Monday, April 24, 2023

ပျော်ရွှင်ဖွယ်အမှန်တရား


    ဖြေသိမ့်ချင်တာလား။ လိမ်ညာချင်တာလား။ တကယ့်အမှန်တရားကို ရင်မဆိုင်ရဲတာလား။ ထိုကဲ့သို့သော အချိန်မျိုးတွေမှာ အောက်ပါစကားများကို ပြောလေ့ရှိသည်။ သူလည်း သူ့ဘက်ကကြည့်ရင်း မှန်တာပဲလေ။ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး၊ သူ့ဘက်ကကြည့်တော့ လက်ဖဝါးမဟုတ်လား စသဖြင့်။

    တကယ်တော့ လက်ဖဝါးလည်း တဝက်ပဲမှန်သည်။ လက်ဖမိုးလည်း တဝက်ပဲမှန်သည်။ တဝက်အမှန်တရားများသာဖြစ်သည်။ လက်ဖမိုးကော၊ လက်ဖဝါးပါ နှစ်ဖက်စလုံးကိုမှ လက်ဟုခေါ်လျှင် ပိုမှန်သည်။ ပြည့်စုံသည်။ ပြည့်စုံသော အမှန်တရားဆိုတာ လက်ဖဝါးကိုမျက်စေ့ရှေ့ တွေ့နေသော်လည်း လက်ဖမိုးကိုပါ အသိအမြင် ဉာဏ်မျက်စိဖြင့် လှမ်းမြင်နိုင်တာမျိုးကို ဆိုလိုသည်။ လက်ဆိုတာ ငါမြင်တာတော့ လက်ဖဝါးပဲဟု ဇွတ်မှိတ်ငြင်းနေလျှင် ပညာမဲ့ရာကျသည်။ အတ္တကြီးရာရောက်သည်။ 

    လှည်းမှာတပ်ဆွဲသည့်မြင်းတွေ၏ မျက်လုံးကို ဘေးကနေ မျက်ကာသားရည်ပြားလေးတွေ တပ်ထားတာမြင်ဘူးကြမည်။ ဘေးဘီဝဲယာကို ကြည့်မရပဲ လမ်း၏ရှေ့တည့််တည့်ကိုသာ မြင်စေလို၍ဖြစ်သည်။ တချို့လူများ၏ ဉာဏ်မျက်စိတွေမှာလည်း သူတို့ဘဝက ကန့်သတ်ထားသည့် မျက်ကာတွေကိုတွေ့ရသည်။ သူတို့မြင်ချင်တာပဲမြင်သည်။ သူတို့အကျိုးစီးပွားနှင့် မကိုက်ညီတာ၊ သူတို့ဘဝကို ထိခိုက်စေတာတွေကို မမြင်နိုင်ကြ။ သူတို့မြင်ချင်တာကိုပဲ သူတို့အတွက် အမှန်တရားဟု လက်ကိုင်ထားကြသည်။

    ဘဝကပုံမှန်မဟုတ်ရင် အတွေးအခေါ်ကလည်း ပုံမှန်မဟုတ်တော့ဘူးဟု  အမေရိကန်စာရေးဆရာကြီး ဟဲမင်းဝေးက သူ့ဝတ္ထုတပုဒ်ထဲတွင် ထည့်ပြောဘူးသည်။ ပုံမှန်မဟုတ်သည့်ခေတ်ကြီးတခုထဲမှာ ကိုယ့်ဘဝလေးကို ပုံမှန်ဖြစ်အောင် ကြိုးစားတည်ဆောက်ရင်း ပုံမမှန်သည့်အတွေးအခေါ်တွေက အသိစိတ်ထဲမှာ ဂျိုးကပ်နေခဲ့ကြသည်။ ခေတ်ကြီးကို ပုံမှန်ဖြစ်အောင် ပြန်တည်ဆောက်သည့်အချိန်မှာတော ၀ါးလုံးခေါင်းထဲက ဆွဲထုတ်ခံလိုက်ရသည့် ပိုးမွှားတွေလို လင်းချင်းကျယ်ပြန်နေသည့် အပြင်လောကကြီးမှာ သူတို့အတွက် နေစရာရှာမတွေ့နိုင်ဖြစ်ကြရရှာသည်။ ထိုအခါ အုံအဖျက်ခံရသည့်ပျားတွေလို နီးရာလူကို လိုက်တုပ်ကြတော့သည်။

    အမှန်တရားဆိုတာ တခုပဲရှိသည်။ နှစ်ခုဖြစ်နေလျှင် အမှန်တရားမဟုတ်တော့။ အမှန်တရားကို ဉာဏ်မျက်စိဖြင့် ရှာရသည်။ အလိုလောဘတွေ၊ ဒေါသအာဃာတတွေ၊ မသိနားမလည်မှုတွေက အမှန်တရားကို ကွယ်ထားတတ်ကြသည်။ တခါတလေမှာတော့ အသိစိတ်နှင့် လက်တွေ့ဘဝ ထိပ်တိုက်တွေ့ကြရတာလည်းရှိသည်။ 

    သေချာတာကတော့ မျက်လုံးစုံမှိတ်ပြီးခေါင်းခါနေလည်း အမှန်တရားကတော့ ပြောင်းသွားမှာမဟုတ်။ သူ့အလုပ်သူလုပ်ပြီး သူလမ်းသူ ရှေ့ဆက်နေမှာပဲဖြစ်သည်။ ကိုယ်သာ ကြာလေ အမှန်နဲ့ဝေးလေ၊ ကျန်ခဲ့လေဖြစ်နေမည်သာ။ အမှန်တရားကို ဆန့်ကျရတာ ဘယ်လောက် ပင်ပမ်းခက်ခဲကြောင်း၊ ရှင်နေရက်နဲ့ သေနေရတဲ့ဘဝမျိုးဟာ စိတ်ပျက်စရာ အထီးကျန် ညည်းငွေ့ဖွယ်ဖြစ်ကြောင်း၊ ပျော်ရွှင်စရာတွေနဲ့ လူ့ဘဝရဲ့ တကယ့်အရသာနဲ့တန်ဘိုးဟာ အမှန်တရားနဲ့ ယှဉ်တွဲနေကြောင်း အသိနောက်မကျကြစေချင်ပါ။ 
    ငါမှန်တယ်ဆိုရင် မှားနေပြီသာမှတ်။

သဇင်ပန်းရနံ့မှာ လန့်နိုးခြင်း

    မြူနှင်းတွေ ပိတ်ဆီးနေသည့်မနက်ခင်းတွေကို သတိရသည်။ နေရောင်မှာ မြက်ခင်းပေါ်တွယ်ညိနေသည့် နှင်းစက်ကလေးတွေက စိန်ပွင့်လိုလင်းလက်နေသည်။ နေရောင်တောက်ပလာသည်နှင့် ပျောက်ပျက်ပြယ်ယွင်းရသည့် မြက်ဖျားနှင်းလို လွတ်လပ်ပျော်ပါးခွင့်ရသည့် ငယ်ဘဝလေးတွေဆိုတာကလည်း တိုတောင်းလွန်းခဲ့ပါသည်။ တနှစ်တာဆိုတာကလည်း ဘာမှမကြာလိုက်သလို၊ ခုတော့ ၁၂ လမြောက် ဒီဇင်ဘာက ၂၀၁၈ တံခါးချပ်ကို ဂျိမ်းကနဲမြည်အောင်ပိတ်ဖို့ပြင်နေပြီ။

    စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဆိုသည့် သီချင်းနှင့်အတူ လူထုလမ်းလျှောက်ပွဲများဖြင့် ဒီဇင်ဘာသည့် တက်ကြွလှုပ်ရှားခဲ့ဘူးသည်။ မနက်အိပ်ယာကနိုး ဖုန်းကိုဖွင့်တော့ မက်ဆင်ဂျာက တတိန်တိန်နှင့် နိုတီတွေတက်လာသည်။ ဆွိ ဒီဇင်ဘာ တဲ့။ နတ်တော်ပြာသို ခွာညိုတည့် နှင်းဖုံ ဆိုသည့် ဂီတနတ်သံကိုစောညိမ်း၏ သည်ဆောင်းဟေမန်ကိုသာ ဆွဲဆွဲငင်ငင် ပစ်ဟဲလိုက်ချင်တော့သည်။

    ရာသီဥတုလေးက အအေးဓာတ်ကလေး ညို့ငင်လာသလို သစ်ပင်ပန်းမာလ်တွေကလည်း လန်းဆန်းလာသည်။ လူတွေကလည်း လှုပ်ရှားသွက်လက်လာကြသည်။ ကုန်တိုက်ကြီးတွေမှာ မီးအလှတွေနှင့် ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။ အရောင်းစာရေးမလေးက ခရစ်စမတ်ဦးထုပ်အနီကလေးဆောင်းကာ အလှပဆုံး ပြုံးပြနေသည်။ နှစ်ကုန်စာရင်းပိတ် ဂိုဒေါင်ခါ စျေးရောင်းပွဲတော်ကြီးတွေက ဗီနိုင်းကြော်ငြာအကြီးကြီးတွေဖြင့် မြို့ကိုခြုံအုပ်လို့ထားသည်။ တန်ဆောင်တိုင်ပွဲတော်ပြီးကတည်းက အလှူအတန်း ဘုရားပွဲတွေက ဆက်တိုက်လိုက်လာသည်။ အခုတခါ ခရစ်စမတ်နှင့် နှစ်ကူးညက တန်းစီစောင့်နေသည်။ ပိတ်ရက်တွေ၊ တစ်နှစ်တာဆုကြေးတွေနှင့် ဇာတိရပ်မြေ အိမ်ပြန်ကြမည့်သူတွေကလည်း အထုပ်အပိုးပြင်နေကြပြီ။ အားလုံးအတွက် ဆွိ ဒီဇင်ဘာ။

