Saturday, August 27, 2022

စာမဖတ်တော့ ဘာဖြစ်လဲ

စာပေမြင့်လျှင် လူမျိုးမြင့်မည် ဟု ကြားဘူးကြလိမ့်မည်။ တိုင်းပြည်လည်းဆင်းရဲ လူမျိုးလည်းမွဲသည့်ခေတ်တွင် စာပေက ရွှေကလပ်ပေါ်တွင် ကျန်ခဲ့ဖို့ ခက်ပါသည်။ သားရည်ဖုံးနှင့် ရွှေစာလုံးထိုးထားပေမဲ့လည်း တဲအိုပျက်မှာတော့ ခေါင်မိုးဖာ၊ ထင်းဆိုက် အမှိုက်သာသာအဆင့်ရောက်မည်သာ။

အလိမ္မာစာမှာရှိ ဟု စာအုပ်ပေါ် ဖယောင်းတိုင်မီးလင်းနေသည့် အမှတ်တံဆိပ်တခု နေရာတိုင်းမှာမြင်ရနိုင်သည့် ခေတ်တခု တခါက ရှိခဲ့ဘူးသည်။ စာအုပ်တွေကပေးသည့် အမှန်တရားနှင့် ချစ်ခြင်းမေတ္တာကို ကိုင်စွဲကာ ကိုယ်နေထိုင်ရာကမ္ဘာကို စိုပြေစိမ်းလန်းစေအံ့ဟု အားထုတ်ဖူးသော မျိုးဆက်များလည်း ရှိခဲ့ဖူးသည်။ ထိုအခါ လောကကြီးကို ငါ့အလိုအတိုင်းဖြစ်ရမည်ဟုဆိုသော စကြာဝတေးသူရူးတို့အတွက် စာအုပ်များသည် သူတို့အဓိကချေမှုန်းစရာ ရန်သူတော်ကြီးများ ဖြစ်လာကြသည်။ ဒီလိုနှင့် စာအုပ်ပေါ်က ဖယောင်းတိုင်းမီးကို ငြှိမ်းသတ်ခံလိုက်ရသော အမှောင်ခေတ်ကြီးထဲ ရောက်ခဲ့ကြရတော့သည်။

လမ်းထိပ်က ကွမ်းယာဆိုင်မှာ လူတွေတရုန်းရုန်းဖြစ်နေချိန် ကားမှတ်တိုင်ဘေး ဂျာနယ်ဗန်းကလေးက အိပ်ငိုက်နေသည်။ ဆိုက်ကားသမားခါးကြားထဲရှိ စမတ်ဖုန်းဆီက တတိန်တိန်မြည်နေတဲ့အချိန်မှာ ထမင်းတလုပ်ကို ထင်းခုတ်စားမယ်ဆိုတဲ့ ကဗျာဆရာဆိုသူ၏ ၀မ်းဗိုက်က တကြုတ်ကြုတ်မြည်နေသည်။ ဟိုတယ်ခန်းမတခုထဲမှာတော့ အမှောင်ခေတ်ထဲမှာ ဂျာနယ်ထုတ်ပြီး ကားစီးနိုင်ခဲ့သူများက ပုံနှိပ်စာပေလောကကြီးကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလားဟု သူတောင်းစားခွက်ပျောက်သည့်လေသံဖြင့် အော်နေဟစ်နေကြသည်။ လမ်းမကြီးပေါ်မေးတင်ပြီး ဆိုင်းဘုတ်ကြီးထောင်၊ တံခါးအားလုံးဖွင့်ထားသော်လည်း ဘယ်သူမှ အဝင်အထွက်မလုပ်သလောက် ခြောက်ကပ်နေသော အဆောက်အဦကို စာကြည့်တိုက်ဟု ခေါ်ပါသည်။

စာမဖတ်တဲ့လူမျိုး ကျဆုံးမှာပဲ ဟု ဂျွန်ရပ်စကင်းဆိုသော ပညာရှင်ကြီးက ဆိုမိန့်ခဲ့ဘူးပါသည်။ ဘီယာဆိုင်တွေက စာကြည့်တိုက်တွေထက် ခမ်းနားစည်ကားနေလျှင် ထိုလူမျိုး၏ အနာဂတ်ကို ဗေဒင်မေးစရာမလိုပါ။ ဖုန်းပေါ်မှာ စာလေးနှစ်ကြောင်းသုံးကြောင်းလောက်ကို သူရေးတာငါဖတ်လိုက်၊ ငါရေးတာသူဖတ်လိုက်လုပ်နေသော ဗဟုသုတဟင်းလေးအိုးကြီးများဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး၏တံခါးကို မခေါက်နိုင်ပါ။ သတင်းစာတွေ၊ ဂျာနယ် စာစောင် မဂ္ဂဇင်းတွေ တစောင်ပြီးတစောင် ထိုးရပ်သွားတာကို မီးလုံးတွေ တလုံးပြီးတလုံးကျွမ်းသွားသလို သတိထားရကောင်းမှန်းမသိလျှင်တော့ တအိမ်လုံးမှောင်သွားမှ ဖယောင်းတိုင်အတိုပင် ရှာမရသည့်အဖြစ်မျိုးနှင့် တိုးပါလိမ့်မည်။

စာမဖတ်သူတယောက်ကို စာဖတ်ချင်လာအောင် စည်းရုံးဖို့ လွယ်ချင်လွယ်ပါလိမ့်မည်။ လူတွေစာမဖတ်နိုင်အောင်၊ စာမဖတ်ချင်အောင်၊ စာဖတ်ရကောင်းမှန်းမသိအောင် ပစ်ပယ်ထားသော၊ သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ထားခြင်းခံခဲ့ရသော ခေတ်စနစ်ကြီးတခုကို ပြုပြင်ယူရတာ အတော်ခက်ပါသည်။ တရက်တည်းနှင့် ခုတ်လှဲပစ်ခဲ့သော သစ်ပင်တပင်ကို လေးငါးဆယ်နှစ် ပြန်စိုက်ပျိုးယူရပါသည်။ လပ်သွားသောမြေပေါ် သစ်ပင်ပြန်မစိုက်ချင်ပဲ အိမ်ဆောက်ချင်သူ၊ ခြံခတ်ချင်သူများလည်း ရှိကောင်းရှိနိုင်ပါသည်။ တချို့ကိစ္စများကို တဦးချင်လုပ်ဆောင်၍မရသည့်အတွက် လူသည် အဖွဲ့အစည်းအသင်းအပင်းနှင့်နေထိုင်သော သတ္တဝါဖြစ်လာခဲ့ပါသည်။

လူ့အဖွဲ့အစည်းတခု၏ အဆင့်အတန်းကို စီးပွားရေးအရ မြင်သာသော်လည်း တကယ့်တန်ဘိုးကို ယဉ်ကျေးမှုဖြင့် သတ်မှတ်ပါသည်။ ယဉ်ကျေးမှုတခု၏ အခြေခံအုတ်မြစ်မှာ စာပေပဲဖြစ်သည်။ စာပေမှ သဘင် ဂီတ ပန်းချီ ရုပ်ရှင် စသဖြင့် ကိုင်းခက်လက်များ ဖြာထွက်လာသည်။ ထိုအကိုင်းအခက်များ နွမ်းယော်ခြောက်ကပ်လာတာကိုမြင်လျှင် ပင်စည်မှာ ပိန်လှီအားနည်းနေတာ ဖုံးကွယ်လို့မရကောင်းပါ။ ထိုအပင်ကို ရေလောင်းပေါင်းသင်ဖို့ ဥယာဉ်မှူးလိုပါသည်။ မျောက်ကို ဥယာဉ်မှူးခန့်မိသော ပုံပြင်များ နောက်ထပ် နားမထောင်ချင်ကြတော့ပါ။

လောင်နေတဲ့မီးကိုလည်း သတ်ပါ။ အိမ်ထဲကလူကိုလည်း ကယ်ပါ။ ဗိုက်ဆာနေတဲ့သူက ထမင်းစားပြီးမှ စာအုပ်ကို ကောက်ကိုင်ပါလိမ့်မည်။ အိမ်တိုင်း၏ ဧည့်ခန်းမှာ စာအုပ်စာစောင်များရှိနေလျှင် မီးဖိုချောင်က ဟင်းနံ့ကျွေးနံ့က ပိုလို့မွှေးကြိုင်လာပါလိမ့်မည်။ ထိုအခါ ထမင်းမေ့ ဟင်းမေ့၊ လက်ကမချချင်လောက်အောင် လွှမ်းမိုးနိုင်သည့်စာအုပ်များ စာအုပ်စင်ပေါ် ထည်ထည်ဝါ၀ါ နေရာယူလာကြမည်။ ဧည့်သည်ဆောင်သည်များက စင်ပေါ်ကစာအုပ်တွေနဲ့ ဆက်တီစားပွဲပေါ်က စာစောင်မဂ္ဂဇင်းတွေကိုကြည့်ပြီး ထိုအိမ်ကလူတွေအပေါ် လေးစားတန်ဘိုးထားပါလိမ့်မည်။ ပြီးတော့ စမတ်ဖုန်းကလေးနဲ့ ဆယ်ဖီဆွဲကာ အမြဲတမ်း သတိရနေပါလိမ့်မည်။

စာအုပ်မရှိတဲ့အိမ်ဆိုတာ သာလာယံဇရပ်လို ခွေးလေခွေးလွင့်တို့၏ ဘုံရိပ်သာမျှဟုဆိုလျှင် လွန်အံ့မထင်။ စာပေမတတ် ကြက်ခြေခတ်ကြရင်း အမှန်ကို အမှားခြစ်ခဲ့ကြရသည့်ဘဝများစွာထဲက ရုန်းထွက်ကြပါစို့။

Editorial
August 17, 2018

Monday, August 15, 2022

"နောက်ဆုံးတယောက်"

ပန်းချီဆရာသေလည်း ဒီမီးခိုးပဲ 
ကဗျာဆရာသေလည်း ဒီမီးခိုးပဲ၊

မင်းသံဝေဂကြီးက မရိုးလွန်းဘူးလား
ခေါင်းတိုင်ကြီးက ဟားတိုက်ရီတယ်၊

သံဝေဂကလည်းမဆန်းဘူး
သေတာကလည်းမဆန်းဘူး 
ငါတို့တဦးကိုတဦးချစ်ခဲ့ကြတာကဆန်းကြယ် 
ငါတို့တဦးကိုတဦးလွမ်းခဲ့ကြတာကဆန်းကြယ်၊

ချစ်ခဲ့ကြတာလည်းဒီမီးခိုးပဲ
လွမ်းခဲ့ကြတာလည်းဒီမီးခိုးပဲ 
မင်းတို့မီးခိုးကဆန်းကြယ်လွန်းပါတယ်
ခေါင်းတိုင်ကြီးငိုကျန်ခဲ့တယ်။

- - -- - - 
နှင်းခါးမိုး
၂၆၊ ဖေဖေါ်ဝါရီ၊ ၂၀၂၀

Tuesday, July 19, 2022











ဒီစာကို Select ပေးပြီးရေးပါ...

ရာသီမဲ့


ခြောက်နေတဲ့အရွက်တွေဟာ
ရိုးတံကိုဖက်တွယ်ထားနိုင်သရွေ့
အပင်မှာနေခွင့်ရှိတယ်၊

မဆုံနိုင်တော့ဘူးဆိုရင်တောင်
အမှတ်ရတိုင်းလွမ်းနေတတ်တာ
အချစ်လို့ခေါ်ခွင့်ပေးပါ။
- - - - - -
နှင်းခါးမိုး

