တ္ထုတို )
နှင်းခါးမိုး

၁။

ရနံ့က သင်းပျံ့လှသည်။ သူ့ရင်မှာ လှိုက်မောလာသည်။ သေချာတာကတော့ သနပ်ခါးရနံ့ဖြစ်သည်။ မိန်းမတယောက် သနပ်ခါး ခြေဆုံးခေါင်းဆုံးလိမ်းကာ သူ့အနားမှာ လာထိုင်နေသလို ခံစားရသည်။ ပထမတော့ ရနံ့မှာ သာယာသလို ရှိခဲ့သေးသည်။ သူ့မိန်းမကလည်း အိပ်ယာဝင်ကာနီးဆိုလျင် ရေမိုးချိုးကာ သည်လို သနပ်ခါးရနံ့ သင်းပျံ့စွာ နေတတ်သည်လေ။ အိမ်ကိုပင် လွမ်းမိသေးတော့။ အိမ်လွမ်းသည့် စိတ်ကြောင့်ပင် သနပ်ခါးရနံ့ကို ရလေသည်လား။ အလွန်ငတ်ပြတ်ကာ ဆာလောင်နေသူတို့သည် နှာခေါင်းမှာ ဟင်းနံ့ကျွေးနံ့တွေ ရလာလိုက်၊ မျက်စိထဲမှာ ထမင်းပွဲ ဟင်းပွဲကြီးတွေ မြင်လိုက် ဖြစ်တတ်သည်ဟု သူကြားဖူးသည်။ ယခုလည်း အိမ်ကမိန်းမကို သတိရကာ သည်လို ဖြစ်နေတာများလား။ ကိုယ့်စိတ်ကိုယ် အရင် စစ်ကြောမိသည်။ သိုပေမယ့် သနပ်ခါးရနံ့က ပျောက်မသွား။ အခန်းထဲမှ အတူနေ နှစ်ဦးကို မေးကြည့်တော့ တဦးက အေး.. သနပ်ခါးနံ့လိုလိုပဲဟု ပြောပြီး၊ တဦးကတော့ ကိုယ်တော့ ဘာနံ့မှ မရပါဘူးဟု ပြောလေသည်။ ခက်တော့ နေချေပြီ။ ဘေးခန်းက တယောက်ယောက်များ စိတ်ရူးထကာ သနပ်ခါး လိမ်းလေသလား။ ဒါလည်း သေချာတွေးကြည့်တော့ မဖြစ်နိုင်။ ခုခေတ် လူငယ်တချို့သာ သနပ်ခါးလိမ်းကျင့် ရှိတတ်ကြသည်။ ဘေးခန်းမှာက လူကြီးတွေ များသည်။ ရှိသည့် လူငယ် တယောက်နှစ်ယောက်ကလည်း သည်လို ၀ါသနာမျိုး မရှိတတ်တာ အားလုံးသိသည်။ ပြီးတော့ လေအတော်သင့်ပါမှ ဟိုဘက်ခန်းက အနံ့ သည်ဘက်ခန်းက ရတတ်တာမျိုးဖြစ်သည်။ သို့သော် သနပ်ခါးရနံ့က ပျောက်မသွား။ သူ့နှာဝ သူ့စိတ်အာရုံကို ကလူ တို့ထိလို့နေသည်။ သူ့အနံ့ခံအာရုံမှာ တခုခု မှားနေတာ၊ သူ့စိတ်မှာ တခုခု မှားနေတာ ဒါပဲ ဖြစ်လိမ့်မည်။ သည်နေရာနှင့် သည်ရနံ့က ဘယ်လိုမှ မအပ်စပ်။ အကျဉ်းခန်းနှင့် သနပ်ခါးရနံ့။

သူ့စိတ်မှာ ရှုတ်ထွေးလာသည်။ ဖျာပေါ် ကျောလှဲချလိုက်ပြီး မျက်နှာကြတ်က မီးလုံးကို စိုက်ကြည့်နေမိသည်။ အလင်းရောင် အ၀ါတန်းများက ခဲကျသည့် ရေဂယက်လို ၀ိုင်းပြန့် ကားထွက်ကာ အမြင်မှာ ပြေးနေကြသည်။ နံရံမှာ အိမ်မြှောင်တကောင်က ငြိမ်သက်စွာ အစာချောင်းနေသည်။ သူ့မျက်ခွံများသည် ပုတ်ခတ် ပုတ်ခတ်လုပ်ကာ ပျောက်ဆုံးနေသော အိပ်စက်ခြင်းကို လိုက်ရှာနေသည်။ သနပ်ခါးရနံ့ကတော့ နောက်ထပ် ရောက်မလာတော့။ သိုပေမယ့် သူ့စိတ်ထဲမှာတော့ မွှေးပျံ့နေဆဲ။ ဘာဖြစ်တာလဲ။ ဘာအဓိပါယ်လဲ။ အဖြေ မရသောအခါ မေးခွန်းများက ပိုထူထဲလာသည်။ သူ့စိတ်ကို ဖိစီးလာသည်။ မခံမရပ်နိုင် ဖြစ်လာသောအခါ သူ့စိတ်သည် တနေရာကို ထွက်ပြေးသွားသည်ဟု ထင်သည်။ သူ အိပ်ပျော်သွားသည်။ ဒါမှမဟုတ် အိပ်ပျော်သွားသည်ဟု ထင်သည်။

ထိုစဉ် အရိပ်တခုကြောင့် သူ လန့်နိုးသည်။ အရိပ်ကို သူ သေချာစူးစိုက် ကြည့်လိုက်တော့ မိန်းမတယောက်။ အလို သူတို့အခန်းထဲကို မိန်းမတယောက် ရောက်နေပါကလား။ သူတို့၏ သံတံခါးသည် ဖွင့်မထား။ ဒါက သေချာသည်။ ညနေခင်းကပင် နောက်ဆုံး မိလ္လာချအပြီး အစောင့်ဝန်ထမ်းက သော့ခလောက်ကို ထုံးစံအတိုင်း တဂျောင်းဂျောင်း မြည်အောင် ပိတ်ခတ်သွားပြီး ဖြစ်သည်။ မနက်ခင်း မိလ္လာချချိန် တိုင်သည်ထိ ဖွင့်မည် မဟုတ်တော့။ အခုတော့ သည်ပိတ်ထားသော တံခါးကို တွန်းဖွင့်ကာ သူမ ၀င်လာခြင်းဖြစ်သည်။ မင်း ဘယ်သူလဲ။ ဘာကိစ အခန်းထဲ ၀င်လာတာလဲ။ ဒါ ထောင်ကွ။ မိန်းမတွေ အလည်လာရမယ့် နေရာ မဟုတ်ဘူး။ စိတ်က တင်းထန်စွာ ပြောသော်လည်း ကျနော့်အသံက လှုပ်ခတ်နေပုံရသည်။ သူမက ညင်သာစွာ ပြုံးသည်။ ဒါမှမဟုတ် ပြုံးသည်ဟု ကျနော်က ထင်တာလည်း ဖြစ်နိုင်သည်။ ဘာမှ မသဲကွဲ။ သည်ညအဖို့တော့ ဘာမှ မသဲကွဲ။

