Tuesday, January 29, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အပိုင်း ၈) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


ကဗျာအတွက် ဥပဒေသ မရှိ

အနုပညာ ဥပဒေသကို ဘ၀ ဥပဒေသရဲ့ လက်အောက်မှာ ထားရမြဲ ဖြစ်တယ်။
ကဗျာဖွံဖြိုးမှုဟာ ဘ၀နဲ့ ရှေ့ကို ချီတက်နေတဲ့ လူ့အဖွဲ့အစည်းနောက်က လိုက်ရမြဲ။
ဘ၀ပြောင်းလဲမှု ရှေ့တိုးလာတာကို ဘယ်သူမှ မတားနိုင်ဘူး။
ဘ၀ပြောင်းလဲတာနဲ့အမျှ အနုပညာက လိုက်ပြောင်းတယ်။
ဘ၀ရဲ့ ဥပဒေသများဟာ ထာဝရ မဟုတ်သလို၊ အနုပညာ ဥပဒေသများဟာလည်း ထာဝရ မဟုတ်ဘူး။
ခေတ်အသီးသီးဟာ မိမိ လိုအပ်ချက်နဲ့အညီသာ တွေ့ကြုံနေရတဲ့ ပြဿနာများကို ဖြေရှင်းနိုင်တယ်။
နောင်တခေတ်ရဲ့ ပြည်သူတွေ ဘယ်လိုနေကြလိမ့်မယ်ဆိုတာကို ဘယ်သူမှ ကြိုမပြောနိုင်ဘူး။
ကဗျာဆရာရဲ့ အလုပ်က ဖန်ဆင်းမှုပဲ။ အခြားသူများတွေ ဖန်ဆင်းပြီးသားကို ထပ်ကြော့တာ မဟုတ်ဘူး။
ဘ၀ရဲ့ မျက်နှာအသစ်နဲ့ လိုက်လျောညီထွေတဲ့ အနုပညာသစ်ကို အင်မတန် တဦးချင်းဆန်တဲ့ ဟန်နဲ့၊ ဖော်ပြပုံ နည်းတွေကို အလှယ်လှယ်ပြောင်းကာ၊ သစ်လွင် အနုပညာဆန်တဲ့ ဖွဲ့စည်းမှုနဲ့ ဖန်ဆင်းရပေလိမ့်မယ်။
ကဗျာဆရာမှာ သူမတူတဲ့ ကိုယ်ပိုင် အလှဗေဒ အမြင် မရှိခဲ့ရင် အခြားသူများရဲ့ ကဗျာများနဲ့ ကွဲပြားခြားနားတဲ့ ကဗျာတွေ ရေးနိုင်လိမ့်မယ် မဟုတ်ပေဘူး။
ကဗျာတပုဒ်ဟာ လက်နက်တခုလို၊ ကိရိယာတခုလို ချွန်မြတယ်။ ဒါပေမဲ့ ကဗျာဆရာဟာ ဖန်ဆင်းမှုက ဖဲခွာရင်တော့ ကိုယ့်အလုပ် ကိုယ်လုပ်တာ မဟုတ်တော့ဘူး။
ဘယ်တော့မှ ငြိမ်ရပ်မနေရဘူး။
ဒီခေတ်ရဲ့ အပြောင်းအလဲတွေထဲကနေ ကိုယ့်ကဗျာထဲမှာ ရောင်ပြန်ဟပ်စရာ သစ်တဲ့၊ လွင်တဲ့ အရာတွေကို သွားပြီး ရှာဖွေရမယ်။
ကဗျာရဲ့ စွဲမက်ဖွယ်ကောင်းပုံဟာ ဘ၀ကို သရုပ်မှန်မှန် ဖော်ကျုးရာမှာ တည်တယ်။
ဘ၀ရဲ့ တကယ့်သရုပ်၊ တိုက်ပွဲရဲ့ တကယ့်သရုပ်ကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်ပါ။ ဘ၀ရဲ့ ဖုံးကွယ်ထားတဲ့အရာတွေကို တူးဖော်ပါ။ စံနမူနာပြု ဥပမာတွေကို ဖွေရှာပါ။ ဒီဟာနဲ့ ဟိုဟာ ခြားနားချက်ကို ရှာပါ။