    မြန်မာ့သမိုင်းမှာ အမျိုးသားနေ့က အရေးကြီးသည်။ ကိုလိုနီအစိုးရ၏ ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့သည့် ကျောင်းသားသပိတ် စတင်ခဲ့သည့်နေ့ဖြစ်သည်။ တမျိုးသားလုံးကို လွတ်လပ်ရေးအတွက် လှုံ့ဆော်ပေးခဲ့သောနေ့ဟု ဆိုရမည်။ ဒီဇင်ဘာကိုသာမက မြန်မာ့သမိုင်းကို ဆွိစေခဲ့သောနေ့တနေ့ပဲဖြစ်သည်။ အခုရာစုနှစ်သစ်မှာတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ဆိုတာ လူ့အခွင့်အရေးကြေငြာစာတမ်းထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်နေပြန်သည်။ လူသားတို့ဘဝကို ဆွိစေခဲ့သောနေ့ဟုပဲ ဆိုရပေမည်။

    ကမ္ဘာကြီးကို ချိုစေချင်သည်။ လူသားတို့ဘဝကို ချိုစေချင်သည်။ ချစ်သူတို့ တဦးနှင့်တဦး ချိုစေချင်သည်။ ဆွိဒီဇင်ဘာနှင့်အတူ ချိုကြပါစေဟု ဆုတောင်းလိုက်မိသည်။ တကယ်တမ်းကျ လူတဦးချင်းဘဝမှသည် မြန်မာပြည်အလယ် မက္ကဆီကိုနယ်စပ်က ကမ္ဘာကြီးအဆုံး ခါးသီးမှုတွေက ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေသည် မဟုတ်လား။ 

    ခရစ်စမတ်ဘိုးဘိုးကြီးက လက်ဆောင်ထုပ်ကြီးလှည်းပေါ်တင်ကာ သူ့ခြေမြန်တော်သမင်တွေကို အားကုန်သုတ် နှင်ပြေးစေလိုက်သည်။ ဗုံးတွေဒုံးတွေကြားမှာ အကာအကွယ်မဲ့နေသည့် ကလေးငယ်တွေနှင့် အမျိုးသမီးတွေရှိရာ ယီမင်တောင်မြောက်ဆီကိုလား။ အမေရိကန်ဆီကိုဦးတည်လာသည့် လက်တင်အမေရိက ဒုက္ခသည်စစ်ကြောင်းကြီးဆီကိုလား။ ခြံခတ်ခံထားရသည့်ဘဝမှလွတ်မြောက်ဖို့ ယိုင်နဲ့နဲ့လှေငယ်လေးများဖြင့် ပင်လယ်ပြင်ကို အလုအယက်ထွက်ပြေးနေကြသည့် တောင်အာရှတနေရာရဲ့ အိန္ဒိယသမုဒ္ဒရာကမ်းစပ်ပေါ်က နိုင်ငံမဲ့ လူအုပ်ကြီးတခုဆီကိုလား။

    ဘာပဲဖြစ်ဖြစ် ဒီဇင်ဘာက နှစ်တစ်နှစ်ကို စာရင်းပိတ်တော့မည်။ ပြီးတော့ နှစ်သစ်တခုရဲ့တံခါးကို ဆွဲဖွင့်မည်။ ဘာတွေယူသွားပြီး ဘာတွေ ချန်ထားရစ်မလဲ။ ချန်ချင်တိုင်းချန်ပြီး ယူသွားချင်တိုင်း ယူသွားခွင့်ကော ရှိရဲ့လား။ တခါတုန်းကတော့ ဒီဇင်ဘာ အာရုဏ်ဦးတွေမှာ အိမ်ခေါင်မိုးပေါ် နှင်းပေါက်ကျသံတွေ ကြားခဲ့ရဘူးသည်။ အဘိုးအိုတဦးက ခြံဝိုင်ကလေးထဲ သစ်ရွက်ခြောက်တွေကို အစောကြီးထလှည်းကာ မီးပုံကလေးထဲ ပစ်ထည့်နေခဲ့သည်။ 

    တငွေ့ငွေ့ လွှမ်းထားတဲ့ မြ မြူပုဝါ
    အရွေ့ရွေ့ လှမ်းထားဆဲည ဒီအချိန်အခါ
    သဇင်ညကို ချစ်ဖူးသူတို့အတွက်တော့ ဘဝတွေက ဘယ်လောက်ခါးခါး ဒီဇင်ဘာကတော့ ချိုနေမှာပဲဖြစ်ပါသည်။

ဒီဇင်ဘာ
၂၀၁၈