Wednesday, March 27, 2024

လမ်းကလေးရေ


ကျနော် ရင်တွေခုန်နေသည်။ 

လမ်းမကြီးက ချိုးကွေ့လိုက်သည်ဆိုလျှင်ပင် လမ်းကလေးပေါ် ရောက်လာကြသည်။ သူမကတော့ ဘာမှ မထူးခြားသလို ကျနော့်လက်မောင်းကို ဆုပ်ကိုင်ကာ စကားတွေပြောနေသည်။ သူမမျက်နှာမှာ အပျော်ဖြင့် လင်းလက်နေသည်။ သုံးနှစ်။ ကျနော်နှင့် သူမကြား ကာခြားခဲ့သော အချိန်ကာလတခု။ ပြီးတော့ ဒီလမ်းကလေးနှင့် ကျနော် ဝေးကွာခဲ့ရသော အချိန်ကာလ။ အခုတော့ ပြီးဆုံးသွားပါပြီ။ မိုးနံ့ပါသော လေရိုင်းတချက် သုတ်ခတ်လိုက်သည်။ သူမ၏ဆံနွယ်မျှင်အချို့ ကျနော့်ပုံခုံး ပါးပြင်တို့ကို လာရောက်ပွတ်ထိသည်။ ကျနော်သည် ကူးစက်လာသောအပျော်ကြောင့် ရယ်မောချင်ချင်ဖြစ်လာသည်။ ရယ်မောရန် ကြိုးစားကြည့်သည်။ မျက်နှာအရေပြားတွေက မထင်မှတ်ရလောက်အောင် မာတင်းနေသည်။ ဝမ်းထဲကတက်လာသော ရယ်သံ လည်ချောင်းမှာ တစ်ဆို့နေသည်။ ခက်တော့ နေချေပြီ။ သုံးနှစ်လုံးလုံး မရယ်မောခဲ့ရ။ ရှင်းအောင်ပြောရလျှင် ရင်ထဲက ဖြစ်ပေါ်သော ရယ်မောခြင်းကို မပြုခဲ့ရ။ အထီးကျန်မှု၊ ဆုံးရှုံးမှု၊ နာကျင်ခံခက်မှုနှင့် အသေမွေးရသောဒေါသတို့ကို ဖုံးကွယ်အစားထိုးရန်သာ ပင်ပင်ပန်းပန်း ရယ်မောခဲ့ရလေသည်။ အခွံသက်သက် ရယ်မောသံများ။

အခုတော့ ပြည့်ပြည့်ဝဝရယ်မောချင်စိတ်က ရင်ထဲမှာ တင်းကြွလာသည်။ သို့သော် ရယ်လို့မရ။ မျက်လုံးအိမ်ထဲမှာ ဝါးတက်လာသည်။ ဘာကြောင့် မျက်ရည်တွေ စို့တက်နေရသည်လဲ။ ဝမ်းနည်းနေတာလား။ ဒီလိုလည်းမဟုတ်ပါ။ သည်အချိန်က ဝမ်းနည်းနေရမည့်အချိန်မှ မဟုတ်ပဲ။ သို့ဆိုလျှင် ဝမ်းသာလွန်းသောကြောင့်ဖြစ်နိုင်သည်။ ကျနော့်တသက်မှာ တခါမျှမကြုံခဲ့ဖူးသော ခံစားမှုပါပေ။ သူမ၏လက်ဖျားလေးတွေကို တင်းတင်းဆုပ်လိုက်သည်။ သူမက ဘေးတိုက်အနေအထားမှနေ၍ ကျနော့်မျက်နှာကို စောင်းကြည့်သည်။ ဖတ်ရှုသည်ဟု ပြောရလျှင် ပို၍ထိမိမည်။ ကျနော့်အပေါ် နားမလည်နိုင်မှုများ သူမတွင်ရှိခဲ့သည်။ ရှိနေသည်။ ကိစ္စမရှိပါ။ သူမနှင့်ကျနော်သည် တဦးကိုတဦး ချည်နှောင်ရစ်ပတ်လာသည်မှာ ဆယ်နှစ်ဆယ်မိုးတိုင်ရော့မည်။ အချစ်ဆိုသည်မှာ နားလည်မှု မဟုတ်ပါ။ ကပ်ညိစွဲလန်းမှုသက်သက်သာဖြစ်ပါသည်။ 

သူမက စကားတခွန်းပြောသည်။ သဲသဲကွဲကွဲ မကြားလိုက်ရပါ။ မေးခွန်းတခုလည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင်တော့ ခွင့်လွှတ်ပါ။ ကျနော့်တွင် အဖြေများ အဆင်သင့်မရှိသေး။ နောက်ဆုံးတနေ့ မဖြေမဖြစ်တော့သည့် အချိန်ကျလျှင်တော့ ကြိုးစား၍ ဖြေရပေလိမ့်မည်။ ဖြေရမည်ဆိုသည်ထက် ရွေးချယ်ရမည်ဆိုသည်က ပို၍မှန်နိုင်သည်။ ကျနော့်တွင် လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်မှ ရှိပါ့မလား။ တချိန်ကတော့ ဒီလမ်းကလေးကို ကျနော် ရွေးချယ်ခဲ့သည်။ အိမ်ကိုဝင်သော လမ်းသုံးလမ်းရှိသည့်အနက် ဒီလမ်းကလေးကို ရွေးချယ်ခဲ့သည်။ လမ်းကလေးမှာ ကျနော်မမှတ်မိလောက်အောင် ပြောင်းလဲမှု ဘာမှမရှိ။ မြောင်းသေးကလေးထဲမှ ရေစီးသံကို ကြားနေရသည်။ ပိန်းရွက်ဖားဖားကြီးတွေက မြောင်သေးကလေးကို အုပ်မိုးထားသည်။ ဗံဒါပင်ကလေးတပင်က လမ်းကလေးအပေါ် အကိုင်းတွေ ညှတ်ကျနေသည်။ ဗံဒါရွက်စိမ်းစိမ်းကြီးတွေက ညက မိုးကြောင့် ရေစက်တွေ သီးခိုလျက်ရှိသည်။ လမ်းကလေးတွေင် ဘယ်နေရာမှာကမူ၊ ဘယ်နေရာမှာ ရွံ့ဗွက်၊ ဘယ်နေရာမှာ မြောင်းကူးတံတား သစ်သားတန်းကျဲကျဲ၊ ဘယ်နေရာမှာ လမ်းပေါ်တဝက်နင်းထားသည့် အမှိုက်ပုံ စသည်တို့ကို တချိန်ကတော့ ကျနော် အလွတ်ရခဲ့သည်။ ညဘက်အပြန် အမှောင်ရိပ်ထဲတွင် လမ်းကလေးပေါ် အေးဆေးသက်သာလျှောက်ခဲ့သည်။ တခါတရံ တီးတိုး တွတ်ထိုးနေသော စုံတွဲနှင့်တွေ့ရသည်။ တခါတရံ လင်နှင့်ရန်ဖြစ်ပြီး လာငိုနေသော မိန်းမတယောက်နှင့် တွေ့ရသည်။ တခါတရံ ဓာတ်မီးတလက်နှင့် ဖားရိုက်နေသော ကလေးတွေနှင့် တွေ့ရသည်။ တခါတရံ တရားခံစောင့်ဖမ်းသော ရဲတယောက်နှင့် တွေ့ရသည်။ ထောင်ချိုးတခုတွင် အိမ်တအိမ်မှ အပြင်ထုတ်ထွန်းပေးထားသည့် မီးလုံးတလုံးမှလွဲလျှင် လမ်းကလေးကို မှောင်ရိပ်များ ကြီးစိုးထားတတ်သည်။ တခါတလေ လရောင်ပြောက်တိပြောက်ကြား ကျရောက်နေတတ်သည်။ 

လမ်းကလေးထဲရောက်လျှင် ဆိတ်ငြိမ်ခြင်းကို ခံစားရသည်။ ငယ်ငယ်တုန်းကတော့ ဒီလမ်းကလေးကို လျှောက်ရလျှင် ကြောက်စိတ်များ တကိုယ်လုံးလွှမ်းကာ ရတက်သမျှ ဘုရားစာတွေကို ရွတ်ရင်း ခပ်သုတ်သုတ် လျှောက်ခဲ့ရသည်။ တခါတလေ ထိုသို့သုတ်သုတ်လျှောက်လာရင်း ဖိနပ်နောက်မြီးမှ စင်ကာ လာထိသည့်ခဲကို သရဲပေါက်တယ်ထင်ပြီး ပြေးလိုက်ရတာ။ ကြီးလာမှ ထိုအဖြစ်ကို ပြုံးမိသည်။ အခုအထိလည်း အမှောင်ထု သိပ်သည်းလွန်းပြီး ဆိတ်ငြိမ်ခြင်းက သည်းမခံနိုင်လောက်အောင် အေးခဲလာလျှင် စိတ်ကို ဖိစီးလာတတ်သည်မျိုး ရှိတတ်သည်။ ထိုအခါ ကျနော်သည် သီချင်းတပုဒ်ကိုဖြစ်ဖြစ် ညည်းနေလိုက်သည်။ ကဗျာတပုဒ်ကိုဖြစ်ဖြစ် အသံထွက်ရွတ်လိုက်သည်။ နောက်ဆုံး ဖတ်ခဲ့သည့် စာအုပ်တအုပ်အကြောင်းကိုဖြစ်ဖြစ် စဉ်းစားနေလိုက်သည်။ မည်သို့ပင်ဖြစ်စေ တခြားလမ်းကလေးကို ပြောင်းလျှောက်ရန် ကျနော် စိတ်မကူးခဲ့။ အရေးကိစ္စ တစုံတခု ကြုံကြိုက်မှသာ တခြားလမ်းကနေ အိမ်ကိုပြန်သည်။ အပြင်ကိုထွက်သည်။

လမ်းကလေးသာ စကားပြောတတ်လျှင် "ခင်ဗျား ပြန်လာပြီနော်" ဟု ကျနော့်ကို နှုတ်ဆက်ပေလိမ့်မည်။ "ဟိုမနက်ခင်းလေးကိုတော့ အခုအချိန်ထိ သတိရနေတုန်းပဲဗျာ" ဟုလည်း ပြောကောင်းပြောပေလိမ့်မည်။ သူမ၏ပုခုံးကို ကိုယ်လုံးနှင့်လှမ်းတိုက်ရင်း ကျနော်ပြုံးပြလိုက်သည်။ အမှန်တကယ်ပင် ကျနော်ပြုံးပြလိုက်ပါသည်။ သူမ၏ရယ်သံမှာ ရေစီးသံကလေးနှင့် တူနေသည်။ ကျနော်ပါ ရယ်လိုက်သည်။ ရယ်သံနှစ်ခုမှာ လမ်းကလေးပေါ် ခုန်ပေါက် ပြေးလွင့်သွားသည်။ လမ်းကလေးရေ၊ လမ်းကလေးရေ၊ လမ်းကလေးရေ။ အိမ်ခြံစည်းရိုး ပုဏ္ဏရိတ်ပင် အုပ်အုပ်လေးများကို လှမ်းမြင်ရသည်။ ပုဏ္ဏရိတ်ပွင့် အနီဆုပ်ကလေးတွေက စိမ်းရင့်ရွက်များက ရုန်းကြွလျက်။ ခြံစည်းရိုး တံခါးပေါက်ကလေးကို ဖွင့်လိုက်လျှင်တော့ တခွှင်ခွှင်နှင့် ခေါင်းလောင်းသံလေးကို ကြားရမည်။ ကျနော်ပျော်လာသည်။ ထပ်မံရယ်ပစ်လိုက်သည်။ သူမက ကျနော့်ပေါင်ကို အသာဆွဲဆိတ်ကာ ဟန့်သည်။ သူမ၏ ဝင်းနေသော မျက်နှာလေးကိုကြည့်ကာ နဖူးဝါဝါထက်မှ ဆံမျှင်နွယ်ခွေလေးတွေကို အသာမှုတ်ဆော့လိုက်သည်။ ဒီနဖူးလေးကိုပဲ ဖွဖွနမ်းကာ သူမကို ကျနော်ထားရစ်ခဲ့သည့် မနက်ခင်းလေးတခု ရှိခဲ့ဖူးသည်။ ညအမှောင် ခပ်ပါးပါးရှိနေသေးသည့် မနက်ခင်းလေးတခုပေါ့။ ဟိုးအဝေးကြီးကို ကျနော်ထွက်ခွာသွားသည်။ သူမက နောက်ဆုံးအချိန်အထိ မတား။ ျက်လုံးအိမ်မှာ ဝါးတက်လာသည့် ဆိုနင့်ခြင်းကို သူမ မမြင်စေရန် ချာကနဲ ကျောပေး ခြေလှမ်းလိုက်သည်။ ခြံတံခါးမှ ခေါင်းလောင်းကလေးမြည်သံက မနက်ခင်းကို တုန်ခါသွားစေသည်ဟု ထင်သည်။ ချစ်သူကိုချစ်တာတောင်မှ ဥပက္ခာစိတ်နဲ့ တဝက်ပဲချစ်နိုင်ခဲ့တယ်တဲ့။ အိမ်ခေါင်တွေအထက်မှာတော့ မနက်ခင်းရဲ့ အလင်းရောင်ဖျော့ဖျော့လေး ကျရောက်နေပါသည်။ သူမသည် လမ်းမလေးအတိုင်းလျှောက်ရင်း တဖြည်းဖြည်းဝေးသွားသော ကျနော့်ပုံရိပ်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။ ကျနော်က လမ်းကလေးကိုပါ နှုတ်ဆက်ခဲ့ပါသည်။ လမ်းကလေးရေ။ အဲဒီမနက်ခင်းလေးဟာ ငါ့ဘဝရဲ့ ထောင့်ချိုးတခုပဲကွဲ့။ ဘယ်မေ့ပါ့မလဲ။  

သူမက ခြံတံခါးကို ဖွင့်လိုက်သည်။ ခေါင်းလောင်းသံလေး ဆူဝေသွားသည်။ အိမ်ထဲက မျက်နှာတွေ၊ အသံတွေ လှုပ်ခါသွားသည်။ အိမ်တံစက်မြိတ်အောက်၌ ကျနော့် ခြေညှပ်ဖိနပ်ကလေးကို ချွတ်လိုက်ပါသည်။ လမ်းကလေး၏အဆုံး၌ အရာရာသည် ပြီးဆုံးခဲ့ပြီဟု ထင်ရသည်။ တကယ်တော့ ယခုမှ စတင်ရပေတော့မည်။ 

(နှင်းခါးမိုး) 
ရွှေဝတ်မှုံ မဂ္ဂဇင်း
၁၉၉၄ ခုနှစ်


Monday, March 18, 2024

ချစ်သော ၂၁

ကိုယ့်ဦးခေါင်းပေါ်ထွန်းထားတဲ့ဖယောင်းတိုင်တွေကို မီးမှုတ်ပါ
ကိုယ့်ရင်ခွင်ကို ဓားနဲ့ခွဲပါ
ကိုယ့်အသဲနှလုံးကို မင်းအချစ်ဆုံးသူကို ခွံ့လိုက်ပါ

အပျော်ရွှင်ဆုံးကိတ်မုန့်တလုံးဖြစ်ရတာနဲ့တင်
ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်

ကျေးဇူးပါချစ်သူ
မင်းဂြိုလ်တိုင်မှာ အေးချမ်းစေကြောင်း သက်စေ့လောင်းခဲ့တာ
ကိုယ့်မျက်ရည်စစ်စစ်တွေပါ။

နှင်းခါးမိုး

ချစ်သော ၂၀

မင်းတဘဝလုံးနာကျင်ခဲ့ရတာတွေအတွက်
ကိုယ့်မှာဖြေဆေးမရှိပါဘူး၊
မင်းကိုနောက်ထပ်မနာကျင်စေချင်တော့တဲ့
ပန်းကလေးတပွင့်ပဲရှိပါတယ်။

မင်းကပန်ဖို့ငြင်းဆန်ခဲ့ရင်တောင်
သူ့ဝတ်ဆံလေးထဲမှာ အမြဲလုံခြုံအောင်သိမ်းဆည်းပေးသွားမယ့်သူပါ။

သူကိုယ်တိုင်ကတော့
နာကျင်မှုမှာလန်းဆန်းအောင် ပွင့်ဝေတတ်ခဲ့ပါပြီကွယ်။

နှင်းခါးမိုး

ချစ်သော ၂၀၂၃

ပရိုဖိုင်တွေ
အနက်ရောင်ပြောင်းကုန်ကြပြီ
ပိတောက်တွေ
အနီရောင်ဖြစ်ကုန်ပြီ
လိပ်ပြာတွေ
ဘာအရောင်ဖြစ်သွားကြသလဲ၊
တိုင်းပြည်ကြီးကတော့
မှောင်နဲ့မဲမဲ သွေးရွှဲရွှဲ။

မနက်လေးနာရီပဲရှိသေးတယ်
တော်တော်များများနိုးနေကြပြီ
ဒါမှမဟုတ် ငါ့လိုပဲ အခုအထိ မအိပ်နိုင်ကြသေးတာလား
လီနင်ကမေးဘူးတယ်
"ငါတို့ဘာဆက်လုပ်ကြမလဲ" တဲ့

တယောက်ကို တစက္ကန့်နှုန်းနဲ့ အလေးပြုရရင်တောင်
ငါတို့'နေ့တာ'တွေက ရှည်လျားလွန်းရော့မယ်။
အေး နေ့တာရှည်လေ 'ညတာ'က တိုလေပဲ မဟုတ်လား။

နှင်းခါးမိုး

Tuesday, January 23, 2024

မကောင်းဆိုးဝါး

အစွယ်ကြီးလည်းပြူးမနေဘူး၊ အမြီးတွေ လက်တံရှည်ကြီးတွေလည်းမပါဘူး။ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးလည်းမရှိဘူး။ မိကျောင်းအရေခွံ၊ ခြင်္သေ့လည်ဆံနဲ့ ဝက်ဝံလက်သည်းတွေလည်းမပါဘူး။ အသံနက်ကြီးနဲ့လည်း မအော်ဘူး။ အရပ်အမောင်းကလည်း ၆ထပ်တိုက်လောက်မမြင့်ဘူး။ 

မသိရင် ရုတ်တရက်နာမည်မေ့နေတဲ့ ငယ်သူငယ်ချင်းတယောက်လိုပဲ။ နာမည်ကြားဘူးပြီး အခုမှတွေ့ဖူးတဲ့ ဟိုဘက်ရပ်ကွက်က လူတယောက်လိုပဲ။ အမျိုးတော်မှန်းသိပါရက်နဲ့ အခုမှ ဆွေမျိုးစပ်မိတဲ့ ဝမ်းကွဲတယောက်လိုပဲ။ မရင်းနှီးပေမဲ့ မစိမ်းတဲ့အပြုံးကလည်းပါသေး။ လိုတာထက်ချိုတယ်ပြောရင်တောင် မမှားနိုင်တဲ့အပြောကလည်း ကျလောက်စရာ။ အရင်တုန်းကဒဏ်ရာတွေသာမရှိခဲ့ရင် တွေ့တွေ့ချင်း ကျောပေးပေါင်းမိမဲ့သူတယောက်။

အနုမြူဗုံးက မြို့ဘယ်နှစ်မြို့ကို ဖျက်နိုင်မလဲ။ လူတယောက်က ကမ္ဘာကြီးကိုတောင် မီးလောင်တိုက်သွင်းနိုင်တယ်ဆိုတာ သမိုင်းက သင်ကြားပေးခဲ့တာ ဘယ်နှစ်ခါရှိပြီလဲ။ ဒါပေမဲ့ ငါတို့က စောက်မှတ်မှမရှိပဲ။ 

လူဆိုအရေခွံတခုပဲ။ သူ့အထဲက ဘယ်အကောင်မဆို အချိန်မရွေးထွက်လာနိုင်တယ်။

နှင်းခါးမိုး