Monday, May 1, 2023

အလုပ်သမားနိုင်ငံရေးနှင့် နိုင်ငံရေးအလုပ်သမား


    မောင်အလုပ်သမားဆိုရင် မေကပင်စတင် ချစ် ချစ်ပါရစေရှင် ဆိုသည့်သီချင်းကို ဆိုရှယ်လစ်ခေတ် မီလိုက်သည့်သူတွေ ကြားဘူးကြလိမ့်မည်။ နိုင်ငံရေးစကားပြောလျှင်ပင် ခုခေတ်လို မိဘပြည်သူများ မဟုတ်ပဲ လုပ်သားပြည်သူများခင်ဗျားဟု ရည်ညွုန်းခေါ်ဝေါ်ခဲ့သောခေတ်ဖြစ်သည်။ လုပ်သားပြည်သူ့နေ့စဉ်၊ Working peoples daily စသည်သတင်းစားများမှာ အစိုးရထုတ်သတင်းစားဖြစ်သည်။ လုပ်သားဂျာနယ်ဆိုလျှင် ပြည်သူ့ဘဝကို ထင်ဟပ်ဖော်ပြသည့် တခန်းရပ်ပြဇာတ်တိုလေးတွေကြောင့် လူကြိုက်များခဲ့ဘူးသည်။

    လူ့သမိုင်းဆိုသည် လုပ်အား၏သမိုင်းပင်ဖြစ်သည်ဟု လက်ဝဲနိုင်ငံရေးကျမ်းများက ဆိုသည်။ အလုပ်လုပ်သော ပြည်သူများကသာလျှင် သမိုင်းကိုရေးသားသည်ဟု ယုံကြည်ကြခြင်းဖြစ်သည်။ ထိုမှတဆင့်တက်ကာ အလုပ်ရှင်များကို လုပ်အားအပေါ် သွေးစုတ်အမြတ်ထုတ်နေသူများဟု စွပ်စွဲကာ ရန်ဘက်ရှုမြင်ကာ တိုက်ပွဲဆင်ခဲ့ကြသည်။ လုပ်အားကလွဲပြီး ဘာမှ မပိုင်ဆိုင်သည့် ပစ္စည်းမဲ့လူတန်းစားကသာလျှင် လူ့အဖွဲ့အစည်းကို စိုးမိုးချုပ်ကိုင်နိုင်ခွင့်ရှိသည်ဟုဆိုသော ပစ္စည်းမဲ့အာဏာရှင်စံနစ် နိုင်ငံရေးအယူအဆ ကမ္ဘာကြီးပေါ်မှာ ပေါ်ထွန်းအားကောင်းခဲ့ဘူးသည်။ 

    တကယ့်လက်တွေ့မှာ အလုပ်သမားဦးထုပ်ဆောင်းထားသည့် ပညာတတ်များ၏ စိတ်ကူးယဉ်လောကနိဗ္ဗာန်က ပြညသူလူထုကြီးအတွက် သံမဏိနံရံကြီးများကြားက အာဏာရှင်လှောင်ချိုင့်ပဲဖြစ်ခဲ့သည်။ ဒီမိုကရေစီ အရိပ်အောက်မှာ တက်ကြွပြီး ရှင်သန်နေခဲ့သည့် စျေးကွက်စီးပွားရေးက အောက်ဆုံးအဆင့်အလုပ်သမားတယောက်ကိုပင် လူမွေးလူတောင် ပြောင်ရောင်စေသည်ကို မြင်ရသောအခါ အရင်းရှင်တွေကိုပင် ကယ်တင်ရှင်တွေလို ပြန်အားကိုးလာရသည့် နိုင်ငံရေးအလှည့်အပြောင်းတွေဆီ အလုပ်အယက် ပြန်ရောက်လာကြပြန်သည်။

    အမေရိကန်တွေကို အသက်ပေါင်းများစွာစတေးပြီး တိုက်ထုတ်ခဲ့သည့် ဗီယက်နမ်နိုင်ငံက အမေရိကန်အရှင်းရှင်တွေကို ကော်ဇောနီခင်းပြီးး ပြန်ကြိုခဲ့ရသည်။ ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးချုပ်ကိုင်မှုကို နည်းနည်းလေးမှ အထိမခံသော်လည်း တိုင်းပြည်စီးပွားရေးတိုးတက်မှုအတွက် တရုတ်ပေါ်လစ်ဗြူရိုကြီးတွေက သူတို့ပါတီထဲ စီးပွားရေးလုပ်ငန်းရှင်တွေကို ကေဒါအဖြစ် လက်ခံလာကြသည်။ ပြည်သူပိုင်စီးပွားရေး၊ နိုင်ငံပိုင်စီးပွားရေးတွေကို ပုဂ္ဂလိကတွေလက်ထဲ ထိုးရောင်းကြရသည်။ နိုင်ငံရေးယုံကြည်ချက်ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက အာဏာအပေါ် ပိုလွှမ်းမိုးလာသည့်သဘောပင်။

