Monday, January 21, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း၆).. ရေးသူ..အိုက်ချင့်(တရုတ်ကဗျာဆရာ)


ဖွဲ့စည်းမှုနဲ့ဈာဉ်ဝင်မှု


ကိုယ့်လက်ရာထဲမှာ ရောင်ပြန်ဟပ်ထားတဲ့ ကိုယ့်ဖွဲ့စည်းမှုဟာ စာဖတ်သူကို ဖမ်းစားနိုင်ရမယ်။ ဖန်ခွက်တခုကို ဖုံးအုပ်ထားတာ အတွင်းမှာ ဘာများ ရှိပါလိမ့်လို့ (အတွင်းမှာ တစုံတရာ ရှိများရှိခဲ့ရင်ပေါ့လေ) ခန့်မှန်းချင်လာအောင် ဆွဲဆောင် နိုင်တဲ့ မျက်လှည့်ဆရာရဲ့ လက်ကိုင်ပုဝါလို ဖြစ်ရမယ်။
စာဖတ်သူကို ကိုယ်နဲ့အတူ လိုက်လျောက်အောင် လုပ်ပါ။ လမ်းအဆုံးမှာ ဘာရှိရှိ မမှုပါနဲ့။
ကျောက်စိမ်းတတုံးနဲ့ ကြုံခဲ့ရင် စဉ်းစားမိမှာက ဘာများ ထွင်းထုယူရပါ့။
အစိတ်စိတ် ကွဲမသွားအောင် ဘယ်လို ထိမ်းရပါ့။
စဉ်းစားစရာ ကြံဆရမှာ အလုပ်က တည်နေတယ်။ ရေးတာထက် ပိုတွေးရမယ်။
အတွေးဟာ လိပ်ပြာပဲ။ လိပ်ပြာတကောင်မှ မမိပဲ တနေကုန် တွေးချင်လည်း တွေးနေရမှာပဲ။
သေသေချာချာ ဖွဲ့စည်းထားတဲ့ လက်ရာမှ စာဖတ်သူကို ထိခိုက်နိုင်တယ်။ ပဋ္ဋိပက္ခရဲ့ ညူကလယာ့စ်ကို ဘယ်လို ရှာရမလဲ။ ပဋ္ဋိပက္ခကို တိုက်ရိုက်အကျဆုံး ဘယ်လို ဖော်ကျုးရမလဲ စဉ်းစားပါ။
အနုပညာသန္ဓေဟာ ဖွဲ့စည်းမှုနဲ့ စတယ်။
တကယ့်ဘ၀ဟာ ထွေပြားလွန်းသမို့ သစ်ပင်တပင်တည်းမှာတောင် သစ်သီးနှစ်လုံး တူတာကို တွေ့နိုင်လိမ့်မယ် မဟုတ်ဘူး။
ရှေ့ရောနောက်ပါ စစ်ဆေးပြီးတဲ့နောက် အသေးစိတ် ထပ်ကြည့်ပါဦး။ ပိုနက်နက် နဲနဲ တွေးပါဦး။ ပိုနက်နက် တူးပါဦး။
အခြားသူများရဲ့ တွေ့ရှိချက်တွေကို လုံးဝ ထပ်မဆိုရဘူး။ သူများလုပ်ပြီးသားကို ထပ်ကျော့မှဖြင့် မိမိရယ်လို့ ဖြစ်ရှိနေစရာ ဘာလိုဦးတော့မှာလဲ။
ဈာဉ်ဝင်မှုကို ကြိုဆိုဖို့ တံခါးကို အမြဲ ကျယ်ကျယ် ဖွင့်ထားပါလေ။
ဈာဉ်ဝင်မှုဟာ မဖိတ်ပဲလာတဲ့ ဧည့်သည်မဟုတ်။ မတော်တဆ ကြုံဆုံရတတ်တဲ့ မိတ်ဆွေမျိုးဖြစ်တယ်။ မမျှော်လင့်တုန်း ရောက်လာတတ်တယ်။
ဈာဉ်ဝင်မှုမှာ အချိန်းအချက်သဘော မရှိဘူး။ သူဘယ်တော့ လာခဲ့မယ်လို့ ပြောပြလိမ့်မယ် မဟုတ်ဘူး။
ဒါပေမယ့် မိတ်ဟောင်းဆွေဟောင်းကို ဧည့်ခံသလို ဧည့်ခံရပေလိမ့်မယ်။
ဇာတ်လမ်းပြော ကဗျာများမှာ ဈာဉ်ဝင်မှု ရေအလျဉ်တွေ အများအပြား ဆုံဆည်း လာတတ်တယ်။
ဈာဉ်ဝင်မှုဟာ ပန်းစည်းတစည်း ဆောင်ကြဉ်းလာတတ်တယ်။
ဒါမဟုတ်.. စိတ်ကူးလေး တခု၊
ဒါမှမဟုတ်.. ဖျော်ရည်အေးအေးလေး၊
ဒါမှမဟုတ်.. လက်ဆောင်ကလေး၊
ဒါမှမဟုတ်.. စကားဆိတ်ဆိတ် ခေါင်းငိုက်စိုက်နဲ့ မိတ်ဆွေတယောက် ဆုံးပါး သွားတဲ့ သတင်း ဆောင်ချင်လည်း ဆောင်လာမယ်။
တခါတလေ သုံးလေးလနဲ့ ပေါ်မလာချေဘူး။
တနှစ်တောင် ကြာချင်ကြာ်မယ်။
ခဏခဏ လာစေချင်ရဲ့၊ သူက မလာ။
ကိုယ့်ကို အဆက်ဖြတ် သွားချေပေါ့။
ဗြုန်းဆို နှစ်အနည်းငယ်အကြာ လမ်းပေါ်ဆုံပြန်ရော။
၁၉၇၈ အေက်တိုဘာမှာ ဟောင်ကောင်မဂ္ဂဇင်း ဟိုက်ယန်စာပေ က ဟောက်ချွမ်ရဲ့ လမ်းလေးခွကထမင်းဆိုင် ကဗျာကို ထည့်သွင်းဖေါ်ပြခဲ့တယ်။ ကဗျာမှာ ငါးပါဒပဲ ပါတယ်။ ဒါပေမယ့် စင်ပေါ်က သိုင်းပညာ ပြိုင်ပွဲကို ပြည့်ပြည့်စုံစုံ ဖေါ်ကျူးထားရဲ့။

စားပွဲတလုံးတည်း၊ ကုလားထိုင်တလုံးတည်း
ဒါပေမဲ့.. သူတို့သတ်တာ အသွင် တသိန်း ဆောင်ခဲ့။
ဇာတ်ခုံကို နေ့နှယ်လင်းအောင် ထွန်းညှိထား။
လျူလိဟွာနဲ့ ရဲန်တန်ဟွီ
ပညာစွမ်းနဲ့ ညလို မည်းနက်ဟန် လုပ်ထားကြ။

ထူးကဲတဲ့ အနုပညာ သန္ဓေကို ဖော်ထုတ်ပြနိုင်တဲ့ ကဗျာတိုအချို့ကို အခြား နေရာများမှာလည်း ကျုပ် တွေ့ဖူးတယ်။ ဥပမာ ဟောဒီကဗျာဟာ နှစ်ပါဒနဲ့ စက်ဘီးကို ဖွဲ့ပြထားရဲ့။

ရှေ့ကိုတက်မှသာ
ကျုပ် လဲမကျဘူး။

No comments: