လိရိကကဗျာနဲ့ ဇာတ်လမ်းပြောကဗျာ
ကဗျာဟာ ခံစားမှုရဲ့ နိုင်ငံဖြစ်တယ်။
လိရိက ကဗျာရဲ့ အရေးအကြီးဆုံး အင်္ဂါရပ်က သူဟာ စိတ်အခြေအနေကို ဖော် ပြနေတယ် ဆိုတာပါပဲ။ သူ့ရဲ့ ရှောင်မရဆုံး လိုအပ်ချက်က ခံစားမှု သန့်စင်ခြင်း ပါပဲ။
ကဗျာဟာ ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှု ပါရှိရမယ်။ သာမန် ရိုးရိုးခံစားမှုမျိုးနဲ့ ရေးတဲ့ ကဗျာများဟာ လူတွေကို မထိခိုက် စေနိုင်ဘူး။
လိရိက ကဗျာဟာ မိမိကိုယ် ဒါမှမဟုတ် မိမိဝန်းကျင် ကမ္ဘာကို ဆင်ခြင် ကြည့်မနေရပဲ ကဗျာဆရာရဲ့ ခံစားသိမြင်ပုံကို ဖော်ကျုးထားတာ ဖြစ်ရမယ်။
လိရိက ကဗျာဟာ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ပယ်နိုင်ဘူး။ ကြည်နူးမှု၊ ဒေါသ၊ ပူဆွေးမှု၊ ၀မ်းသာမှု ဘာပဲဖြစ်ပေ့စေ စိတ်လှုပ်ရှားမှု မပါတဲ့ ကဗျာဟာ အမြုံပဲ။
လိရိက ကဗျာမှာ ဇာတ်လမ်း ဇာတ်အိမ် ပြတ်ပြတ်သားသား မရှိဘူး။ ရိုက်ပုတ် နေတဲ့ စိတ်လှုပ်ရှားမှု လှိုင်းတွေကို တုံ့ပြန်ရင်းသာ ဇာတ်လမ်းဟာ ပေါ်လာလိုက် ပြောင်းလဲလိုက်ပဲ။ စိတ်လှုပ်ရှားမှုဟာ ကဗျာဆရာ့ နှလုံးသားရဲ့ လှုပ်ရှားမှု ဖြစ်တဲ့အတွက် ဖော်ပြပုံ ဘယ်လိုပုံ ဖြစ်ပစေ စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မစွန့်ရဘူး။ ဒီလို စိတ်လှုပ်ရှားမှု ရှိနေခြင်းက လိရိက ကဗျာလို့ ဆိုတဲ့ဟာရဲ့ အတွင်းအနှစ်ကို နားလည်ဖို့ ပိုလွယ်စေတယ်။
လိရိက ကဗျာဟာ သစ်ပင်ပေါ်က လတ်လတ်ဆတ်ဆတ် ခူးလာတဲ့ သစ်သီး၊ နှင်းရည်လူးထားတဲ့ မနက်ခင်းပန်းတို့နဲ့ တူတယ်။ ပညာသိဆိုတဲ့ မီးထဲမှာ ကင်လိုက်ရင် ရှုံ့တွသွားရော။
လိရိက ကဗျာရဲ့ ဦးတည်ချက်ကိုတောင်မှ စိတ်လှုပ်ရှားမှုက ဦးဆောင်နေရမယ်။ စိတ်လှုပ်ရှားမှုကို ဒီအခန်းက ရုတ်သိမ်းလိုက်ရင် စာဖတ်သူတို့ တက်စရာ လှေကားမရှိပဲ ဖြစ်လိမ့်မယ်။
ဇာတ်လမ်းပြော ကဗျာကို အဲပိက ကဗျာလို့လည်း ခေါ်နိုင်တယ်။
ဇာတ်လမ်းပြော ကဗျာရဲ့ လက္ခဏာကတော့ ဇာတ်ကွက် ဇာတ်လမ်း ပြတ်ပြတ် သားသား ရှိတာပါပဲ။
ဇာတ်လမ်းပြော ကဗျာကိုလည်း စိတ်လှုပ်ရှားမှု အတော်အသင့် ထည့်ပေး ထားသင့်တယ်။ ဇာတ်လမ်းပြော ကဗျာရော၊ စိတ်ကူးဇာတ်ကွက်ပေါ် အခြေခံတဲ့ ကဗျာပါ စာဖတ်သူတွေကို ထိခိုက်အောင် လုပ်ရာမှာ များသောအားဖြင့် အောင်မြင်တတ်တယ်။
ဇာတ်လမ်းပြော ကဗျာမှာ လုပ်ကြံယူထားတဲ့ အချက်အချို့ကတော့ ပါတတ်တာပဲ။ ဒီလုပ်ကြံထားတဲ့ အချက်တွေဟာ စိတ်ကူးမှုရဲ့ အချက်တွေပေါ့။
ကျုပ်ဟာ စစ်တပ်ခရာမှုတ်သမား မလုပ်ဖူးပါဘူး။ ဒါပေမယ့် ခရာမှုတ်သမား ကဗျာရှည်ကို ရေးခဲ့တယ်။ တိုက်ပွဲမှာ ဒါဏ်ရာ မရဖူးပါဘူး။ ဒါပေမယ့် သူ ဒုတိယအကြိမ် သေတယ် ကဗျာရှည်ကို ရေးခဲ့တယ်။ မီးတုတ်ကိုင် လှည့် လည်ပွဲမှာလည်း တခါမှ မပါဖူးပါဘူး။ ဒါပေမယ့် မီးတုတ် ကဗျာရှည်ကို ရေးခဲ့တယ်။ တကယ့်အဖြစ်အပျက်တွေအပေါ် အခြေခံထားတာ မဟုတ်ပေမယ့် ဒီကဗျာတွေမှာ အလွန်ပီပြင်တဲ့ ဇာတ်ကွက် ဇာတ်လမ်းသဘော ရှိနေတယ်။
ကျုပ်ကဗျာအချို့ဟာ တကယ့်အဖြစ်အပျက်တွေ၊ လူတွေ အပေါ် အခြေခံ ထားတာပါ။ ဥပမာ နှင်းထဲကစိန်၊ ကျုပ်အဖေ။ လိရိကသဘော သိပ်မပါတဲ့ ဇာတ်လမ်းပြောကဗျာဟာ စိတ်လှုပ်ရှားမှု ထည့်ထားတဲ့ ဇာတ်လမ်းပြော ကဗျာလောက် စာဖတ်သူအပေါ် ကြီးကြီးမားမား ထိခိုက်နိုင်စွမ်း ရှိလိမ့်မယ် မဟုတ်ဘူး။
ကျုပ်ရဲ့ ဇာတ်လမ်းပြော ကဗျာနှစ်ပုဒ်ဟာ လူထုသီချင်းများက ငှားယူထားတဲ့ ပုံသဏ္ဌာန်တွေကို သုံးပြီး ရေးထားတာပါ။ ငါးရှဥ့်နက် ဆိုတဲ့ တပုဒ်က အများစု ပိုင်းမှာ စိတ်ကူး အဖြစ်အပျက်တွေကို ဖော်ပြထားတာ။ ၀ှက်ထားတဲ့ သေနတ်များ ဆိုတဲ့ နောက်တပုဒ်ကတော့ တကယ့်အဖြစ်အပျက်ပေါ် အခြေခံ ထားတာပါပဲ။ လုံးလုံး မအောင်မြင်တဲ့ ကဗျာတပုဒ်ဖြစ်တယ်။ ကာရန်ပါတဲ့ အစီရင်ခံစာကို ဖတ်ရသလိုပဲ။
ဒါလောက်ဆိုရင် ဇာတ်လမ်းပြော ကဗျာမှာ ခံစားမှု ဓါတ်ကလေးပါဖို့ လိုကြောင်း နမူနာပြတာ လုံလောက်ပါပြီ။