သဲသဲကွဲကွဲ သိတာကတော့ သူမကို ကျနော် ဘယ်တုန်းကမှ မမြင်ဘူးခဲ့ခြင်း ဖြစ်သည်။ မျက်နှာကျက ခပ်ဝိုင်းဝိုင်း။ ဆံပင်ကို သေသပ်စွာ စည်းနှောင်ထားသည်။ နှုတ်ခမ်းနှင့် မျက်ခုံးက ပေါ်လွင်သည်။ အ၀ါရောင် ၀တ်စုံနှင့်၊ အသားအရည်ကလည်း ၀င်းနေသည်။ ထိုစဉ် ကျနော့်မျက်လုံးတို့ ပြူးကျယ်သွားသည်။ ရင်မှာ တထိတ်ထိတ် ခုန်လာသည်။ သေချာအောင် ကျနော် ထပ်ကြည့်သည်။ သေချာသည်။ မမှား။ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်းထားတဲ့ မိန်းမ။ သူမသည် သနပ်ခါး ဖုံနေအောင် လိမ်းထားလေသည်။ သနပ်ခါးရနံ့က သူမဆီမှ သင်းပျံ့စွာ ဝေ့၀ဲ ရောက်ရှိလာပြန်သည်။ ကျနော့်ရင်သည် တဒိတ်ဒိတ် ခုန်နေတော့သည်။ ကျနော့်စိတ်မှာ ဆူပွက်နေသည်။ ကျနော့်ကို ကျောပေးကာ အိပ်မောကျနေသည့် သူငယ်ချင်းဖြစ်သူကို နှိုးရန် ကျနော် ကြိုးစားကြည့်သည်။ သို့သော် သူမက ခွင့်ပြုချင်ပုံ မရ။ ညှိးငယ်သော အကြည့်ဖြင့် ခေါင်းလေး ခါပြသည်။ မင်း ထွက်သွားပါ။ ထွက်သွားပါ မိန်းကလေးရယ်။ ကျနော် အသံကုန်အော်ကာ ပြောလိုက်ချင်သော်လည်း ဘာသံမှ ထွက်မလာနိုင်။ တကိုယ်လုံး ပမ်းဟိုက်ကာ မောလျလာသည်။ သည်အခြေအနေကို ကျနော် ဆက်သည်းမခံနိုင်။ ဒါကို ဘယ်လို အဆုံးသတ်ရမလဲ။ ငါ ဘာလုပ်ရမလဲ။ သူကကော ဘာလုပ်ချင်တာလဲ။ မင်း ငါ့ကို ဘာပြောချင်လို့လဲ မိန်းကလေးရယ်။ သူမက ကျနော်နှင့် ပို နီးကပ်လာသလား။ တဖြေးဖြေး ဝေးသွားနေတာလား။ ကျနော် မသိတော့။ ကျနော် မျက်လုံးကို မှိတ်ပစ်လိုက်သည်။ အသက်ကို မှန်မှန်ရှုဖို့ ကြိုးစားနေလိုက်သည်။ ဘုရားကိုလည်း အာရုံပြုမိသည်။ ခန္ဒာကိုယ်ကို တတ်နိုင်သလောက် မလှုပ်ရှားဖြစ်အောင် သတိထားနေမိသည်။

ဘယ်လောက် ကြာသွားသည် မသိ။ သနပ်ခါးရနံ့က ဖြည်းဖြည်းချင်း ပါးလျသွားသည်။ ကျနော့်စိတ်မှာ အနည်းငယ် တည်ငြိမ်လာသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလောက်သည့် အချိန်မှာ မျက်လုံးကို ကျနော် ဖွင့်လိုက်သည်။ စိတ်ထဲ ပေါ့ပါးသွားသည်။ အနှောင်အဖွဲ့တခုမှ လွတ်မြောက်သွားသလို ခံစားရသည်။ အ၀ါရောင်မိန်းမ မရှိတော့။ မျက်နှာကြတ်မှ မီးရောင်က အခန်းထဲ ဖြာကျနေဆဲ။ ကျနော့်ရှေ့မှာတော့ ဖြူမွဲမွဲ အုတ်နံရံ။ မျက်မှောင်ကုတ်ကာ ကျနော် စဉ်းစားနေမိပြန်သည်။ သံတံခါး။ အိပ်ပျော်နေသည့် သူငယ်ချင်းဖြစ်သူ၏ ကျောပြင်။ ကျနော် မျက်လုံး မမှိတ်ခင်က ညာဘက်ကို စောင်းကာ လှဲနေခြင်းဖြစ်ကြောင်း ကျနော် မှတ်မိလိုက်သည်။ အခု မျက်လုံး ဖွင့်လိုက်တော့ ဘယ်ဘက်ကို စောင်းလျက်ပါလေ။ စိတ်မှာ ပြန်လည် အုံ့ဆိုင်းသွားသည်။ မလွတ်မြောက်ခဲ့ပါကလား။ မိုးလင်းသည်ထိ ကျနော် အိပ်မပျော်တော့။ အ၀ါရောင်မိန်းမ။ သနပ်ခါးရနံ့။ သူငယ်ချင်းရဲ့ကျောပြင်နှင့် နံရံအဖြူ။ အကျဉ်းခန်းထဲမှာ အကျဉ်း ထပ်ကျရသည့် အဖြစ်မျိုးပါလေ။

