Showing posts with label အေတြးမွတ္စု. Show all posts
Showing posts with label အေတြးမွတ္စု. Show all posts

Wednesday, July 21, 2021

ကုိဗစ္မွတ္စု ၅

၀၉၊ ဧပြီ၊ ၂၀၂၀


ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဇာတ်လမ်းတိုင်းမှာ ဇာတ်သိမ်းရှိပါသည်။
လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ကာ သူ့စိတ်ကူးတွေ၊ သူ့အိပ်မက်တွေ၊ သူ့ရှေ့ဘဝခရီးလမ်းကြောင်းတွေ စိတ်အားထက်သန်စွာ ပြောဆိုသွားခဲ့သည်။ ခဏနေတော့ ပြန်အုန်းမယ်ဆိုကာ ထွက်သွားသည်။ မကြာပါ လမ်းပေါ်က အသံဆူဆူတွေကြောင့် ထွက်ကြည့်တော့ အခုလေးတင် ထသွားသည့်သူငယ်ချင်းကို ကားလမ်းပေါ်က သွေးအိုင်ထဲ လဲနေတာ တွေ့လိုက်ရသည်။ ဘာမှ မကြာလိုက်။
ခုနကပဲ ရှင်သန်နေသည့်လူတယောက်။ အခုတော့ ဘဝထဲက ထွက်ခွာသွားခဲ့ပြီ။ သူ့ဘဝသူ့စိတ်ကူးတွေ၊ သူအိပ်မက်တွေ အားလုံး ဒီနေရာမှာ သူနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ။ ဘယ်လောက် လွယ်ကူလိုက်ပါသနည်း။ 
တချိန်က ဖတ်ခဲ့ဘူးသည် ဆရာချစ်ဦးညို၏ ဝတ္ထုတိုလေးတပုဒ်ပဲဖြစ်ပါသည်။ 

လွန်ခဲ့သည့် နှစ်ပတ်သုံးပတ်ကဆိုလျှင် မောင်တရွာမယ်တမြို့ဘဝမှာ ခဏပြန်ဆုံသည့်အခိုက် သူတို့ပျော်ရွှင်ကြည်နူးခဲ့ကြမည်မှာ သံသယရှိစရာမလို။ ဒီတုန်းက အခုလိုအဖြစ်ဆိုးကြီးတခုကို သူတို့တွေးမိကြမည် မဟုတ်။ နောက်ဆုံးအချိန်ဖြစ်သည့်တိုင် ကိုယ်လည်း သူ့အနားပြေးသွားခွင့် မရှိ။ ကိုယ့်အပြစ်တွေပါဟု မျက်ရည်တွေနှင့် သူ့ကိုတောင်းပန်ခွင့်လည်း မရလိုက်။ ထုံးစံအတိုင်း သူ့အပြုံးမိန့်မိန့်ကြီးဖြင့် ခေါင်းလေးယမ်းကာ ကိုယ့်ကိုပြန်နှစ်သိမ့်နေမှာသိသည့်တိုင် ဒီအခွင့်အရေးလေးကိုပင် မရနိုင်တော့။ ဘာမှ ပြန်မရနိုင်တော့။
တကယ်တော့ ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။ အားလုံး ကိုယ့်ဘဝထဲ ကိုယ်ရုန်းကန်ကာ ုယ့်အလုပ် ကိုယ်လုပ်နေကြခြင်းပင်။ ခရီးသည်တွေကို ဧည့်ဝတ်ပြုသူကပြုသည်။ ဝန်ဆောင်မှုပေးသူကပေးသည်။ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ဘာမှ အမှားအယွင်းမလုပ်မိခဲ့ကြ။ အခုတော့ ကံကြမ္မာစေရာအတိုင်း၊ ဘုရားသခင်အလိုတော်အတိုင်း။ ဒီနေ့ ဂလိုဘယ်လိုက်စေးရှင်းကမ္ဘ့ာရွာကြီးရဲ့ အပေးအယူအတိုင်း။

သဘာဝအလျောက်သေခြင်းဟူ၍ မရှိပါ။ လူသည် လောကကြီးထဲသို့ အကြောင်းကိစ္စဖြင့် ရောက်လာခြင်းဖြစ်ရာ လူတွင်ဖြစ်နေသောအရာတိုင်းသည် သဘာအလျောက် အလိုအလျောက် ဖြစ်လာကြသည် မဟုတ်ပါ။ လူအားလုံးသည် သေကြရမည်သာဖြစ်ပါသည်။ သို့ရာတွင် သေခြင်းသည် လူတိုင်းအတွက် မတော်တဆဖြစ်ရသည့် ကိစ္စတခုသာ ဖြစ်ပါသည်။ လူသည် သေရမည်ကို သိသည့်တိုင်၊ သေခြင်းကို လက်ခံထားရသည့်တိုင် သေခြင်းသည် ကျိုးကြောင်းမျှတခြင်းမရှိသော ဖောက်ဖျက်မှုကြီးတခုသာဖြစ်ပါသည်။
ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် ဆီမွန်ဒီဗူးဗွား၏ ရေပွက်ပမာထဲက နောက်ဆုံးစာပိုဒ်ပဲဖြစ်ပါသည်။ 

ကပ်ရောဂါကလာကြီးအတွင်းမှာတော့ ထိုဖောက်ဖျက်မှုကြီးသည် ငြိမ်သက်ခြောက်ကပ်နေသည့်မြို့တော်ကြီးအတွင်း ဟိုဒီလှည့်ပတ်သွားလာနေသော အရိပ်မည်းကြီးတခုပဲဖြစ်ပါသည်။ တံခါးတွေအားလုံးပိတ်ကာ ကြောက်ရွံ့မှုနောက်ကွယ်၌ ပုန်းကွယ်နေရုံဖြင့် မလုံခြုံနိုင်ပါ။ အသိအမြင်တံခါးတွေကို အကုန်ဖွင့်ကာ ထိုအရိပ်မဲကြီးကို မောင်းထုတ်ပစ်ရပါမည်။ 
ပိတ်ထားသောတံခါးကိုသာ ခေါက်လို့ရပါသည်။ ကျိုးကြောင်းမျှတမှုဆိုသည်မှာလည်း ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါသည်။
ရန်ကုန်
၀၉၊ ဧပြီ၊ ၂၀၂၀

ကုိဗစ္မွတ္စု ၄

 ၆၊ ဧပြီ၊ ၂၀၂၀

မီးရထားကြီးတစင်း လမ်းခုလတ်မှာ ရပ်သွားသလိုပင်။ လူတွေမှာ ခံစားချက်တွေ ရှုတ်ထွေးနေကြပါသည်။ 
တခါက ဝတ္ထုတိုတပုဒ်ထဲတွင် ထိုကဲ့သို့ မီးရထားကြီးလမ်းခုလတ်မှာ ရပ်သွားစဉ် ခရီးသည်တဦးချင်း၏ အကြိုက်နှင့် စရိုက်ကလေးများကို ပုံဖော်ထားတာ သွားသတိရမိသည်။ ဆေးလိပ်မသောက်ရ မနေနိုင်သူတစ်ဦးမှာ နောက်ဆုံး ဘယ်လိုမှ မအောင့်အည်းနိုင်တော့ပဲ ကြမ်းပေါ်ကျနေသည့် ဆေးလိပ်တိုလေးကို ကောက်ကာ လူမသိအောင် ရှိုက်ဖွာပုံကို စိတ်ထဲစွဲကျန်နေခဲ့သည်။ 

လူတွေကိုယ်၌ကလည်း မီးရထားတစင်းလိုပဲဟု ပြောရမည်ထင်သည်။ ကိုယ့်နေ့စဉ်ဘဝထဲမှာကိုယ် ပုံမှန်ကျင်လည်လာကြသည်။ ကိုယ့်သံလမ်းပေါ် ကိုယ့်အမြန်ရှိန်ဖြင့်ကိုယ် ခုတ်မောင်းလာခဲ့ကြသည်။ ဒီလို ထိုးရပ်ကောင်း ရပ်နိုင်သည်ဟု သိထားသည့်တိုင် ဒီလို ထိုးရပ်သွားလိမ့်မည်ဟု မထင်ခဲ့ကြ။ 
ကိုယ့်ထိုင်ခုံပေါ်မှာကိုယ် ငြိမ်ငြိမ်ကလေးထိုင်ကာ ငိုက်သူကငိုက်နေသည်။ ပြတင်းကနေ အပြင်ကို ငေးသူက ငေးနေသည်။ ယေက်ယက်ခတ်ကာ လမ်းသလားသူက လမ်းသလားနေသည်။ အော်ကြီးဟစ်ကျယ်တွေ ထင်ရာမြင်ရာပြောသူတွေက ပြောနေသည်။ ရထားကြီးကို တယောက်တည်း ဆင်းဆွဲတော့မလို၊ တွန်းတော့မလို ဟန်ရေးပြင်သူက ပြင်ကြသည်။ ဒီအထဲမှာ လူအလစ်တွင် ဆေးလိပ်တိုကလေးကောက်ကာ ခိုးဖွာသူတွေလည်း တွေ့ရနိုင်သည်။ 
အခုလို ထိုးရပ်သွားသည့် တဒင်္ဂလေးကို ရင်ဆိုင်စောင့်ဆိုင်းရင်း လူတစ်ဦးချင်း၏ အတွင်းအပြင်ဥပဓိတွေကို တွေ့လာကြရသည်။ ဒါသည်ပင် ကိုယ်လိုရာသွားသည့်ခရီးတစ်ခုတွင် မတော်တဆမှုတခုကြောင့် ရလိုက်သည့် အပိုလက်ဆောင်ဟု ဆိုချင်ဆိုနိုင်ပါသည်။

တချိန်မှာ သည်ကပ်ရောဂါက တသတ်လုံးစွဲနေမည့် ဒဏ်ရာတစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးသည့် အချိုးအကွေ့တစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ နောက်တခါ ပြန်သင်ကြားခွင့်မရနိုင်သည့် တန်ဘိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ယခုတဒင်္ဂမှာတော့ ကွင်းလယ်ခေါင် စက်ပျက်ပြီး ဒုံးဒုံးချရပ်ထားသည့် မီးရထားတစင်းပေါ်မှာလို စိတ်တွေကို ရှုတ်ထွေးနေစေအုန်းမည်မှာ မလွဲ။ ဆေးလိပ်သမားကတော့ ဆေးလိပ်တိုတခုပဲ သူ့ခေါင်းထဲ ရှိနေမှာတော့ သေချာလှပါသည်။ 

တွဲပေါ်တက်လာသည့်လူတိုင်းကို လက်မှတ်စစ်ထင်ပြီး ကိုယ့်အိတ်ကပ်ထဲကလက်မှတ်ကို ထုတ်ထုတ်ပြီးထောင်ပြနေသူတစ်ဦးလည်း ထိုရထားတွဲထဲတွင်ရှိနေမှာကတော့ နောက်ထပ်သေချာမှုတခုပဲဖြစ်ပါသည်။

ကုိဗစ္မွတ္စု ၃

 ၅ ဧပြီ၊ ၂၀၂၀ 

ဒီလိုနဲ့ကုန်ဆုံးသွားတဲ့ တနင်္ဂနွေတနေ့
ယနေ့ ပိုးတွေ့သူမရှိသောအခါ ကိုဗစ်လူနာစာရင်းသည် ၂၁ တွင် ရပ်တန့်နေလေသည်။ နောက်တစ်နေ့တွင် ဘယ်နှစ်ဦးထပ်တွေ့မလဲ ည ၈ နာရီသတင်းမှာ ရင်ဖိုစွာ စောင့်မျှော်နေကြပါအုန်းမည်။ မတွေ့သောအခါ ပင့်သက်ချ၍ စာရင်းတိုးလာသောအခါ သက်ပြင်းကြီးချကြရင်း နေ့များကို တနေ့ချင်းကျော်ဖြတ်နေကြရပါသည်။
ရပ်ကွက်ထဲမှာတော့ ယခင်ထက်စာလျှင် လူသူရှင်းလင်းနေပါသည်။ တိုက်ခန်းများထဲမှ လျှံထွက်လာသောအသံများပင် ယခင်ကလို မကျယ်လောင်တော့ဟု ထင်ရသည်။ အော်ကြီးဟစ်ကျယ်ပြောသံများ၊ ရယ်သံများ၊ ရန်ဖြစ်သံများ ရှားပါးခြောက်ကပ်လာပါသည်။ သို့သော် ရပ်ကွက်ထဲ အရေးပေါ်ဆေးရုံကားကြီးထိုးဆိုက်လာ၊ ဟိုအိမ်က တယောက်ပါသွားပြန်ပြီ၊ ဒီအိမ်ကတယောက်တော့ ထိသွားပြန်ပြီ ဆိုသည့် အဖြစ်များတော့ ယခုအထိ ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ရသေး။
သို့တိုင် လူမှုမီဒီယာနှင့် ကမ္ဘာ့မီဒီယာထဲတွေထဲမှာတော့ ကိုဗစ်သည် ကမ္ဘာကြီးကို သူလက်ထဲဆုပ်ကိုင်ကာ လှုပ်ယမ်းကစားနေပါသည်။ တနေ့ချင်း၊ တနိုင်ငံချင်း ဇယားကွက်ထဲက ကိန်းကဏန်းတွေက လူတွေအားလုံးကို ခြောက်လှန့်နေလေသည်။ ဒီကိန်းကဏန်းတွေကပဲ လူတွေကို လုံခြုံမှုကင်းမဲ့စွာ ခြောက်ခြားစေပါသည်။ ကမ္ဘာကပ်ရောဂါဟု ကင်ပွန်းတပ်ပြီးကတည်းက ဒီကိန်းကဏန်းတွေက လူတို့၏ နေ့စဉ်ဘဝကို စိုးမိုးပစ်လိုက်ပါတော့သည်။ တကမ္ဘာလုံးကလူများမှာ တနေ့တနေ့ ထိုကိန်းကဏန်းများကိုပဲ ထိုင်စောင့်ကြည့်ရင်း စိတ္တဇနာ ပိုမိုရင့်သည်းလာခဲ့သည်ဟု ဆိုလျှင် မမှားပါ။ 
ရုတ်တရက်ကိုယ်ဟန်ပျက်လျှင်ပင် နီးရာတံခါးဘောင်တခုကို လှမ်းဆွဲဖို့ လက်ရွံ့နေမိလောက်အောင် မိမိပတ်ဝန်းကျင်တခုလုံးကို အယုံအကြည်ကင်းမဲ့လာခြင်းလောက် အထီးကျန်ခြောက်ခြားစရာကောင်းတာ ဘာမှမရှိတော့ပါ။ စစ်ပွဲတခုလို အနိဌာရုံတွေက ကိုယ့်မျက်စိရှေ့မှောက်မှာ ဖြစ်နေတာတော့ မဟုတ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အရာအားလုံး ပုံမှန်ဖြစ်နေသည့်တိုင် ထိုအရာများကို ကိုယ်က အရင်လို မမြင်နိုင်တော့ခြင်းပဲဖြစ်ပါသည်။ အတော်နုညံ့သလောက် အတော်ကြောက်စရာကောင်းပါသည်။
တချို့နေရာဒေသများမှ ကိန်းကဏန်းများမှာ သွေးပျက်ဖွယ်ဖြစ်နေသည့်တိုင် ကိုယ့်တိုင်းပြည်ကိန်းကဏန်းများက ခဏတာ ပင့်သက်ချခွင့်တော့ ရနေပြန်သည်။ ထိုပင့်သက်ချခွင့်လေးကိုပင် တချို့က ပြက်ရယ်ပြုကြသေးတာ တွေ့ရသည်။ သူတို့ဘာကို မျှော်လင့်နေကြသလဲဟု ဆက်မတွေးချင်ပါ။ 
သတင်းတခုတွင် နိုင်ငံခြားက မှာယူထားသည့် ရောဂါစစ်ဆေးသည့်စက်ကြီး လမ်းခုလတ်ရောက်နေပြီဟု သိရသည်။ ယခုရှိသည့်ဓာတ်ခွဲခန်းက တနေ့ လူ ၁၀၀ လောက်ပဲစစ်နိုင်သော်လည်း ထိုစက်ကြီးကတော့ ၂၄ နာရီအတွင်း လူထောင်ချီစစ်ပေးနိုင်သည်ဟု ဆိုသည်။ များများစစ်လျှင်တော့ များများပေါ်နိုင်ခြေရှိသည်မှာမဆန်း။ ထိုအခါ ညတိုင်းစောင့်ကြည့်နေသည့်သတင်းမှာ ကိန်းကဏန်းတွေက တဖြတ်ဖြတ်နှင့် တက်ကောင်းတက်လာနိုင်သည်။ ထိုအခါ ဘာတွေ ဝရုန်းသုန်းကား ဖြစ်ကြအုန်းမည်မသိ။
ကိုယ့်ရပ်ကွက်လမ်းကလေးထဲ အရေးပေါ်ကားကြီးမောင်းဝင်လာကာ ကိုယ့်အောက်ထပ်က လူနာတစ်ဦးကို ဆွဲမထုတ်သွားခင်အထိတော့ ကိန်းကဏန်းတွေကို မေ့ထားပစ်လိုက်ချင်သည်။ သို့တိုင် နေ့စဉ်ဘဝများကို အချက်အလက်ကိန်းကဏန်းများအောက်တွင် ပုံသွင်းပစ်ချင်သည့် အန္တရယ်ကြီးတခု၏ အနံ့အသက်က လေထုကြီးတခုလုံးကို ဖုံးလွှမ်းထားပါသည်။ ကရိုနာဗိုင်းရပ်စ်သည် လူလုပ်သည့်ဗိုင်းရပ်စ်ဟုတ်မဟုတ် မသေချာသော်လည်း အတော်လူဆန်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ခြယ်လှယ်ရန်ကြိုးစားရာ၌ အတော်စနစ်တကျရှိလွန်း၍ဖြစ်ပါသည်။

ကုိဗစ္မွတ္စု ၂

 ဧပြီ ၂၀၊ စနေညနေ

ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ သည့်ထက် ဘာမှ မပိုပါ။ 
ချောင်းဆိုးမည်။ ဖျားနာမည်။ ကိုယ်တွင်းခုခံနိုင်အား နည်းလျှင် အသက်ကို အန္တရယ်ပြုမည်။ သည့်ထက် ဘာမှ မပိုပါ။ 
အီဂျစ်က ပီရမစ်ကြီးတွေကို ဖုန်မှုန့်တွေဖြစ်သွားအောင် မချေမွနိုင်ပါ။ ပါရီက အီဖယ်မျှော်စင်ကြီးကို လဲကျသွားအောင်မပြောနှင့် ၁၅ ဒီဂရီလောက် တိမ်းစောင်းသွားအောင်လည်း မလုပ်နိုင်ပါ။ နယူးယောက်ကလစ်ဘာတီရုပ်တုကြီးကို ကိုယ်တုံးလုံးဖြစ်သွားအောင်လည်း ချွတ်ချနိုင်မည်မဟုတ်ပါ။ ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်ပါသည်။
သို့သော် ကိုဗစ် ၁၉ သည် ကပ်ရောဂါတစ်ခုထက် ပိုလာသည်ဟု လူတိုင်းခံစားလာရပါသည်။ လူတို့သည် ကိုယ်သေမှာထက် ကမ႓ာကြီးပျက်စီးလေတော့မလားဆိုသည့် စိုးရိမ်ထိတ်လန့်မှုက ပိုဖိစီးလာကြပါသည်။ တစ်ဦးနှင့်တစ်ဦး ကွေကွင်းနေရခြင်းဒုက္ခကို တစိမ့်စိမ့်တွေးရင် ဒေါသတွေ ထွက်လာကြပါသည်။ 
ညနေက လမ်းထွက်လျှောက်ရင်း ဘုရားရှေ့ကို ရောက်တော့ ဘုရားဝင်းသံတံခါးကြီးကို သော့ခတ်ထားတာ တွေ့လိုက်ရသည်။ ဝင်းအပြင်စောင်းတန်းဘက်က ပန်းဆိုင်တစ်ဆိုင်မှာ ပစ္စည်းတွေသိမ်းရင်း ဖြစ်ပြီးမသေလည်း ငတ်ပြီးသေကြရုံပေါ့ဟု ဆိုင်အလုပ်သမားလေးတစ်ဦး မကျေမချမ်းပြောနေသံကို ကြားလိုက်မိသည်။ အပြန်မှာလည်း ကိုယ်ငှားစီးသည့် တက္ကဆီဒရိုင်ဘာကို အခြားသူ့သူငယ်ချင်းဒရိုင်ဘာတွေက နောက်ရင်းပြောင်ရင်း ဘာမှမပူနဲ့၊ နောက် ၅ ရက်ဆို ဒီကောင်ခွေးဖြစ်တော့မယ်ဟု ပြောလိုက်သံကို ကြားရပြန်သည်။ 
သူတို့သည် ကရိုနာကို မကြောက်ပါ။ သူတို့ဘဝတွေ ဘာတွေဆက်ဖြစ်ကြမလဲကိုသာ ကြောက်ရွံ့ထိတ်လန့်နေကြပါသည်။ ကပ်ရောဂါကြောင့် ကမ႓ာပျက်မလား မပျက်ဘူးလား သူတို့ မတွေးအားကြပါ။ မနက်ဖြန်ထမင်းတနပ် ငတ်မလား မငတ်ဘူးလားမေးခွန်းထဲမှာ သူတို့တွေ ပိုပူပြင်းနေကြသည်ဟု ထင်မိသည်။
နယ်မြို့လေးတမြို့က စျေးတန်းလေးမှာ စျေးဝယ်တဦးနှင့်တဦး ၃ ပေခွာဖို့ စည်းလေးတွေ ဝိုင်းထားတာကို တွေ့လိုက်ရသည်။ ချောင်ကျကျ ဒေသတခု၏ ကျန်းမာရေးအသိကို ပီတိဖြစ်ရပါသည်။ လမ်းမီးမှောင်ရိပ်မကျတကျမှာ မြို့လည်ဘက်က ပြန်ဝင်လာသည့် ဘက်စ်ကားတစီးပေါ်လှမ်းကြည့်လိုက်တော့ အလုပ်ပြန်လာသည့်လူတွေ ကားထဲမှာ ရင်ချင်းအပ်လိုက်ပါလာတာ မြင်လိုက်ရတော့ လမ်းပေါ်က ကိုယ်ပါ အသက်ရှုကြပ်လာရသည်။ 
ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ လူတို့၏ ရှင်သန်ရပ်တည်ရေး ဘဝတိုက်ပွဲ မည်မျှ ရက်စက်ပြင်းထန်ကြောင်းကို မကြာခင် သူကောင်းကောင်းသိသွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူသည် ဗိုင်းရပ်စ်ထက် အသက်ပိုပြင်းသော သတ္တဝါတမျိုးဖြစ်သောကြောင့်ပင်။

ကုိဗစ္မွတ္စု ၁

 ၃ဧပြီ၊ ၂၀၂၀

ကိုဗစ်သည် တချိန်တွင် ကျနော်တို့ လူသားများရှေ့မှောက်၌ ဒူးထောက်အရှုံးပေးရမည်သာဖြစ်သည်။
ယခုအခါ၌မူ လူတို့၏အဆုပ်သည် သူ၏သည်းခြေကြိုက်သားကောင်ဖြစ်နေတော့သည်။ သူသည် အဆုပ်ပေါင်းများစွာကို ပွဲတော်တည်ပြီးသည့်တိုင် အာသာပြေနိုင်ဟန်မတူသေး။ နယူးယောက်ကအဆုပ်၊ မီလန်ကအဆုပ်၊ ဘာဆီလိုနာကအဆုပ်၊ ဖရန့်ဖွတ်နှင့် လန်ဒန်မြို့တော်ကြီးကအဆုပ်။ ဒါတင်မက အာရှ၊ အာဖရိက၊ လက်တင်အမေရိကနေ ဆင်းရဲနိမ့်ကျသော ပြည်သူတို့၏အဆုပ်များဆီကိုပါ သူပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲကာ သူ့လျှာကြိုးခွေကို လက်ကန်ုပစ်လွှတ်နေလေသည်။
သူသည် အဆုပ်ကိုကြိုက်၏။ သို့သော် သူတကယ်ကိုက်ခဲပစ်ခဲ့သည်မှာမူ ကျနော်တို့၏ စိတ်ကိုပဲဖြစ်သည်။ ထို့ကြောင့်ပင် ကိုဗစ်သည် ထိုစစ်မျက်နှာတွင် အောင်ပွဲရရန် အလှမ်းဝေးသွားခြင်းဖြစ်သည်။ လူတို့သည် ကမ႓ာကြီးကို စိတ်ဖြင့်တည်ဆောက်လာခဲ့သူများဖြစ်ရာ သူတို့စိတ်ကို ကိုက်ခဲလာသည့်ရန်သူကို အလွတ်မပေးပဲ အဆုံးတနေ့ အနိုင်တိုက်မည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ ကိုဗစ်သည် အဆုပ်ကိုကျော်၍ စိတ်ကိုကိုက်ခဲမိသည့်အတွက် ယခုအခါ ပြန်ပေးဆပ်ရပေတော့မည်။ 
အဘယ်ကြောင့်ဆိုသော် လူသည် အဆုပ်ဖြင့် အသက်ရှုသော်လည်း နှလုံးသားဖြင့်ရှင်သန်ကြသောကြောင့်ဖြစ်ပါသည်။

Friday, August 8, 2008

မောင်တို့ရွာ သာပါစမေး

အသက်ရှင်နေတဲ့ လူတွေရဲ့ မျက်နှာအသေတွေကို သင်တို့ မြင်ဘူးပါသလား။
ကျနော့်ကွန်ပြူတာမှာ မုန်တိုင်းတုန်းက တန်းစီနေတဲ့ ဒုက္ခသည်တစုကို ရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အွန်လိုင်းပေါ်မှာ တွေ့ရာက သတိထားမိပြီး စက်ပေါ်ဆွဲချ မျက်နှာဖုံးအဖြစ် တင်ထားလိုက်တာ ဒီနေ့အထိပါပဲ။ ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ သူတို့တစု မျက်နှာတွေကို တန်းတွေ့ရတာပါ။ အစားအသောက်၊ ပစ္စည်း ပစ္စယ ဝေတဲ့နေရာမှာ တန်းစီနေပေမယ့် သူတို့မျက်နှာတွေပေါ်မှာ လိုချင်မှု၊ မျှော်လင့်ချက် စတာတွေ မတွေ့ရသလို မုန်တိုင်းရဲ့ ဒုက္ခတွေ ဖိစီးထားပေမယ့်လည်း သောကတွေ၊ ကြေကွဲမှုတွေ၊ တခုခုအပေါ် ဒေါသ၊ အလိုမကျမှု စတာတွေလည်း မတွေ့ရပါဘူး။ ပြောရရင် ဘာခံစားချက်မှ ဖွင့်ဆိုကြည့်လို့ မရနိုင်တဲ့ တကယ့် မျက်နှာအသေတွေပါ။ တခါတခါ ကျနော်လည်း သူတို့မျက်နှာတွေကို စေ့စေ့ထိုင်ကြည့်ရင်း ဘာကိုမှ မတွေးမိ၊ မခံစားမိတော့ပဲ ငူငူကြီး ဖြစ်ဖြစ်သွားမိပါတယ်။ စာစကားနဲ့ပြောရရင် တကယ်တော့ အဲဒီနေရာမှာ လူသားရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတော့တာပါပဲ။

အခု ရှစ်လေးလုံး နီးလာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်တွေးကြည့်ရာက မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေထဲက ပြုံးပျော် အော်ဟစ်နေခဲ့ဘူးတဲ့ ကျနော်တို့ ပြည်သူတွေကို သတိရလိုက်မိတယ်။ မြန်မာ့သမိုင်းမှာ လူထုတရပ်လုံးကို အဲဒီတုန်းကလို ပျော်ရွှင်စေခဲ့ဘူးတဲ့ အဖြစ်အပျက်တွေ သိပ်များများ ရှိခဲ့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွတ်လပ်ရေးရတုန်းက ဘယ်လောက် ပျော်ခဲ့ကြဘူးသလဲ ကျနော် မမီတော့ သေချာ မသိဘူးပေါ့။ ကျနော် သေသေချာချာ သိတာက ၁၃၅၀ ပြည့် လူထုအရေးတော်ပုံကြီးလို့ ဆိုရမယ့် ရှစ်လေးလုံး ကာလတုန်းက မြန်မာပြည်သူတွေ တကယ်ပျော်ခဲ့ဘူးတဲ့ အဖြစ်တွေပါ။

ပျော်ခဲ့ကြတဲ့ ရက်ကြီး ၃ ရက် ဆိုပါတော့။
ပထမ တရက်က ရှစ်လေးလုံးနေ့ကပါ။ မိုးလင်းထဲက တကယ်မှ ဖြစ်လာပါ့မလား၊ ဖြစ်လာရင်လည်း အပစ်အခတ်တွေနဲ့ သေကြရအုန်းမလား၊ တတိုင်း တပြည်လုံးမှ ပါပါ့မလား စသဖြင့် ပူပန်နေရာက၊ မနက်ခင်း တခုလုံး ငြိမ်သက်၊ နေ့ခင်း ထမင်းစားချိန်နီးမှ ဟိုတကွက် ဒီတကွက် ထဖြစ်ရကာနေ နေ့လည်ခင်းလည်း ကျော်ရော လမ်းမတွေပေါ် စစ်ကြောင်းကြီးတွေ အုန်းအုန်းကျတ်ကျတ် ဖြစ်လာတော့ အဲဒီတညလုံး ပျော်လိုက်ကြတာ။ ဘယ်သူမှ အိမ်ထဲမှာ မနေနိုင်ကြဘူး။ လမ်းတွေပေါ်မှာ တရုန်းရုန်း။ ခေတ်ကြီး ခုပဲ ပြောင်းသွားသလို ပျော်နေခဲ့ကြတာပါ။ ( အိမ်တံခါး အလုံပိတ်ပြီး စိုးရိမ် ကြောက်ရွံနေခဲ့တဲ့ သူတွေလည်း ရှိချင် ရှိခဲ့မှာပါ )

ဒုတိယ တရက်ကတော့ သမတကြီး ဦးစိန်လွင် နှုတ်ထွက်သွားပြီဆိုတဲ့ နေ့ကပါ။
၉ ရက်နေ့စလို့ ပစ်သံခတ်သံတွေ ဆူညံခဲ့။ သေကြ၊ ပျောက်ကြ၊ သောက ဒေါသတွေဖြစ်ကြရနဲ့။ လူငယ်ကျောင်းသားတွေလည်း မြေအောက် လျိုးသူလျိုး၊ နယ်မြို့တွေဘက် ဆင်းသူဆင်းနဲ့ အခြေအနေက တင်းမာ အေးစက်နေကြချိန်။ ဆေးရုံကြီး အရေးပေါ်ဌာနကို သပိတ်စခန်းလို အခြေပြုထားရချိန်မှာ ဆန်တပြည် ၂ ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ၊ စိန်လွင် ၆ တန်း တစောက်ကန်း စတဲ့ ကြွေးကျော်သံတွေနဲ့ မဆလ သက်တမ်းတလျောက် ပစ်ခဲ့ခတ်ခဲ့သမျှ ဒီကောင် ကြီးပဲလို့ အားလုံးက မေတ္တာထားကြနေကြတဲ့ ဦးစိန်လွင် နှုတ်ထွက်ကြောင်း ည ၈ နာရီ သတင်းမှာ ကြေငြာသံလည်း ကြားလိုက်ရော လူတွေ ကိုယ့်အိမ်ထဲကကိုယ် တပြိုင်တည်း ဟေးကနဲ ထအော်လိုက်ကြတာ တော်လည်းသံကြီး ကြားလိုက်ရသလိုပါပဲ။ ပျော်လိုက်ကြတာ။ ဒီမကောင်းဆိုးဝါးကြီး မရှိတော့ရင်တော့ အခြေအနေတွေ ပြန်ကောင်းလာတော့မယ်လို့လည်း မျှော်လင့်ခဲ့ကြတာကိုး။

ဒါပေမယ့် ထင်သလို ချက်ချင်းဖြစ်မလာပါဘူး။ လမ်းတွေပေါ်မှာ အတားအဆီးတွေ စစ်ကားတွေ စစ်သားတွေ ဆက်ရှိနေဆဲပါ။ လူတွေက လမ်းတွေပေါ်မှာ ဟိုလျောက်ဒီလျောက်ရင်း ခပ်လှမ်းလှမ်းကနေ မိုက်ကြည့်ကြည့်ကြ၊ မနှစ်မြို့ဟန် လုပ်ပြကြပေါ့။ ဒီကြားထဲ ဆေးရုံကြီးက ဒဏ်ရာရ လူနာတွေအတွက် အရေးပေါ် သွေးလိုလို့ သွေးလှုဖို့ ရောက်လာတဲ့ လူအုပ်ကို ဆေးရုံဝင်းအပြင် ကားလမ်းပေါ်ကနေ လှမ်းပစ်သွားလို့ တံခါးပေါက်နားမှာ ကျဆုံးသူတွေအတွက် လွမ်းသူပန်းခွေချစရာ နေရာလေးတခု ဖြစ်လာရပြန်တယ်။ လူတွေကလည်း ဟိုဘက်ကလှည့် ဒီဘက်ကလှည့် အားစမ်းနေချိန်၊ စစ်အုပ်ချုပ်ရေးကလည်း ပစ်ဖို့ ခတ်ဖို့ အဆင်သင့်ပုံနဲ့ပါ။ အဲလိုဖြစ်နေချိန်မှာ သြဂုတ် ၂၁ ထင်ပါတယ်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာချက် နေ့ခင်းဘက်ကြီး ကြားလိုက် ကြရပါတယ်။ လူတွဟာ ရုတ်တရက်ပျော်ပြီး လမ်းပေါ်က စစ်သားတွေကို မုန့်တွေကြွေးကြ၊ ပန်းတွေပေးကြ၊ လက်ဆွဲကြနဲ့။ စစ်သားတွေလည်း အခုမှ အလုံးကြီးတခု ကျသွားသလို၊ လန့်နိုးသလို ဖြစ်ကြ။ အဲဒီမြင်ကွင်းကို အခုပြန်တွေးရင် အခုပြန်မြင်နေတုန်းပါပဲ။ အဲဒီနေ့က ရခဲ့တဲ့ စစ်တပ်နဲ့ပြည်သူကြား ချစ်ကြည်ရေး စိတ်ဓါတ်ဟာ အာဏာရှင်တွေရဲ့ ကျိန်စာကြောင့် ဒီနေ့ ဒီအခြေဆိုက်ခဲ့ကြရတာ မြန်မာ့သမိုင်းရဲ့ ကံဆိုးမှုလို့ ဆိုရပါတော့မယ်။

အခုတော့ ကျနော်တို့ပြည်သူတွေ မပျော်ခဲ့ကြရတာ အနှစ် ၂၀ ရှိပါပြီ။ အပေါ်က ပြောခဲ့သလို ပျော်ရမယ့် ရက်တရက်ကို ကျနော်တို့ နောက် ဘယ်နှစ်နှစ် စောင့်ကြရအုန်းမလဲ။ ကွန်ပြူတာပေါ်က မျက်နှာအသေတွေကို ကြည့်ရင်း မေးခွန်းထဲမှာ ကျနော် ပစ်လှဲချလိုက်မိပါတယ်။

Monday, October 8, 2007

ဒစ်ဂျစ်တယ်အနုပညာဝါဒနှင့် သိ င်္ဂီတ၀က် မြတ၀က်


သိ င်္ဂီတ၀က် မြတ၀က်ဟုပင် ဖွဲ့ရမည်လား။ ထင်းရူးတောအုပ် မြက်ခင်းနှင့် အခြားစိမ်းစိုဆဲ မြင်ကွင်းထဲ ၀ါရွှေရွက်ခြောက်တို့ တသောသော လွင့်ကြွေကြပုံက ဆောင်းဦးဆောင်းရဲ့ သရုပ်ကိုဖေါ်နေသည်။ တချို့သစ်ပင်တို့ ခပ်တဲတဲ ရွက်ကြွင်းကျဲကျဲဆင်ကာ မလုံ့တလုံဖြင့် အိနြေ္ဒပျက်စပြုနေပြီကော။ နေရောင်စပ်စပ်ရှိနေပေမယ့် လေကအေးစက်နေသည်။ မိုးပြေးကလေး တပြိုက်လောက် သော့နှင်သွားခဲ့လျင်တော့ သဘာဝလောကပန်းချီက လွမ်းရိပ်ဆင်မှိုင်းလို့နေပြန်သည်။ သည်လိုနှင့် သည်တဆောင်းကိုတော့ ဖြတ်ကြရပြန်အုန်းတော့မည်။


လက်ကိုင်ဖုန်းကလေးဖြင့် သဘာဝပုံတွေကို သိမ်းဆည်းနေမိသည်။ နည်းပညာခေတ်မှာ လက်ကိုင်ကိရိယာလေးတခုက အတော်စုံစုံ စွမ်းဆောင်နေနိုင်တာတွေးမိတော့ လူသားတို့၏ တီထွင်ဖန်တီးနိုင်စွမ်းကို အံ့မောရသည်။ တဆက်တည်း အနုပညာနှင့် နည်းပညာ၏ ပေါင်းစပ်မှုကို အတွေးချဲ့နေမိသည်။ တခါကတော့ ပန်းပု ပန်းချီ စာပေ ဂီတ တို့သည် လူသား၏ရုပ်ခန္ဒာကို ကြားခံကိရိယာအဖြစ်ထား၍ မွေးဖွားခဲ့ကြသည်။ အနုပညာနှင့် လုပ်အားတို့ ပေါင်းစည်းခဲ့ကြသည်။ နည်းပညာက အခုလောက် အကောင်မထွားသေး။ ကျောက်ကို ထွင်းသည်။ သစ်သားကို ထုသည်။ ပေရွက်ကို ပရပိုဒ်ပြုကာ ကညစ်ဖြင့်ရေးခြစ်သည်။ သားရေကြက်ဗုံတို့ကို တီးခတ်သည်။ ကညင်ဆီမီးတိုင်အောက်မှာ ချွေးပြိုက်ပြိုက်ကျအောင် ကကြခုန်ကြသည်။ လည်ပင်းကြောတွေထောင်ထအောင် ဟစ်ရ ဟဲရ သီကျုးရသည်။
ခုတော့ သီချင်းနားထောင်မလား။ မိုင်ပေါင်းများစွာ ဝေးကွာသောတနေရာမှ တင်ဆက်မှုတခုကို ရှုစားမလား။ သီကုံးဖွဲ့နွဲ့ထားသည် စကားလုံးတွေကို တနေရာတည်းမှာ မှာယူဖတ်ရှုမလား။ ကိုယ့်ရှေ့က ရှုမျှော်ခင်းကို မျက်နှာမလွှဲနိုင်လို့ ကိုယ့်ဖိုင်ထဲမှာ တခါတည်း သိမ်းဆည်းသွားမလား။ ကိုယ့်အတွေးတွေ၊ ရှာဖွေတွေ့ရှိမှုတွေ၊ ဖန်တီးတင်ပြမှုတွေကို ကမ္ဘာမြေဘယ်နေရာရောက်နေနေ တခြားသူတွေကို ဝေမျှချင်သလား။ လက်တကိုင်စာ ကိရိယာလေးတခုဖြင့် အကုန်လုပ်နိုင်သည်။ ဘယ့်ကလောက် ပဉ္စလက်ဆန်လိုက်ပါသလဲ။

အနုပညာ၏ ပဉ္စလက်သည် နည်းပညာဖြင့် ပြိုးပြက်ထွက်လာသည်။ အတွေးအခေါ် အာရုံခံစားမှုတို့သည် ဒစ်ဂျစ်တယ်လိုက် ဖြစ်ဖို့လိုလာသည်။ ဒါကို ဒစ်ဂျစ်တယ်အနုပညာဟု ခေါ်နိုင်မည်ထင်သည်။ ဒစ်ဂျစ်တယ်အနုပညာသည် ခေတ်ပြိုင်လူမှုဘ၀များကို အောက်ခြေကစ ကိုင်လှုပ်ပစ်တော့မည်။
အလုံးစုံသော ဒစ်ဂျစ်တယ် လူမှုတော်လှန်ရေးကြီးတရပ်ကို ထုတ်လုပ်ဖို့ရာ ဒစ်ဂျစ်တယ်အနုပညာက အသေအချာ ခင်းကျင်းပြင်ဆင်နေကြောင်း ထင်ရှားလာသည်။
သုံညနှင့် တစ်၊ အချစ်နှင့် အမုန်း၊ ကောင်းမှုနှင့် မကောင်းမှု၊ ဖိနှိပ်မှုနှင့် သတ္တိ၊ မုသားနှင့် အမှန်တရား၊ ထိုဒစ်ဂျစ်တယ် ကိန်းဂဏန်းများ၏ အစီအစဉ်ရှိရှိ ဖွဲ့စည်းမှုနောက်တွင် အနိဌာရုံနှင့် အလှတရားကို ရက်ရက်စက်စက် ပေါင်းစည်းတင်ဆက်ထားသော အနုပညာတရပ် အမှန်တကယ် ပေါ်ထွက်လာသည်။ ဒစ်ဂျစ်တယ်အနုပညာဝါဒ။

နည်းပညာသည် အရာတော်တော်များများကို ပြုလုပ်နိုင်စွမ်းရှိသော်လည်း ဘ၀လက်တွေ့ထဲ စွန့်လွှတ်ပေးဆပ်ခြင်းကိုတော့ လူသားကသာ ပြုလုပ်နိုင်စွမ်းရှိ၏။
သို့အတွက်ပင် နည်းပညာနှင့် အတွေးအခေါ် မည်မျှပြိုးပြက် ရဲရင့်ပွင့်လင်းသည်ဖြစ်စေ ပေးဆပ်မှုမဲ့လျင်တော့ ထိုအနုပညာသည် ဖူးဝေမွှေးပျံ့နိုင်စွမ်း ရှိလိမ့်မည်မဟုတ်ဟု ရဲရဲကြီးဆိုနိုင်သည်။ ရေငတ်ပန်းလို အဆင်းရနံ့မဲ့ သွေ့ခြောက်နေမည်သာ။ ဒစ်ဂျစ်တယ်ပဉ္စလက် အနုပညာရှင်တို့သည် ခေတ်၏တောင်းဆိုမှုအတိုင်း သူတို့ဘ၀ကို သမိုင်းလမ်းမပေါ် ပစ်တင်ခဲ့ကြသည်။ ပစ်တင်ရဲဖို့ လိုလာသည်။ ဒါသည်ပင် ဒစ်ဂျစ်တယ်အနုပညာဝါဒ၏ တကယ့်အနှစ်သာရသဘောဟု ကြေငြာလိုက်ရပေသည်။


Tuesday, August 21, 2007

ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်

( အတွေးခဲခြစ် )

ဘလော့ကို လူတယောက်၏ ဒုတိယ ဥပဓိဟု ခေါ်ရမည်လား မသိ။
ဘလော့တခုဆီ သွားလည်လျင် လူတယောက်နှင့်တွေ့ဆုံရသလို
အရသာမျိုး ရသည်ဟု ကျနော် ခံစားရသည်။ စိတ်ကူးတွေ ဖွင့်အံမှုတွေ၊
လေ့လာမှုတွေ အားထုတ်မှုတွေ၊ အရယ်အပြုံး အလွမ်းအဆွေး၊
ဝမ်းမြောက်မှု စိတ်ညစ်ညူးမှု စသဖြင့် တွေ့မြင်နိုင်သည်။
ဘလော့အပြင်အဆင်၊ အပြောင်းအလဲ၊ နေရာချထားမှုတွေကနေ
ထိုသူ့ အတွင်းသဘောကို အကဲခတ်နိုင်သည်။ စီဘောက်၊ ကွန်မန့်စသည်
တို့မှာ ထိုသူနှင့် အခြားသူများ၏ ဆက်ဆံရေး၊ သူ ဘယ်လိုတုန့်ပြန်သလဲ
ခံစားသလဲ စသဖြင့်လည်း တွေ့နိုင်သေးသည်။ ဘလော့ပေါ်မှာ အပေါ်ယံ
လောက၀တ်တွေ၊ တမင်ရုပ်ဖျက်ထားမှု၊ ပိရိစွာသရုပ်ဆောင်မှုတို့ ရှိနိုင်
သော်လည်း တချက်မဟုတ် တချက်မှာတော့ အတွင်းသရုပ်တွေကို
ဖွေတတ်လျင် လှစ်ကနဲ တွေ့ရလိမ့်မည်။ ထို့ကြောင့် ဘလော့တခု သက်တမ်း
ကလေး ရလာပြီဆိုလျင် လူတယောက်လို အသက်ဝင်လာသည်ဟု ကျနော်
ဆိုချင်သည်။

အသက်ဝင်လာလျင်တော့ ထုံးစံအတိုင်း ကိုယ်က သိပ် ၀င်ရောက်စွက်ဖက်ဖို့

မလွယ်တော့။ အနည်းနှင့် အများ သူသဘော သူဆောင်လာနိုင်သည်။
စာရေးဆရာတွေ ကိုယ့်ဝတ္တုထဲက ဇာတ်ကောင်တွေ ကိုယ်မနိုင်တော့သည့်
သဘောမျိုး ဖြစ်လာတတ်သည်။ ကိုယ်ရေး ကိုယ်တင် ဆိုပေမယ့်
ကိုယ် တည်းဖြတ်ချင်တိုင်း တည်းဖြတ်လို့ မရနိုင်တော့။ ကိုယ်ဘလော့ကိုယ်
စိတ်ကုန်လာချိန်မှာရပ်ပစ်ရမည်ဆိုလျင်လည်း မိမိရင်သွေး မိမိသတ်ရသလို
စိတ်မှာ နာကျင်ရလိမ့်မည်။ အပေါင်းအဖေါ် ဘလော့ဂါတွေကလည်း ၀ိုင်းဝန်း
အရေးဆို ပြစ်တင်ကြလိမ့်မည်။

တခါ ဘလော့က မိမိ၏ လက်တွေ့ဘ၀အပေါ် ဘာတွေ ရိုက်ခတ်လာနိုင်သလဲ။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်းအပေါ် ဘယ်လို အကျိုးသက်ရောက်
မှုတွေ ဖြစ်လာနိုင်သလဲ။ ကျနော်တို့လို တရေတမြေမှာ ရောက်နေကြရသည့်
မြန်မာများအတွက်တော့ ဘလော့က အဖေါ်ကောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်
ဟု ရဲရဲကြီး ယုံကြည်မိသည်။ ထို့ကြောင့်ပင် သူငယ်ချင်း မိတ်ဆွေတွေကို ကြုံရင်
ကြုံသလို ဘလော့ကလေးတခုတော့ ရေးကြပါဟု တိုက်တွန်းဖြစ်သည်။ သို့သော်
ကျနော်မျှော်လင့်သလောက် သူတို့ဘက်က စိတ်ဝင်စားဟန် သိပ်မပြ။
ကိုယောဟန်အောင်၏ ဟစ်ဟော့ကဗျာထဲကလို
ဘလော့ကလေး တကုတ်ကုတ်ရေးမိပါတယ် အရည်မရအဖတ်မရ ဟု
အပြောမခံရလျင်ပင် ကံကောင်းဟု မှတ်ရမည်လား။

ဘလော့သက်အရ ကျနော်က သိပ်ငယ်သေးသည်။ ဘလော့နှင့်ပတ်သက်ပြီး

ပြောရေးဆိုခွင့်တော့ သိပ်မရှိပါ။ နည်းနည်းကြာလာလျင် ဘလော့အပေါ်
ကျနော့်နားလည်မှုကလည်း ပြောင်းနိုင်သည် မဟုတ်လား။
ဘာပဲဖြစ်ဖြစ် အခုနေမှာတော့ လူတိုင်းကို ဘလော့ကလေး တခုစီ ရှိစေချင်
သည်။ လက်တွေ့ဘ၀မှာ ဘာ့ကြောင့် ဘယ်လို ဝေးနေနေ၊ ခြားနေနေ၊ ကွဲလွဲ
နေနေ ဘလော့ကလေးများမှတဆင့် ထိတွေ့ဆက်ဆံရင်း ရင်းနှီး နားလည်
လာနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။ အခုနေ တယောက်ကိုတယောက်
ဆဲကောင်း ဆဲနေကြမည်။ ခပ်စိမ်းစိမ်း ကြည့်ကောင်းကြည့်နေကြမည်။
တချိန်မှာတော့ ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ပြိုကွဲနေသည့်
ယုံကြည်မှု၊ ပြန်လည်သင့်မြတ်မှု၊ ငြိမ်းချမ်းမှုတွေကို သည်ဘလော့ကလေး
တွေက ဆောင်ကြဉ်းမပေးနိုင်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
ကျနော် မျှော်လင့်တာ သိပ်များ များသွားပြီလား။
ဖြစ်နိုင်လျင် သည့်ထက်ပင် ပိုလို့ မျှော်လင့်ချင်နေမိတာ..။
တေးတပုဒ် ဖြစ်မလာခဲ့လည်း စိတ်ကူးကလေးက
ချိုမြလှပနေမှာ မဟုတ်လား။

Friday, June 22, 2007

မျက်ရည်တ၀က်မျှဖြစ်စေ သုတ်ပေးခွင့်

တဦးတယောက်က ပူဆွေးငိုကြွေးနေတဲ့အချိန်မှာ
အခြားတစုံတဦးက ပျော်ရွှင်ရယ်မော နေနိုင်မှာတဲ့လား။