ကျုပ်ရဲ့ ကဗျာရှည် နေကိုရင်ဆိုင် နဲ့ အလင်းထောပနာတေး နှစ်ပုဒ်စလုံးကို လိရိက ကဗျာလို့ သတ်မှတ်ရမယ်။ ဒါပေမယ့် လှိုင်းခေါင်းပေါ်မှာ၊ ရှေးရောမ မြို့ကသတ်ပွဲကွင်း၊ ချင်းမင်းပွဲတော်မိုးသည်းသည်း တို့လို အခြားကဗျာရှည်တွေကို လိရိက ကဗျာ သတ်မှတ်ရမလား။ ဇာတ်လမ်းပြော ကဗျာ သတ်မှတ်ရမလား ဆုံးဖြတ်ဖို့ကတော့ ခက်တယ်။
တချို့ ဇာတ်လမ်းပြော ကဗျာတွေက ကဗျာဆရာ အနေနဲ့ နိမိတ်ပုံတွေနဲ့ တွေးပြီး ဖန်ဆင်းထားတာ မဟုတ်ဘူး။ အဖြစ်အပျက်တခုကို တည့်တိုးဟန်နဲ့ပဲ ပြောပြ ပါတယ်။ ဒီလို ကဗျာမျိုးဟာ ကာရန် ပါတာချည့်။ ဥပမာသဘော တုဖူရဲ့ အရာရှိသုံးဦး နဲ့ ခွဲခွာခြင်းသုံးခု တို့ကို ကြည့်လေ။ ဘယ်ကဗျာမှာမှ ရူပကတခု မပါချေဘူး။ ဇာတ်ကွက် ဇာတ်လမ်းက ပြည်သူတွေကို စိတ်လှုပ်ရှားစေနိုင်တဲ့ အတွက် ကျုပ်တို့ဆီ လက်ဆင့်ကမ်း ရောက်လာခဲ့ကြ တာပါပဲ။
အတွေးတခုကို ဖော်ကျုးဖို့အတွက် အရာဝတ္ထုတခုကို အသုံးပြုတဲ့ ကဗျာများကို အရာဝတ္ထု ထောပနာကဗျာ လို့ ခေါ်တယ်။ ဒီကဗျာတွေကို ဒဿန ကဗျာများလို့ ယူဆလေ့ရှိတယ်။
လိရိက ကဗျာတွေက စိတ်လှုပ်ရှားမှု ဓာတ်ကို အလေးတင်းတယ်။ အရာဝတ္ထု ထောပနာကဗျာများကတော့ ဒဿနဓာတ်ကို အလေးတင်းပါတယ်။
ဒဿနကဗျာများ တနည်း ဆင်ခြင်တုံ အတွေးပေါ် အခြေခံတဲ့ကဗျာများဟာ ရှင်းလင်း၊ ရိုးစင်းတဲ့ ဗဟိဒ္ဓအောက်မှာ နက်ရှိုင်းတဲ့ ဒဿနသဘောကို ဖုံးဝှက်ထားတတ်တယ်။
အာဝဇ္ဇန်းမရှိတဲ့ လူတယောက်က ဒဿနကဗျာ ရေးဖို့ ကြိုးစားရင် ခပ်ညံ့ညံ့ အပျော်တမ်းသမားက လက်လှည့်ပညာ အစွမ်းပြသလို နေလိမ့်မယ်။ လုံးဝ စိတ်ပျက်စရာကြီး။
သဲတမှုန်ထဲမှာ စကြာဝဠာကို မြင်သူ၊ ရေတစက်မှာ ကမ္ဘာကို မြင်သူဟာ စိတ်ကူး ကြွယ်ဝတဲ့ ကဗျာဆရာပေပဲ။ စိတ်ကူးမရှိတဲ့ လူရဲ့ အမြင်မှာတော့ သဲမှုန်ဟာ သဲမှုန်အပြင် တခြား မဟုတ်ဘူး။ ရေတစက်ဟာလည်း ရေတစက်ထက် မပိုပေဘူး။

No comments:
Post a Comment