၃။

နာမည်ကြီး ဓါးပြဗိုလ်တယောက်ကို ဖမ်းမိသောအခါ သူနှင့်အတူ သူ၏သမီးလေးပါ ပါလာသည်။ မိတဆိုးလေးမို့ အဖေသွားလေရာ ပါသည်။ ဓါးပြတိုက်ရာလည်း ပါသည်။ သည်တော့ သမီးလေးပါ ဥပဒေအရ အပေါင်းပါ ဖြစ်သွားတော့သည်။ အဖေက အမှုတွေ တသီကြီးနှင့် သေဒါဏ် ပေးခံရသည်။ သမီးကတော့ ထောင်ကျသည်။ အဖေဖြစ်သူမှာ အယူခံဝင်သော်လည်း သေဒါဏ်က မလွတ်။ တကယ်တော့ အဖေသည် ဓါးပြဗိုလ် လူမိုက်ပီပီ သေရမှာ မကြောက်။ လုပ်ရဲရင် ခံရဲသည်ဆိုသော ယောင်္ကျားစိတ် ရှိသည်။ သို့သော် သမီးလေးကြောင့် သူ့မှာ စိတ်မဖြောင့်နိုင်ရှာပေ။ တဦးတည်းသော သူ့ရဲ့သွေး။ ငယ်စဉ်ကတည်းက အဖေဆိုလည်းသူ၊ အမေဆိုလည်းသူ နေခဲ့ရသည့် သမီးလေး။ အခုတော့ လောကကြီးအလယ် တယောက်တည်း မျက်စိသူငယ်၊ နားသူငယ်နှင့် ကျန်ရစ်ခဲ့ရတော့မည်။ မိန်းမဆောင်ရှိရာ ထောင်မကြီးရဲ့ ဟိုဘက်ကို ငေးရင်း လူမိုက်ကြီး မျက်ရည်ကျရသည်။

သည်လိုနှင့် ကြိုးတိုက်ကနေ တိုက်နံပတ် ၅ ဆီ သူ့ကို ပြောင်းလိုက်သည်။ အခန်းနံပတ် ၄ မှာ သူနေရသည်။ သူ့ကို ဧည့်ကောင်းဆောင်ကောင်းတဦးလို ထောင်က ဆက်ဆံနေသည်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးသည်။ ကျန်းမာရေးအခြေအနေကို နေ့စဉ်လို စစ်ဆေးပေးသည်။ စိတ်ချမ်းသာအောင် ထားသည်။ သူ သွားရတော့မည်ဆိုသည်ကို ဘယ်သူကမှ မပြောသော်လည်း သူ သဘောပေါက်ပါသည်။ တညနေမှာ အခန်းနံပတ် ၂၂ သို့ သူ့ကို ပြောင်းရွေ့သည်။ ဘုန်းကြီးတပါးကြွရောက်လာကာ သရဏံဂုဏ်တင် တရားပေးသည်။ ရှောင်ပြေးလို့ မလွတ်မယ့်အတူတူ လာမယ့်ဘေး ပြေးတွေ့ရုံသာ ရှိသည်မဟုတ်လား။ အားလုံးကို သူမေ့လိုက်သည်။ အထူးသဖြင့် သမီးကို သူ ကြိုးစားမေ့လိုက်သည်။ ကိုယ့်အတွက် နောက်ဘ၀ကူး ကောင်းအောင်သာ စိတ်ကို ဘုရားမှာ အာရုံပြုထားလိုက်သည်။ ကိုးကွယ်ရာ ဗုဒမြတ်စွာနှင့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကား ကြီးမားလှပါဘိ။ လူမိုက်ကြီးသည် သေကာနီးကျမှ ဘုရားခြေရင်းမှာ ခိုလှုံလေသည်။

ထိုအချိန်မှာ သမီးဖြစ်သူကတော့ ဖခင်သတင်း ကြားကာ အပူမီး တောက်လောင်လို့ နေရှာသည်။ တညလုံး အိပ်မပျော်နိုင် ဖြစ်ရသည်။ ဖခင်ရှိရာ ထောင်မကြီးဘက် လှမ်းမျှော်ကာ မျက်ရည်ထွေထွေ ကျနေတော့သည်။ မနက် အဆောင်ဖွင့်ချိန်မှာပင် သတင်းက ရောက်လာသည်။ သူမသည် အခန်းထဲမှ ပြေးထွက်သွားသည်။ အပေါ်ထပ် လူသွားစင်္ကြန်တလျောက် ဆံပင်ဖားလျားနှင့် သူမ ပြေးနေပုံကို ကြည့်ကာ ကျန်သူတွေက ကရုဏာ သက်ကြရသည်။ သူမသည် အဆောင်ထောင့်စွန်းသို့ ရောက်သောအခါ ထောင်မကြီးဘက် လှမ်းမျှော်ရင်း အဖေရေ့ဟု တဆောင်လုံးကြားအောင် အသံကုန် အော်လိုက်လေသည်။ အော်သံအဆုံးမှာပင် အပေါ်ထပ် ၀ရန်တာမှ အောက်ကို ထိုးကျသွားတာ တွေ့လိုက်ကြရသည်။ နီးရာလူများက အပြေးသွားကာ ပွေ့ထူလိုက်သော်လည်း အသက် မရှိရှာတော့။ သူမကို လောကကြီးအလယ်မှာ တယောက်တည်း ထားခဲ့ရမှာ စိတ်မချသော၊ သူမ၏ ချစ်သော လူမိုက်ကြီး အဖေနောက် ကောက်ကောက်ပါအောင် လိုက်သွားရှာလေပြီ။

၂။

ကိုလှထူးသည် နယ်မြို့ကလေးတမြို့မှ ရဲကြပ်ကြီးတယောက်ဖြစ်သည်။ စိတ်ရင်းကောင်းသည်။ နယ်ခံလူထုနှင့် အဆင်ပြေသည်။ လူပေါင်းသူပေါင်း ၀င်ဆန့်သည်။ အရေးအခင်းဖြစ်တော့ လူထုဆန့်ကျင်ရေး အပြုအမူတွေ သူမလုပ်ခဲ့သည့်အပြင် မြို့ခံသပိတ်အဖွဲ့တွေနှင့် ရောရောထွေးထွေး ရှိလှသည့်အတွက် အရေးအခင်းပြီးတော့ ကံကောင်း၍ အလုပ် မပြုတ်ခြင်းဖြစ်သည်။ တောထဲက မြို့ကို လျှို့ဝှက်တက်လာသော ကျောင်းသားအဖွဲ့တဖွဲ့ကို လမ်းခရီး လုံခြုံရေးအတွက် သူ၏ ရဲအချုပ်ကားဖြင့် အချုပ်သားများပုံဖမ်းကာ ကူညီ ခေါ်တင်လာခဲ့ဖူးသည်။ ထိုကျောင်းသားများ မြို့ပေါ်မှာ လှုပ်ရှားရင်း အဖမ်းခံရသောအခါ ကိုလှထူးပါ အမှုတွဲ ဖြစ်သွားရတော့သည်။ သို့သော်လည်း ကိုလှထူးသည် လူငယ်ကျောင်းသားများအပေါ် အခင်မင် မပျက်ခဲ့ပေ။ ထောင်ထဲမှာ ထိုလူငယ်ကျောင်းသားများက သူ့ကို ချစ်ချစ်ခင်ခင်ဖြင့် များစွာ ကူညီကြပါသည်။ သို့သော် အာဏာပိုင်များက သူတို့ကို အတူမထား။ ကိုလှထူးကို တိုက်ထဲ ပို့လိုက်သည်။ ၅ တိုက် အခန်း ၄ ကို ရောက်လာသည်။