ဆိုင်အပြင် မှန်နံရံပေါ်မှာ ရေးထားသည့်စာတန်းကလေးဖြစ်သည်။ ဆိုင်ထဲမှာတော့ ပန်းကန်ခွက်ယောက်၊ အင်္ကျီ အ၀တ်အစား၊ စာအုပ်တိတ်ခွေ၊ အိမ်ထောင်ပရိဘောဂ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းမျိုးစုံအဆုံး အကုန်ရှိသည်။ အသစ်တွေတော့ မဟုတ်။ လာရောက်လှုဒန်းသွားကြသည့် ပစ္စည်းဟောင်းများဖြစ်သည်။ သို့သော် တချို့က အတော်လတ်သေးသည်ဟုပြောနိုင်သည်။ အဟောင်းပေမယ့် အစုတ်အမြင်းတွေတော့မဟုတ်။ သူတို့က ပစ္စည်းအကိုင် စည်းကမ်းရှိသည်ဟု ပြောရမည်။ ကျနော်တို့အတွက် သုံးပျော်သေးသည့် အနေအထားမှာရှိသည်။ တချို့ကလည်း ဟောင်းလို့လာလှုသွားသည်မဟုတ်။ အသစ်တခုဝယ်လိုက်၍ ပိုသွားသည်ကို လာလှုသွားခြင်း။ ၀ယ်ပြီးမှ မကြိုက်တော့သည်ကို ပြန်မလဲချင်၍ သည်မှာ လာလှုသွားခြင်းမျိုးဖြစ်သည်။
ထိုပစ္စည်းတွေကို ၀ယ်ချင့်စဖွယ်ဖြစ်အောင် ပြင်ဆင်ခင်းကျင်းပြီး သည်ဆိုင်မှာ ပြန်လည်ရောင်းချသည်။ ရောင်းလို့ရသည့်ငွေကို လူမှုအကူအညီလုပ်ငန်းများအတွက် အသုံးပြုသည်။ တနိုင်ငံလုံးမှာ သည်လိုဆိုင်တွေ အများကြီးရှိသည်။ သူတို့လုပ်ငန်းကလေးက သဘောကျစရာပါပေ။

ပစ္စည်းတွေက အသစ်တွေနှင့် ဈေးအတော်ကွာသည်။ အတော်သက်သာသည့် နှုန်းထားဟုပြောရမည်။ ကျနော်တို့ရောက်စက ဆိုဖာတစုံ။ ထမင်းစားပွဲ။ စာအုပ်စင် စသည်တို့ကို သည်ကပဲဝယ်သည်။ အသစ်တွေနား မကပ်နိုင်။ သည်လောက်နှင့်ပဲလည်း ကျနော်တို့ဧည့်ခန်းက အတော်သားနားသွားသည်။ တော်ပြီပေါ့။ အနွေးထည်တွေ၊ ဂျာကင်တွေ၊ အင်္ကျီအ၀တ်အစားတချို့ကိုလည်း အစပိုင်းကတော့ သည်ကပဲ ၀ယ်ဝတ်သည်။ အခုနောက်တော့ တချို့စင်တာတွေမှာ လျော့ဈေးချတုန်း ၀င်ဖွတတ်လာပြီမို့ အသစ်ဝယ်ဝတ်ဖြစ်လာသည်။ ဒါလည်း လမ်းကြုံလျင် သည်ဆိုင်မှာ ၀င်မွှေတတ်သေးသည်။ တခါတခါ မမျှော်လင့်ပဲ ပစ္စည်းကောင်းလေးတွေ ဈေးချောင်ချောင်နှင့် ရတတ်သည်။ ကျနော် အရူးအမူးဖြစ်သည့် လီဗိုင်းဂျင်းဂျာကင်တထည်ကို သည်ဆိုက်ကနေ ဈေးချောင်ချောင်နှင့် ကျနော်ရခဲ့ဘူးသည်။ ဥရောပရောက်တာတောင် ဖျာပုံထည်နှင့်ညားတုန်းမို့ ပြုံးချင်စရာ။

သည်ဆိုင်မှာ လခစားဝန်ထမ်းမရှိ။ အားလုံး စေတနာလုပ်အားရှင်တွေချည်းဖြစ်သည်။ ဆိုင်ကို ကြက်ခြေနီအဖွဲ့က ပိုင်သည်။ ကမ္ဘာတ၀ှမ်း ဒုက္ခရောက်နေသည့်နေရာတွေဆီ သူတို့သွားရောက်ကူညီကြသည်။ သည်မှာရှိသည့် သည်ဆိုင်ကလည်း ကမ္ဘာတ၀ှမ်းမှရောက်လာသည့် ကျနော်တို့လိုဒုက္ခသည်တွေအတွက် အားထားစရာ။ အ၀ါ၊ အညို၊ အမဲ အစုံ ဆိုင်ထဲမှာ တရုန်းရုန်း။ တချို့သူတို့နိုင်ငံသားတွေလည်း လာလာမွှေတတ်ကြသည်။ တခါက အဖွားကြီးတဦး အနွေးထည်လေးတထည် ၀တ်ကြည့်နေတာတွေ့ရသည်။ နောက်တော့ သူ့အင်္ကျီဟောင်းလေး တန်းပေါ်တင်ထားခဲ့ပြီး ထိုအနွေးထည်ကိုဝတ်ကာ ဆိုင်အပြင်ခပ်တည်တည်ထွက်သွားတာတွေ့လိုက်ရသည်။ ပစ္စည်းတွေမှာ သံလိုက်တံဆိပ်တွေမပါသည့်အတွက် မမြင်လိုက်လျင် ပါသွားသည်သာ။ လှုပါသည်ဆိုမှ အခမဲ့ဝင်ကူညီသွားသေးသည်ဟု ပြောရမလားမသိ။

တနေ့က မနက်ခင်းစာ ရုပ်မြင်အစီအစဉ်မှာ ကိုယ်ဟန်ပြမယ်လေးတွေနှင့် ဖက်ရှင်ပြပွဲတခု ကြည့်လိုက်ရသည်။ ထိုကြက်ခြေနီဆိုင်မှ အ၀တ်အစားများဖြင့် ဖက်ရှင်ပြခြင်းပင်။ ကြည့်လို့တော့အကောင်းသား။ အဟောင်းကလေးတွေဖြင့်လည်း လှအောင်ဝတ်နိုင်သည်ကိုတွေ့ရသည်။ အသစ်ဝယ်ဖို့လက်လှမ်းမမှီခင် အဟောင်းထဲမှ အကောင်းကလေးများရွေးကာ ကိုယ့်ကိုယ်ကိုယ် လှအောင်ဆင်နိုင်ပါသည်။ ရယ်မောနေသူတို့၏ ကြင်နာသောလက်ဖြင့် ငိုကြွေးနေသူ၏ မျက်ရည်တ၀က်ကို သုတ်နိုင်လျင်ပင် လောကကြီးက အတန်လှပလာနိုင်သည်မဟုတ်လား။

သို့သော်
ကျနော်တို့နေထိုင်တဲ့သည်မြေကမ္ဘာပေါ်
တစုံတဦးက ငိုကြွေးနေတဲ့အချိန်
အခြားတစုံတဦးက ရယ်နေမောနေ၊ ပျော်ပွဲဖွဲ့နေကြတာပါပဲ။
သြော် ကမ္ဘာကြီးတောင် ဘယ်တော့မဆို တ၀က်ပဲလင်းနိုင်တာ
ကျနော်တို့ ဘာလို့ မေ့မေ့သွားကြပါလိမ့်။ ။


Sunday, June 17, 2007

သစ္စာတော်စူးရစေ့

ခွေးအကြောင်းက မပြီးသေး။ ဆက်တွေးဖြစ်ပြန်သည်။

ကျနော်တို့ငယ်စဉ်က ဥက္ကလာသည် မြို့သစ်ပေါက်စမျှရှိသေးသည်။ ကျနော်တို့အိမ်တွေအောက်မှာ ရေ၀ပ်နေသည်။ မိုးဆိုလျင် ကြမ်းနှင့်ရေထိသည်။ ရေထဲမှာ ကျနော်တို့ကလေးတွေ ကျွမ်းပစ်ကြသည်။ ပါးစပ်နားရောက်လာသည့် မစင်တုံးတွေကို လက်နှင့်တွန်းဖယ်ရင်း ဗန်ဒါတုံးအပိုင်းပေါ်ခွတက်ကာ လှေလှော်ခဲ့ကြသည်။ ရေကျသွားလျင် အညစ်အကြေးကင်းစင်ပြီး သန့်ကျန်ရစ်သည်။
ကျနော်တို့အိမ်နောက်မှာ ခရာဆူးခြုံတွေရှိသည်။ အိမ်သာတက်လျင် ခရာခက်လေးချိုးကာ ကိုင်ထားရသည်။ အိမ်သာတွေက အိမ်ခြံနောက်ထုတ်ဆောက်ထားသည့် ဇလားအိမ်သာမျိုးဖြစ်သည်။ ကိုယ်အိမ်သာတက်နေစဉ် ဇလားပေါ် ချီးစားစုန်းတွေရောက်လာတတ်သည်ဟုဆိုသည်။ ထိုအခါ ခရာဆူးနှင့်ရိုက်ချမှ ပြေးသည်ဟု ပြောသံကြားဘူးသည်။ ကျနော်တော့တခါမှ မကြုံဘူးခဲ့။

ထိုကျနော်တို့အိမ်နောက် ခရာခြုံတွေအောက် နွေရာသီမြေခြောက်စဉ် တခါတော့ ခွေးမကြီးတကောင် မီးဖွားသည်။ ခွေးကလေးတွေအော်သံသာကြားပြီး တော်တော်နှင့်ထွက်မလာ။ တပတ်လောက်နေတော့မှ ယိုင်ထိုးယိုင်ထိုးနှင့် သကောင့်သားတွေ တောတိုးထွက်လာကြသည်။ ငါးကောင်လောက်ရှိမည်။ ထိုအထဲက အလှဆုံးတကောင်ကို ရွေးကာ ကျနော်တို့အိမ်မှာ မွေးထားလိုက်သည်။ ကျန်တဲ့ကောင်တွေကတော့ ထုံးစံအတိုင်း ရပ်ကွက်ထဲခြေဦးတည့်ရာ မောင်းထုတ်လိုက်သည်။ ခွေးမကြီးကလည်း အိုးအိမ်အတည်တကျမရှိ။ ခွေးလေးတွေ ကြီးကောင်ဝင်သည်နှင့် သူလည်းအရင်လို ရပ်ကွက်ထဲ လျောက်လေလွင့်နေပြန်သည်။ ပြီးတော့ တနှစ်တခါ ကြုံရာမှာ သားဝင်ပေါက်လိုက်ပြန်သည်။
သည်လိုနှင့်သုံးလေးငါးနှစ်ကြာသွားသည်။ ကျနော်တို့အိမ်ကိုလည်း ခြံအလုံခတ်လိုက်သည်။ မွေးထားသည့်ခွေးကလေးလည်း ကြီးပြီး အားကိုးလာရသည်။ အိမ်နားလူစိမ်းကပ်လို့မရ။ ခြံထဲစွပ်ကနဲဝင်လာဖို့မကြိုးစားနှင့် ခြေသလုံးအခဲခံရမည်။ လူမပြောနှင့်။ ခွေးလည်းမရ။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားကြီးလာသူမို့ ဗလကောင်းကာ ခွေးလေခွေးလွင့်ခွေးနံပိန်လေးတွေခမျာ သူနှင့်တွေ့လိုက်လျင် မချောင်။ အမြီးကုပ်ကာ ကိန်ကြရသည်ချည်းဖြစ်သည်။
တနေ့တော့ အစာရေစာငတ်ပြတ်နေဟန်ရှိသည့် ခွေးအိုမကြီးတကောင် ခြံထဲအရဲစွန့်ဝင်လာသည်။ အိမ်ထဲရှိ ခွေးစားခွက်ထဲက အစာအကျွင်းအကျန်လေးတွေကို လစ်တုန်းဝင်စားခြင်းဖြစ်သည်။ ဒါပေမယ့် မလစ်ပါ။ အိမ်ကခွေးနှင့်ပက်ပင်းတိုးကာ အခဲခံရတော့သည်။ ကံဆိုးချင်တော့ ပြေးလမ်းပျောက်ကာ ခြံထောင့်မှာ ချောင်ပိတ်ခံရသည်။ ရှိသမျှအားအင်ကလေးနှင့် ပြန်ခုခံရှာပါသေးသည်။ အင်အားချင်းကမမျှပါ။ အသံကြားလို့ ကျနော်ပြေးဆင်းကာ မောင်းသည်။ အတော်မောင်းယူရသည်။ အားရအောင်ခဲပြီးမှ ကိုယ်တော်က ဒေါသပြေဟန်ရှိသည်။ တာဝန်ကျေသော စစ်သူကြီးတဦးပမာ အောင်ပွဲခံခြေလှမ်းတို့ဖြင့် လှေကားထစ်ပေါ်မှာ သွားပြန်ထိုင်ရင်း မာန်ဖီနေသေးသည်။ ခွေးအိုမကြီးကတော့ ခြေပင်မလှမ်းနိုင်တော့။ ကျနော်တို့ သူ့ကိုမကာ ခြံနောက်က ခရာခြုံတွေအောက် ပို့လိုက်သည်။ ခွေးအိုမကြီးကို ကျနော်မှတ်မိလိုက်သည်။ တခါက ထိုခရာခြုံတွေအောက် သားပေါက်သွားခဲ့သူ။ အိမ်ကခွေးရဲ့ အမေခွေးမကြီးပါပေ။ အခုတော့ သူ့သားအခဲခံရလို့ အသက်ငင်နေရရှာချေပြီ။ နောက်သုံးလေးရက်အကြာမှာ ထိုခရာခြုံတွေအောက်မှာပင် ခွေးမကြီး သေဆုံးသွားခဲ့သည်။

ခွေးတို့၏သစ္စာရှိပုံအကြောင်း တစုံတဦးကပြောတိုင်း ထိုခွေးမကြီးသားအမိကို ကျနော်သတိရသည်။ ခွေးသည် သစ္စာရှိချင်ရှိမည်။ မေတ္တာတရားအကြောင်းကိုတော့ မသိပေ။
သူ့ကိုဝမ်းနှင့်လွယ်ခဲ့၊ သူု့ကိုနို့ချိုတိုက်ကျွေးခဲ့သူတဦး၏ မေတ္တာတရားကို သူမသိ။ သူ့ကို လောလောဆယ်မှာ နေစရာပေး၊ စားစရာကျွေးနေသူတို့အပေါ်၌သာ သူသစ္စာထားဖို့သိသည်။ ထိုသစ္စာသည် မှန်ပါ၏လော။ ကျနော်တို့လူသားများအတွက် လိုလားအပ်သော သစ္စာတရားဖြစ်သလော။
မေတ္တာတရား၊ အမှန်တရားတို့နှင့် ကင်းကွာသော အိမ်မွေးခွေးတကောင်၏သစ္စာတရားမျိုးကို ကျနော်တို့ ရွံမုန်းတတ်ကြဖို့လိုပါသည်။

Thursday, June 14, 2007

သင်ကော ဘာ့ကြောင့်အမြီးလှုပ်သနည်း

ကျောင်းကအပြန် ပန်းခြံဘက်က ပြန်လာဖြစ်သည်။ ပန်းခြံထဲရောက်တော့ နေရောင်အောက်က ခုံတန်းလျားလေးမှာ ရေဒီယိုနားထောင်ရင်း ခဏထိုင်ဖြစ်သည်။ စောသေးလို့ထင်သည်။ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ တယောက်စနှစ်ယောက်စမျှသာရှိသေးသည်။ ကျောင်းလွှတ်ချိန်အလုပ်ဆင်းချိန်လောက်ဆိုလျင်တော့ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ ပြည့်နေတတ်သည်။ သည်လိုအချိန်မျိုးဆိုလျင် ပန်းခြံထဲက ကျနော်ဖြတ်မလျောက်ရဲ။ ကျနော့်မျက်လုံးတွေက နေသားမကျသေး။ နေကာမျက်မှန်ကောင်းကောင်းတလက်တော့ ၀ယ်ရပေအုန်းမည်။

ကျနော့်ရှေ့ကမြက်ခင်းပေါ်မှာ ကောင်မလေးတယောက် ခွေးအသေးကလေးတကောင်ဆွဲကာ လျောက်လာသည်။ တိကျအောင်ပြောရလျင် ကောင်မလေးက ခွေးကို ဆွဲလာတာမဟုတ်။ ခွေးက သူသွားချင်ရာသွားတာကို ကောင်မလေးက ကြိုးလေးကိုင်ကာ နောက်ကလိုက်လာခြင်းဖြစ်သည်။ ခွေးကျောင်းထွက်လာတာဖြစ်သည်။
သူတို့နှင့်ရင်းနှီးချင်လျင် ခွေးကျောင်းထွက်ပါ။ ခွေးချင်းလမ်းမှာဆုံခိုက် လူချင်းနှုတ်ဆက်စကားဆိုရင်း ခင်မင်ရင်းနှီးသွားနိုင်သည်။ ဒါပေမယ့် သည်နေရာမှာ ခွေးတကောင်မွေးဖို့ဆိုတာ ဗမာပြည်မှာ ဆိုက်ကားတစီးထောင်လို့ရသည်။ ခွေးဝေယျာဝစ္စ၊ ခွေးအသုံးအဆောင်၊ ခွေးကျန်းမာရေး စသဖြင့် ဆိုရလျင် ခွေးတကောင်၏ ခွေးနေမှုအဆင့်အတန်းက လူတဦးနှင့်တန်းတူ အဆာကျယ်သည်။ ပြီးတော့ နေ့စဉ်ပုံမှန် အောက်ဆင်းကျောင်းရသေးသည်။ ခွေးကျောင်းတာက လမ်းလျောက်လေ့ကျင့်ခန်းလုပ်ဖြစ်သဖြင့် ကျန်းမာရေးနှင့်တော့ လျော်ညီသည်။ ပြီးတော့ ခွေးလှလှလေးတကောင်ဆွဲကာလမ်းလျောက်ရတာ ဂိုက်လည်းအတော်ကျသည်ဟု ထင်ကြဟန်ရှိသည်။

တကယ်က သည်အချိန်က ခွေးကျောင်းထွက်ကြချိန်တော့မဟုတ်။ အများအားဖြင့် ညနေခင်းနှင့် ညဦးပိုင်းတွေမှာ၊ တချို့ကတော့ မနက်စောစော ထွက်ကြလေ့ရှိသည်။ အခုလိုနေ့လည်ခင်းကြီးတော့ သိပ်ထွက်လေ့မရှိကြ။ ဒါပေမယ့် သည်ကောင်မလေးကတော့ သူအားတဲ့အချိန် ထွက်ကျောင်းရတာလည်း ဖြစ်နိုင်သည်။ နေပူခံလမ်းလျောက်ရင်း တခါတည်း ခွေးကလေးပါခေါ်လာခြင်းလည်း ဖြစ်နိုင်သည်။ ကောင်မလေးက ခွေးလေးနားထိုင်ချလိုက်ကာ ဘာလည်းမသိပြောလိုက်သည်။ ခွေးကလေးက အမြီးကလေးတလှုပ်လှုပ်တရမ်းရမ်းလုပ်ကာ ကောင်မလေးကို ခုန်ဆွခုန်ဆွဖြင့် ပတ်ပြေးနေသည်။ သြော် ခွေးတွေက သူတို့လိုလားနှစ်သက်လျင် အမြီးလှုပ်တတ်သည်မဟုတ်လား။

ပိုက်ဆံရှိလျင် ခွေးမျိုးကောင်းကို ၀ယ်နိုင်သော်လည်း၊
မေတ္တာရှိမှသာ ခွေးအမြီးကို လှုပ်စေနိုင်၏ တဲ့။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်က သူငယ်ချင်းဖြစ်သူ၏အိမ်မှာ ဖတ်ခဲ့ရသည့် စာတန်းကလေးဖြစ်သည်။ သူငယ်ချင်းက သူ့စာအုပ်စင်ကလေးဘေးကနံရံမှာ သည်စာတန်းကလေးကို ကပ်ထားခြင်းဖြစ်သည်။ သိုးဆောင်းစကားပုံဟုဆိုသည်။ သည်အချိန်တုန်းက ကျနော်က သိပ်နားမလည်။ ပိုက်ဆံရှိမှ ခွေးဝယ်နိုင်သည် ဆိုတာကို ကျနော်နားမလည်။ ခွေးကို ၀ယ်ရသည်ဆိုတာကို နားမလည်ခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှာ ခွေးကိုဝယ်မွေးတာ ကျနော်မမြင်ဘူး၊ မကြားဘူးခဲ့။ လိုချင်လျင် တအိမ်အိမ်က တောင်းနိုင်သည်။ ဒါမှမဟုတ် ကိုယ့်အိမ်နား ၀ဲလည်ဝဲလည်လာလုပ်သည့်ခွေးတကောင်ကို အစာကျွေးကာ မွေးထားလိုက်နိုင်သည်။
မေတ္တာရှိမှသာ ခွေးအမြီးကို လှုပ်စေနိုင်၏ ဆိုတာကတော့ သဘောပေါက်သည်။ ပိုက်ဆံရှိတိုင်း အရာရာမဖြစ်။ မေတ္တာရှိဖို့လိုသည်ဟု ဆိုလိုခြင်းဖြစ်မည်ဟုတော့ စကားပုံကို နားလည်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ထိုစာတန်းကလေးကို ကျနော် သဘောကျခဲ့သည်။

လူတွေမှာ အမြီးမရှိပါ။ လူသည်ခွေးမဟုတ်။ လူသည် ခွေးထက် အစစအရာရာ သာလွန်မြင့်မားသူ ဖြစ်ပါသည်။ လူတယောက်ကို ခွေးနှင့်နှိုင်းပြောလျင် နာဖို့ကောင်းသည်။ သို့သော် ခွေးသည်လူထက်သစ္စာရှိသည်ဟု တချို့က ဆိုတတ်ကြသည်။ ခွေးလောက်မှ ကျေးဇူးမသိတတ်ဟု လူတချို့ကို သမုတ်တတ်ကြသည်။
ကျနော်ဆက်စဉ်းစားကြည့်ပါသည်။
အကယ်၍ လူတွေမှာ အမြီးရှိခဲ့သည်ဆိုပါစို့။
ထိုလူအမြီးကိုလှုပ်စေနိုင်သောအရာသည်
ပိုက်ဆံလော။
မေတ္တာတရားလော။
မှန်ကန်သောသစ္စာလော။
အမိန့်အာဏာလော။
ကျနော်ဆက်စဉ်းစားကြည့်ချင်မိပါသည်။

Sunday, June 10, 2007

စနက်တံမီးလောင်နေတဲ့ ဒိုင်းနမိုက်ကလေး

ရာဟူးအီးမေးလ်ဘောက်စ်ကိုဖွင့်တော့ ကိုယ့်ထဲမှာ စာတွေအတော်ပြည့်နေသည်ကိုတွေ့ရသည်။ အုပ်စုမေးလ် တော်တော်များများထဲပါနေသည်မို့ စာတွေက တစောင်ထဲပေမယ့်လည်း လေးငါးနေရာက လှည့်ကာရောက်လာတတ်ကြသည်။ ၀န်ခံရလျင် စာတိုင်းတော့ မဖတ်နိုင်ပါ။ စာတိုင်းကိုလည်း စိတ်မ၀င်စားပါ။ စာတိုင်းကလည်း ကျနော်နှင့်သက်ဆိုင်သည်ချည်းမဟုတ်ပါ။

ဖတ်မိသလောက်စာတွေကြောင့် စိတ်ပျက်ရတာလည်းရှိသည်။ အားတက်ရတာလည်းရှိသည်။ တယောက်တည်း ပြုံးမိတာလည်းရှိသည်။ စိတ်ထဲကသာမက ပါးစပ်ကပါအသံထွက်ပြီး ဆဲမိတာလည်းရှိသည်။ တချို့ ကျေးဇူးတင်ဖွယ် သိမ်းဆည်းထားရမည့်စာမျိုးတွေလည်း ပို့ပေးလာတတ်သည်။ တချို့ကတော့ နာမည်ကြည့်ရုံနှင့် လက်က ဒီလိတ်ကိုတန်းရောက်ပြီးသားဖြစ်နေတတ်သည့် စာမူရှင်တွေလည်းရှိသည်။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှတော့ ဘလောက်လုပ်မထားခဲ့ပါ။ ကျနော့်စာတိုက်ပုံးကလေးကို အားလုံးအတွက် တံခါးဖွင့်ပေးထားခဲ့ပါသည်။

အလုပ်တခုတော့ပိုတာရှိသည်။ စာတွေကို နေ့စဉ်ဖျက်ဖျက်ချနေရသည်။ တနေ့မဖျက်မိလျင် စတိုးလီမစ်မှာ တစ်ရာခိုင်နှုန်းလောက် တိုးတိုးလာတတ်သည်။ ကျနော့်စာတိုက်ပုံးကို ဆယ်ငါးရာခိုင်နှုန်း လီမစ်အောက်မှာပဲ ထားဖို့ ကျနော်ကစိတ်ကူးထားသည်။ ဒါတောင် ရာဟူးက နှစ် မီဂါဘိုက်ကြီးများတောင် အခမဲ့သိမ်းခွင့်ပေးထားတာဖြစ်သည်။

