Friday, December 25, 2009

မီးအိမ်ပျောက်တဲ့မြစ်


အဖေဟာ
အာဏာရှင်ပဲ
ကျနော်တို့အိမ်မှာ
အဖေဟာ အာဏာရှင်ပဲ
ခေါင်းရင်းမှာ ဖျာတချပ်
သူ့အတွက် အမြဲခင်းပေးထားရတယ်။

ထမင်းချက်ရင်
သူ့အတွက်ဆန်သပ်သပ်
ဟင်းချက်ရင်
သူ့အတွက်အသားတခွက်
ရေတောင်
သဲအိုးသေးသေးလေးတလုံးနဲ့
သူ့ကုတင်ဘေးနားမှာ သူ့အိုး
ကျနော်နေ့တိုင်းဖြည့်ရတယ်။

ကျနော်ဟာ
အဖေ့သေးအိုးသွန်ရတယ်
မနက်စောစောထရေနွေးကြိုရတယ်
ဘီဒိုတွေကိုဖုန်သုတ်ရတယ်
လူဆိုတာ
ကိုယ့်တာဝန်ကိုယ်ယူရတယ်တဲ့
တခါတလေအဖေ့တမိုးအောက်
ကျနော့်မှာနေစရာမရှိဘူး။

သူများတွေကျောင်းတက်ရင်း လက်ဖက်ရည်
ဆိုင်ထိုင်နေတဲ့အချိန်မှာ
ကျောင်းတက်မလား
လက်ဖက်ရည်ဆိုင်ထိုင်မလား ကြိုက်တာရွေး
လက်ဖက်ရည်ဆိုင်ဆိုတာ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထိုင်ရတယ်တဲ့
မုန့်ဖိုးတောင် တချိန်အတိုးနဲ့ပြန်ဆပ်ရမယ့်အပေါက်မျိုး
အဖေ့ဒဿနကမိုးခေါင်တယ်
အမေသာလရောင်တွေဖြာမကျခဲ့ဘူးဆိုရင်
ကျနော့်ပင်လယ်ဟာခမ်းသွားနိုင်တယ်။

အဖေက
ထမင်းစားချိန်လူစုံမှ
နောက်ကျရင်ဘာမှချန်မထားခိုင်းဘူး
အမေကတော့
ကျနော့်အတွက်ကြောင်အိမ်အောက်ဆုံးထပ်မှာ
ဖွက်ဖွက်ထားတတ်တယ်။

အဖေ့နှလုံးသားမှာ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိပေးတာအမေပဲ
အဖေ့နှလုံးသားမှာ
ရေခဲပြင်ကြီးတခုရှိတယ်ဆိုရင်
အဲဒါကိုအပ်နဖါးနဲ့ရိုက်ရိုက်ခွဲတာ
ကျနော်ပဲ
အဖေဟာ
ဘယ်တော့မှမစိမ်းလန်းဘူး
တကယ့်သဲကန္တာရပဲ
ကျနော်ကတော့ကုလားအုပ်လိုပဲ
ရေတခါသောက်ပြီးတိုင်း မိုင်တထောင်လျှောက်
ရတယ်။

အခုတော့ အဖေဆုံးပြီ
ကျနော်မရှိတုန်း
ကျနော်ဟိုးအဝေးကြီးမှာရှိနေတုန်း
အဖေဆုံးပြီ
အီးမေးလ်ကစာတစောင်ရတော့
ခဏငြိမ်သက်သွားတယ်
စာကိုပိတ်လိုက် ပြန်ဖွင့်ကြည့်လိုက်လုပ်တယ်
အခန်းပြတင်းကနေ
မမြင်ရတဲ့တောင်တွေကိုလှမ်းငေးတယ်။

ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့
အဖေ အဲဒီလိုများတွေးသွားသေးသလား
ဟုတ်တယ်အဖေ
ကျနော်လေးဆယ်ကျော်ပြီ
ဘာမှမဖြစ်သေးဘူး။

ဘာကောဖြစ်ရအုန်းမှာလဲ
ဘာတွေဖြစ်ချင်ခဲ့တာလဲ
အဖေပြောသလို
ကျနော့်လှေမျောခဲ့လေသလား
ဘယ်ကမ်းမှာနေညိုညို
ကျနော့်မှာကျနော့်ကိုယ်ပိုင်သီချင်းနဲ့
မင်းကလူသာပျော့တယ်
ခေါင်းကတော့အမာသားလို့
အဖေပြောအုန်းမှာပဲ။

တကယ်တော့ တံမြက်စည်းအစ လိပ်ကျောက်မြီးအဆုံး
ကျနော့်ကျောကုန်းကရင်းနှီးခဲ့တာ
အဖေကမီးပေါ်တင်ဖုတ်လိုက်
အမေကမနက်ခင်းနှင်းကလေးဆွတ်လိုက်နဲ့
မာကျောခဲ့ရ စိမ်းလန်းခဲ့ရတာ
ကျနော်ဟာ ဆီးပင်ကလေးပါ။

အပူပိုင်းမှာဖြိုင်ဖြိုင်သီးတယ်
ချဉ်မှန်းသိရက်ကိုက်ကြည့်ကြတယ်
ခြောက်သွားလေ စားလို့ကောင်းလေဆိုလား
ကျနော် ဆီးသီးကလေးလိုပြုံးတတ်ခဲ့တယ်။

အဖေ့ရဲ့ဆီးသီးကလေး
မိုးခေါင်ရေရှားအရပ်ကဆီးသီးကလေး
ဒီညတရေးနိုးတော့
အဖေနဲ့အာဏာရှင်ကိုတွဲတွေးမိတယ်
အမေနဲ့ကျနော်က
အဖိနှိပ်ခံတွေပေါ့။

ကျနော်က ရုန်းကန်တယ် တော်လှန်တယ်
အမေကတော့ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး
တခါတလေမျက်ရည်လေးဝဲလို့
ဒါတောင်အဖေက ဟေ ဆိုရင်
ဒီမှာလေလို့ ထူးပြီးသား
အိုးခွဲအိမ်ခွဲသားတွေသမီးတွေတောင်
အိမ်လာလို့အဖေအိပ်နေရင်
ခြေကိုပြင်းပြင်းမနင်းရဲဘူး
အဖေ့အတွက်တခုခုတော့ပါလာကြတယ်
အမေ့ကိုတော့ခေါင်းနဲ့ခွေ့ပြီးပြန်ကြတယ်
အဖေ့အင်ပါယာကနေမဝင်ဘူး။

ကျနော်ကဖိနှိပ်သူကိုမုန်းတယ်
အဖေ့ကိုမုန်းတယ်
တူးတူးခါးခါးမုန်းခဲ့တယ်
ဘဝမှာဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
အဖေ့ကြောင့်
ဘဝမှာမျှော်လင့်တာတွေလွဲချော်ခဲ့တာ
အဖေ့ကြောင့်
ရည်းစားဦးနဲ့ကွဲခဲ့တာ
အဖေ့ကြောင့်
စာမေးပွဲကျတာ
အဖေ့ကြောင့်
ဘက်စကားမမီတာ အဖေ့ကြောင့်
အရပ်မထွက်တာ အသားမဲတာ အဖေ့ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာ
အဖေ့ကြောင့်
ကျနော့်ခုံရုံးမှာ အဖေဟာ တရားခံပဲ။

အဖေကသားကိုချစ်ပါတယ်တဲ့
အမေကလျောက်လဲချက်ပေးတယ်
အဖေက သူရဲ့မေတ္တာတရားကို
လည်မှာဆွဲမထားဘူး
အိတ်ကပ်ထဲမှာပဲထည့်ထားတယ်တဲ့
ကျနော်ကခါးပိုက်နှိုက်မှမဟုတ်ပဲ
အဖေ့မေတ္တာတရားကို ဘယ်တုန်းကမှခိုးမယူခဲ့ဘူး
လိုချင်ကြောင်းလည်းမပြခဲ့ဘူး
မေတ္တာမပေးချင်နေပါ
ကျနော့်ကိုသူ့ဒေါသတွေ ဘာလို့ပေးရတာလဲ
သူ့အလိုမကျမှုတွေ သူ့ဖြစ်ချင်တာတွေ ဘာလို့ပေးရတာလဲ
သူ့အတ္တတွေ သူ့စီမံကိန်းတွေ ဘာလို့ပေးရတာလဲ
သူ့ညွုန်ကြားချက်တွေ သူ့ရင်းနှီးမြှပ်နှံမှုတွေ
အဖေဆိုတာထက် အဖေပိုလုပ်ချင်တာတွေ
ကျနော်မှမလိုချင်ပဲ
ကျနော့်စစ်ခုံရုံးမှာ အဖေဟာ ပြေးမလွတ်တော့ဘူး။

ဒါပေမယ့် အဖေတယောက်ကိုတော့
ကျနော်တကယ်လိုချင်ခဲ့တာပါ။

ကျနော့်အိပ်နေတုန်း
ခိုးခိုးနမ်းမယ့်အဖေတယောက်
ကျနော့်အတွက်ဆိုပြီး
အကောင်းဆုံးကဗျာတပုဒ်ရေးမယ့်အဖေတယောက်
သားလွှတ်တဲ့စွန်အတွက်
ဆိုင်းကြိုးချည်ပေးမယ့်အဖေတယေက်
အလုပ်ပြုတ်မယ်မှန်းသိရက်နဲ့
ထောင်ဝင်စာလာတွေ့မယ့်အဖေတယောက်
မျက်ရည်လွယ်တဲ့အမေ့ကို
သူ့ပုခုံးလေးပေးမှီမယ့်အဖေတယောက်
အဝေးရောက်နေတဲ့သားအတွက်
ဖုန်းသံလေးနားစွင့်နေမယ့်အဖေတယောက်
ကျနော်ဘယ်လောက်မှားမှား
ကျနော့်ဘက်ကနေမယ့်အဖေတယောက်။

အဖေဟာတစိမ်းပဲ
ကျနော်တို့အိမ်မှာ အဖေဟာတစိမ်းပဲ
အဲဒါကျနော်ပြောတာမဟုတ်ဘူးအဖေ
ကျနော့်သားပြောတာ
သူ့ခုံရုံးမှာ
ကျနော်ဟာပြေးမလွတ်တော့ဘူး။

အဖေနဲ့သားဟာ
ဖြည်လို့မရတဲ့ဆက်ထုံး
ဒီမြစ်ကရေစီးကြမ်းတယ်
မလှော်တတ်ရင်မှောက်တာပဲ။

အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာ သိမှာမဟုတ်ဘူး
ကျနော့်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိပါတယ်
အာဏာရှင်ဆိုတာ မုန်းလို့ပဲရတယ်
မေ့လို့မရဘူးအဖေ။ ။


(ငယ်တုန်းကတည်း အဖိုးနဲ့အဖွားကို မှတ်ပုံတင်ထဲမှာ အဖေနဲ့အမေလို့ ဖြည့်ပြီးကြီးခဲ့ရလို့ ဒီကဗျာဟာ အဖိုးအကြောင်းဖြစ်ပေမယ့် အဖေလို့ညွုန်းခဲ့ပါတယ်။ အဖေအရင်းက ကျန်းမာချမ်းသာဆဲပါ။ ရင်းနှီးသူတွေ ဝမ်းနည်းကြောင်း အားပေးနှစ်သိမ့်မိမှာစိုးလို့ ဒီအောက်ခြေမှတ်စုလေးကို ရေးလိုက်ပါတယ်။ တခြား ထူးထူးခြားခြားတော့မရှိပါ။)


Thursday, December 3, 2009

အပြန်

ခြေလှမ်းတိုင်း
အလွမ်းထဲကျွံကျ။

ငါ့စံပယ်ပင်လေး
နေပူနေမလား
ရေလောင်းမယ့်သူမှရှိပါ့မလား
အဖူးလေးတွေ မပွင့်ပဲကြွေလေမလား။

ခရီးဆောင်သေတ္တာကိုပိတ်တဲ့လက်က
နှလုံးသားမဆန်ဘူး
လက်ဆွဲအိတ်က
လူကိုဆွဲဆွဲချရဲ့
အရက်သောက်များလို့ထင်ရဲ့
ရင်ဘတ်တွေနာတယ်
မသောက်ပဲ မှောက်ခဲ့ရတဲ့ ဒီနေ့။

တိမ်ပေါ်ရောက်ရင်
မြေပြင်ကိုငုံ့မကြည့်ချင်ဘူးကွယ်
သတ္တုအတောင်ပံတွေက တဆတ်ဆတ်တုန်လို့
ငါပျံသန်းနေတယ်
ငါ့စိတ်တွေပျံသန်းနေတယ်
လေထီးမပါပဲ ခုန်ခုန်ချသွားတဲ့အတွေးများ။

တရုပ်ကပ်တံခါးလေးကို ဖွင့်လိုက်ပိတ်လိုက်
ခန်းဆီးစလေးကို ချည်လိုက်ဖြည်လိုက်
ပန်းပေါင်းစုံရှုဆေးဘူးလေးကို ကျစ်ကျစ်ဆုပ်လို့
အပြန်လား အသွားလား
အစုန်လား အဆန်လား
သံလမ်းမရောက်တဲ့မြို့ကလေးရေ
အဲဒီစံပယ်ပင်လေးကို ငါစိုက်ခဲ့တာပါ။

မိုးရွာရင်
ဘာတွေတွေးနေမလဲ
အခန်းထဲ ဘုရားမီးကလေး လင်းနေ။ ။

Tuesday, July 28, 2009

အာဇာနည်ဗိမာန် လေးချိုးကြီး

ပြီးခဲ့တဲ့ အာဇာနည်နေ့က မဲဆောက်က ရွှေ့ပြောင်းအလုပ်သမား ညီအကို မောင်နှမတွေနဲ့ အတူ အာဇာနည်ကြီးများအား အောက်မေ့ဘွယ် စကားဝိုင်းလေးတခု လုပ်ဖြစ်ပါတယ်။ အဲဒီမှာ ကျနော်ကတော့ ကဗျာဆရာပီပီ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အာဇာနည်ဗိမာန် လေးချိုးကြီးကို လှိုက်လှိုက်လှဲလှဲ ရွတ်ပြမိခဲ့ပါတယ်။ နောက်တော့ ဒါလေးကို အသံဖိုင်လုပ်ပြီး ဘလော့က အပေါင်းအသင်းတွေကို ဝေမျှဖို့ ကြိုးစားခဲ့ပေမယ့် နည်းပညာ အခက်အခဲနဲ့ ၀ိရိယ အားနည်းမှုကြောင့် အခုမှ တင်ဖြစ်တာပါ။ အခုလို တင်ဖြစ်အောင် အကူအညီပေးခဲ့တဲ့ ဘလော့သူငယ်ချင်းတဦးကိုလည်း ဒီနေရာနေ ကျေးဇူးစကား ဆိုလိုက်ပါတယ်။ ချမ်းမြေ့ကြပါစေ။




ko wA01.MP3 -

Wednesday, May 13, 2009

မေ၏အပြုံး




(၁)
သွေ့မြေမှာ
ယောင်းရွက်တို့ ရုန်းရင်းဆန်ခတ်
ဇွန်မှာရွာဖို့
ဧပြီ အပူငွေ့တွေ
အရည်ဖွဲ့ခဲ့
မုန်တိုင်းခြေအကြွ
သစ်ရွက်သစ်နံ့ရတယ်။

(၂)
ဗောဓိညောင်ခြေ သွန်းတဲ့ရေ
လေးသံမြားသံ စဲပါစေ
သပြေရွက်ပေါ်မှာတော့
အိပ်မက်မိုးစက်ကလေးတွေ။

(၃)
ဖုန်ထူထူ လူသွားလမ်းကလေး ဘေးက
သားမွေးမယ့်မြက်တို့ရဲ့
နွေလည်နေ ပုံပြင်များကိုမူ
မေသည် စကားဖွဖွ ဆိုလေ၏။ ။

Tuesday, May 12, 2009

ပန်းစိုက်တဲ့မိုးရေစက်



သူများလို
စကားလုံးကြီးတွေ
ထူထူထဲထဲ မြည်သံစွဲကြီးတွေမပါ
“ကိုယ့်အသက်ကလေးကိုယ် ကြံဖန်မွေးရအောင်လို့
ရောက်လာတာပါ”တဲ့။

ရောက်တော့လည်း ရောက်သလို
မြင်တော့လည်းမြင်သလို
ကြည်ကြည်လင်လင် သူစီးဆင်းခဲ့တယ်၊

ခုတော့ ခမျာ
ခြေတလှမ်းနောက်ကျခဲ့ရ။
ပူပူပန်ပန်ဆုပ်ကိုင်ထားရက်က
အမှတ်တမဲ့ လွတ်ထွက်သွားခဲ့ပေါ့
သူ့အသက် သူ့လက်ထဲက။

မမြင်ရတဲ့တန်းစီဇယားထဲ
ငါ့ရှေ့က ငါ့သူငယ်ချင်းများ
ငါတို့ရှေ့က ငါတို့သူငယ်ချင်းများ
ခင်မင်မှုကို
စကားလုံးတွေနဲ့ဖူးပွင့်မပြခဲ့ပါ
ရှင်သန်မှုကိုလည်း
ခွက်ရေနဲ့ မတွက်စေခဲ့ပါ။

ဒီလိုတွေးကြည့်တယ်
ဘေဘီလုံဥယျာဉ်ကို
တရက်တည်းနဲ့ပြီးစီးခဲ့တာမဟုတ်သလို
တယောက်တည်းနဲ့တည်ဆောက်ခဲ့တာမဟုတ်။

ဥယျာဉ်တံခါးဖွင့်ရင်တော့
အားလုံးကို ဝင်ခွင့်ပြုပေလိမ့်။

ထိုအခါ
ကိုယ်နှစ်သက်ရာသစ်ရိပ်၌
နားခိုနိုင်ကြစေ။
မိုးရွာပြီးစမြက်ခင်းပြင်ပေါ်
ကိုယ့်အသက်ကလေးနှင့်ကိုယ်
နေစာလှုံဆော့ကစားနိုင်ကြစေ။ ။

ဒီကဗျာက လွန်ခဲ့တဲ့လေးနှစ်ကျော်လောက် ပုသိမ်က ကျောင်းဆရာလို့ ချစ်တဲ့သူတွေကခေါ်ကြတဲ့ ကိုအောင်မျိုးထွေး မထင်မှတ်ပဲ ဆုံးသွားတုန်းက၊ ပေါင်းသင်းခင်မင်ခဲ့ရတဲ့ ကာလတိုတောင်းပေမယ့် ရင်ထဲအမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ သူရဲ့ တည်ငြိမ်အေးဆေးတဲ့ ဘဝနေဟန်ပုံစံနဲ့ စိတ်ဓါတ်ကို ကြေကွဲလွမ်းဆွတ်မိရာက ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ခေတ်ပြိုင်မှာ ဖေါ်ပြခဲ့ဘူးပါတယ်။
ခု ဘလော့ဂါသူငယ်ချင်းတယောက်က ရှာဖွေပို့ပေးပြီး ဘလော့ပေါ်တင်ဖို့ တိုက်တွန်းလို့ ကျေးဇူးတင်စွာနဲ့ စာမျက်နှာပေါ် ပြန်တင်ဝေငှလိုက်ပါတယ်။
ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ၊ ပြီးဆုံးခဲ့တဲ့အဖြစ်အပျက်တွေ၊ ခွဲခွာခဲ့ရတဲ့ခင်မင်သူတွေကို လွမ်းဆွတ် အမှတ်ရခြင်းမှာ ကျနော်တို့ရဲ့ တချို့ဘဝအဓိပ္ပါယ်တွေ အမှန်တကယ်ပါဝင်နေခဲ့ပါတယ်။

Saturday, May 2, 2009

လွမ်းပိုး

အနော်မာ

photo by blog.macroart.net


ငှက်ပိုး၊ နွားပိုးပြီးတော့
ဝက်ပိုး တဲ့ဗျာ၊

ထပ်တိုးဦးမယ့် ဆုတ်ကပ်တွေ
ကပ်စုပ်သွားတိုင်း သန်းနဲ့ ချီ၊

ဘဒ္ဒငိုသံ
သြော်
သွေးတွေ
သွေးတွေ၊

ကျွန်းဆေးသံလိုလို၊

စာရိတ္တလမ်းပျက်တွေပေါ်
ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား
ငါ့ကလေးတွေ ဘားဆွဲခိုင်းအုန်းမှ၊

သီလညစ်ညစ် ဗွက်တွေရှောင်ရင်း
ဒီနေ့ ဘာဝယ်ရရင်ကောင်းမလဲ ဈေးမှာ
ကြက်၊ ဘဲ၊ အမဲ၊ ၀က်တော့ သွားရှာပြီ။

မ သာဓု
မ သာဓု
မ သာဓု

သာဓုမရေ....
ရွာနဲ့ နင့်အိမ်နောက်ဖေးက
ချဉ်ပေါင်ခင်းတွေ
လွမ်းတယ်။ ။

၂၉.၄.၀၉(၄း၁၅ am)

Saturday, April 25, 2009

သစ်ခွစိုက်မယ့်သူ














အခန်းကလေးတခန်းရတယ်
ခင်မင်သူတွေနဲ့မလှမ်းမကမ်းမှာ
ရန်လိုမုန်းတီးသူတွေနဲ့ မနီးမဝေးမှာ။

အခန်းကလေးတခန်းရတယ်
ဆူညံတဲ့လမ်းတခုရဲ့ဘေးမှာ
တိတ်ဆိတ်တဲ့ခြံဝင်းတခုနဲ့ကပ်ရက်မှာ။

အတွေးထဲတကိုယ်တည်းခိုလှုံဖို့
စိတ်လိုရင် တေးကလေးတပိုင်းတစသီဖို့
နေ့မှာ မျက်နှာကြက်ပန်ကာနဲ့
ညမှာ လေအေးစက်နဲ့
အခန်းကလေးတခန်းရတယ်။

အခန်းကလေးတခန်းရတယ်
မိုးလင်းတာနဲ့ နေရောင်က
ကုတင်ပေါ်ခုန်ဝင်တယ်
ရေချိုးခန်းထဲမှာ
ညကပေကျံခဲ့တဲ့အညစ်အကြေးတွေကိုဆေးတယ်
ရပ်ကွက်လမ်းကြားလေးထဲကမုန့်ဟင်းခါးဆိုင်ဆီ
စက်ဘီးကလေးစီးပြီးသွားတယ်
ကျနော်အပြင်ထွက်တိုင်း သော့ခလောက်တန်းလန်းနဲ့ကျန်ခဲ့။

ဖြစ်ချင်တော့ အခုပဲလက်ဖက်ရည်ဆိုင်က
ပြန်ရောက်တယ်
မနေ့ညကမထိုင်ဖြစ်ခဲ့တဲ့ခုံအလွတ်ကလေးတလုံးက
ကျနော့်အခန်းကလေးထဲမှာ
စောင့်လို့
အရင်ဘဝကတည်းကစောင့်နေခဲ့တာတဲ့
ကျနော်ဆွံ့အခဲ့ပါတယ်။

အခန်းကလေးတခန်းရတယ်
စိတ်မကောင်းတဲ့အခါ
အပြင်ကိုထွက်ငေးလို့ရတဲ့ဝရန်တာကလေးနဲ့၊
အခုမှသတိရတယ်
သစ်ခွအိုးလေးတွေ ဟော့ဒီနေရာမှာချိတ်ဆွဲမယ်
ညနေခင်းတိုင်းရေလောင်းပေးမယ်
ပထမဆုံးပွင့်တဲ့ပန်းကလေးကိုတော့
သူ့ဆီရောက်အောင်ပို့ပေးအုန်းမယ်လို့။ ။

Saturday, April 4, 2009

ဧရာဝတီမြစ်ရိုးမှာ မိုးမဲတွေရွာ

နှင်းခါးမိုး



ပန်းတခြင်း
ပို့ခွင့်ပေးပါ
ကဗျာဆရာကိုနှုတ်ဆက်တယ်။

အနုပညာမာရသွန်မှာ
ပြေးအားမကျခဲ့တဲ့ဆရာ
သစ္စာရှာဖို့
ခေတ်ကိုစီးခဲ့တာ
စာမျက်နှာတွေကို
တိမ်ဖုံးခဲ့ပေမယ့်
ယုံကြည်မှုက လမင်းတရာ

ဧရာဝတီရေ
ကဗျာဆရာ ကမ်းကခွာပြီ
အမှောင်ရိပ်မှာ
လှေဆိပ်ကလေးကိုထားခဲ့ပေါ့။
အနာဂတ်အတွက်ပန်းတခြင်း
မြေကမ္ဘာမှာပွင့်ခဲ့တယ်
ဆရာကြည်အောင်
ကမ္ဘာတည်အောင်မွှေးပါစေ။ ။

Friday, March 6, 2009

ခေါင်းစဉ်မပါတဲ့မှတ်စု


အမှောင်ကကြီးစိုးဖို့အားယူနေသည်။ အလင်းရောင်က မှိန်ပြယ်ဖျော့လှီစ၊ အားမရှိတော့။ နေနှင့်ညအကူးအပြောင်းကာလဟုဆိုနိုင်သည်။ အနောက်ဖက်ကောင်းကင်မှာ တိမ်တွေက အရောင်စုံသည်။ ဒါကိုပင် ဆည်းဆာအလှဟု ဖွဲ့ဆိုကြသည်။ တိမ်စွယ်မှာဆီးမီးထွန်းသလိုပင် ဆိုတဲ့စာသားကလေးက ရင်ကိုရိုက်ခတ်လာသည်။ ဒီအချိန်မှာ အကျည်းတန်တွေတောင်လှတယ်ဟုပင် ဆိုလိုက်ကြသေးသည်။ ညက အမှောင်ကိုသာမဟုတ်။ တိတ်ဆိတ်ငြိမ်းအေးမှု၊ ငြိမ်သက်အနားယူမှုတို့ကို ယူဆောင်လာသည်လေ။ တနေ့တာနွမ်းလျမှုတို့ကို အမောဖြေအနားယူခွင့်ရချိန်မဟုတ်လား။ မိသားစုအိမ်အမိုးလေးအောက်မှာ၊ ချစ်သူ့ရင်ခွင်မှာ၊ နွေးထွေးလုံခြုံတဲ့ကိုယ်ပိုင်အိပ်ယာလေးထဲမှာ ညက အားလုံးကိုချော့သိပ်နေသည်။ လက်ဆောင်အိပ်မက်ကလေးများကိုပင် ဝေငှလိုက်သေးသည်။ ကြယ်ပုဝါ လဆံထိုးနှင့် လှသောည ကြင်နာသောညကို ဘာ့ကြောင့် ငြူစူရမှာလဲ၊ မုန်းရမှာလဲကွယ်။ ကြိုဆိုပွေ့ဖက်ရုံသာပေါ့။ ဒီအတွေးကြောင့်ပင် ဆည်းဆာက ပိုလို့လှလာသည်။


အမှောင်ထုတဲ့။ ညရဲ့ နောက်ထပ်အဓိပ္ပါယ်တခုဆိုပါတော့။ ရှည်လျားထူသိပ်တဲ့အမှောင်ထုက ဘ၀တွေကို ခဏသေစေသတဲ့။ ခြောက်အိပ်မက်တွေနဲ့ မောပမ်းစေသတဲ့။ ခရီးရှည်ကြီးတခုကို လမ်းပြနေတဲ့ အဝေးက ကြယ်မှိတ်တုတ်ကလေးတွေကလည်း ပေါ်လိုက်ပျောက်လိုက်။ သစ်ခက်သစ်ရွက်တွေပေါ်မှာ၊ အိမ်အမိုးဓနိလက်အဖျားပေါ်မှာ ဒါဏ်ရာရသားကောင်တကောင်ရဲ့ ရင်မှပွက်တဲ့သွေးစက်သွေးနတွေလို လရောင်က ဖိတ်စင်စွန်းပေနေသည်။ ကမ္ဘာမြေပေါ် တယောက်တည်းစွန့်ပစ်ထားခံရသလို အကြိမ်ကြိမ် ထိတ်လန့်တကြား လန့်နိုးခဲ့ရဘူးသည်လေ။


ညရဲ့ခေါင်းနဲ့ပန်းက ဆည်းဆာထဲငေးမောနေသူတယောက်ရဲ့ အတွေးတွေကို လှိုင်းထနေစေပြန်သည်။ ဘာပဲဖြစ်ဖြစ် ငြင်းဆန်ခွင့်မှ မရှိခဲ့ပဲကွယ်။ ညတွေ ထောင်ပေါင်းများစွာ၊ နေ့တွေထောင်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီးပြီလေ။ ခြောက်ခြားခဲ့ရ၊ မိန်းမောခဲ့ရ။ ပျောက်ဆုံးခဲ့ရ၊ ရှာဖွေတွေ့ရှိခဲ့ရ ဆိုပါတော့။ ကြာတော့လည်း ညဆိုသည် လာချိန်တန်လာ၊ သွားချိန်တန်သွားရသည့် ဧည့်သည်တဦးပဲမဟုတ်လား။ ဘာ့ကြောင့် ရင်ဖိုနေမည်လဲ။ အခုတော့ ဆည်းဆာနှင့် အာရုဏ်ဦးကြားက စီးနေကျရထားလေးတစင်းပေါ်မှာ အချစ်တွေ အမုန်းတွေအစား ပန်းပွင့်တွေကိုသာ တင်ဆောင်သွားပါတော့မည်။ သင်းတပျံ့ပျံ့ဖြင့် ခုတ်မောင်းပါစေလေ။


ကွေ့ကောက်သောမြေနီလမ်းကလေးအတိုင်း။ ဘေးမှာ အဖေါ်မပါ။ တွေ့ခဲ့တဲ့လူတွေကိုလည်း မမှတ်မိ။ ဒီအချိန်က ညီအကိုမသိတသိမဟုတ်လား။ ကိုယ်ပိုင်အခန်းကလေးထဲရောက်တော့ ခလုတ်တွေအားလုံးကို လိုက်ဖွင့်သည်။ ခန်းဆီးလိုက်ကာစတွေကိုချသည်။ စားပွဲပေါ်က ဖတ်လက်စစာအုပ်ကို ကောက်ကိုင်လိုက်သည်။ ပြီးတော့ သီချင်းတစကို ခပ်ဖွဖွလေးညည်းသည်။ စပယ်ဖြူတွေတောင်ပွင့်ပြီကွယ်။

Friday, February 27, 2009

ရင်မောတယ်

အနော်မာ

ဆားတထုပ်နဲ့နယ်ပြီး
အိမ်မှာ ကြက်သားပြုတ်ကြော်စားတယ်၊
…….
စားနေရင်း
ကမ္ဘာပေါ်မှာ
အစားတလုပ်မဲ့လို့
ငိုယိုရင်း လူးလူးလိမ့်လိမ့်
ကိုယ့်ဗိုက်ကိုယ်ပုတ်နေကြရတဲ့သူတွေ
ဘယ်လောက်များပါလိမ့်
……
ရင်မောတယ်။

ထီးတချောင်းထုတ်ပြီး
အလှုအိမ်ဘက်လျောက်သွားတယ်
လမ်းမှာ အ၀တ်ဆိုင်ထဲဝင်ပြီး
တိုက်ပုံအကျီတထည် ၀င်ရွေးဝတ်တယ်၊
……..
ရွေးနေရင်း
ကမ္ဘာပေါ်မှာ
အ၀တ်ဗလာမဲ့လို့
မွေးရာပါအရေပြားချုပ်ဝတ်ကြရတဲ့သူတွေ
ဘယ်လောက်များပါလိမ့်
…….
ရင်မောတယ်။

ညနေစောင်းနေကို
ထီးအရိပ်နဲ့ကွယ်လို့
……..
လျှောက်နေရင်း
ကမ္ဘာပေါ်မှာ
အရိပ် အမိုးအကာမဲ့လို့
လွင်တီးခေါင်မှာ ပုဆိုးခြုံအိပ်ကြရသူတွေ
ဘယ်လောက်များပါလိမ့်
……..
ရင်မောတယ်။

အမှတ်မထင်
သူတောင်းစားလေးတယောက် ရောက်လာပြီး
အကိုကြီးရယ် တကျပ်တပြားလောက်စွန့်ကြဲခဲ့ပါ၊
ဒီခေတ်မှာ တကျပ်က ရွှေထက်ရှားတယ်
တပြားက စိန်ထက်ရှားတယ်
လိုချင်ရင် ရော့တရာ ဆိုပြီး
စုတ်ပြတ်ရိနွမ်း ဒါဏ်ရာဗရပွနဲ့
အမျိုးသားပြတိုက် ပို့ရလောက်တဲ့
တရာတန်ထုတ်ပေးတယ်
နှာခေါင်းရှုံ့မနေနဲ့
တရာတန်တိုင်း ဒီလိုပဲ
……
ရင်မောတယ်၊
ငွေစက္ကူထုတ်စက်ရှိရင်
တရာတန်အသစ်ကလေးတွေထုတ်ပါတယ်။

ရုတ်တရက်
စာအုပ်တိုက်ရှေ့ရောက်လာလို့
စာရေးဆရာရီရရဲ့
တော်လှန်မလား…
ကျုပ်ဟာကျုပ်လှန်ရမလားဆိုတဲ့
ဟာသစာအုပ်ကလေး ၀င်ဆွဲခဲ့တယ်
…….
ရင်မောတယ်၊
ကမ္ဘာပေါ်မှာ
စာမတတ်လို့
ကြက်ခြေခတ်ကြရတဲ့ ဘ၀တွေ
ဘယ်လောက်များပါလိမ့်။

အလှုအိမ်ပေါ်တက်ပြီး
ထီးကောက်ချိတ်
တိုက်ပုံအကျီလေးနဲ့ ပဲပေးပြီး
ရုပ်တည်နဲ့ မုန့်ဟင်းခါးဝင်ကြိတ်တယ်၊
…..
ကမ္ဘာပေါ်မှာ
သေရင် ဘာမှပါမသွားဘူးဆိုတာ သိလို့
လှုတန်းနေကြတဲ့သူတွေ
ဘယ်လောက်များလဲ
……
ရင်ထဲမှာ
အတိုင်းထက်အလွန်
ဝမ်းသာမိတယ်။

အိမ်ပြန်ရောက်
၇ နာရီထိုးလို့
ကိုးရီးယားကားကြည့်ဖို့
ဖယောင်းတိုင်ထွန်းလိုက်တယ်၊
……
ကမ္ဘာပေါ်မှာ
တိုင်းပြည်က အရင်းအမြစ် ပေါကြွယ်ဝပေမယ့်
ပြည်သူတွေဆင်းရဲနေတဲ့နိုင်ငံ
ဘယ်လောက်များလဲ
…….
ရင်မောတယ်။

ရှုပ်ပါတယ်
ရေဒီယိုထုတ်ပြီး
လေလှိုင်းကအသံပဲ နားဆင်တော့မယ်၊
ဂျီး ဂျလီး ဂျီး
ဂျီး ဂျီး ဂျီး
ဒီနေ့မြန်မာပိုင်းအစီအစဉ်ရဲ့
အထူးသတင်းတရပ်အနေနဲ့
အမေရိကန် အင်္ဂလန်၊ ဂျပန် ဂျာမဏီ၊ တရုတ် ရုရှားတို့ကို
အပြတ်အသတ်ကျော်တက်ကာ
ကမ္ဘာ့အချမ်းသာဆုံး နံပတ်တစ်နိုင်ငံအဖြစ်
ဘိုးမင်းခေါင် ဘိုးဘိုးအောင်၊ အရှင်အဇ္ဖဂေါဏတို့
လျှာထွက်အောင် ၀ိုင်းမသောကြောင့်
ဒယီးဒယိုင်နဲ့
ပုဆိုးမနိုင် ပုဝါမနိုင်
မြန်မာနိုင်ငံရောက်ရှိသွားပါကြောင်း၊

ဟေး
…..
…..
…..
…..
မီး လာ ပြီ။

၁၅၊ ၀၁၊ ၀၉ (၀၀း၀၄ နာရီ)
ပြည်တွင်းက ကျောင်းသားလူငယ်တဦး ရေးသားပေးပို့လိုက်တဲ့ ကဗျာပါ။ ကိုဇော်ထွန်းမှတဆင့် ခွင့်ပြုချက်တောင်းခံပြီး တင်ပါတယ်။

Saturday, February 7, 2009

တောင်ယာ ရိုက်ကွင်း

မြားအိမ်



ပဲမှမသီးရသေးဘူး၊
ပဲစင်ပေါ်တက်မှာများ၊
ပဲနွယ်ပင် ပဲများနေပုံ၊

ရင်သားဖေါ်ထားတဲ့ပန်းမုံလာမလေး၊
အပွင့်တစ်ရာနဲ့ မြူဆွယ်ချိန်မှာ၊
ကြက်ဟင်းခါးပင်ကသွေးဆုံးနေခဲ့ပါပြီလေ၊
ခမျာမှာ လင်စိတ်သားစိတ်တွေကုန်၊
နံနက်ခင်း နံဘေးကဖြတ်သွားမိတိုင်း၊
သူ့ကိုယ်သင်းနံ့ကရင်ခုန်ချင်စရာပါ

ခရမ်းပင်များ၊
ကလေးတွေတပြွတ်ပြွတ်မွေးကောင်းတုန်း၊

မုန်ညင်းပင်တွေကိုယ်တိုင်၊
ဆတ်စလူးပင်တွေကိုယ်တိုင်၊
ဆတ်စလူးထနေ မှတော့၊
စာကလေးတွေရဲ့အထိုးအဆိတ်ကိုခံလိုက်ယုံ၊

ကဲခုတော့
ကောင်းကြသေးရဲ့လား၊
အသက်မပြည့်ခင်ခိုးရာလိုက်သွားတဲ
ခါးကျဉ်ကျဉ်တင်ကားကား ဗူးသီးလေးတစ်လုံး။

(မန္တလေးထောင်မှာ နေသား၁၀နှစ်ကျော်ဖြတ်သန်းနေဆဲ ကဗျာဆရာတစ်ယောက်ရဲ့ကဗျာဖြစ်ပါတယ်။)



Wednesday, February 4, 2009

စတေသိက


လူသွားလမ်းပေါ်မှာ ကြယ်ကလေးတပွင့်တွေ့တယ်
မနေ့ကပွဲတော်ညမှာ ကြွေကျခဲ့တာဖြစ်မယ်
ငါ မနင်းရက်ခဲ့ဘူး။