အခန်းထဲမှာ သူတယောက်တည်း။ ဒါက တိုက်ထဲရောက်စ လူတယောက်ကို ထုံးစံအတိုင်း ပုံစံပေးခြင်းဖြစ်သည်။ တပတ်လောက် တယောက်တည်း နေစေပြီးမှ အခြားအခန်းသို့ ပြောင်းကာ အဖေါ်များနှင့် အတူနေစေသည်။ အခန်း ၄ မှာ နေခဲ့စဉ် တည၌ သနပ်ခါးရနံ့ကို ကိုလှထူးလည်း ကြုံခဲ့ရခြင်းဖြစ်သည်။ သို့သော် ကိုလှထူးက လူပျော်။ တောင်တောင်အီအီ သိပ်စဉ်းစားသူ မဟုတ်။ ကျုပ်က နောက်နေ့မှာ သူ့ကို မျှော်နေသေးတာ၊ မလာတော့ဘူးဗျ။ ကျနော်ကမူ တယောက်တည်း ကြိတ်ပြုံးမိသည်။ ကျနော်ကတော့ မမျှော်မိပါ။ သိုပေမယ့် မေ့မရတာတော့ အမှန်ပင်။ ဟုတ်မဟုတ်တော့ မသိပါဘူးဗျာ။ ၀န်ထမ်းတွေကတော့ ပြောကြတာပဲ။ တခါတလေ ဒီရှေ့ အုတ်ရိုးလေးပေါ်မှာ လမ်းလျောက်နေတတ်သတဲ့။ ကျနော် ညင်သာစွာ ပင့်သက်ချလိုက်ရသည်။ ခေတ်လူငယ်တယောက်မို့ ယုံလှသည်တော့ မဟုတ်။ သို့သော် ကြုံရသည့်အဖြစ်နှင့် ကြားရသည့် အကြောင်းကြောင့် ရင်မှာ ခြေရာထင် ကျန်ခဲ့ရသည်။

လူ့ဘ၀ထဲက တကယ့်အဖြစ်မှန်တွေဟာ ၀တ္ထုရေးဆရာတယောက်ရဲ့ စိတ်ကူးစိတ်သန်းထက် ဆန်းကြယ်တယ်ဆိုသည့် စကားတခွန်း ကြားဘူးသည်။ ၀တ္ထုထဲက ဆန်းကြယ်မှုက နားလည်အောင် စဉ်းစားယူလို့ရသည်။ လောကကြီးထဲက တချို့ဆန်းကြယ်မှုတွေကျ စဉ်းစား နားလည်လို့ မရနိုင်အောင်ဖြစ်တတ်သည်။ ၀တ္ထုထဲမှ ရင်နင့်စရာတွေက ဇာတ်လမ်းသဘောကို နားလည်ကာ ခဏတာမျှသာ ထိခိုက်ခံစားရသည်။ လူ့ဘ၀ထဲက ရင်နင့်စရာကတော့ စိတ်ကို တုန်လှုပ်စေတတ်သည်။ လူ့ဘ၀ထဲမှာ ဒီလိုအဖြစ်တွေ တကယ်ရှိသည်ဆိုလျင် ကိုယ့်ဘ၀မှာကော ဒါမျိုးမကြုံနိုင်ဟု မည်သူ အာမခံနိုင်မည်နည်း။ အကယ်၍ ကြုံခဲ့ရသည်ရှိသော် ဘယ်လို ရင်ဆိုင်မလဲ။ ရင်ဆိုင်နိုင်စွမ်းကော ရှိပါ့မလား။ ကိုယ့်ခံနိုင်ရည်ကို ကိုယ် ယုံကြည်ရဲ့လား။ မေးခွန်းတွေကို ဖြေဖို့ ကြိုးစားရင်းနှင့်ပင် စိတ်မှာ အားကုန် မောပမ်းရသည်။

တကယ်တော့ ဒီအဖြစ်မျိုးတွေ ကိုယ်လည်း မကြုံချင်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း မကြုံစေချင်။ ကိုယ်နေထိုင်သည့် လူ့အဖွဲ့အစည်းထဲမှာ ဒီအဖြစ်မျိုးတွေ မရှိစေချင်။ လူ့လောကကြီးထဲမှာလည်း တတ်နိုင်သလောက် မရှိစေချင်။ တကယ်တော့ ကိုယ့် စိတ်ဆန္ဒရှိသလို လက်တွေ့ဘ၀မှာက အပြည့်အ၀ ဖြစ်လာနိုင်သည်တော့ မဟုတ်။ သို့သော် လူ့လောကကြီး တခုလုံး၊ ကိုယ့်လူ့အဖွဲ့အစည်းကြီး တခုလုံး ကောင်းမလာနိုင်သည့်တိုင် အဆိုးတွေ၊ ဒုက္ခတွေ၊ နာကျင် ကြေကွဲစရာတွေ လျော့ပါး သက်သာသွားအောင်တော့ လူတဦးချင်းစီ ကိုယ်တတ်နိုင်သလောက် လုပ်ကြရပေမည်။ ဒါက ကျနော် နားလည်သော နိုင်ငံရေးဖြစ်သည်။ သို့ကြောင့်ပင် ကျနော်သိသော နိုင်ငံရေးကို ကျနော်တတ်သလို လုပ်ခဲ့သည်။ ခေတ်ဆိုးကြီးတခုကို ပြုပြင်ပြောင်းလဲရန် ကြိုးစားခြင်းသည် ပြစ်မှုမြောက်ပါသလား။ အခုတော့ နံရံလေးဘက်ကြား အကျဉ်းခန်းလေးထဲ ကျနော် ရောက်ခဲ့ရသည်။ ပြီးတော့ အ၀ါရောင် တစ္ဆေတကောင်နှင့် တွေ့ဆုံခဲ့ရသည်။ ခေတ်ကြီးကို ကောင်းစေချင်သူများအား ထောင်ထဲထည့်သည့် ခေတ်ကြီးထဲတွင် ထိုခေတ်ကြီး၏ နေရာ အနှံ့အပြားမှာ အ၀ါရောင်တစ္ဆေများ ရှိနေပေလိမ့်မည်။

ကျနော်သည် ထိုညက ရခဲ့သည့် သနပ်ခါးရနံ့ကို စိတ်၌ ပြန်လည် ဆွတ်ပျံ့စေကာ ညင်သာစွာ နမ်းရှိုက်မိသည်။ မြန်မာပြည်အနှံ့အပြား၌ အ၀ါရောင် တစ္ဆေများ ကင်းရှင်းပါစေသတည်း။

(၂၀၀၁ ခုနှစ်လောက် ရေးဖြစ်ပြီး ဒေါင်းအိုးဝေမှာ ဖေါ်ပြခဲ့တဲ့ ၀တ္ထုတိုလေးတွေ ပြန်ရှာတွေ့လို့ စာပြန်စုတဲ့သဘောနဲ့ရော မဖတ်ဖြစ်သေးတဲ့သူတွေ ဖတ်စေချင်တဲ့အတွက်ရော ပြီးတော့ ပို့စ်အသစ် မတင်ဖြစ်လို့ လာလည်တဲ့ ဘော်ဒါတွေကို မျက်နှာအပူပြေအောင် ဘလော့စကားနဲ့ ပြောရရင် ဆားချက်တဲ့အနေနဲ့ ပြန်တင်ပေးလိုက်တာပါ။ နောင်တော့ ပီကာဘိုးနဲ့ စာခေါက်တတ်အောင် ကြိုးစားပါအုန်းမယ်။)

Saturday, June 28, 2008

ခြင်သုံးကောင် လူသုံးယောက်နှင့် မေတ္တာတရား

( ၀တ္ထုတို )
နှင်းခါးမိုး

အခန်းထဲတွင် လူသုံးယောက်ရှိသည်။ အေ၊ ဘီ၊ စီဟု ဆိုပါစို့။ အခန်းမှာ တံခါးပေါက် တပေါက်ရှိသည်။ ဖျာသုံးချပ်ရှိသည်။ အခန်းပေါက်ဝမှာ ရေအိုးတလုံးရှိသည်။ အခန်းကလေးမှာ ဆယ့်နှစ်ပေ၊ ရှစ်ပေ အကျယ်ရှိသည်။ သူတို့သုံးယောက် ကျောဆန့်လိုက်လျင် အခန်းကလေးမှာ ပြည့်သွားမတတ်ဖြစ်သည်။ အခန်းထောင့်မှာတော့ အညစ်အကြေးစွန့်ရာ အင်တုံနှစ်ခုရှိသည်။ ဖွဲပြာအိတ် တအိတ်ရှိသည်။ သူတို့ ဖျာသုံးချပ်ထဲက ဟောင်းစုတ်နေသော ဖျာတချပ်မှာ အလေးအပေါ့ စွန့်စဉ်သုံးသည့် အကာအရံဖြစ်သည်။ ယောင်္ကျားလေးများချည်း ဖြစ်သော်လည်း တယောက်ကိုတယောက် မျက်နှာပူကြသည်။ မြင်ကွင်းကို ကာရံ၍ရသော်လည်း အနံ့အသက်ကတော့ အခန်းကလေးထဲမှာ ရှောင်ပြေး၍ မရ။ ပထမတော့ သည်ချောင်လေးထဲ ၀င်ရမှာ တခြားလူတွေကို အားနာနေတတ်သည်။ အန္တရယ် အလွယ်ခက်သည်ကို ဖြေရှင်းရင်း နောင်တော့ တဖြည်းဖြည်း အသားကျ သွားသည်သာ။ အလေးစွန့်သည့်အခါ သန့်ရှင်းရေးအတွက် အပြင်မှာတော့ ရေနှင့် စက္ကူ၊ တုတ်ချောင်း စသည်တို့ကို သုံးစွဲခဲ့ဖူးသော်လည်း သည်ထဲမှာတော့ ပိတ်စကို ဖြဲကာ သုံးစွဲကြရသည်။ အတွေ့အကြုံသစ် တခုပင်။ မနက်တခါ ညနေတခါ ဇလား လာချပေးသည်။ ဇလားဆိုတာက ထို အညစ်အကြေး အင်တုံတွေကို ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်မှာ သူတို့ အပြင်ကို ခဏလောက် ထွက်ခွင့် ရကြသည်။ လမ်းလျောက်သည်။ တခြားအခန်းတွေဘက် သွားစကားပြောသည်။ ပြီးတော့ ကမန်းကတမ်း ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ကြရသည်။ သည်အခွင့်အရေးက တရားဝင်ရသည့် အခွင့်အရေး မဟုတ်။ အမှုထမ်းက သူ့စိတ် ကြည်သာရင် ကြည်သာသလို နားလည်မှုဖြင့် ပေးထားခြင်းဖြစ်သည်။ ညနေဘက် မိလ္လာချသည့် အချိန် ပြီးလျင် သည်တနေ့တာအဖို့ အပြင်ထွက်ဖို့ အခွင့်အလမ်း မရှိတော့။ ညနေခင်း နေရောင်က အရှေ့ဘက် တိုက်တန်းရဲ့ သွပ်ခေါင်မိုးပေါ်က သရက်ပင် အုပ်အုပ်တွေပေါ်မှာ ပက်ဖျန်း ကျရောက်လို့နေသည်။ တနေ့တာ အစာရှာရာမှ ပြန်လာကြသော ကျီးကန်းတွေက သရက်ကိုင်းခက် ရွက်လက်တွေကြား ဆူညံစွာ အိပ်တန်းတက် နေရာ လုနေကြသည်ကို တွေ့ရသည်။ တခါတရံ တစုံတရာကြောင့် လန့်ဖျပ်ကာ ကျီးကန်းအုပ်ကြီးက ၀ုန်းကနဲ ထပျံတတ်သည်။ ထိုအခါ သူတို့ မြင်ခွင့်ရထားသော ကောင်းကင်ပြင် တခုလုံးသည် ကျီးကန်းများနှင့် ပြည့်ကာ မည်းမှောင်သွားတော့သည်။ သူသည် တံခါးသံတန်းကို လက်ဖြင့် ကျစ်ကျစ်ဆုပ်ကိုင်ကာ နဖူးဖြင့် သံတံခါးကို ဖိကပ်ထားမိသည်။ မုန်းသည်။ သည်အချိန်ကို သူ မုန်းသည်။ အပြင်မှာဆို လူတွေလည်း သည်အချိန်မှာ ကိုယ့်အိမ် ကိုယ်ပြန်ကြပြီ။ သူတို့ကတော့ အိမ်ပြန်ခွင့် မရှိပေ။ အုတ်နံရံနှင့် သံတခါးတွေ နောက်မှာ ပျိုရွယ်မှု၊ ခွန်အား၊ လွတ်လပ်မှုနှင့် အချိန်ကာလ စသည့် ဘ၀၏ အရင်းအမြစ်တွေ အားလုံးကို ရင်းနှီး ပေးဆပ် နေကြရသည်။ မိလ္လာချ အပြီးမှာတော့ သံတံခါးကို ဆောင့်ပိတ်လိုက်သည့် ဂျိန်းဆိုသည့် အသံနှင့်အတူ သော့ခလောက် ပိတ်သံကိုပါ တဆက်တည်း ကြားကြရသည်။ ထိုအသံ ကြားလိုက်ရလျင် တွင်းနက်ကြီးတခုထဲ ပြုတ်ကျသွားသလို