တလောက မအားသည်နှင့် စာတိုက်ပုံးလေးကို မဖွင့်ဖြစ်။ သည်စနေဖွင့်လိုက်တော့ စာတွေအတော်ပြည့်နေသည်ကိုတွေ့ရသည်။ စတိုးလီမစ်ပြသည့်နေရာလေးမှာ စနက်တံမီးလောင်နေသည့် ဒိုင်းနမိုက်ပုံ သရုပ်ပြရုပ်ပုံအရှင်လေးတခုကို တွေ့ရတော့ အတော်စိတ်ပူမိသွားသည်။ ဒါနှင့်ပင် စာတွေကို ကမန်းကတန်းဖွင့်ရှင်းရတော့သည်။ ပုံလေးနေရာမှာပေါ်လာသည့်စာကိုဖတ်ကြည့်တော့ အကန့်အသတ်မဲ့ စာတိုက်ပုံးကိုသုံးပါ တဲ့။ အသုံးများမှန်းသိလို့ ၀ယ်ခိုင်းတာဖြစ်မည်ဟု ထင်လိုက်သည်။ စိတ်ထဲမရှင်းသည်နှင့် အသေအချာပြန်ကြည့်တော့မှ လား လား အခမဲ့စာပုံး အကန့်အသတ်မဲ့သုံးဆိုပါလား။ ဒင်းတို့၏၀န်ဆောင်မှုက ဖျားလောက်ပါပေသည်။ နည်းပညာက ၀န်ဆောင်မှုဘောင်ကို အဆုံးမဲ့ချဲ့ပစ်လိုက်ပုံက ကြုံလို့သာ ယုံလိုက်ရတော့သည်။
တသတ်လုံးစာ စာအစောင်ပေါင်းများစွာကို ရာဟူးပေါ်မှာ သိမ်းဆည်းထားနိုင်ပေတော့မည်။

အခုလည်း ဘလော့ပေါ်မှာ ကျနော့်နေ့စဉ်တွေးမိတာ၊ ငေးမိတာလေးတွေကို စာအတိုအစလေးတွေအဖြစ် ရေးချနေဖြစ်သည်။ အရင်လို စာအုပ်တွေ၊ စာရွက်တွေမလိုတော့။ ပြီးတော့ ဘယ်မှာထားမိမှန်းမသိလို့ လိုလျင် နေရာအနှံ့ မွှေနှောက်ရှာရသည့်ဒုက္ခမျိုးလည်းမရှိတော့။ မိုင်ပေါင်းများစွာက တိုးတိုးဖော်သူငယ်ချင်းဖြစ်သူကိုလည်း ပေးဖတ်နိုင်သေးသည်။ ဒါမှမဟုတ် ကမ္ဘာအနှံ့အသိမိတ်ဆွေတွေဆီ ကိုယ်ရေးကိုယ်ထုတ်စာစောင်လေးတခုလို ထုတ်ဝေပေးပို့နိုင်သေးသည်။ နည်းပညာက အလုပ်အပေါ် အများကြီးပံ့ပိုးလာနေသည်။ လူက ပျင်းနေလျင်မူ နည်းပညာက ဘာမှတတ်နိုင်မည်မဟုတ်ပါ။

တချို့နေရာတွေမှာတော့ နည်းပညာ၏အသီးအပွင့်တို့ကိုခြံခတ်ကာ လူတစုကသာ ဆွတ်ယူနေကြသည်။ အများစုကြီးမှာ မြင်သာမြင်မကြင်ရ၊ အဝေးကလှမ်း သွားရည်ကျယုံ၊ လက်လှမ်းလို့မမှီနိုင်ကြ။ နည်းပညာနှင့် ရေမြေခြားအောင် စံနစ်တကျ လုပ်ကြံခံထားကြရသည်။
မြန်မာပြည်မှာ ဖရီးမေးတွေ သုံးခွင့်မပေးဟုသိရသည်။ အထူးသဖြင့် အခုလိုဝန်ဆောင်မှုအားကောင်းသည့် အိုင်တီဘီလူးကြီးတွေမှာ တံခါးပိတ်ခံထားကြရသည်။ မြန်မာလူထုမှာ အိုင်တီစည်းဝိုင်းထဲ ၀င်ဆန့်ခွင့်မရကြရှာပေ။ ဖိနပ်တရံ၊ ထီးတလက်၊ ပုဆိုးတထည်ဝယ်ဖို့ပင် စားဖို့ထဲက ဖဲ့စုနေကြရသည့်အခြေအနေမှာ ကွန်ပြူတာတလုံး အိမ်မှာ ၀ယ်သုံးဖို့ဆိုတာ..။ ဖုန်းလိုင်းတလိုင်း၊ အင်တာနက်ချိတ်တခုဆိုတာကလည်း ရေပေါ်ဆီတို့ရဲ့ ဇိမ်ခံပစ္စည်းတခုလိုလို။
သည်အခြေအနေမှာ ကျနော့် ကဗျာတပုဒ် ဒါမှမဟုတ် ၀တ္တုတိုတပုဒ်ပါသည့် စာစောင်တခုကို ကုန်စိမ်းသည်တယောက် ဖင်ခုထိုင်ထားတာတွေ့လျင် ကျနော်ပျော်ရွှင်မိပါလိမ့်မည်။
အင်တာနက်ပေါ်တက်ပြီး ဘလော့ပေါ်စာတွေရေးနေရတာ အရသာမတွေ့မိတော့။

တကယ်လည်း အွန်လိုင်းစာရေးသူတယောက်၏ဘ၀သည် သွေ့ခြောက်၏။ အရသာမဲ့၏။ လှုပ်ရှားရှင်သန်မှုကင်းစွာ သေ၏။ သူ့စာများသည် လေထဲရေးပြီး လေထဲပျောက်၏။ ကလောင်ကို တုံးစေ၏။ နက်ပေါ်တက်စာဖတ်သူများမှာ သူ့အာရုံနှင့်သူ။ သူဖတ်ချင်တာရှာဖတ်ပြီး ဆင်းသွားကြသည်။ သတင်းပလင်းအစုံကမူ ဒစ်ဂျစ်တယ်မြစ်ရေစီးတွင် အားကောင်းစွာ စီးဆင်းလျက်။ လူအများ ထိုမြစ်တွင် အလျားလိုက်ကူးနေကြသည်ကိုတွေ့ရသည်။
အခုလည်း ကွန်ပြူတာရှေ့တွင် ကျနော်ထိုင်နေမိသည်။
ဖန်သားပြင်ပေါ်တွင် စာလုံးကလေးများမှာ ရသဖြင့် လှုပ်ခုန်လာလေမလား။
မည်သို့ပင်ဖြစ်စေ ဆက်လက်ကြိုးစားကြည့်ချင်ပါသေးသည်။

Tuesday, May 1, 2007

အရက်နဲ့လူ ဘယ်သူမှားသလဲ

မနေ့ကဘီဘီစီမှာ အရက်အကြောင်းဆွေးနွေးခန်းလေးနားထောင်လိုက်ရတယ်။ အရက်မကောင်းကြောင်းပြောချင်တာလား။ အရက်နဲ့ပတ်သက်ပြီး မှန်မှန်ကန်ကန် ချဉ်းကပ်စေချင်တာလား။ အရက်ကိုအကျယ်ဖွင့်ချင်တာလား။ သူတို့ရည်ရွယ်ချက်ကမကွဲတော့ သူတို့ဆွေးနွေးခန်းကလည်း သိပ်လှုပ်မလာဘူးလို့ထင်တယ်။ အခုရေဒီယိုသမားတွေက လူတွေကို ဖုန်းထိုးပြီးလျောက်မေးတယ်။ အီးမေးလ်ကနေ စာတွေ၊ စကားတွေခေါ်တယ်။ ပြီးတော့ အဲဒါတွေစုပြီး တင်ပြချက်လေးလုပ်လိုက်တယ်။ ကိုယ်တိုင်ရှာဖွေစုဆောင်းတာ၊ လေ့လာသုံးသပ်တာတွေက မပါသလောက်ပဲ။ မီဒီယာအပေါ် ကိုယ်ကပဲနားလည်မှုလွဲတာလား မပြောတတ်ဘူးလေ။

ပြောချင်တာက အရက်အကြောင်းပါ။ သူတို့ဆီတက်မပြောဖြစ်လို့ ကိုယ်ဘလော့မှာပဲ ကိုယ်လွတ်လွတ်လပ်လပ် ရေးတင်လိုက်တော့တယ်။ ပြောရရင်အရက်နဲ့ကိုယ်နဲ့က အရင်းကြီးတွေ။ အဖေကအရက်ဆိုင်မန်နေဂျာ။ မဆလခေတ်ကတော့ ရေကပိုက်ဆံရတဲ့သူဆိုပါတော့။ ကိုယ်ကလည်း ငယ်ကတည်းက ပုလင်းကျန်စစ်ပြီး မုန့်ဘိုးရှာလာခဲ့တာ။ ဒါပေမယ့် အဖေကအရက်ကြိုက်တတ်သူတော့မဟုတ်ဘူး။ အဖေကအသားဖြူတော့ အရက်သောက်ပြီးရင် တကိုယ်လုံးနီတက်လာတာ။ အရက်မူးမှ ရှာဖြစ်တဲ့အပျော်မျိုးတော့ အဖေကကြိုက်တယ်။ ကိုယ်ကလည်းအဖေတူပဲ။ ကိုယ့်ဘ၀မှာ အရက်ကိုအတော်သောက်ဖြစ်ခဲ့တဲ့ကာလတွေရှိခဲ့တယ်။ အတော်သောက်တဲ့သူငယ်ချင်းတွေကလည်း တကယ့်အရင်းတွေကိုး။ အခုတော့ အရက်သောက်ဖို့ရာ အဆင်မပြေတဲ့နေရာကိုရောက်နေတော့ အရက်ကပြတ်နေပြန်ရော။ ဆေးစစ်တော့ ကိုယ့်အသဲကကြီးနေတယ် ယူဆရလို့ ဖြစ်နိုင်ရင် အရက်မသောက်ပါနဲ့တဲ့။ သောက်ချင်စိတ်ကလည်းမရှိပါဘူး။ ဒီမှာက အရက်ဈေးကြီးတယ်။ သောက်ဖေါ်သောက်ဖက်တွေမရှိဘူး။ မူးရင်လည်း ဟိုသွားဒီသွားလုပ်ဖို့မလွယ်ဘူး။ ဈေးကြီးလည်း အရက်ကိုကြိုက်တတ်သူဆိုရင်တော့ သောက်ဖြစ်မှာပါ။ တကယ်က ကိုယ်ကအဖေ့လိုပဲ အရက်ကိုကြိုက်တာမဟုတ်ဘူး။


အရက်သမားအမှားတထောင်တဲ့။ လူကိုဖျက်အရက်တဲ့။ ဘုရားလက်ထက်ကတည်းကမှန်ခဲ့တဲ့ အမှန်တရားပဲ။ အရက်ကတော့ ဘုရားမပေါ်ခင်ကတည်းက ပေါ်ခဲ့တာ။ သာသနာနှစ် ၂၅၀၀ ကျော်ခဲ့ပေမယ့်လည်း အရက်ကခေတ်စားနေတုန်းပဲ။

အရက်သောက်ပြီးမှ မှားရဲတဲ့သူတွေကိုပြောခဲ့ဘူးတယ်။ ခင်ဗျားတို့က အရက်ကိုနာမည်ဖျက်နေတဲ့သူတွေပဲလို့။ ငယ်ငယ်က ပန်းဆိုးတန်းကုန်တိုက်ပေါ်မှာ အရက်ရောင်းတဲ့ကောင်တာနောက်က စာချိုးလေးတခုကို သဘောကျခဲ့ဘူးတယ်။ လူကိုဖျက် အရက်ဟုဆိုသော်လည်း၊ သူဖျက်တိုင်းသာ ပျက်ရပါမူ၊ ဘယ်မှာလူကောင်းရှိမည်နည်း တဲ့။

