Editorial
- - - - - - - - - - -
ဟင်းရွက်ကလေးတစည်းအတွက် လူတန်းကြီးကို တိုးထွက်လာရသည်။ ဖောက်တုန်းကတော့ ၁၈ ပေလမ်းဖြစ်သည်။ အခုတော့ လူလျှောက်စရာ ၅ ပေပင် မရှိတော့။ ဘေးနှစ်ဖက်မှာကော၊ လမ်းလယ်တည့်တည့်မှာကော စျေးဗန်းတွေ၊ ကုန်သေတ္တာတွေ၊ စီပေပါတွေကအစ ချထားကြသည်။ ဖောက်ပြီးကာစကတော့ အနီရောင်နောက်ခံရဲရဲမှာ ၁၈ ပေလမ်းပေါ် မကျုးကျော်ရဆိုသော ဆိုင်းဘုတ်ပြူးပြူးကြီးတွေ တွေ့ရသည်။ ခေါင်းရွက်ဗျက်ထိုးသည်လေး ခေါင်းဘုဖြုတ်ချွေးသုတ်ဖို့ စျေးဗန်းကလေး ခဏချထားတာကိုပင် အော်ကြီးဟစ်ကျယ်ဆဲဆိုမောင်းထုတ်နေသော တာဝန်ရှိဆိုသည့် ပုဂ္ဂိုလ်များ၏ အသဲပြဲကြီးများကို ကြားခဲ့ရသေးသည်။ အခုတော့ ဘယ်ရောက်ကုန်ပြီနည်း။
လမ်းကြားလေးထဲက လမ်းကျယ်ကြီးထိပ်ဘက်ရောက်လျှင်တော့ ဆိုက်ကားတွေ ကားလမ်းတဝက်လောက်ထိ နေရာယူ ဂိတ်ထိုးထားတာ တွေ့ရမည်။ နည်းနည်းကျော်လျှင် လမ်းကွေ့နားရောက်လျှင်တော့ ဘက်စ်ကားကြီးတွေ ကျောက်ချထားသော သတ်မှတ်နေရာမဟုတ်သည့် ရပ်ချင်ရာရပ် ကားမှတ်တိုင်ကိုရောက်မည်။ မနေ့ကတင် ဒီနေရာမှာရပ်သည့် ကားများကို ရဲများက ဝီစီတဝီဝီမှုတ်ကာ ဖမ်းနေကြသေးသည်။ အဲတုန်းက ခပ်လှမ်းလှမ်းသတ်မှတ်နေရာထိ ကားတွေစနစ်တကျသွားရပ်တော့ လမ်းကွေ့မှာ အရင်လိုမပိတ်ပဲ ယာဉ်ကြောက ချောင်ချိသွားသည်။ သည်နေ့ကျတော့ ထောင်ထားသည့် ကားမှတ်တိုင်ကတနေရာ၊ ကားတန်းကြီးကျောက်ချတာ တနေရာဖြစ်နေပြန်သည်။
သည်နွေကတင် စက်နဲ့ဖော်၊ ကွန်ကရစ်ကိုင်ထားသည့် မြောင်းသစ်ကြီးတွေထဲမှာ အမှိုက်တွေက ပိတ်ဆို့နေတာ မြင်မကောင်း။ ညနေ ၃ နာရီကျော်မှ ပေးရောင်းသည့် လမ်းဘေးလှည်းတွေက မခင်း၏သည့် ခင်း၏သို့နှင့် ဟိုတကွက်သည်တကွက်နေရာယူထားကြပြန်သည်။ စည်ပင်ယူနီဖောင်းဝတ်တစုက လက်ဖက်ရည်ဆိုင်ဘေးမှာ ခုံပုလေးတွချကာ ဝိုင်းဖွဲ့ထိုင်နေကြသည်။ ကြွပ်ကြွပ်အိတ်အမဲ လေးငါးထုပ်က အမှိုက်မပစ်ရဆိုသည့် ဆိုင်းဘုတ်ပေါ် မေးတင်နေကြသည်။ တက္ကဆီတစီးက ခရီးသည်မြင်တော့ လမ်းလယ်မှာထိုးရပ်လိုက်သည်။ နောက်က ကားတန်းကြီးဆီက ဆဲဆိုသံတွေ၊ ဟွန်းအဆက်မပြတ်တီးသံတွေ ဆူညံစွာ ထွက်ပေါ်လာသည်။
ဒါ မြို့ပျက်ကြီးတော့ မဟုတ်ပါ။ မင်းမဲ့နိုင်ငံလည်း မဟုတ်ပါ။ ခုတော့ ကြွက်သိိုက်ကြီးတခုလို ဖရိုဖရဲနိုင်လှပါသည်။ လူတိုင်းက နိုင်ငံတော်တခုဆီ တည်ထောင်အုပ်ချုပ်နေကြပါသည်။ တဦးနှင့်တဦး စစ်တိုက်ဖို့ မောင်းသံပေးနေကြပါသည်။ ကျောင်းခြံစည်းရိုးတခုထိပ်မှာတော့ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဆိုသည့် ဆိုင်းဘုတ်က ဆေးကွာနေပြီ။ သတင်းစာတစောင်ကို ကောက်ကိုင်လိုက်လျှင် စည်းကမ်းပြည့်ဝ၍ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ စာသားများက ဟင်းထုပ်ကဆီတွေ စွန်းပေနေတာတွေ့ရမည်။ နောင်နှစ်အာဇာနည်နေ့နီးလျှင်တော့ လွတ်လပ်ရေးဆိုတာ လမ်းပေါ်ထွက်ဆေးရိုးလှမ်းတာမဟုတ်ဘူး ဆိုသည့် အားနာစရာကောင်းသည့် ဆဲသံဆိုသံကို ကြားရပေအုန်းမည်။
ဖိုင်းစီးတီးဆိုတာ အရာရာကောင်းမွန်သောမြို့ကြီးလား၊ နေရာတကာဒဏ်တပ်ဖို့စောင့်နေသည့်မြို့ကြီးလား။ နှစ်ဖက်ခွ လှောင်ထေ့သလို စတစ်ကာပုံနှင့် တီရှပ်များ စင်ကာပူပြန်လက်ဆောင် ရဖူးကောင်းရဖူးပါလိမ့်မည်။ ကွမ်းတဗျစ်ဗျစ်နှင့် ဒီဘဝတော့ ဘယ်လိုမှ ပြင်လို့မရနိုင်တော့လောက်သည့် ပရမ်းပတာမောင်များ စင်ကာပူ ပလက်ဖောင်းတွေပေါ်ရောက်တော့ တံထွေးမျှမထွေးရဲ၊ ကိုယ့်အမှိုက်ကလေး ကိုယ့်အိတ်ထဲထည့်ကာ စံပြမောင်များဖြစ်ကုန်ကြသည်။ လူဆိုတာ ဘာလို့ ပြင်မရနိုင်ရမှာလဲ။
ဟောင်ကောင်ဘာကြောင့်ဖွံ့ဖြိုးတိုးတက်သလဲဆိုသည့် ဆောင်းပါးတစောင်မှာ ဟောင်ကောင်စီးပွားရေးကို အဓိက အထောက်အကူပြုခဲ့သည့်အရာများအနက် ဟောင်ကောင်ရဲများကို မီးမောင်းထိုးပြထားတာ ဖတ်ဘူးသည်။ အာရှတွင်အကောင်းဆုံးရဲများဟု ဆိုသည်။ သူတို့၏ တရားဥပဒေစိုးမိုးရေးကို စောင့်ရှောက်မှုနှင့် စည်းကမ်းထိမ်းသိမ်းနိုင်မှု၊ အရည်အသွေးမြင့်မားမှုနှင့် ကိုယ်ကျင့်သီလတို့က ဟောင်ကောင်းကျွန်းနိုင်ငံလေးကို ကမ္ဘာ့ထိပ်ဆုံးသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်မှာ မှတ်သားလောက်ဖွယ်။
စည်းကမ်းဆိုတာ စာရွက်ပေါ်မှာပဲ ရှိလို့မရပါ။ ထုတ်ပြန်ထားလျှင် လိုက်နာအောင်လုပ်ဖို့ လိုပါသည်။ ထုတ်တုန်းခဏ၊ ဖမ်းတုန်းခဏ၊ ကွယ်သွားရင်၊ လစ်ရင် လုပ်ချင်သလိုလုပ်လို့ရသည်ဟု လူတွေစိတ်ထဲစွဲသွားလျှင် ထိုအစွဲက ပိုချွတ်ရခက်ပါသည်။ စည်းကမ်းကို ကိုင်တွယ်ကျင့်သုံးသည့် အထက်အောက်တာဝန်ရှိသူများကလည်း တကယ်အလုပ်လုပ်ဖို့လိုပါသည်။ ရိုးဖြောင့်ဖို့လိုပါသည်။ လူ့အဖွဲ့အစည်းအပေါ် အသိနှင့်စေတနာ ရှိဖို့လိုပါသည်။
လူတွေက ကိုယ့်ကိုယ်ကျိုးစီးပွားအတွက်သာ ရှေ့တန်းတင်တတ်ကြတာကို အပြစ်ပြောလို့မရပါ။ သို့သော်တဖက်တွင် ကိုယ်နေထိုင်သည့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးလို့မရပါ။ ကိုယ့်သားစဉ်မြေးဆက် နေထိုင်သွားကြမည့် ဒီနေရာဒီဒေသ၊ ဒီနိုင်ငံ ဒီလူ့အဖွဲ့အစည်းကို စောင့်ရှောက်ရမည်ဆိုသည့်အသိ ရှိဖို့လိုသည်။ အမှိုက်တစ၊ ကွမ်းသွေးတဗျစ်ကလည်း ကိုယ့်ဘဝကို ဖျက်ဆီးပစ်နိုင်ကြောင်း တွေးမြင်တတ်ဖို့လိုသည်။
တရားဥပဒေမစိုးမိုးသောတိုင်းပြည်သည် နေ့စဉ်စစ်ဖြစ်နေသောတိုင်းပြည်နှင့်တူသည်ဟု ဆိုစကားရှိပါသည်။ သို့ဆိုလျှင် စည်းကမ်းကို ပြက်ရယ်ပြုနေသောလူမျိုးတမျိုးအဖို့လည်း ငရဲပြည်၏တံခါးများအားလုံးကို တွန်းဖွင့်နေသည်နှင့် တူပါလိမ့်မည်။ နတ်သုဒ္ဓါကို ခွေးစားခွက်ထဲ ထည့်စားလို့မရပါ။