Friday, June 3, 2022

လူလေလူလွင့်

အတွေးတွေက ဟိုတစ ဒီတစ၊ စုမရ သိမ်းမရ၊ ဆောင်းဦးလေ ခပ်သော့သော့မှာ လွင့်ချင်ရာလွင့်နေကြပြန်သည်။ စိတ်ထဲပေါ်လာသည့် စကားလုံးလေးတွေကို စာရွက်ပေါ် ချခင်းကြည့်သည်။ စကားလုံးတွေက အသေတွေ။ အသက်မပါ။ ခံစားချက်မပါ။ တခုနှင့်တခု အဆက်အစပ်မရှိ။ ပေါင်းစည်းလို့မရ။ ရှေ့နောက်စီလို့မရ။ လှေဝမ်းထဲကငါးတွေလို တဖျတ်ဖျတ်ခုန်နေသည်။ ဖမ်းလိုက်တိုင်း လက်ထဲက လွတ်ချော်သွားသည်ချည်း။
 
ဘယ်လိုလုပ်မလဲ။ ဖြစ်ချင်တာတွေ ဘယ်လိုလုပ်မလဲ။ မဖြစ်ချင်တာတွေ ဖြစ်မလာအောင် ဘယ်လိုလုပ်မလဲ။ သူ့ရင်ထဲမှာ ဘာမှ ပြောစရာမရှိတော့ဘူးလား။ ဘယ်လိုလုပ်မလဲ။ သူ့အရည်အသွေးတွေ အားလုံး ဆိတ်သုန်းသွားပြီလား။ ဘယ်လိုလုပ်မလဲ။ စကားလုံးတွေမလိုပါဘူးကွယ်။ တို့နှစ်ယောက်ရဲ့ နုညံ့တဲ့ဆက်ဆံရေးကို စကားလုံးတွေက ဖျက်ဆီးပစ်လိုက်လိမ့်မယ်။ အိပ်မက်တွေကို စာစီမကုံးပါနဲ့။ အို အရာရာဟာ ပျက်ဆီးဖို့ရာ လွယ်ကူလိုက်ပါဘိ။ ကတ္တီပါဖိနပ် ကြက်သွေးရောင်လေးပေါ်မှာ မင်းခြေဖဝါးဖွေးဖွေးလေးကို ငေးနေချင်မိပါရဲ့။ ကိုယ်တောင်းဆိုတာ သိပ်များသွားသလား။ ဘယ်လိုလုပ်မလဲ။
 
အလကားလူ။ မလွတ်မှန်းသိပါရက် ထွက်ထွက်ပြေးနေတတ်တဲ့လူ။ တခါတုန်းကတော့ ဟုန်းဟုန်းတောက်ခဲ့တဲ့ မီးဖိုကလေး ဖြစ်ခဲ့ဘူးသည်။ အခုတော့ လေကလေးနည်းနည်းသုတ်လျင်ပင် သူ့မှာ ပြာတစမှ မကျန်တော့သလို။ ဘာ့အတွက် တငွေ့ငွေ့လောင်နေရတာလဲဟု မေးတိုင်း သူ့မှာ အဖြေမရှိခဲ့။ ရက်စက်လိုက်တာ။ တယောက်ယောက်ကိုသာ အပြစ်အားလုံး ပုံချပေးလိုက်ချင်ပါသည်။ သေချာတာက မရေရာလည်း မရေရာသလို မီးခိုးတွေအူလိုက်ပေါ့။ ဘာတွေကို ထိန်ဝှက်ချင်နေရတာလဲ။ ဘာတွေကို လူမြင်သူမြင်ဖြစ်မှာ ကြောက်နေရတာလဲ။ မုန်တိုင်းမိခဲ့တဲ့ ထင်းတချောင်းလို မီးမွှေးရခက်လိုက်တာ။ ဘယ်လိုလုပ်မလဲ။
 
မဖတ်နဲ့နော်။ ဘယ်သူမှ မဖတ်ကြပါနဲ့။ ဘယ်သူ နားလည်နိုင်မှာလဲ။ လက်ဖက်ရည်ဆိုင်မှာ စောင့်နေလေ။ ပြောစရာစကားတွေ အများကြီးရှိပါတယ်။ စကားလုံးတွေနဲ့တော့ မဟုတ်ဘူး။ ဟိုးအဝေးတနေရာကို တယောက်ကငေးနေတဲ့အခါ တယောက်ကလည်း တိတ်ဆိတ်စွာ။ တယောက်မျက်နှာဟာ တယောက်ရဲ့စာအုပ်။ ညနေစောင်းရင် ကိုယ့်အိမ်ကိုယ်ပြန်ကြမယ်။ တနေ့စာ အတွေးတွေ လွယ်အိတ်လေးထဲထည့်။ မြစ်ကူးတံတားပေါ်က ဘက်စကားကြီး ဖြည်းဖြည်းဖြတ်မောင်းနေတဲ့အခါ ကမ်းနှစ်ခုရဲ့အကွာအဝေး ကို မောလျစွာငေးခဲ့ကြသည်။
 
မြက်ရိုင်းကွင်းပြင်ကြီးထဲ ခေါင်းငိုက်စိုက်နဲ့ ပြန်လာပြီ။ ရပ်ကွက်လမ်းကြားလေးထဲ လူတွေ၊ ကြွက်တွေ၊ ခွေးလေခွေးလွင့်တွေ။
ဒါသူ့အိမ်တဲ့လား။ ခေါင်းမိုးပေါ်မှာ ကပ်ဖကာရဲ့ ခေါင်းတိုင်ကြီးနဲ့။ အိမ်ကလေးထဲမှာ တရားခွင်တခုနဲ့လေ။ တကယ်က ကျနော်က ဂျက်လန်ဒန် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် စီမွန်ဒီဘူးဗွားနဲ့လည်း တသတ်လုံး အတူနေသွားချင်ပါသေးတယ်။ ငယ်ငယ်တုန်းက သခင်မြသန်း ၀တ္ထုတွေ ဘာဖြစ်လို့ ဖတ်ခဲ့မိတာလဲ။ တံခါးရွက်လေးကြားမှာသာ တိတ်တိတ်ကလေး ငိုပစ်လိုက်ချင်ပါတယ်။ ငါ့ကိုနားလည်ပါဟယ်လို့ ဘေးအိမ်က ငယ်သူငယ်ချင်းလေးကို ပြောခဲ့ဘူးတယ်။ ပျော့ညံ့တဲ့ကောင်လေးတယောက်ဟာ ချစ်တယ်ဆိုတဲ့စကားကိုတော့  မပြောဖြစ်ခဲ့ဘူး။ ပါးစပ်က မပြောဖြစ်ခဲ့ဘူး။ လက်ကမပြောဖြစ်ခဲ့ဘူး။ သေချာပါသည်။ မပြောဖြစ်ခဲ့ဘူး။
 
အခုမှတော့ ပြန်ဖျက်မနေချင်။ ရေးပြီးသားတွေ ဒီအတိုင်းရှိပါစေ။ တစုံတယောက် ဖတ်ဖြစ်ကောင်းဖတ်ဖြစ်မယ်။ နားလည်ချင်လည်မည်။ နားမလည်ပဲလည်း ဖြစ်နိုင်သည်။ ဟုတ်တယ်။ ရေးလိုက်တယ်။ သေနေတဲ့စကားလုံးတွေ၊ သေနေတဲ့အတွေးတွေ၊ သေနေတဲ့ဖန်တီးမှုတွေ၊ ပြီးတော့ သေနေတဲ့အနုပညာ၊ သေနေတဲ့ဘဝ။ စကားလုံးတွေကို ခါးမှာချည်ပြီး ကိုယ့်ကိုယ်ကိုယ် အသေခံ ဖေါက်ခွဲပစ်လိုက်ခြင်း။ တော်တော်ဆိုးဝါးတဲ့စာ။ ဟိုရောက်ဒီရောက်။ သွားပြီ။ ဒီလူ ရူးသွားပြီ။ ရူးတုန်းရေးတဲ့စာ ကြီးကျယ်ခမ်းနားလှပါဘိ။

Wednesday, April 27, 2022

အိမ်အ ပြန်

ညို မြသွေး
27/4/2022 
         =======
    ဘာမှ ‌‌ပြောင်းလဲမသွားဘူး 
    သူက အတိတ်‌တွေကို
လုံးစေ့ ပတ်စေ့ မှတ်မိ ထားသူ
    သူတို့ ကလေးတသိုက်
သစ်ကိုင်း‌ခြောက်တွေနဲ့ အိမ်ဆောက် ကစားနေကျ ထင်းရှူးပင် ကြီးရှိရာ တောင်ကုန်းထက်မှာ ခုတော့ ရဲတိုက်ပုံ
ခေတ်မီ ဟိုတယ် ကြီးတခု
      ဘာမှ ပြာင်းလဲမသွားဘူး ၊သူ‌ပြောချင်နေတာ
       ဇီးထုပ်အခွံတွေနဲ့ မုန့်ထုပ် စက္က ူတွေ လွင့်ပျံနေတဲ့ သဲကွင်း မြက်ဖုတ်တွေနေရာမှာ မြက်ကော်‌ဇောတွေနဲ့
အလှစိုက်ပန်းအိုးတွေ ၊ရောမစတိုင် အလင်းပေး မီးတိုင်တွေ၊
       ဘာမှ ‌ပြောင်းလဲမသွားဘူး ၊သူ ့စကားလုံးတွေက လည်ချောင်းထဲ တစ်ဆို ့ ့နေတယ် 
       ခပ်ဝပ်ဝပ် တီပုံသဏ္ဏာန် ခေါင်းလောင်းသံချို ကျောင်း ကလေးက အထပ်မြင့် ခန်းဆောင် ကြီးတွေနဲ့ ဓါတ်လှေခါးခန်းတွေနဲ့
       ဘာမှ‌ပြောင်းလဲ မသွားဘူး
        သူတို ့ပန်းတွေခူးကစားရင်း စပ်စပ်စုစု လိုက်ဖတ်ခဲ့တဲ့ အုတ်ဂူ ကမ္ဗည်းစာထဲမှာ တခါမှမတွေ ့ခဲ့ဖူးတဲ့
နာမည် သစ်တွေက ရေညှိတွေနဲ ့ဖုံးလို ့
      ဘာမှ မ‌ပြောင်းလဲသွားဘူး
      သူ့ အသံက ရင်ခေါင်းထဲက အ ပြင်ထွက်မလာတော့
       သူ ချစ်တဲ့သူတွေ နာမည်နဲ့ အသက်ရေးထားတဲ့
အုတ်ဂူ တွေက တချို ့ပြိုပျက်ပေါက်ထွက်လို ့
       ဘာမှ ‌ပြောင်းလဲမသွား ဘူး
       သုဿန်ဇရပ် တောင်ဘက် ဘန့်ဘွေးပင်ကြီးအောက်က အုတ်ဂူတခု မှာတော့ တခုခုနဲ ့လက်ဆော့ ခြစ်ဖျက်ထား တဲ့ ကမ္ဗည်းစာ
တခု ရှိနေတယ်
       ဘာမှ‌ပြောင်းလဲမသွားဘူး
       မှုံဝါး ဟောင်းပျက်နေတဲ့ ရေညှိ‌တက် ကမ္ဗည်း စာပေါ်ကနာမည်ကို ခက်ခက်ခဲခဲ ပေါင်းဖတ် လိုက်တော့ 
       သူ့နာမည်နဲ့ အသက်
       ဘာမှ ‌ပြောင်းလဲမသွားဘူး
        သူ့စိတ်ထဲက ရေရွတ်သံ သူကိုယ်တိုင် ပြ
န် ကြား ‌နေရတယ်
       ဝိဉာဉ် တခုဟာ သူထားခဲ့တဲ့ မြို ့ဟောင်း နဲ့ ဘူတာရုံ ကလေး တွေ ဈေးတွေ ၊ချာခ်ျကျောင်းတွေ ၊စေတီတွေ အမှတ်အသားတွေက လွဲလို ့ ဘာတွေများ သိနိုင်အုံးမှာလဲ
        ဘာမှ ‌ပြောင်းလဲမသွားဘူး