နမ်းနေတဲ့
ခလေးကလေးနှစ်ယောက်
ခေါင်းချင်းဝှေ့နေတဲ့
ကြောင်ကလေးနှစ်ကောင်
တကိုင်းတည်းနားနေတဲ့
ငှက်ကလေးနှစ်ကောင်
ဧည့်ခန်းထဲကဘီရိုပေါ်
ချစ်ခြင်းမေတ္တာတွေ သူခင်းကျင်းထားပုံ၊
သမီးလုပ်သူက
ချစ်တဲ့သူရင်ခွင်မှာ
သိုက်မြုံအသစ်ကလေးဖွဲ့လို့
သားကတော့
အပျံသင်စ..၊
ငါ့တဘဝလုံး
မင်းတို့ကိုထိုးမကျွေးနိုင်ဘူးတဲ့
မိသားစုဘဝကို
သူ့အကျဉ်းခန်းလို့ခံစားနေရတဲ့
လင်သားရဲ့ပူလောင်နေပုံကို
သူက ယပ်ကလေးခပ်ပေးချင်နေပြန်တယ်၊
သြော် သူမအောင်မြင်ခဲ့ရှာဘူး
သူလုပ်ချင်တာတွေ မလုပ်ရသေးဘူး
သူ့တဘဝလုံး အလိုမပြည့်ခဲ့ရှာသူ
သူ့မျက်လုံးတွေက အမြဲတမ်း အဝေးကိုငေးမောလို့
ကျမရှင့်ကိုနားလည်ခဲ့ပါတယ်
အိမ်ရှေ့မီးတိုင်လေးအောက်ကနေလည်း
ကျမရှင့်ကိုစောင့်မျှော်ခဲ့ဘူးပါတယ်
အိမ်ရှေ့ကကျော်ကျော်သွားတဲ့စာပို့သမားကိုခိုးခိုးစောင့်ရင်းလည်း
ကျမမျက်ရည်ကျခဲ့ဘူးပါတယ်
နှစ်ကာလတော်တော်များများမှာ
သားလေးနဲ့သမီးကိုဖက်ရင်း
ရှင်မရှိတဲ့အိပ်ယာတခြမ်းကို
ကလေးတွေမနိုးအောင်ဖွေစမ်းရင်း
ကြိတ်လွမ်းခဲ့ဘူးပါတယ်၊
ရှင့်ယုံကြည်ချက်အတွက်
ကျမလည်း ရဲစခန်းမှာ ငုတ်တုတ်ထိုင်မိုးလင်းခဲ့ဘူးပါတယ်
ရှင်ရှိတဲ့နံရံကြီးတွေရှေ့မှာ
တနေကုန်ထိုင်စောင့်ရင်း
ဆေးလိပ်တစည်းနဲ့ ငပိကြော်တထုပ်
ချစ်အပြုံးနဲ့ သတင်းစကား
ကျမအားပေးခဲ့ဘူးပါတယ်၊
အဲ့ဒီတုန်းကတော့မလွမ်းဘူး
တရေးနိုးလို့ငဲ့စောင်းကြည့်လိုက်တောင်
ဘေးနားမှာရှင်အိပ်နေသလိုပဲ
လွတ်နေတဲ့ခေါင်းအုံးတောင် နွေးလို့
ဘာမှသိပ်မသိသေးတဲ့သမီးကတောင်
သူ့အဖေအိမ်မှာရှိနေသလို
အရယ်အပြုံးမပျက်ဘူး
ကစားရာကပြန်လာရင်
ဖေကြီးဘယ်မှာလဲလို့မမေးဘူး
ဒါဟာ ဆုံးရှုံးမှုတခု ကွက်လပ်တခု ပေးဆပ်ခြင်းတခုလို့
တမိသားစုလုံး မခံစားခဲ့ရဘူး
နားထင်မှာစို့ခဲ့တဲ့ချွေးကို
ဘဝလေပူမှာသွေ့ခြောက်စေခဲ့တယ်
ရှင့်အင်အားတွေနဲ့
ကျမသန်မာခဲ့ဘူးတာပေါ့
အဲဒီတုန်းကလေ။
သတိရတယ်
မိုးစိုနေတဲ့ရှင့်လက်မောင်းက
ကျမပါးပြင်ကိုနွေးထွေးစေခဲ့
အိမ်ကိုပြန်လာတဲ့လမ်းကြားလေးထဲမှာ
နှစ်ဦးသားစကားမဆိုမိကြ
စကားလုံးတွေမလိုအပ်လောက်အောင်
တို့တွေပူနွေးနေခဲ့ကြတာမဟုတ်လား
ပိန်ချုံးချုံးမျက်နှာကိုစိုက်ငေးရင်း
ရှင့်မျက်လုံးတွေက အရင်ထက်တောင် တောက်ပလာတယ်လို့
ကျမတွေးခဲ့ဘူးတယ်
ရှင်ကတော့
ကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုတွေးပြီး
အိမ်ကထမင်းပွဲကို ဆက်မစားနိုင်ခဲ့ဘူး
မနက်ကျတော့
အစောကြီးထထိုင်နေတယ်
ဒီအချိန်တန်းဖွင့်ပြီတဲ့
ဘုရားခန်းကျဉ်းကျဉ်းလေးထဲ
တနေကုန်လမ်းလျောက်နေပြန်ရော
ကျမဆိုင်သိမ်းလို့ပြန်လာတော့
သော့ခလောက်သံလည်းမကြားပါလားလို့
တကိုယ်တည်း တိုးတိုး တိုးတိုး ပြောနေပြန်ရဲ့၊
ရှင့်အလုပ်အားလုံးကို
ကျမနားမလည်ပါဘူး
ရှင်ယုံကြည်တာတွေ၊ ရှင်ရွတ်ဖတ်တာတွေလည်း
ကျမအားလုံးနားမလည်ဘူး
ရှင့်စာအုပ်တွေကို
အထုပ်ထုပ်ပြီးသိမ်းပေးထားခဲ့ပေမယ့်
တအုပ်မှ ကျမမဖတ်ဘူး
ကာတွန်းစာအုပ်တောင် ကျော်ကျော်ဖတ်လို့
ရှင့်ကကျမကိုဆူဘူးတယ်နော်
ဒါပေမယ့် ကျမရှင့်ကိုနားလည်ခဲ့ပါတယ်
ချစ်ခြင်းမေတ္တာဆိုတာ အရာအားလုံးကိုနားလည်တယ်လေ
ကျမရှင့်ကိုတော့ စာတလုံးတောင်ကျော်မဖတ်ခဲ့ပါဘူး၊
ဒါပေမယ့်
တနေရာမှာ တခုခုတော့မှားခဲ့တယ်
သားလေးမွေးပြီးချိန်
ရှင်အဝေးကိုထွက်သွားတယ်
ရှင်မယဉ်ပါးတဲ့တောနက်ထဲဝင်ပြီး
ရှင်မသိတဲ့အိပ်မက်တွေကို အမဲလိုက်ခဲ့တယ်
ငါဒုက္ခရောက်ချိန်မှာ
မင်းက မင်းမေတ္တာတရားကိုပြသဖို့ အခွင့်အရေးရခဲ့တယ်
မင်းစားချင်တဲ့သစ်သီးကို ငါခူးပေးမယ်တဲ့
ဒါပေမယ့် ရှင်ခူးတဲ့သစ်သီးမှာ ခါချဉ်ထုတ်နဲ့
ကျမအသဲနှလုံးကိုတုတ်တယ်
ဒီနေရာမှာ ကျမကို စာမျက်နှာကျော်ဖတ်ခွင့်ပြုပါ
စာလုံးတွေက ဝါးလာတယ်
ဒီကွက်လပ် ဒီဆုံးရှုံးမှု
ဘယ်တော့မှပြန်မပြည့်နိုင်တော့ဘူး
ကံကောင်းထောက်မစွာ
ရှင်အခု ကျမလှောင်အိမ်လေးထဲမှာ
ဒါပေမယ့် ရှင်သီတဲ့တေးက
အဝေးတောတန်းတနေရာ..၊
ဒီလှောင်အိမ်မှာ
ရှင်မုန်းတဲ့သော့ခလောက်မရှိဘူး
ချစ်ခြင်းမေတ္တာဆိုတာ
ကြိုးတချောင်းမဟုတ်ဘူး
ကားနံပတ်ပြားမဟုတ်ဘူး
ဘီရိုထဲမှာ
ဘဝနှစ်ခုကို အလှထည့်ထားဖို့မလိုဘူး
ရှင်သွားမယ့်လမ်းမှာ
တံတားတခုပဲဖြစ်ချင်ပါတယ်
ကျမဟာတံခါးတချပ်မဟုတ်ပါဘူး မောင်..၊
ညားကာစကတည်းက
ရှင်က ကျမကို မောင် လို့ခေါ်စေချင်ခဲ့တယ်မဟုတ်လား
ဒါပေမယ့်
နှုတ်မရဲတာလား
အစွဲအလန်းတခုကြောင့်လား
ခေါ်စေချင်မှန်းသိလို့ ရှင့်ကိုနောက်ရင်း နှုတ်ကျိုးသွားတာလား
ဘယ်တုန်းကမှ မောင် လို့ မခေါ်ဖြစ်ခဲ့ဘူး
သမီးမွေးကတည်းက
ဖေကြီးလို့ခေါ်ခဲ့တာလေ
ခုတော့ ငွေရတုတိုင်ရော့မယ်
ဟေမာနေဝင်းစတိုင်နဲ့ဖြစ်ဖြစ်
မေဆွိလေသံနဲ့ဖြစ်ဖြစ်
တခါလောက်တော့ မောင် လို့ ခေါ်ကြည့်ရအုန်းမယ်
ရှင့်ခြေလှမ်းတွေနှေးသွားအောင်
စောင်းငဲ့ကြည့်စေချင်လို့တော့ မဟုတ်ပါဘူးနော်
ချစ်ခြင်းမေတ္တာဆိုတာ
ဘာကိုမှမတားမြစ် မချုပ်နှောင်ပါဘူး မောင်ရယ်၊
တချိန်မှာ
ဧည့်ခန်းလေးထဲ
သူတယောက်တည်း ထိုင်နေမှာ
အခြားတနေရာမှာ သူ့ဖာသာတောက်လောင်နေမယ့်သူ့လင်သားကို
သူက မီးလှမ်းလှုံချင်လှုံနေမှာ
အချိန်တန်ရင်တော့
အိမ်ပြန်လာနေကြပါလေလို့ တိုးတိုးဆိုရင်း
ဟင်းအိုးတွေနွှေးချင်နွှေးနေအုန်းမှာ
သူ့ပြတင်းပေါက်မှာလာလာနားမယ့်
သားနဲ့သမီးကို
နေရောင်ခြည်လို
ခန်းဆီးလေးတွေလှပ်လှပ်ပြီး မျှော်နေမှာ
ငွေရတုတမနက်ခင်းရဲ့
စိုသီးလက်ပနေတဲ့မြက်ဖျားနှင်းစက်လေးတွေကိုကြည့်ရင်း
မောင် လို့
သူ့နှလုံးသားကိုသူတီးခတ်လိုက်တဲ့အသံလေးထွက်လာတဲ့အခါ
မှန်ဘီရိုထဲကအရုပ်ကလေးတွေက တလှုပ်လှုပ်နဲ့ကခုန်ကြလေရဲ့
အချစ်ဆိုတာ
စာသားထည့်ဆိုဖို့မလိုတဲ့
ဂီတတခုပါကွယ်
အားလုံးပြည့်စုံခဲ့ပါတယ် မောင်..။
နှင်းခါးမိုး
တပတ်လောက် ပျောက်ခဲ့တဲ့ချောင်းက ဒီညမှာ ပြန်ထချင်သလိုဖြစ်။ ချောင်းရှင်းရင်း ထထိုင်ဖြစ်ရာက ၂၀၀၈ ထဲ ရက်စွန်းလာတာကို သတိရ။ ဒီလိုနဲ့ ကိုယ့်ဘ၀ ကိုယ့်အလုပ်တွေအကြောင်း ပြန်စဉ်းစားဖြစ်။ ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတခုလိုဖြစ်ခဲ့တဲ့ ကျနော့်ရဲ့ မ အကြောင်း အတွေးရောက်သွားရာကနေ ဒီကဗျာကို ချရေးဖြစ်ခဲ့မိတာပါ။ တင်ခဲ့တဲ့အကြွေးတွေ၊ ထပ်တင်အုန်းမယ့်အကြွေးတွေ ဒီတခုနဲ့မကြေမှန်းသိပေမယ့်၊ သူကလည်း ပြန်ရကောင်းစေ ဘယ်တော့မှ ပြန်တောင်းဆိုမှာမဟုတ်ပေမယ့် သူ့အပေါ် အတိုင်းအတာတခုအထိ ကျနော့် စောင်းငဲ့ကြည့်ဖို့ ကြိုးစားခဲ့ပါကြောင်း သိစေချင်တာပါပဲ။
10 comments:
ရင်ထဲနင့်အောင်စီးဆင်းသွားတယ် ဟေ့လူ
ko wai linn!