မွန်းကြပ်မှုက စိတ်အပေါ် ပိလေး ကျလာတော့သည်။ ညအမှောင်က သရက်ပင် အုပ်အုပ်တွေပေါ်၊ အရှေ့တိုက် သွပ်ခေါင်မိုးတန်းပေါ်၊ သူတို့တိုက်ခန်းရှေ့ အုတ်ရိုးလေးပေါ်၊ ပြီးတော့ သူတို့ အခန်းလေးရဲ့ လှေကားထစ်တွေပေါ်၊ ပြီးတော့ သူတို့ အခန်းလေးထဲ စိမ့်ပြန့် စီးဝင်လာလေသည်။ အေက တံခါးဝမှ ထကာ အခန်းလေးထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။ ဘီက ဖျာပေါ်မှာ ကျောလှဲနေသည်။ စီက အေ ထခဲ့ရာ တံခါးဝမှာ သွားထိုင်နေသည်။ တကယ်တော့ သည်တံခါးဝလေးမှာ အပြင်လောကကို မျှော်ငေးရာ တခုတည်းသော နေရာဖြစ်သည်။ ပြီးတော့ လူတယောက် ထိုင်စာမျှသာ ရှိသည်။ ထို့ကြောင့် သူတို့သုံးယောက် တယောက်တလှည့်စီ ထိုင်ကြသည်။ တခါတလေတော့ အေက ထိုင်နေလျင် ဘီက ဘေးနားမှ ခေါင်းလေး တိုးဝင်ကာ စီက မတ်တပ် အပေါ်မှ မိုးရပ်လျက် တံခါးဝမှာ သုံးယောက်ပြိုင် အပြင်ကို ငေးမျှော်တတ်ကြသည်။ သူတို့သည် သုံးယောက်စလုံး စကားဆူညံစွာ ပြောနေတတ်သည့် အခါလည်းရှိသည်။ တယောက်က ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေသည်ကို ကျန်နှစ်ယောက်က စိတ်ရှည်လက်ရှည် နားထောင် နေတတ်သည်မျိုးလည်း ရှိသည်။ တခါတရံတော့ စကားပြောချင်စိတ် ကင်းမဲ့ကာ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာ ထိုင်နေတတ်ကြသည်။ တခါမှာ သူတို့ထဲက ဘီသည် တိတ်ဆိတ်စွာ ထိုင်ရင်း နှီးဖျားလေးတချောင်းကို ကိုင်ကာ အလှုပ်ရှုပ်နေသည်ကို တွေ့ရသည်။ အနီးကပ် သေသေချာချာ ကြည့်သောအခါ နှီးဖျားပေါ်မှာ ပုရွတ်ဆိတ်တကောင် တရွေ့ရွေ့ သွားနေသည်ကို တွေ့ရသည်။ နှီးဖျားအစွန်းသို့ ရောက်သောအခါ ပုရွတ်ဆိတ်က နောက်ပြန် လှည့်လာသည်။ ထိုအခါ ဘီက နှီးဖျားကို အစွန်းတဘက်က ပြောင်းကိုင်လိုက်သည်။ ပုရွတ်ဆိတ်မှာ ထိုအစွန်းဘက်ကို ရောက်၍ လမ်းဆုံးနေသောအခါ တဘက်သို့ ပြန်လှည့်လာပြန်သည်။ ဤသို့ဖြင့် ပုရွတ်ဆိတ်ခမျာ မဆုံးနိုင်သော ခရီးရှည်ကြီးကို လျှောက်လှမ်းနေရရှာလေသည်။ ဘီကတော့ နှီးဖျားလေးကို ဘယ်ညာ ပြောင်းကိုင်ရင်း ပတ်ဝန်းကျင်ကို မေ့လျော့ကာ ပုရွတ်ဆိတ်တကောင်၏ ခရီးရှည်ချီတက်ပွဲကို အာရုံ ၀င်စားလို့နေသည်။ တခါမှာတော့ စီက ညဘက် ခြင်ကိုက်သည့် အကြောင်းကို ညည်းသည်။ သည်ထဲမှာက ခြင်ထောင်နှင့် အိပ်ခွင့် မရှိ။ လုံခြုံရေးအရ ဆိတ်ကွယ်ရာ မရှိစေရဟူသော မူအရ ဖြစ်သည်။ ပြီးတော့ မီးလည်း ညလုံးပေါက် ထွန်းထားသည်။ လင်းလို့ မအိပ်တတ်ဟု ချေးမများနိုင်ကြ။ သည်ထဲမှာ ခြင်ထောင်မရှိပေမယ့် ခြင်ကတော့ ရှိသည်။ အကျဉ်းသားးများထံမှ အလကားရသော လုပ်အားကို ပေါပေါများများ သုံးထားသဖြင့် ၀င်းအတွင်း သန့်ရှင်းမှုက အပြင်မှာထက် ပိုသည်။ ထို့ကြောင့် အပြင်မှာလို မထူပြောသော်လည်း ခြင်ကိုက်တာကတော့ ကိုက်တာပင်။ ထို့ကြောင့် စီက ခြင်ကိုက်လိုက်တာကွာဟု ညည်းလေသည်။ ထိုအခါ အေက စိတ်အားထက်သန်စွာ ၀င်ပြောသည်။ ဟုတ်တယ်၊ ကျနော်တို့အခန်းထဲမှာ ခြင်သုံးကောင် ရှိတယ်ဗျ။ စီက အလန့်တကြားဖြင့် အေကို ကြည့်သည်။ ထို့နောက် အခန်းထဲ လူးလာတုန့်ခေါက် လျှောက်နေရင်းက အခန်းထဲမှာ ခြင်သုံးကောင်ရှိတယ်၊ ခြင်သုံးကောင်ရှိတယ်ဟု တိုးဖွစွာ ရေရွတ်နေတော့သည်။ ဘီက သံတံခါးကြားမှ ညရဲ့ ကောင်းကင်ကို ငေးမောနေသည်။ ကောင်းကင်ကြီးကို အပြည့် မြင်ရတာတော့ မဟုတ်။ သူတို့အခန်းရှေ့မှာ သွပ်တံစက်မြိတ် အတန်ငယ် တိုးထွက်နေကာ မြင်ကွင်းတချို့ကို ပိတ်ကွယ်ထားသည်။ သူတို့နှင့် မျက်နှာချင်းဆိုင် တိုက်တန်းပေါ် မိုးကျနေသည့် သရက်ပင်ကြီးကလည်း ကျန်သည့် မြင်ကွင်းကို တချို့တ၀က် လုယူထားပြန်သည်။ သူတို့သည် လက်ကျန်ဝေစု မြင်ကွင်းမှ ကောင်းကင်ကြီးကို သည်လိုပင် ညစဉ် အငမ်းမရ ငေးခဲ့ကြရသည်။ ဘယ်တော့များမှ ကောင်းကင်ကြီးကို အပြည့် မြင်ရပါ့မလဲ။ ရင်ထဲမှ ပင့်သက်က အပြင်သို့ ဖိတ်လျံ ကျလာခဲ့ပြီး လက်ထဲက လွတ်ထွက်သွားသည့် မိုးပျံပူဖေါင်း တလုံးလို ပိန်းပိတ်မှောင်နေသည့် ညကောင်းကင်ထဲ တရွေ့ရွေ့ တိုးဝင်သွားလေသည်။ တခါကတော့ ကံကောင်းထောက်မစွာ လမင်းကြီးကို ပြည့်ပြည့်၀၀ မြင်ခွင့်ရခဲ့ကြသည်။ ထိုညက လပြည့်ညဟု သူတို့ သိထားသဖြင့် ညအမှောင် အစပျိုးသည်နှင့် သူတို့ဝေစု ကောင်းကင် သေးသေးလေးထဲမှာ လကို အမောတကော လိုက်ရှာကြသည်။ လကို အစအနမျှပင် မတွေ့ရ။ လရောင်ကတော့ အရှေ့တိုက်တန်း ခေါင်မိုးပေါ်မှာ၊ သရက်ပင်ကြီးရဲ့ ကိုင်းခက် ရွက်လက်တွေပေါ်မှာ စီးပြန့် ဖြာကျလျက် ရှိနေချေပြီ။ လရောင်ကို မြင်ရလေ လမင်းကို မြင်ချင်စိတ်စော ပြင်းပျလေ ဖြစ်ကြရသည်။ လပြည့်ညမှာပင် လမင်းကို မြင်ခွင့်မရသည့် ဘ၀ပါလား။ လွတ်လပ်မှု ဆုံးရှုံးရခြင်း၏ ဒုက္ခကို နာကျင်နက်နဲစွာ သူတို့ သိလိုက်ရသည်။ ကံကြမ္မာက သူတို့ကို ကရုဏာ သက်သွားသည်လား မသိ။ နေ့ဘက်က မိုးရွာထားသဖြင့် သူတို့အခန်းရှေ့ မြေပြင်ပေါ်မှာ ရေတင်ကျန်ကာ အိုင်ကလေး ထွန်းလျက်ရှိသည်။ ပထမတော့ ထို ရေအိုင်လေးပေါ်မှာ လရောင်ရွှေစက်တို့ ပြိုးပြက် လှုပ်ခတ်လျက်သာ။ သူတို့တွေ လကို ဖွေမောရင်း စိတ်ပျက် အားလျော့စ ပြုသည့် အချိန်မှာပင် ရေအိုင်လေးထဲ လမင်းက တရွေ့ရွေ့ ၀င်ရောက်လို့ လာလေသည်။ အင်မတန် ရင်သပ် ရှုမောဖွယ်ပါ တကား။ သူတို့သည် ရေအိုင်လေး လှုပ်ခတ်ကာ လမင်း လန့်ထိတ် ထွက်ပြေးသွားမှာ စိုးပူစွာဖြင့် အသက်ပင် ပြင်းပြင်း မရှုဝံ့ခဲ့ကြ။ ထိုညက မြင်ခွင့်ရခဲ့သည့် လကို သူတို့ ဘယ်တော့မှ မေ့နိုင်ကြမည် မဟုတ်တော့။ ရင်မှာ ခတ်နှိပ် သိမ်းဆည်းထားခဲ့ကြသည်။ စီသည်လည်း သူ့အလှည့်ရလျင် သံတံခါးကြားမှနေ၍ ညကောင်းကင်ကို ငေးမောတတ်သူပင်။ သည်လိုနှင့် သူသည် ကြယ်ကလေးတလုံးနှင့် မိတ်ဆွေဖြစ်သွားလေသည်။ သူ မြင်ခွင့်ရသည့် ကောင်းကင် သေးသေးလေးထဲ သွပ်မိုးစွန်းဘက်မှ ထိုကြယ်ကလေး ၀င်ရောက်လာတတ်သည်။ သူတို့ အိပ်ချိန် မတိုင်ခင်မှာ ကြယ်ကလေးက သရက်ပင် ကိုင်းဖျားကို ဖြတ်ပြီး သူ့မြင်ကွင်းထဲက ထွက်သွားတတ်သည်။ သို့သော် ကြယ်ကလေး ရောက်လာချိန်က တနေ့ထက်တနေ့ နောက်ကျလာတာကို သူ သတိထားမိသည်။ သည်ကြယ်ကလေးကို သံယောဇဉ် တွယ်မက်စွာဖြင့် သူ့ဘ၀ကို ထင်ဟပ်နိုင်စေမည့် နာမည်တလုံး မှည့်ခေါ်ခဲ့သည်။ မွတ်သိပ်စွာဖြင့် သူ တိုးတိုးလေး ရေရွတ်ကြည့်သည်။ မေတ္တာတရားရေ.. ကျနော့်ရဲ့မေတ္တာတရားရေ..။ သို့ပေမယ့် သည်လိုသာ ရောက်လာချိန် တဖြည်းဖြည်း နောက်ကျသွားလျင် တချိန်မှာတော့ သူ အိပ်ချိန်တိုင်သည်ထိ သည် ကြယ်ကလေး ရောက်လာလိမ့်မည် မဟုတ်။ မေတ္တာတရား ရောက်လာလိမ့်မည် မဟုတ်။ မေတ္တာတရား ရောက်လာသည့်အချိန်ထိ သူ ထိုင်စောင့်နေချင်ပါသည်။ သို့သော် သည်အထဲမှာက အိပ်ချိန်ဆိုလျင် အိပ်ရသည်။ အိပ်ချင်သည် ဖြစ်စေ၊ မအိပ်ချင်သည် ဖြစ်စေ။ အိပ်ပျော်သည် ဖြစ်စေ၊ အိပ်မပျော်သည် ဖြစ်စေ ကိုယ့်အိပ်ယာပေါ်မှာ လှဲနေကြရသည်။ ထထိုင်နေလို့ မရ။ အပြင်ကို ထွက်ငေးနေလို့ မရ။ ကြယ်ကလေးကို သူ စောင့်မျှော်နေလို့ မရ။ မေတ္တာတရားနှင့် ဝေးကြရဦးမှာ ပါကလား။ စီသည် တံခါးဝမှ ထလာက အိပ်ယာပေါ် ကိုယ်ကို ပစ်လှဲချလိုက်သည်။ မကြာခင် အိပ်ချိန်ဆိုသည့် အသံကြီးကို စိတ်မချမ်းသာဖွယ် ကြားရတော့မည်။ သူကိုယ်တိုင် သည်အခန်းကလေးထဲမှာ ရေးဖြစ်ခဲ့သည့် ကဗျာတပိုဒ်ကို စီက တိုးတိုးလေး ရွတ်နေသည်။ ဘ၀နဲ့အိပ်မက်၊ ကျစ်ထားတဲ့ကြိုးတန်းပေါ်မှာ၊ ပျော့အိပျော့ဖတ် စိုထိုင်းထိုင်း၊ ငါ့ခန္ဒာကိုယ်ကြီး၊ မနက်ကျ ပြန်ကောက်ဝတ်ရပေအုန်းတော့မယ်။ ။