ကိုယ့်ကိုယ်ကိုယ် အတွေးအခေါ်အသစ်တွေထုတ်လုပ်နေတယ်လို့ ယုံကြည်နေတုန်းက သူငယ်ချင်းတချို.ကို အရက်နဲ့ပတ်သက်ပြီးခပ်တည်တည်ပြောခဲ့ဘူးတာ တခုရှိတယ်။ ကိုယ်တို့ယောကျာင်္းတွေဟာ အရက်နဲ့ပတ်သက်ရင် အစွန်းနှစ်ပါးကိုရှောင်ရမယ်။ တခုက အရက်ကို မသောက်ရမနေနိုင် စွဲစွဲလန်းလန်းနဲ့ အရက်ရဲ့ကျေးကျွန်ဖြစ်တဲ့အထိ သောက်တာ။ နောက်တခုက အရက်ကိုမကောင်းမှုတခုလို ဝေယျာမဏိ ဝေးဝေးကရှောင်ကျဉ်ပါ၏လုပ်တာ လို့။ တကယ်က အရက်ကိုကိုယ့်ရဲ့ဖျော်ဖြေရေးတန်ဆာပလာတခုလို နိုင်နိုင်နင်းနင်းအသုံးချသောက်သုံးနိုင်ရမယ်။ ဒါပေမယ့် ကိုယ်တိုင်လည်း လူမသိသူမသိတဲ့အထိမူးသွားလို့ ရေချိုးခန်းထဲ လှဲအိပ်ခဲ့ဘူးတာတွေ ရှိခဲ့ဘူးတာပါပဲ။

သိပ်ချစ်တဲ့သူငယ်ချင်းတယောက်ကတော့ မူးသွားရင် သူဘာမှမသိတော့ဘူးလို့ ပြောခဲ့ဘူးပါတယ်။ တကယ်လည်း သူမူးသွားရင် သူမလုပ်ရဲတဲ့အမှား ဘာမှမရှိတော့ဘူး။ အကုန်လုပ်ရဲပါတယ်။ လုပ်ပါတယ်။ သူ့အကြောင်းသိသူမို့ ဘာမှစောဒကမတက်ခဲ့ဘူးပေမယ့် မူးလို့မသိဘူးဆိုတာဟုတ်မလားဟယ်။ ချီးကျွေးကြည့်ပါလားဆိုတဲ့ အဖွားစကားကို သတိရပြီး ပြုံးခဲ့မိတယ်။

ဒီစာကိုမရေးခင် ဂျီးနပ်စ်တဘူး ဒီနေ့သောက်ဖြစ်တယ်။ တဘူးထဲဆိုတော့ အီလည်လည်ပေါ့လေ။ အခုအရက်အကြောင်းရေးတော့လည်း အီလည်လည်ဖြစ်နေပြန်ရော။

တခုတော့ သေချာတာပြောမယ်။ အီလည်လည်ဖြစ်ရုံလောက်တော့ အရက်ကိုမသောက်ကြလေနဲ့။ သိပ်နှမြောဖို့ကောင်းတယ်။ အရမ်းမူးပြီးလည်း တခါတည်းမှောက်မသွားစေနဲ့။ သိပ်နှမြောဖို့ကောင်းတယ်။

Sunday, April 29, 2007

ဘ၀မမေ့ဖို့လိုပါတယ်


ဒါက ဒီမြောက်ပိုင်းရေခဲနိုင်ငံမှာ ဟိုးရှေးရှေးက နေထိုင်သွားခဲ့ကြတဲ့ ရှေးဦးလူတမျိုးပါ။ သူတို့အသားတွေက နေရောင်ထိရင် ပဲ့ကြွေသွား တတ်သတဲ့။ ရေခဲပြီးမဲမှောင်နေတဲ့ ကျောက်ဂူကြီးတွေထဲမှာ နေခဲ့ ကြတဲ့သူတွေပါ။ ဒီမြေရဲ့ဘိုးဘွားသင်္ကေတတခုအဖြစ် သူ့ရုပ်တုကြီး တခုကို ကျနော်တို့မြို့ကတောင်ထိပ်စခန်းမှာ စိုက်ထူထားပါတယ်။ တောင်ပေါ်ရောက်တဲ့ဧည့်သည်တွေက သူနဲ့တွဲပြီး အမှတ်တရဓါတ် ပုံရိုက်ကြတာပေါ့။
ဒီလောက်ကြမ်းတမ်းဆိုးဝါးတဲ့မြေ၊ ရာသီဥတုထဲမှာ သူတို့တွေရှင် သန်နေထိုင်ခဲ့ကြလို့ သူတို့နှောင်းမျိုးဆက်တွေ ကိုယ်ပိုင်နေရာလေး တခု အမွေရခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။ ရှေးဦးဘိုးဘွားတို့ရဲ့ ကျေး ဇူးတရားကို သူတို့တတွေ မြတ်နိုးတန်ဘိုးထားရကောင်းမှန်း သိကြ တာ ကြည်နူးစရာပါ။ အခုနေမှာ ပထမတန်းစားတွေဖြစ်နေပေမယ့် သူတို့ဘ၀ကို သူတို့မမေ့တာတွေ့ရပါတယ်။


Thursday, April 26, 2007

နွေဦးချစ်သူ


ပန်းတွေပွင့်ပြီ။ တချို့က မြေကြီးထဲက ခေါင်းထောင်ထလာတယ်။ တချို့က ရိုးတံကိုင်းရင့်တွေကြားက ကန့်လန့်ကာလှစ်ဟကြည့်တယ်။

နောက်ဆုံးမိုးတိမ်တွေထင်ရဲ့။ မိုးပြာပြာထဲ ကပိုကရိုလွင့်ပါးနေကြ။ မိုးသားပြာ၊ တိမ်ဖြူလွတို့နောက်ခံကားပေါ်မှာ ရွှန်းစိုနုသစ်တဲ့ ၀ါရွှေသွေးကြွကြွ ပွင့်ပျိုရွရွလေးတွေက ငယ်ဂုဏ်ယစ်မူး ဦးတမော့မော့နဲ့။

နွေဦးက တနှစ်တခါသစ်တယ်။ ခင်ဗျားတို့ ကျနော်တို့ဘ၀မှာကော နွေဦးဘယ်နှခါသစ်ခဲ့ပြီလဲ။ နွေဦးဘယ်နှခါသစ်အုန်းမှာလဲ။
တာရာမဂ္ဂဇင်း ပထမအုပ်၊ ပထမစာမျက်နှာပေါ်မှာ နွေဦး သစ်ခဲ့။
လွတ်လပ်ရေးခေတ်ဦးကာလ။ ခု လွတ်လပ်ရေးနှစ်ခြောက်ဆယ်ပြည့်တော့မယ်။
သိရင်ပြောကြပါဗျာ။ ကျနော်တို့နွေဦး ဘယ်သူခြွေခူးခဲ့သလဲ။

Wednesday, April 25, 2007

တိမ်တိုက်တွေပေါ် မြင်းစီးထွက်တဲ့အခါ

လုပ်ကြည့်ရင်းနဲ့ အပြောင်းအလဲကလေးတွေ တွေ့လာရတယ်။ ဒီလိုနဲ့ပဲ အလုပ်ကသင်သွားမှာပေါ့လေ။
အချိန်တော့ အတော်ပေးရတဲ့အလုပ်ပဲ။ ကိုယ်ကလည်း အခုနေမှာ အချိန်သိပ်မပေးနိုင်သေးတော့ ဒီလိုပဲ ဖြည်းဖြည်းပေါ့။ ဆန္ဒမစောပါဘူး။

ဘ၀မှာ ဖြစ်ချင်စိတ်တွေများပြီး ဆန္ဒစောခဲ့သမျှ အခုထိဖြစ်မလာနိုင်သေးတာတွေကလည်း အများသားကလား။ စနစ်တကျနဲ့ အချိန်ယူလုပ်ဖို့စဉ်းစားတိုင်းလည်း မအောင်မြင်ခဲ့တဲ့ စီမံကိန်းတွေ လောကမှာအများကြီးရှိခဲ့တယ်ဆိုတာ သတိရနေမိပြန်တယ်။ ပြင်းပြတဲ့ဆန္ဒဦးစီးလို့ တချို့ဖြစ်မြောက်သွားကြတာတွေကလည်း အားကျစရာဖြစ်နေပြန်ရော။ အခြေခံကတော့ တဦးနဲ့တဦးကြားမှာ မတူညီမှုတွေရှိနေတာပဲ။ ဒါကိုနားလည်ရမယ်။ ကိုယ့်ကိုယ့်ကိုယ် နားလည်ရမယ်။ ကိုယ့်ကိုယ့်ကိုယ် နားမလည်နိုင်သေးသမျှ အရာရာမှာ နှောင့်နှေး၊ နောက်ပြန်ဆုတ်၊ အကြိမ်ကြိမ်ကြိုးစားနဲ့ ပင်ပမ်းနေရလိမ့်မယ်။

ဘလော့လုပ်ရတာကလည်း ပျော်စရာကောင်းပါတယ်။ စိတ်ဝင်စားစရာတွေလည်း တွေ့ရတော့ လူကလန်းဆန်းလာတယ်။ နယ်မြေသစ်မှာ မြင်းစီးထွက်ရသလိုပဲ။ ထွက်ပြေးစရာနေရာလေးတခုလည်း ရလာတယ်။ အမေရိကမှာ စဦးခြေချခဲ့သူတွေရဲ့ စွန့်စားခန်းမျိုးတွေလည်း တွေ့ရနိုင်တယ်။ ဘလော့ဟာလည်း တချိန်မှာ အောင်မြင်တဲ့အင်ပါယာကြီးတခုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘလော့နဲ့ တကယ့်ဘ၀ကြားမှာကော ဘယ်လိုဆက်ဆံရေးမျိုးတွေ ရှိလာနိုင်မလဲ။ တကယ့်ဘ၀နဲ့ အပြင်လောကအပေါ် ဘယ်လောက်ထောက်ကူအကျိုးပြုနိုင်လဲဆိုတာသာ ဘလော့ရဲ့အောင်မြင်မှုကိုတိုင်းတာနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။
ဘလော့ဟာ သီးခြားနိုင်ငံတော်လား။ ငှက်တွေဟာ ကောင်းကင်မှာ ပျံဝဲကြတယ်ဆိုပေမယ့် မြေပြင်ပေါ်မှာပဲ အိပ်တန်းပြန်တက်ကြရတာမဟုတ်လား။ ကဲ ဆက်စဉ်းစား။

Tuesday, April 24, 2007

နယ်မြေသစ်ကိုရင်ခုန်ခြင်း

ဘလော့က ပြဿနာလေးတွေ နည်းနည်းရှိနေတယ်။ IE နဲ့ဖွင့်လို့မရဘူး။ စာလုံးတွေမပေါ်ဘူး။ မီးလျှံမြေခွေးနဲ့မှာလည်း ကိုယ့်ဘလော့ ကိုယ်ဖွင့်ဝင်ရင်ပေါ်တယ်။ တိုက်ရိုက်သွားရင် စာလုံးတွေက ကျိုးပျက်နေပြန်ရော။ ဒါက ဘယ်လိုဖြစ်တာလဲ။
လုပ်ရင်းနဲ့တော့ အဖြေတွေ့လာမယ်လို့ ထင်တယ်။ သူများဘလော့တွေကို သွားလေ့လာရမှာပေါ့။
အချိန်တော့ ယူရမှာပေါ့လေ။ အခုတော့ ဘလော့အလုပ်သင်ကလေးပေါ့။ ဇွန်လမှာဖြေရမယ့် စာမေးပွဲကလည်း ရှိနေသေးတယ်။ နောက်သုံးလလောက်ဆိုရင်တော့ ဘလော့လှလှလေးတခု ပိုင်ခွင့်ရနိုင်မယ်ထင်တာပဲ

သူများဘလော့လေးတွေ သွားလည်ကြည့်တယ်။ အားကျစရာပါပဲ။
စာရေးတဲ့လက်တွေကလည်း အသွက်ကလေးတွေပါပဲ။ သူတို့ရဲ့အရေးအသားတွေနောက်မှာ သူတို့ရဲ့ဘ၀ပုံရိပ်တွေ၊ ခံစားချက်တွေ၊ အတွေးတွေကို တွေ့နိုင်တာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။
ဒါက တကယ့်နယ်မြေအသစ်ပဲ။ လွတ်လပ်မှုရဲ့လေနုအေးကလေးကလည်း လှုပ်ဖွတိုးခတ်လို့။ မြန်မာလူငယ်တွေအတွက် တကယ့်ထွက်ပေါက်ကလေးပါပဲ။ အများသုံးကလေးဖြစ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ တချိန်မှာ မြန်မာလူထုအတွက်၊ မြန်မာစာပေအတွက် ဘလော့ဟာ အရေးပါတဲ့စင်မြင့်ကလေးတခုဖြစ်လာလိမ့်မယ်လို့ လေးလေးနက်နက်ပဲယုံကြည်မိတယ်။