    တဘက်တွင်လည်း စစ်အေးတိုက်ပွဲပြီးဆုံးခြင်းနှင့်အတူ သမိုင်းနိဂုံချုပ်ပြီဟု အောင်ပွဲခံရင့်ကြူးခဲ့သော လစ်ဘရယ်အရင်းရှင်စံနစ်မှာလည်း သူ့အတွင်းပြဿနာတွေနဲ့သူ အကြပ်အတည်းဆိုက်လာတာ တွေ့ရသည်။ ဆင်းရဲချမ်းသာကွာဟမှုကြီးမားတာ၊ ကုန်သွယ်ရေးမညီမျှမှုတွေမှတဆင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ ပြန်ခေတ်စားလာတာ၊ အုပ်စုလိုက် ရွှေ့ပြောင်းအခြေချမှုများနှင့်အတူ လူဝင်မှုပြဿနာ၊ လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုပြဿာနတွေ ရှင်းမရဖြစ်လာတာ စသဖြင့် ပရမ်းပတာအခြေအနေတွေကို ရင်ဆိုင်နေကြရသည်။ ဒီအချိန်မှာမှ တိုင်းပြည်ကို အစက ပြန်ထူထောင်ရသည့်အခြေအနေမျိုးကို ရင်ဆိုင်ရုန်းကန်နေရသည့် မြန်မာပြည်လိုနိုင်ငံမှာ ကိုယ့်ရှိရင်းစွဲပြဿနာတွေကိုရှင်းရင်း နောက်ထပ်တိုးဝင်လာသည့် ဖိအားအသစ်များကို ကြံ့ကြံ့ခံရင်း ဆောက်တည်ရာရှာနေကြရသည်မှာ ပင်ပမ်းခက်ခဲလွန်းအားကြီးသည်ဟု ပြောရပေမည်။

    အင်တာနေရှင်နယ်သီချင်းဆိုရင်း စက်ရုံတံခါးဝပိတ်ထိုင်ထားသည့် အလုပ်သမားသပိတ်တွေကတဖက်၊ ရေမီးမစုံသည့်ကြားက လုပ်အားခစျေးချိုမှုနှင့် ကုန်သွယ်မှုအထူးအခွင့်အရေးတွေထဲ အကျိုးအမြတ်လာရှာသည့် ရင်းနှီးမြုပ်နှံသူတွေက တဖက်နှင့် ဘဝအခွင့်အလမ်းတွေ တွေ့လိုတွေ့ငြား လုပ်အားကလွဲ ဘာမှရင်းနှီးစရာမရှိပဲ မြို့တက်အလုပ်ရှာနေသည့် လူသားအရင်းအမြစ်တွေက မြို့သစ်တွေမှာ အစုလိုက်အပြုံလိုက်ရောက်နေသလို ဒီမိုကရေစီလှိုင်းကိုစီးပြီး အခွင့်အရေးခေါင်းစဉ်အမျိုးမျိုးဖြင့် ရာသီပေါ်နိုင်ငံရေးတောခြောက်သံတွေအောက်မှာ အပြောင်းအလဲတခုအတွက် ကြိုးတန်းလျှောက်နေရသည့် မြန်မာ့နိုင်ငံရေးက နောင်မျိုးဆက်များအတွက် ပြဌာန်းစာအုပ်ကောင်းတအုပ် ဖြစ်လာမလား၊ နိုင်ငံရေး သံဝေဂ တေးတပုဒ်ဖြစ်လာမလား။ သေချာ    တာကတော့ ကျော်လွှားသွားလို့မရသည့် သမိုင်းပုစ္ဆာများဖြစ်နေခြင်းပင်။

    အဖြေလည်းအရေးကြီးသလို တွက်နည်းလည်း မှန်ဖို့လိုပါသည်။ ရင်ဆိုင်တိုက်ခိုက်ရင်း အောင်ပွဲရှာဖို့ထက် ပူးပေါင်းလုပ်ဆောင်ရင်း ညှိနှိုင်းဆွေးနွေးရင်း အားလုံးအကျိုးကိုရှေ့ရှုသည့် အခြေအနေသစ်တခုကို တည်ဆောက်နိုင်ရေးမှာ ခေတ်သစ်နိုင်ငံရေး ယဉ်ကျေးမှု ပုံစံသစ်ဖြစ်ကြောင်း ငြင်းပယ်မရတော့ပါ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ဖုယွင်အလုပ်သမားသပိတ်အပေါ် ကိုင်တွယ်မှုမှ အဖြေ မည်သို့ထွက်လာမည်ကို တပ်အပ်သေချာ မပြောနိုင်သော်လည်း၊ အင်အား၊ အာဏာ၊ ဖိအား၊ အကြပ်ကိုင်မှုတို့မပါသော လုပ်ဖော်ကိုင်ဘက်ဆန်စွာ လုပ်ဆောင်ပေးမှုကိုတော့ မြန်မာ့နိုင်ငံရေးအတွက် အားလုံးစိတ်ချမ်းသာစေမည့် အလေ့အထကောင်းလေးတခု ဖြစ်လာနိုင်ပါစေဟု မျှော်လင့်မိသည်။ 

    ၀န်ကြီးချုပ်ဆိုတာလည်း တိုင်ပြည်တည်ဆောက်ရေး အလုပ်သမားပါပဲ။.

သခင်ဖိုးလှကြီးပုခုံးက သံကြိုးကွင်း

    မြန်မာပြည်သမိုင်းမှာ မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ဆိုသည့်စကားတခွန်း ကျော်ကြားခဲ့ဘူးသည်။ ရေနံမြေအလုပ်သမားထုကို ဟောပြောခဲ့သည့် ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင် သခင်ဗဟိန်း၏ ရဲရဲတောက်စိန်ခေါ်သံဖြစ်သည်။ သည့်နောက်မှာ ၁၃၅၀ ပြည့် ရေနံမြေသပိတ်ကြီးဖြစ်သည်။ အလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီးက ရေနံချောင်း၊ ချောက်မှသည် ရန်ကုန်အထိ ဦးဆောင်ချီတက်ခဲ့သည့် တိုက်ပွဲကြီးဖြစ်သည်။ 

    မြန်မာ့နိုင်ငံရေးသမိုင်းတွင် အလုပ်သမားသမဂ္ဂများ၊ အလုပ်သမားပါတီများ အားကောင်းမောင်းသန် ပေါ်ပေါက်ခဲ့ဘူးသည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်ပါတီများမှာလည်း အလုပ်သမား၊ လယ်သမားထုအင်အားကို အခြေခံဖွဲ့စည်းကြသည်။ မြန်မာပြည်မှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံတနိုင်ငံဖြစ်ရာ လယ်သမားများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်သားများက အများစုဖြစ်သည်။ လယ်ယာထွက်ကုန်၊ သစ်တောနှင့် ရေနံသတ္တုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ အလုပ်သမားထုအင်အားကလည်း မသေး။ တိုင်းပြည်စီးပွားရေးကို အဓိက မောင်းနှင်နေသူများဟု ခေါ်ထိုက်သည်။  သို့သော် သမိုင်းတလျောက် အမွဲဆုံး၊ အဖိနှိပ်ခံရဆုံးမှာလည်း သူတို့ပဲဖြစ်သည်။ 

    ဖဆပလ ဓနရှင်အစိုးရလက်အောက်တွင် အေက်တန်းနောက်တန်းကျခဲ့ရသည့် အလုပ်သမားလယ်သမားတို့၏ဘဝများကို မြှင့်တင်ပေးမည်ဟု ကြွေးကြော်ကာ၊ ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် ဒူးယား၊ ခပေါင်း၊ ပုပ္ပားစသည့် လယ်သမား၊ အလုပ်သမား လူထုအစည်းအဝေးပွဲကြီးများ နိုင်ငံအနှံ့ အုန်းအုန်းကျွက်ကျွက် ကျင်းပခဲ့သည်။ အလုပ်လုပ်သည့် လုပ်သားပြည်သူများ ပိုင်စိုးသည့် သာယာဝေပြောသော ဆိုရှယ်လစ်လောကနိဗ္ဗာန်သို့ ချီတက်အံ့ ဟူသော ကြိမ်းဝါးချက်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါ်ပေါက်လာသည်။ လုပ်သားပြည့်သူ့နေ့စဉ်၊ Working Peoples daily်၊ ရှေ့သို့အလုပ်သမားဂျာနယ်တို့တွင် အလုပ်သမားထုအခွင့်အရေးများ၊ လှုပ်ရှားရုန်းကန်ပုံများကို မြိုင်မြိုင်ဆိုင်ဆိုင် ဖော်ပြသည်။ တဖက်တွင်လည်း စက်ရုံအလုပ်ရုံမှန်သမျှ ပြည်သူပိုင်သိမ်းသည်။ အလုပ်သမားအစည်းအရုံးများ ထူထောင်သည်။ အလုပ်သမားမေဒေးနေ့များ အကြီးအကျယ်ကျင်းပသည်။ တကယ့်လက်တွေ့မှာမူ အလုပ်သမားတွေဘဝက ဘာမှ ပိုထူးမလာခဲ့သည့်ပြင် အလုပ်အကိုင်များရှားပါး၊ ၀င်ငွေနည်းပါးကာ ပိုလို့ ကြပ်တည်းလာကြရသည်။    

    လစာနှင့်မလုံလောက်ကြသဖြင့် မသမာ၊ အလွဲသုံးစား၊ ခိုးဝှက်စသည့်အကျင့်တို့ ထွန်းကားကာအလုပ်သမားထု၏ အကျင့်စာရိတ္တ ပျက်စီးခဲ့ရသည်။ ၁၉၇၆ အလုပ်သမားအရေးအခင်းကြီး ပေါ်ပေါက်ခဲ့ကာ သွေးမြေကျခဲ့ကြရသည်။ ၁၉၈၈ ခုနောက်ပိုင်းတွင်မူ နယ်စပ်ဒေသမာျး၊ အခြားတိုင်းပြည်များသို့ အစုလိုက်အပြံလိုက် ရွှေ့ပြောင်းထွက်ခွာ အလုပ်လုပ်ကြရတော့သည်။ တောကျေးလက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများ ပျက်ပြားကာ မြို့များပေါ်သို့ အလုံးအရင်းလိုက် တက်လာကာ ကြုံရာကျပန်း လုပ်ကိုင်စားကြရသည်။ မြို့သစ်ရပ်ကွက်များ၊ စက်မှုဇုန်များတွင် အေးချမ်းသာယာပြည်မြန်မာ၏ ခေတ်သစ်သုခမြို့တော်များ ပေါ်ပေါက်လာသည်။

    တကယ်တော့ စျေးကွက်စီးပွားရေးဆိုတာ ဓနရှင်စနစ်ပဲဖြစ်သည်။ တိုင်းပြည်စီးပွားရေးပြန်လည်ဦးမော့လာဖို့ ရင်းနှီးမြုပ်နှံမှုတွေကို အားကိုးရသည်။ ရင်းနှီးမြုပ်နှံသူတွေကို အဆင်ပြေအောင် လုပ်ချင်ကိုင်လာအောင် အခြေနေတွေကို ဖန်တီးပေးရသည်။ မက်လုံးတွေပေးရသည်။ လုပ်ငန်းကိုင်ငန်းတွေများလာမှ အလုပ်အကိုင်တွေ တိုးပွားလာမည်။ လူတိုင်း ၀င်ငွေကိုယ်စီ ရှိနိုင်မည်။ သုံးနိုင်စွဲနိုင်မည်။ တိုင်းပြည်တိုးတက်မည်။ သို့ပေမဲ့ တဖက်မှာလည်း အလုပ်သမားတွေကို ငွေရှင်ကြေးရှင်တွေ စိတ်တိုင်းကျ အနိုင်မကျင့်နိုင်အောင် အကာအကွယ်တွေ ပေးဖို့လိုသည်။ အလုပ်ရှင်အလုပ်သမားဥပဒေတွေ၊ အနိမ့်ဆုံးလုပ်ခသတ်မှတ်ချက်တွေ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းခွင့်တွေ လိုအပ်သည်။ ပြဿနာတွေ၊ လိုလားချက်တွေကို ပဋိပက္ခနည်းဖြင့် မဖြေရှင်းပဲ တွေ့ဆုံညှိနှိုင်းဆွေးနွေးအဖြေရှာခြင်းဖြင့် အဖြေရှာကြဖို့လိုသည်။

    မည်သို့ဆိုစေ အောက်ခြေလူထု အများစုကြီးအတွက် တရားမျှတမှုလိုအပ်သည်။ ဘဝဖူလုံဖို့လိုသည်။ ကိုယ်စိတ် လုံခြံုဖို့လိုသည်။ သူတို့မှာ ဓနဥစ္စာမရှိ။ သြဇာအာဏာမရှိ။ နောက်ခံအသိုက်အဝန်းမရှိ။ အုပ်ချုပ်သူတို့၏ ကျော်သားရင်သားမခွဲခြားသော စီရင်ဆုံးဖြတ်မှုနှင့် သူတို့အပေါ်စာနာထောက်ထားသော ရပ်တည်ပေးမှုများကိုသာ အားကိုးရာရှိကြသူများဖြစ်သည်။ ခေတ်အဆက်ဆက် လုပ်အားမှလွဲ ဘာမှမပိုင်ဆိုင်ခဲ့သူများ၏ ဒုက္ခသုက္ခများကို ချုပ်ငြိမ်းပပျောက်အောင် အမှန်တကယ် မလုပ်ပေးနိုင်သေးသရွေ့တော့ သခင်ဖိုးလကြီးပုခုံးပေါ်က သံကြိုးသံကြီးကို မိုခြိမ်းတော်လဲသည့်ပမာ မကြာမကြာဆိုသလို ကြားနေကြရပေအုနး်မည်ဟုသာ ဆိုလိုက်ပါရစေတော့။
.