Thursday, May 29, 2008

ပြန်ပေးဆွဲခံထားရတဲ့ဒုက္ခသည်စခန်းကြီးတခု

နှင်းခါးမိုး

၂၀၀၁ ခုနှစ်မှာ ပြည်တွင်းကို ၂ လလောက် ကျနော်ပြန်ရောက်ဖြစ်တယ်။ လူထုရဲ့ တကယ့်နေ့စဉ်ဘဝကို ကိုယ်တိုင်သိမြင်ခဲ့ရပြီးတဲ့နောက် ပါလာတဲ့ဝေဒနာတွေကို အခြေခံပြီး ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ဦးနေဝင်း မသေသေးဘူး။ ဂျာနယ်တွေက ဘင်လာဒင်ကောင်းမှုနဲ့ ရောင်းအားကောင်းနေကြတယ်။ ဒုက္ခသည်တို့၊ ဒုက္ခသည်စခန်းတို့ဆိုတာ နယ်စပ်က လူတွေအတွက် ဘဝပုံရိပ်ဖြစ်နေမယ့် ဒီတုန်းက ပြည်တွင်းကလူတွေ နားမလည် မခံစားတတ်ကြသေးဘူး။

တိုက်ဆိုင်ချင်တော့ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က ဗွီအိုအေကနေ ဒီကဗျာကို ရွတ်ဆိုဖေါ်ပြခဲ့ပါတယ်။ တပတ်လောက်နေတော့ တောင်ပိုင်းကျေးလက်ကို နာဂစ်ဝင်မွှေတော့တာပဲ။ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အားလုံး ကြားကြ မြင်ကြပြီးသားပါ။ တလောက ဖုန်းလှမ်းပြောတဲ့ညီတယောက်က အခုတော့ အကို့ကဗျာခေါင်းစဉ်လို ဖြစ်နေပြီလို့ပြောတော့ ရင်မှာ မကောင်းဘူး။ ဧရာဝတီကို ရင်ခွဲပြလိုက်မှ ကမ္ဘာကြီးက ပုတ်ပွနေတဲ့ ဒုက္ခတွေကိုမြင်ပြီး အထိတ်တလန့်ဖြစ်တယ်တဲ့။

ဘာပဲဖြစ်ဖြစ် သင်္ဘောမြုပ်တုန်းတော့ လူကို အရင်ကယ်ရတာပဲ။ သင်္ဘောပါ ဆယ်ပါလားလို့ ဝင်ပြောလို့မရဘူး။ ဒီအချိန်မှာ တိုက်တန်းနစ်တုန်းကလို သော့ပိတ်ခံထားရတဲ့ တတိယတန်းခရီးသည်တွေအတွက်ကတော့ ရှင်သန်ရေးဟာ တိုက်ပွဲပဲ။ ကိုယ်တိုင်တိုက်ရမှာ။
ကြပ်ဆို့နေတုန်းမို့ ပြောစရာတွေရှိပေမယ့် အသံမထွက်နိုင်သေးခင်မှာ ဒီကဗျာထဲက စကားလုံးအဟောင်းတွေကိုပဲ စန္ဒယားအပျက်တလုံးရဲ့ ခလုတ်တွေပေါ် လက်နဲ့ခေါက်သလိုခေါက်ရင်း ကိုယ့်ကိုယ်ကိုယ် အသံညှိနေလိုက်မိတယ်။

ပြန်ပေးဆွဲခံထားရတဲ့ဒုက္ခသည်စခန်းကြီးတခု

အဲဒီ့မှာ...
ကလေးတွေအတွက်
စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက်
ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒ့ီမှာ...
ကမ္ဘာကြီးနဲ့ ဝင်ဆန့်နိုင်ဖို့
အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွှင့်ဖို့
စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ...
အိပ်မက်တွေအတွက်
မနက်ဖန်မရှိပေမယ့်
ဒီနေ့အတွက်
နှစ်လုံးထီရှိတယ်။

အဲ့ဒီမှာ...
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့
ကောင်းရောင်းကောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့
အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ
မရှိပေမယ့်.. မရှိပေမယ့်၊
ရှိတယ်..ရှိတယ်..ရှိတယ်။

ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...
ဖယောင်းတိုင်ရှိတယ်၊
ကြားကားရှိတယ်...
ဂြိုလ်တုလောင်းကစားရှိတယ်၊
ဘောလုံးနဲ့ ဘင်လာဒင်ကို
ဘုရားစင်မှာတင်ထားတဲ့ ဂျာနယ်တွေရှိတယ်၊
ဖာခန်းဖွင့်စားတဲ့
ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့...
သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့
တရားဥပဒေရှိတယ်၊
ရေဒီယိုနဲ့ ကောလာဟာလပေါင်းထားတဲ့
မျှော်တလင့်လင့်နိုင်ငံရေးရှိတယ်၊
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့...
ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေပျောက်မလားလို့
တံတားတွေဆောက်ထားတာ ရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့
တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ်ကင်းစောင့်နေတဲ့
အေးချမ်းစွာပညာသင်ကြားရေး ရှိတယ်။

ပြီးတော့ ...
အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်ရှိတယ်။

ပြီးတော့ ...
တရုတ်တန်းဖြစ်သွားတဲ့
နန်းတော်တစ်ခုရှိတယ်။ ။

ကဗျာရွတ်သံနားထောင်ရန်