Saturday, January 31, 2009

ခရမ်းပြာနိဒါန်း

တက္ကသိုလ်ကျော်ဝင်းမောင်

(အခန်း - တစ်)
နာရီသံစက်၊ ချက်ချက်ဒေါင်ဒင်
ငါ၏အသက်၊ ခွဲဝက်ယူငင်
ဖော်မဲ့ညများ၊ ခြောက်ခြားဖွယ်ပင်
မီးအိမ်လေး၊ ညှိပေးစမ်းပခင်။

ဖန်ပုတီးစေ့၊ လေဝှေ့ချိန်မှာ
သံသာခန်းဆီး၊ ဖယ်ပြီးသောခါ
တရုတ်ကပ်များ၊ ပိတ်ထားလိုက်ပါ
ကဗျာများ၊ ငါ့နားလာဖတ်ပါ။

အမှောင်သိပ်သည်း၊ နက်မည်းကောင်းကင်
ညည့်ခရီးသွား၊ ကြယ်များပင်လျှင်
မမြင်မစမ်း၊ လမ်းမဆက်ချင်
နေအထွက်၊ စောင့်လျက်အိပ်ပြီထင်။

တံစက်မြိတ်များ၊ ဆွဲထားငှက်အိမ်
တေးသံလည်းတိတ်၊ ဆိတ်ဆိတ်ငြိမ်ငြိမ်
ခိုနားပျံပြေး၊ ဟိုရှေးတစ်ကြိမ်
နိုင်တင်ဂေး၊ ငှက်လေးကိုလူလိမ်။

ယခင်ချိန်များ၊ ရွှေငါးပျော်ရာ
ဆေးအပြာဆိုး၊ ဖန်အိုးရေမှာ
မှော်ပင်မှော်ရွက်၊ ကျောက်ခက်ချည်းသာ
ရေခန်းလှ၊ သဲနုသောင်ထွန်းကာ။

မီးလင်းဖိုနား၊ ထင်းများစုပုံ
ပင့်ကူမျှင်ယှက်၊ အေးစက်ပြာပုံ
ဂွမ်းနုစောင်ကြား၊ ခြေဖျားမှာပုံ
ရာသီမေ့၊ ကိုယ်ငွေ့မျှဝေလှုံ။

အိပ်ရာဝင်တေး၊ ငြိမ့်လေးသံစဉ်
ခေတ်ဟောင်းဓါတ်ပြား၊ အပ်ဖျားတုံးတင်
နွမ်းကြေတွန့်လိပ်၊ တိပ်ကြိုးခွေဆင်
စိတ်ကစား၊ ထောင်နားနာလှည့်ခင်။

တုံးမောင်းကုလားတက်၊ လေးချက်နှိုးဆော်
ဗရင်ဂျီကျောင်း၊ ခေါင်းလောင်းညံသော်
မှန်ပြတင်းဖွင့်၊ မိုးမြင့်ဆီမျှော်
နဂါးငွေ့၊ မှိန်ရွေ့ဖြူယော်ယော်။

ငါ့အိမ်ခေါင်ကြား၊ ငှက်များစိုးစီ
ပြတင်းမှန်ထက်၊ နှင်းစက်စီရီ
နံ့သာရည်စု၊ ညံ့နုလေပြည်
မိုးကုပ်ထက်၊ ဖြန့်ကျက်ပုလဲနီ။

မြက်ပင်ဖုံးလွှမ်း၊ မြေလမ်းနီနီ
လမ်းဘေးမြေအိုး၊ ခွေညှိုးနှင်းဆီ
ပုဏ္ဏရိပ်ပန်း၊ ခြံတန်းမညီ
အုန်းပင်ပု၊ သီလုနီးပါပြီ။

ငါန်းဖြူတို့လည်း၊ သင်းခွဲထွက်ခွာ
ရွက်ကြွေပေါလော၊ အုပ်တောဗေဒါ
ကန်ဖြတ်တံတား၊ တိုင်များယိုင်ကာ
လက်တန်းထက်၊ ပျံခက်အိုလိပ်ပြာ။

ဆောင်းနံနက်ခင်း၊ နှင်းငွေ့ဖြူဖြူ
မီးညွန့်မီးခိုး၊ လွန့်ခိုးလူလူ
ခရမ်းပြာလှ၊ သင်းမြကြူကြူ
ပန်းသစ်ခွ၊ နန်းမ၀င်တော်မူ။

(အခန်း - နှစ်)
ခရမ်းပြာည၊ လလည်းခရမ်းပြာ
ဖြည်းဖြည်းကျဆင်း၊ နှင်းလည်းခရမ်းပြာ
လာရောက်ခိုနား၊ ငှက်များခရမ်းပြာ
အာရုဏ်ကျင်း၊ နေမင်းခရမ်းပြာ။

နှင်းရည်နှင်းစက်၊ တွဲလျက်ခိုနေ
ခရမ်းပြာလှ၊ သစ်ခွပျိုမေ
မကြွေမကျ၊ ကာလကြာရှည်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါလေ။

မညှိးမနွမ်း၊ ခရမ်းပြာငယ်
ညဥ့်အိပ်မက်များ၊ ပိုင်စားခြယ်လှယ်
ခရမ်းပြာဧချင်း၊ ဖန်ဆင်းသူရယ်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါကွယ်။

သင်းကြူရနံ့၊ သန့်ကနဲလျှင်
ခရမ်းပြာရိပ်၊ ဖိတ်ကနဲထင်
သည်းအူနှလုံး၊ ပိုက်ကြုံးယူငင်
ခေါင်းမော်ဝင့်၊ ပွင့်မြဲပွင့်ပါခင်။

ကာလကိုဆန့်၊ ရနံ့မကုန်
မခြောက်မနွမ်း၊ နတ်ပန်း၏ဂုဏ်
ဘ၀တသက်၊ တရက်သာကြုံ
သစ်ခွပန်း၊ ခရမ်းပြာအာရုံ။

နန္ဒ၀န်မှ၊ အလှဧည့်သည်
ပန်းတကာ၏၊ မွေးမိမွေးမယ်
ကမ္ဘာဖျက်မီး၊ တားဆီးကာကွယ်
သစ်ခွပန်း၊ ခရမ်းပြာမိငယ်။

မြတ်စွာဗုဒ္ဓ၊ ဦးချကော်ရော်
ဖန်အိုးကြွေအိုး၊ စိုက်ထိုးပူဇော်
မင်္ဂလာအပေါင်း၊ ခညောင်းစေသော်
သစ်ခွပန်း၊ ခရမ်းပြာဟုကျော်။

အမတမင်း၊ ၀ပ်စင်းသူ့ထံ
အလှခမ်သိမ်း၊ နန်းသိမ်းပွဲခံ
အဂ္ဂဘုံ၌၊ နန်းစိုက်လေပြန်
သစ်ခွပန်း၊ ခရမ်းပြာ၏ကံ။

သစ်ခွပွင့်ပန်း၊ ခရမ်းပြာခိုင်
တိမ်းမှီတိမ်းပါး၊ လှုပ်ရှားအပြိုင်
ချိုဝတ်ရည်ဝ၊ သင်းမြကြိုင်ကြိုင်
ကံမသင့်၊ ခူးခွင့်ဘယ်မပိုင်။

အိပ်မက်တို့လည်း၊ အမြဲခရမ်းပြာ
သစ်ခွပွင့်များ၊ အနားကွပ်ကာ
ပန်းခွေပန်းခြင်း၊ ပန်းခင်းတကာ
ကြူကြူသင်း၊ ပန်းမင်းခရမ်းပြာ။

မေတ္တာကိုပွား၊ စိတ်ထားကြည်ဖြူ
အ၀ိဇ္ဇာညစ်၊ ဆေးပစ်နိုင်သူ
ပွင့်သမျှပန်း၊ နတ်လမ်းညွုန်ကူ
ပန်းသစ်ခွ၊ လောကဖန်ဆင်းသူ။

ခြံဝတံခါး၊ အနားပတ်လည်
သစ်ခွဖော်သင်း၊ တမင်းတပြည်
ခရမ်းပြာအား၊ အများတူညီ
ဘွဲ့မည်သ၊ အလှစံဒေ၀ီ။

(အခန်း - သုံး)
မဟူရာစွန်း၊ နက်ရွှန်းကေသာ
မှဲ့ငယ်စို့စို့၊ ပါးမို့ရွှေဝါ
ဝင့်သည့်မျက်လုံး၊ အပြုံးချွေတာ
နဂိုလှ၊ နှမခရမ်းပြာ။

နံ့သာမလိမ်း၊ ကြောစိမ်းသွယ်သွယ်
အသားတော်ညက်၊ ရှက်သွေးဖြင့်ချယ်
ဖ၀ါးသံဖွ၊ ခြေကြွပုံနှယ်
မျိုးဇာတိ၊ သီရိမဟာနွယ်။

အလှဘုရား၊ ပွင့်ငြားတော်မူ
လက်ျာရံပါး၊ ထားသင့်ထိုက်သူ
အသင်္ချေကပ်၊ ကျော်ဖြတ်နိုင်သူ
အတုမဲ့၊ ယဉ်နွဲ့နိုင်လေသူ။

အက်ဖရိုဒီးတပ်၊ ဆုမြတ်အရှင်
ကြံငါးအင်ပြည့်၊ ဗီရဏီသခင်
ခရမ်းပြာလှ၊ သစ်ခွတော်ဝင်
ချစ်ရိပ်ပွင့်၊ ၀ံ့လင့်ခူးပါချင်။

နှလုံးသွေးများ၊ တန့်ထားနိုင်သူ
သေခြင်းတရား၊ မေ့ထားနိုင်သူ
ပညတ်ကိုလည်း၊ ဖြိုခွဲနိုင်သူ
အံ့တပါး၊ ဘုရားငယ်တဆူ။

မိခင်နှမ၊ အမဆိုဆို
သည်းချာမိတ်ရင်း၊ ညီရင်းအကို
ဆရာခမည်း၊ သမီးသားလို
သစ်ခွပန်း၊ ခရမ်းပြာလှပျို။

အသူ့ချစ်မငြီး၊ မယ်နည်းကြင်ယာ
ထွေရာစိတ်ကူး၊ ရူးသည့်အခါ
တရားကိုမေ့၊ နေ့ညကိုခွာ
လေထဲ၌၊ လေမိုက်သို့ပမာ။

အပြုံးလက်နက်၊ ခရမ်းပြာစက်လေ
လောင်ကျွမ်းတူးခြစ်၊ ပြာဖြစ်လောက်ပေ
သို့ပါသော်ငြား၊ သေသွားပါစေ
အပြုံးနု၊ ကျေးဇူးပြုပါမေ။

ခရမ်းပြာသစ်ခွ၊ သစ်ခွခရမ်းပြာ
ညှာတံဆစ်ရိုး၊ မြကြိုးရစ်ကာ
ပေးခဲ့ပါပြီ၊ ထို့နည်းတူစွာ
ယူပါလှည့်၊ ပန်လှည့်ခရမ်းပြာ။

ထွက်တော်မူကြ၊ နန်းကခွာစဉ်
ကြုံတောင့်ကြံငြား၊ ငါကားမျက်မြင်
ခရမ်းပြာလှ၊ သစ်ခွသခင်
သားမြေးမြစ်၊ ပြောရစ်စရာပင်။

ခရမ်းပြာအပြုံး၊ ကြော့ဆုံးပညာ
ချိုသာစကား၊ ကိုယ်စားကထာ
ဝမ်းပန်းညွတ်နူး၊ ရင့်ကြူးဂါထာ
မှတ်တရ၊ သစ်ခွခရမ်းပြာ။

မျက်နှာပြလျက်၊ နှုတ်ဆက်ပြီးလျှင်
လျှပ်နွယ်ပြိုးပြက်၊ မိုးသက်လေဆင်
ကြွေကျသောင်းသောင်း၊ ရွက်ညောင်းရွက်ကျင်
အပြန်ခက်၊ ညဥ့်နက်စေတော့ခင်။

(အခန်း - လေး)
ဆိုက်ပရပ်ပင်ရိပ်၊ နေချိတ်ပြီခင်
မိုးစွေငှက်များ၊ တိမ်ကြားသို့ဝင်
ကမ်းခြေသဲမို့၊ လှိုင်းတို့ဗောင်ဗင်
လှော်တက်စိုက်၊ ငိုရှိုက်မိပြီခင်။

ဝဲဆိုင်ကစုပ်၊ မြုပ်လုသောလှေ
မမီဝိုးဝါး၊ ပဲ့ကားကျိုးကြေ
ထိုသည်အခိုက်၊ တိုက်ခတ်မြောက်လေ
အမှောင်တွင်း၊ စုန်ဆင်းဟိုအကြေ။

သပြေညိုပန်း၊ လန်းလျက်ပါကို
သံလွင်ရွက်များ၊ ဖားဖားစိုစို
ခရမ်းပြာသစ်ခွ၊ မွှေးမြရီချို
အေဒင်နန်း၊ ဒန်းပန်းနီညိုညို။

ပုဂံပင်းယ၊ အင်းဝကုန်းဘောင်
နယ်စပ်နယ်ခြား၊ ပုပ္ပားနတ်တောင်
ငပလီကမ်း၊ မောရှမ်းပြည်ထောင်
အဖူးသွား၊ ဘုရားရွှေပြောင်ပြောင်။

ရေနီမြောင်းဘေး၊ လမ်းလေးပေါ်မှာ
ချယ်ရီထောင်သောင်း၊ ထနောင်းတမာ
မြကန်အင်းယား၊ ကမ်းပါးမြေမှာ
သစ်ခွမင်း၊ ပန်းခင်းခရမ်းပြာ။

အိုက်ဆစ်မြစ်ထဲ၊ ရေခဲပြင်တွင်
ဒေါင်ဒင်သံပေး၊ ယေးလ်မှမြော်ခင်
မော်စကိုမှ၊ ခန်းမလွင်ပြင်
ပန်းသစ်ခွ၊ အလှထပ်ကာဆင်။

ဗုံသံတိုးတိုး၊ ဟာမိုးနီယန်
နှင်းဆီခေါင်ရမ်း၊ စိန်ပန်းနီကျန်
သရက်ပင်အုပ်၊ ငှက်အုပ်ဆူညံ
တို့သွားမည့်၊ တန္တိနိကေတန်။

ကရ၀တ်ခန်းမ၊ မြန်မာ့ရိပ်သာ
ယမုန်ကမ်းစပ်၊ တပ်ဂ်ျမဟာ
ပါရီမြို့စွန်း၊ မြင့်သွန်းအီဖာ
သစ်ခွပွင့်၊ ဂုဏ်တင့်ခရမ်းပြာ။

အေဗွန်မြစ်ကမ်း၊ လမ်းလျှောက်စို့ခင်
ဂျီနီဗာကန်ပါး၊ နေနားမယ်ခင်
အင်နစ်ဖရီကျွန်း၊ ကွန်းထောက်ပါခင်
နိုင်းမြစ်ထဲ၊ လှေပွဲကြည့်မယ်ခင်။

ရေစင်တော်သွန်း၊ ပျံ့မွန်းမင်္ဂလာ
အောင်သပြေနု၊ ခရုသံသာ
အောင်မြေကိုနင်း၊ အောင်ခြင်းဗျူဟာ
ပိတ်၍ထား၊ တံခါးအပါယ်ရွာ။

ထုံးဖြူဖွေးဖွေး၊ ဆေးရေးနံရံ
စေတီဂူကျောင်း၊ ခေတ်ဟောင်းပုဂံ
ရုပ်ထုရုပ်ကြွ၊ အလှကိုဖန်
စူးစူးစမ်း၊ နတ်လမ်းပြည်နိဗ္ဗာန်။

ဂျေရုစလင်မြို့၊ သွားစို့အတူ
မက္ကာခရီး၊ ဆက်ပြီးခေါ်ယူ
ဗောဓိပင်ရိပ်၊ ချွေးသိပ်တော်မူ
ပန်းသစ်ခွ၊ ပျိုးကြနှစ်ကိုယ်တူ။

သမ္မာကျမ်းမြတ်၊ ရွတ်ဖတ်သူတွေ
ကိုရမ်စကား၊ ပြောကြားသူတေ
နိဗ္ဗာန်ရောက်ကြောင်း၊ ဆုတောင်းသူတွေ
ကောင်းကင်မြို့၊ ဆုံစို့အိုအဆွေ။

သူတို့အိမ်သား၊ မိသားစုလည်
ခေတ္တကစား၊ တို့ကားဧည့်သည်
မစိမ်းမဆတ်၊ နေတတ်စေဖွယ်
အိမ်ရှင်ဝတ်၊ ဧည့်ဝတ်များဖလှယ်။

မနှင်သော်လည်း၊ ခွဲခွာချိန်တန်
မျက်ရည်စက်လက်၊ မိုးရက်ဝသန်
အလွမ်းဘုရား၊ တည်ထားကာချန်
လူမသိ၊ ငါ၏ပူပုံဟန်။

အနေကဇာတိ၊ ငါ၏သံသရာ
မျှော်မှန်းမတတ်၊ ခဲကတ်မရေရာ
လိုက်တော်မူလည်း၊ လက်တွဲမည်သာ
အမူနွဲ့၊ အိုဘယ့်ခရမ်းပြာ။

(အခန်း - ငါး)
လေပြည်သွဲ့သွဲ့၊ မွန်းတည့်ကောင်းကင်
ချိုးဖြူငှက်လေး၊ ဆိုတေးပဉ္စင်
တကိုယ်ရေမို့၊ နေလို့မရွှင်
ငါ့အသက်၊ ခွဲဝက်ယူပါခင်။

နေရစ်ပါရော့၊ သွားတော့မယ်ခင်
ခရမ်းပြာလှ၊ သစ်ခွသခင်
နောင်များတနေ့၊ ပြန်တွေ့ပါလျှင်
အချစ်ဆုံး၊ ပြုံးလျက်ကြိုစေချင်။

( ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှထုတ်ဝေခဲ့သည့်
ကျောက်စီလျှင် လေးမည်စိုးတာမို့ စုပေါင်းကဗျာစာအုပ်မှ )


Monday, January 19, 2009

ဖော်. . .ဝေး

နေနွယ်
စက်.၀၈

အို သူမသေသေး
ငါ့အရေးကို ဖတ်ပ

၁၉၇၈
ခုနှစ်များ နှစ်များ အနှစ်များ
အခု ဘယ်နှခုနှစ်လဲ
နှစ်ပြီး စဉ်းစားလိုက်ပါ
အဲဒါ ကိုဖော်ဝေး
ရက်စက်သောဂီတရဲ့ အဆိုတော်တေးရေး
အို သူမသေသေး

ဒီမှာ
အနှေးပြကွက်လို မြင်နေရ ခပ်လျားလျား
နောက်ဆုံးစီးသွားတဲ့ သုံးဘီးကား
ဝါကျင်ကျင် အခိုးငွေ့ငွေ့
အင်ဂျင်သံ တမောမောပေါ်မှာ...
ဟိုး မမြင်ရထိ
သူ လက်ပြနှုတ်ဆက်သွားခဲ့
ငါငိုခဲ့ရ
သူစခဲ့တဲ့ အစမှာကိုပါပဲ။

မသောက်ချင်လို့ကို သောက်နေခဲ့
အချိန်ဟာ ထွန့်ထွန့်လူးနေခဲ့
တယောက်ပြာကျသွားပြန်ပတဲ့
ခင်ဗျားရဲ့ လျှာပေါ်က ထွန်ကြောင်း
ခင်ဗျာ့ ရိုးသားမှုကို သောက်သုံးခဲ့ရပါကြောင်း
ပြိုင်မြင်းတကောင် မဟုတ်ရပါကြောင်း
မမှန်မတရားမှာ သင်္ချိုင်းရှိကြောင်း
ကြားနေကြကြောင်းတွေနဲ့ ခြားစွာ

ဒါ ခင်ဗျား အချိန်မှားခဲ့တဲ့ လည်ရှည်ဖိနပ်တရံမဟုတ်
အသင်မှားခဲ့တဲ့ ရုရှားဘာသာစကားမဟုတ်
ဒါခင်ဗျာ့ ဖန်ခုန်တမ်းကစားနည်းဖြစ်တယ်
နှုတ်ခမ်းနီးစွေး မေတ္တာစာဖြစ်တယ်
ဒါခင်ဗျာ့ အပိုအလိုမရှိ
တိကျ သချာင်္ဆန် ဂီတကမ္ဗည်း
ခင်ဗျားစပ်ခဲ့တဲ့ ညနေခင်းဟင်းတစ်ခွက်
ခင်ဗျားသိုထားတဲ့ အဂ္ဂါအလန်ပိုး
ဒါခင်ဗျားပေးခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်
ဘယ်မေ့လျော့နေခွင့် ရှိလေလိမ့်မလဲဗျာ
အပ္ပမာဒေနသမ္ပာ ဒေထ။

ကျမ်းကိုး။ ။ ဆုံးပြီးနောက်
တက္ကသိုလ်ပညာလည်း ဆက်မသင်
ရည်ရွယ်ရာ စာပေထုတ်ဝေရေးဆက်မလုပ်
မြို့ကိုလည်း တခေါက်မှ ပြန်မလာ
သူကြွယ်သား၊ အတူနေဖိုးစော၏
အပြောစကားများ။ ။

အော်
ဒီလိုလား
အဲဒီသက္ကရာဇ်တွေကို သူဖြိုခဲ့တာလား
ဘယ်ငယ်တော့မလဲဗျာ
နောင်နောင်လည်းမရှိတော့
မောင်စိမ်းခေါင်လည်းမရှိတော့
မောင်ကြူနဲ့ အောင်သူတို့ ညီအကိုလည်းအဝေး အဝေးကြီး
မုတ်သုံလည်း ခေါင်းဖွေး
ကျနော့် မြေးမလေးလည်း
လယ်စောင့်တဲလေး ရနေပါပြီ

အင်း ပိုးသားလိုပါပဲ
ပိုးသားလိုပါပဲ သူက
ကျနော်ချရေးလိုက်တော့မယ်
ရင်နှစ်ခြမ်းဗြန်းဗြန်းကွဲ ကမာအကြောင်းကို
အဆွေးပုလဲကို-

မြန်မာသစ်
အမှတ် (၃)၊ ဒီဇင်ဘာ၊ ၂၀၀၈

Sunday, January 18, 2009

မနက်ခင်းဒိုင်ယာလော့


တစုံတယောက်က သင့်ဆီ မနက်ခင်းလေးတခု ပို့လိုက်မည် ဆိုပါစို့။ ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။

သိမ်းထားမည်။ အဲဒီမနက်ခင်းလေးကို တမြတ်တနိုးသိမ်းဆည်းထားမည်။ ရှင်းသန့်တဲ့မနက်ခင်းလေး။ လန်းဆန်းတဲ့မနက်ခင်းလေ။ အေးမြတဲ့မနက်ခင်းလေး။ မျှော်လင့်ချက်တွေနဲ့ မနက်ခင်းလေး။ အားမာန်တွေနဲ့ မနက်ခင်းလေး။ ဒီမနက်ခင်းလေးမှာ အပြုံးစစပါမည်။ နုပျိုသောအလှပါမည်။ ဖေါ်ရွေနှစ်သိမ့်မှုများပါမည်။ ပြီးတော့ ဒီမနက်ခင်းလေးက ပန်းချီကားတချပ်ဆိုပါစို့။ ကဗျာတပုဒ်လည်းဖြစ်သည်ဆိုပါစို့။ မျဉ်းတွေကို စကားလုံးတွေဖြင့် ဖလှယ်ယူမည်။ အရောင်တွေကို အသံတို့ဖြင့် ဖလှယ်ယူမည်။ နှလုံးသားကိုတော့ နှလုံးသားဖြင့်သာ ဖလှယ်ယူမည်လေ။

ကျနော့်မျက်ခွံတွေက လေးလံကျလာချင်သည်။ ဒီအချိန်ကျမှ ဘယ်အိပ်လို့ဖြစ်ပါတော့မလဲ။ မိုးလင်းပြီလေ။ မီးဖိုခန်းထဲဝင်ကာ ထမင်းကြော်ဖို့စဉ်းစားသည်။ ကော်ဖီကျကျတခွက်သောက်မည်။ သိပ်အိပ်ချင်လာပြီဆိုလျင်တော့ နေလည်စာစားပြီချိန်ကျမှ တရေးလောက်မှေးလိုက်မည်။ ခုတလော အိပ်လို့မပျော်ဘူးဗျာ။ သူငယ်ချင်းဖြစ်သူက ကျနော့်မျက်နှာကို တိတ်ဆိတ်စွာဖတ်ရှုနေသည်။ တရေးနိုးရင် လန့်လန့်နိုးတယ်။ ပြီးတော့ ရင်တွေတဒုန်းဒုန်းတုန်ပြီး ပြန်အိပ်လို့မရတော့ဘူး။ ပြောရင်း အသက်ရှုရသည်ပင် မ၀။ သက်ပြင်းရှည်ကြီးတခု အားယူချလိုက်ရသည်။ အဝေးတနေရာကိုငေးရင် တိုးလျဖွမောစွာ စကားဆက်နေမိသည်။ စာရေးစာဖတ်လည်း လုပ်လို့မရဘူးဗျာ၊ စိတ်က တည်လို့မရဘူး။ ကိုယ့်ကိုယ်ကိုယ် ရက်ရက်စက်စက်မောင်းနှင်ခဲ့ဘူးသော နေ့ရက်များကို သတိရသည်။ ဒီတုန်းကတော့ မြင်းရိုင်းတကောင်လို၊ တောနင်းဂျစ်ကားတစီးလို ယုံကြည်မှုအပြည့်ရှိခဲ့သည်မဟုတ်လား။

နေထွက်သည်။ နေ၀င်သည်။ မိုးလင်းသည်။ မိုးချုပ်သည်။ အာရုဏ်လင်းချိန်နှင့် ညနေဆည်းဆာရီများ။ နေ့တနေ့ဆိုသည်ပင် ဘ၀အသေးစားလေးတခုဟု ဆိုရလေမည်လား။ ဘ၀တခုထဲမှာတော့ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းရှင်သန်နေရသည်။ နေ့တလှည့်။ ညတလှည့်။ ငြင်းဆန်လို့မှ မရပဲလေ။

လူတွေအားလုံးအိပ်နေတဲ့အချိန် လမ်းတွေပေါ်မှာ တယောက်တည်းလျှောက်နေရတာ ကျနော်က သဘောကျတယ်။ အာရုဏ်အလင်းရိပ်တခြမ်းကျနေသည့် သူမ၏မျက်နှာတစောင်းကို ငေးမောနေမိသည်။ ကျမကောပဲ။ ဒီစကားသံက ကျနော့်သွေ့ခြောက်မှုတွေကို အိပျောင်းလာစေသည်။ ဒါကြောင့်လည်း ကျမတို့ ခုလို လာဆုံကြတာပေါ့နော်။ ဒီလမ်းတွေရဲ့အဆုံးမှာ လက်ဖက်ရည်ဆိုင်လေးတဆိုင် ရှိနိုင်သည်။ မနက်ခင်းဂိတ်ထိုးဖို့သွားတဲ့ သစ်သားဘက်စကားအိုကြီးတွေ ရံခါဖြတ်မောင်းသွားလေ့ရှိတဲ့ ခုံပုလေးတွေခင်းထားရာ လမ်းဘေးဆိုင်လေးတဆိုင်ပေါ့။ အဲဒီမှာ သူမနှင့်ကျနော် ဘာစကားမှမပြောပဲ ငြိမ်ဆိတ်စွာ ထိုင်နေကြမည်။ သန့်ရှင်းတဲ့လေထုက တဖြည်းဖြည်း အရောင်တွေ၊ အသံတွေ၊ အနံ့တွေနဲ့ ထူသိပ်လာတဲ့အထိပေါ့။ ကျနော်က အဲဒီလို ဘ၀ဆန်တဲ့လေကိုသာ တောင့်တပါတယ်။

ပြတင်းပေါက်တပေါက်ပွင့်လာသည်။ မိန်းမပျိုတဦး ပြတင်းဝမှာပေါ်လာသည်။ ဆံနွယ်ဖွာရရာ၊ မှုံနံ့သာမပြယ့်တပြယ်နှင့်။ နိုးထစလောကကြီးကို နှစ်သက်လိုလားစွာ ကိုယ်လက်ဆန့်ခါရင်း နှုတ်ဆက်နေသည်။ ညလှောင်အိပ်ထဲက လွတ်မြောက်လာသည့် ငှက်ကလေးတကောင်ပမာ။ အိပ်ခန်းကျဉ်းလေးထဲမှာ တံခါးတို့အလုံပိတ်လျက် လူတယောက်အိပ်စက်နေသည်။ မနက်ခင်းက တံခါးခေါက်သော်လည်း သူမနိုး။ သူ့ဘေးမှာ စာအုပ်တအုပ်ကပွင့်လျက်သား။ ရေဒီယိုက တကျီကျီမြည်နေသည်။ ၀ါကျင်ကျင်မီးလုံးလေးက လင်းပွင့်ဆဲ။ မိုးလင်းကာနီးမှ အလဲထိုးခံလိုက်ရသည့် ည၏သားကောင်တဦး။

ညကတညလုံးနှင်းတွေကျတယ်။ ခုမနက်တော့ နေရောင်ကိုမြင်ရတယ်။ အီကွေတာမနက်ခင်းထံ ကျနော်သတင်းပို့လိုက်သည်။ နှင်းထုထဲမှာ ခက်ခက်ခဲခဲလျောက်လာရသည်။ သုညအောက်အအေးဒီဂရီကို ခုတော့ မမှုတော့ပြီ။ မြောက်ဝင်ရိုးစွန်းရဲ့ မနက်ခင်းအောက်မှာ အိမ်တွေကအလုံပိတ်လျက် နှင်းတို့ပြိုပိနေကာ ၀ံပုလွေဂူပေါက်တွေနှင့်တူနေသည်ဟု ခံစားမိသည်။ မြင်ကွင်းကျယ်မှန်တံခါးတခုနောက်ကနေ နေရောင်ကို နှလုံးသားဖြင့် ကျနော်လှမ်းလှုံသည်။ ကြည့်လိုက်စမ်းပါကွယ်။ ကြမ်းတမ်းဆိုးဝါးတဲ့ရာသီရဲ့ မာကျောအေးစက်တဲ့ရေခဲပြင်ပေါ်မှာတောင် နွေးထွေးမှုရဲ့ အလှတရားကို တွေ့နိုင်သေးရဲ့။ နေရောင်လင်းပွင့်လာတဲ့အခါ မင်းပြုဖွယ်ရှိသည်တို့ကို ပြုပါလေ တဲ့။ စာတိုလေးပေမယ့် ရင်ထဲမှာ ကဗျာတောင်ပံခတ်သံတွေ ကြားနေရသည်။ ကျေးဇူးတင်ပါတယ်။ ဆောင်းရာသီ၏ ရှည်လျားသောညတာတို့နှင့်လည်း ခုတော့ ယဉ်ပါးခဲ့ရပြီ မဟုတ်ပါလား။ မှောင်စမ်းပါစေ၊ ကျနော်နေတတ်နေပါပြီ။ ရင့်ကျတ်သွားတာလား၊ ထုံအအေးခဲသွားတာလားလို့ အမေးခံရတော့ တည်ငြိမ်စွာ ကျနော်ပြုံးလိုက်မိသည်။ နေ့နဲ့ညကို သဘာဝရဲ့ အလင်းအမှောင်တွေနဲ့ ကျနော်မခွဲတော့ဘူး။ ကျနော့်ရဲ့အိပ်ချိန် နိုးချိန်တွေနဲ့ပဲ ကျနော်ခွဲတယ်။ ဘယ်လောက်ရှည်တဲ့ညဖြစ်ဖြစ် ကျနော်နိုးထနေသရွေ့တော့ ညလို့မခေါ်နိုင်ဘူးလေ။

ပုံကားချပ်ထားမှာတော့ ပင်လယ်ရေပင်လျှင် ငြိမ်သက်လျက်။ ကောင်းကင်မှာ ဆေးသားမဲမဲတွေ ခဲပျစ်နေဆဲ။ ရွှေအိုရောင်အလင်းစတို့က ဟိုတစဒီတစ ထိုးခွဲဖိတ်အံကျနေတာတွေ့ရသည်။ ဟိုးအဝေးမှ အိပ်မောကျသောကျွန်းတန်းကလေးက မပြောဖြစ်သေးသည့်စကားများစွာကို သိမ်းဆည်းထားသည့်နှယ်။ လရောင်စွန့်ခွာသွားသောသဲသောင်ပြင်ကတော့ လွမ်းစရာပေပဲ။ ဟလို မနက်ခင်းလေး။ ကျနော်တို့ လမ်းတွေလျောက်ခဲ့ကြပြီးပြီ။ ဒီမနက်စာကိုတော့ တယောက်ယောက်ကကျွေးမှဖြစ်မယ်။ ပျော်ရွှင်စွာ ကျနော်တို့ ငြင်းခုန်ကြသည်။ ကဲ ပြီးတော့ကော။ သိဘူးလေ။ အရာရာကို အားလုံးအသစ်ကပြန်စကြမယ်။ ဘာသံမှမကြားတော့။ မနက်ခင်းလေးက တိတ်ဆိတ်နေသည်။ ဒီအချိန်မှာ ညကအကြောင်းတွေ ပြန်မပြောချင်တော့ပါ။

Thursday, January 1, 2009

လှပသောသုည


နှစ်သစ်တခုသို့ ရောက်ပြီ။
တနှစ်ကုန်ဆုံးသွားပြန်ချေပြီ။
နှစ်ဟောင်းကို နှုတ်ဆက်ခွဲခွာရင်း တပြိုင်တည်းမှာ နှစ်သစ်ကို ကြိုဆိုနှုတ်ဆက်ကြသည်။
နှစ်ဟောင်းနှင့်အတူ ဆုံးရှုံးမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေ ပါသွားစေချင်သည်။
နှစ်သစ်နှင့်အတူ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ပျော်ရွှင်ကြည်နူးမှုတွေ၊ အောင်မြင်မှုတွေ၊ ချိုမြိန်မှုတွေ ပါလာစေချင်သည်။
ဘာပဲဖြစ်ဖြစ် အချိန်တန်တော့လည်း တနှစ်ကုန်ဆုံးသွားပြန်ပေအုန်းမည်။ နောက်ထပ်နှစ်သစ်တခုကို ဒီလိုပဲ အော်ဟစ်ကြိုဆိုကြရပေအုန်းမည်။ ဒီလိုနှင့် နှစ်ပေါင်းများစွာ။ ဘ၀တွေ၊ ခေတ်တွေ။
လူသည် မှတ်တတ်သားတတ်သောသတ္တ၀ါဖြစ်သည်။ ဂဏန်းသင်္ချာကို တီထွင်ခဲ့သည်။ အချိန်နာရီနှင့် ပြက္ခဒိန်ကို တီထွင်ခဲ့သည်။ လူတယောက်ရဲ့သက်တမ်း၊ ခေတ်တခေတ်ရဲ့သက်တမ်း၊ သမိုင်းတခုရဲ့သက်တမ်း၊ သက်တမ်းကို မှတ်တမ်းပြုခဲ့ကြသည်။ အချက်အလက်တွေ၊ အဖြစ်အပျက်တွေ၊ ရှုမြင်တွေးခေါ်ပုံတွေ၊ ခံစားချက်တွေ။ ထိုအထဲမှ အကောင်းအဆိုးများ၊ တိုးတက်မှုဆုတ်ယုတ်မှုများ၊ အလင်းအမှောင်များသည် လောကီထုပ္ပါတ် လူတို့ဇာတ်ဖြစ်ခဲ့သည်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသည်။ စိတ်လှုပ်ရှားဖို့ကောင်းသည်။ ခမ်းနားသည်။

အဟောင်းကို အသစ်ဖြင့် အစားထိုးလိုက်သည်။ လောလောဆယ်တော့ အသစ်သည် ကိုယ့်လက်ထဲမှာဖြစ်သည်။ ဘာတွေပြုလုပ်ကြမလဲ။ ဘာတွေဖန်တီးကြမလဲ။ ဘယ်လိုဖြတ်သန်းကြမလဲ။ အခွင့်အရေးတွေ အသစ်တခါပြန်ရခြင်းပင်။
သို့သော် လက်တွေ့မှာတော့ အဟောင်းသည် အပြီးအပိုင် ထွက်မသွားခဲ့သေး။ အသစ်အပေါ် အရိမ်မိုးဖို့ ကြိုးစားဆဲပင်။ ဒီတော့ အဟောင်းထဲက ရုန်းထွက်ဖို့ အားထုတ်ကြရသည်။ အဟောင်းနှင့်အသစ်သည် ပြက္ခဒိန်ထဲကနေ့စွဲတွေလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားမဟုတ်။ အဟောင်းနှင့်အသစ်အပြောင်းအလဲသည် ၀ိုင်ခွက်ချင်း နှုတ်ခမ်းတိုက်လိုက်ရုံ၊ မီးပန်းတွေ မိုးပေါ်မှာဖြာအကျ ၀ိုင်းအော်လိုက်ကြရုံ၊ တဦးနှင့်တဦး ဆုမွန်ကောင်းတွေ ပေးပို့လိုက်ရုံဖြင့် လွယ်လွယ်ကူကူပြီးဆုံးမသွားခဲ့ပေ။ တကယ်က အားလုံး သိသိကြီးနှင့် မေ့ချင်ယောင်ဆောင်ထားကြသည့် တိုက်ပွဲကလေးတခု။

ဘာပဲဖြစ်ဖြစ် ဒီတညလေးလောက်တော့ ပျော်ရွှင်ခွင့်ရှိသင့်ပါသည်။
လူ့ဘ၀၊ လူ့လောက၊ လူ့ကမ္ဘာကြီးထဲ လူသား၏ဖြစ်တည်မှုကို ဒီလိုညလေးများက သက်တောင့်သက်သာ ရှိစေခဲ့တာပဲမဟုတ်လား။
သုညနာရီ၊ သုညမိနစ်၊ သုညစက္ကန့်။
ထိုတဒင်္ဂလေးသည် သန့်ရှင်းလှပလွန်းပေစွ။

အပေါ်မှာ သုံးထားတဲ့ပုံလေးက သိပ်ကြိုက်လွန်းလို့ ပန်ဒိုရာ့ဆီက လုယူလာခဲ့တာပါ။