i have been waiting for this poem for a year :D
very wonderful!
Z
ကိုဝေလင်း blogကိုမကြာခဏလာဖတ်ဖြစ်ပေမယ့် တခါမှ commentမရေးဖြစ်ခဲ့ဘူး..ဒါပေမယ့်ဒီကဗျာဖတ်အပြီးမှာတော့ ကဗျာထဲကဇနီးတယောက်ရဲ့ခံစားချက်တွေ ရင်ထဲအထိကူးစက်သွားလို့ မျက်ရည်ကျတဲ့အထိခံစားသွားပါတယ်။ကျမ ကဗျာဖတ်ရင်း မျက်ရည်ကျ တာ ဒါ ဒုတိယ အကြိမ်ပါ။ ပထမအကြိမ်ကတော့ ကိုဖုန်းဆိုး ရဲ့ "အမှတ်၅၄၊တက္ကသိုလ်ရိပ်သာလမ်း၊ရန်ကုန်ကိုဖတ်တုန်းကပါ။
ကိုဝေလင်းတို့ မိသားစုလေးအတွက် ပျော်ရွင်ဖွယ်နှစ်သစ်ဖြစ်ပါစေ။
တခါဖတ်တယ်...နှစ်ခါဖတ်တယ်...အခါပေါင်းများစွာဖတ်တယ်...
ဘယ်လောက်ဖတ်ဖတ်မဝဘူး...
ကဗျာဆရာရဲ့ ဝိဥာဉ်တွေပူးကပ်ပြီး နှလုံးသားနဲ့ရေးထားတဲ့ အဲဒီကဗျာဖတ်ပြီး commentရေးဖို့တောင် စကားလုံးရှာမရတဲ့အထိ နှလုံးသားတွေတုန်ခါနေတယ်...
အဲဒီလောက် နားလည်တတ်၊ချစ်တတ်တဲ့ မောင့်မဟာဂီတ'မ'ကို ပိုင်ဆိုင်ထားမှတော့ ဘာတွေများထပ်လိုအပ်ဦးမှာလဲ...
မောင်ရယ်၊မရယ်၊သားလေးရယ်၊သမီးရယ် ချစ်စရာမိသားစုကလေး ငွေရတုမှသည် သောင်းသက်ပန်တိုင်ပါစေလို့...
အားပါးပါးခံစားချက်တွေစီးဝင်သွားတယ်ဗျာ...
အဲလို ခင်ပွန်းမျိုးကို ကျေးဇူးတင်ပါတယ်။
နှလုံးတွေ တကယ်ဆတ်ဆတ်ခုန်အောင် ခံစားရတယ်။
မိန်းမတွေ တကယ်လိုအပ်တာကို မြင်တဲ့အတွက်ကို ကျေးဇူးတင်တာပါ.....
အရမ်းကောင်းတဲ့ အဖွဲ့အနွဲ့ပါပဲ ဗျာ..။
ကဗျာလေးကြိုက်လွန်းလို့ အထပ်ထပ်ဖတ်သွားတယ်ဗျာ။
Out of words. I'm heart-broken.
It makes me SHOCK!
Post a Comment