ဘ၀မှာ အပြောင်းအလဲတွေ ဖွံ့ဖြိုးပုံတွေကို ရှာဖွေပြီး အရာသစ်တွေကို ဖော်ပြပါ။
အရာဝတ္ထုတို့ရဲ့သန္ဓေပါ အလှ၊ ဗဟိဒ္ဓအလှ၊ အဇ္ဇတ္တအလှ၊ ဒီထဲက တခုခုက လူကို ကြည်နူးမှု ပေးတယ်ဆိုရင် ဒါ ကဗျာပါပဲ။
အားထုတ်ရတာ များလွန်းလို့ ရေးမရဘူးဆိုရင် မရေးနဲ့။
ခံစားမှုတွေ ပြည့်လျှံနေတုန်း ရေးတဲ့ စာများဟာ အမှိုက်သရိုက် ဖြစ်တတ်တာပဲ။
အခြားသူများ ကိုယ့်ထက် ပိုကောင်းအောင် ရေးလိမ့်မယ်လို့ မပူပန်နဲ့။
လူငယ်တွေရဲ့ အစွမ်းအစကို မနာလို မရှိနဲ့။
အိုသူတိုင်း တချိန်က ငယ်ခဲ့တာချည်းပဲ။
ယုံကြည်မှု ရှိပါ။ အနာဂတ်ကို ယုံပါ။
ကျုပ်တို့က အရင်ခေတ်များက သူတွေကို သာခဲ့သလို အနာဂတ်ရဲ့ လူတွေက ကျုပ်တို့ကကို သာမှာ မုချပဲ။
များနိုင်သလောက် လူများများက မိမိကဗျာများကို နားလည်ပါစေ။
ပစ္စက္ခခေတ်ရဲ့ လူတွေကမှ ကိုယ့်ကဗျာကို နားမလည်နိုင်ရင် ဘယ်သူက နားလည်ဦးမလဲ။
ကိုယ့်ကဗျာကို လူများစွာက နားလည်ရေးဟာ အတောင့်တဆုံး ဆု ဖြစ်ပါစေ။
အလှဗေဒသမား သက်သက်ကတောင် အခြားသူများကို အလှအရသာ ခံစားခွင့် ပေးရမယ်။
အလှကို ပိတ်လှောင် မထားပါစေနဲ့။
အမှန်တရား ရှာဖွေသူတွေကို ကိုယ့်ကဗျာက ဈာန်ဝင်လာပါစေ။ များသထက် များတဲ့သူတွေ အမှန်လောကကို ချဉ်းကပ်ပါစေ။
တကယ့်ဘ၀ဟာ စတင်ရာ ဖြစ်ပါစေ။
အလေ့အကျင့်ဟာ စတင်ရာ ဖြစ်ပါစေ။
တကယ့်သရုပ်ကို လှစ်ပြတာ စတင်ရာ ဖြစ်ပါစေ။
တကယ့်သရုပ်ကို ပြောင်းလဲတာ စတင်ရာ ဖြစ်ပါစေ။
အဘိရူပ (metaphysics) ကို စတင်ရာ မဖြစ်စေနဲ့။
မိမိဟာ ဒီနိုင်ငံသား၊ ပစ္စက္ခခေတ်ရဲ့ လူ ဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့နဲ့။ ကဗျာဆရာဟာ ကိုယ်မြင်ရ ကြားရတာကိုပဲ ရေးနိုင်တယ်။ မိမိကဗျာတွေဟာ ကနေ့ ပြည်သူတွေအတွက် ရေးတာဖြစ်တယ်။
ကဗျာဆရာဟာ မိမိခေတ်အပေါ် မှန်ကန်ရမယ်။ မိမိပြည်သူတွေအပေါ် မှန်ကန် ရမယ်။
ကနေ့အပေါ် မှန်ကန်သူများကသာ နက်ဖြန်အပေါ် မှန်ကန်မယ်လို့ ပြောနိုင် ကြတယ်။

No comments: