Saturday, August 25, 2007

အဝေးကမီးရောင်ကို လှုံကြ


တနေ့က ဘီဘီစီသတင်းမှာ လူအုပ်နှစ်အုပ်ကို တွေ့လိုက်ရသည်။ တအုပ်က
မီးပွိုင့်တွေကို ရိုက်ချိုးသည်။ ကားတွေကို မီးရှို့သည်။ ရဲတွေကို ခဲနဲ့ပေါက်သည်။
ဒေါသတကြီးအော်ဟစ်ကြ၊ ပြေးကြလွှားကြ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြို့လည်
လမ်းမတွေပေါ်ထိ ပျံနှံ့လာသည့် ကျောင်းသားဆန္ဒပြပွဲသတင်းဖြစ်သည်။
သည်ပုံရိပ်တွေက ဂဂ ခုနှစ် ရန်ကုန်မြို့လည်လမ်းမတွေပေါ်က မေ၊ ဇွန်
အခြေအနေတွေကို သတိရစေသည်။ သည်တုန်းက လုံထိန်းကားတွေ မီးရှို့ခံရ၊
အချုပ်ကားထဲ အပြစ်မဲ့သူတွေ လူမဆန်စွာ သေကြရ၊ လူမမယ်ကျောင်းသားလေး
တွေ ကားနဲ့တိုက်သတ်ခံရ။
သတင်းထဲက နောက်လူတအုပ်ကတော့ သေ၀ပ်ဆိတ်ငြိမ်စွာ၊
သို့သော် တည်ငြိမ်ခိုင်မာစွာ စီတန်းလမ်းလျောက်လာကြသည်။ ပိုစတာတွေမပါ။
ကြွေးကြော်သံတွေ လှိုင်းမထ။ ခရီးဝေးတခုမှန်းသိရက် လမ်းဆုံးထိရောက်ဖို့
ဆုံးဖြတ်ထားသည့် ငြိမ်းချမ်းတည်ကြည်သော မျက်နှာများပေါ်မှာ
အမှန်တရားပီတိဖြင့် လင်းပွင့်နေသော အပြုံးကလေးများကိုပင် တွေ့နေရသည်။

တကယ်က သည်လို ကမ္ဘာ့သတင်းဌာနကြီးများပေါ် နေ့စဉ်မြင်တွေ့နေရသည့်
က
အကြမ်းဖက်မှုများ၊ စစ်ပွဲများ၊ သဘာဝကပ်ဘေးများ၊ ပြန်ပေးဆွဲမှုများ။
သည်သတင်းဌာနကြီးများ၏ ခေါင်းစီးသတင်းထဲပါလာလျင် တကမ္ဘာလုံးက
အာရုံစိုက်မိသွားတတ်သည်။ တခါတလေ ကိုယ်တွေကသာ ဘ၀နဲ့ရင်းပြီး
အရေးတကြီးဖြစ်နေသော်လည်း ကမ္ဘာကြီး၏ အမေ့လျော့ခံထားရသလို
မြန်မာပြည်သတင်းက ကမ္ဘာ့သတင်းစာမျက်နှာတွေပေါ်မှာ ပျောက်နေတတ်သည်။
ဦးဝင်းတင်ကို ထောင်ဘူးဝက ပြန်ခေါ်သွားတာ၊ ဒေါက်တာသန်းငြိမ်းကို
ထောင်ထဲမှာပဲ မသေ သေအာင်သတ်နေတာ၊ ဂဂ ကျောင်းသားတွေကို
ခေါ်စစ်လိုက် ပြန်ပို့လိုက်လုပ်နေတာ၊ ကုန်ဈေးနှုန်းတက်လို့ ဗိုလ်ချုပ်မှုးကြီး
ကျန်းမာပါစေအော်ပြီး အသနားခံသူတွေကို ရိုက်ပုတ်ပြီး ကားပေါ်ဆွဲတင်သွားတာ
ဘုရားပေါ်တက် ပုဆစ်ကလေးတုပ် ဆုတောင်းသည်ကိုပင် ဘယ်နေရာမှန်းမသိ
ခေါ်သွားခံခဲ့ရတာစသဖြင့် ကမ္ဘာကြီးက ဘာမှ မသိ။ ခေါင်းစီးမပြောနှင့်
အောက်ခြေမှတ်စုထိုးသည့် အထဲမှာပင် ပါမလာ။
သို့သော် ဘန်ကောက်သံရုံးဝင်စီးခံရတော့၊ ရန်ကုန်မှာ ဗုန်းတွေ တန်းစီပေါက်တော့ ခေါင်းစီးပေါ်တက်လာပြန်သည်။ သည်အကြမ်းဖက်မှုတွေ ဘာ့ကြောင့်ဖြစ်သလဲ။
မြန်မာပြည်ဆိုတာ ဘယ်မှာလဲ၊ ဘာတွေဖြစ်နေသလဲ တချို့ စပ်စုရကောင်းမှန်း
သိလာတာ တွေ့ရသည်။ ထိုအခါ ကိုယ့်အရေးကိစ္စကို ကမ္ဘာက အာရုံစိုက်အောင်
လုပ်ဖို့ အကြမ်းဖက်မှုတွေက အကောင်းဆုံးလှုံ့ဆော်မှုတွေများ ဖြစ်နေပြီလားဟု
စိတ်ေ၀၀ါးချင်မိသည်။ ဆက်ပြီး သတင်းဌာနတွေက အကြမ်းဖက်မှုတွေကို
သွယ်ဝိုက်အားပေးသလို ဖြစ်မနေဘူးလားဟု စဉ်းစားခဲ့မိပြန်သည်။

အခုတော့ စည်းကမ်းရှိစွာ ငြိမ်းချမ်းစွာ တန်းစီလမ်းလျောက်နေသော လူတအုပ်ကို
တကမ္ဘာလုံးက တွေ့လိုက်ရသည်။ ဆဲဆိုအော်ဟစ်မှုတွေ၊ စော်ကားမှုတွေ၊
ရမ်းကား
စွာ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေဖြင့် ၀ိုင်းရံထားသော
အာဏာပိုင်တို့၏
ပက်ပက်စက်စက် ထောင်ချောက်နှုတ်ခမ်းပေါ်မှာ
တည်ငြိမ်ခိုင်မာစွာ သူတို့
ရှေ့ဆက်လျောက်နေကြတာကို တကမ္ဘာလုံးက
အံအားတသင့် ကြည့်မောနေမိ
ကြသည်။ တခါတုန်းက ဆားချက်ဖို့
ပင်လယ်ကမ်းခြေကို စုစုရုံးရုံး ငြိမ်းငြိမ်းချမ်းချမ်း လျောက်လှမ်းသွားခဲ့ကြသည့်
ဂန္ဒီကြီးဦးဆောင်သည့် အိန္ဒိယလူထုကြီးကို
မြင်ခဲ့ရပြီးသည့်နောက် အခုလို
မြင်ကွင်းမျိုးကို ကမ္ဘာကြီးက သည်တခါ ပထမဆုံး
ပြန်မြင်လိုက်ရတာလည်း
ဖြစ်နိုင်သည်။

သဘာဝဘေး အနိဌာရုံတွေ၊ ဗုန်းကွဲမှုတွေ၊ ရင်လေးဖွယ် မြေကမ္ဘာ အနာဂတ်
အရေးတွေဖြင့် ညစ်ညူးနေသော ကမ္ဘာ့သတင်းကြည့် ပရိသတ်ကြီးသည်
မတရားမှုနှင့် ဖိနှိပ်မှုများကို ငြိမ်းချမ်းတည်ငြိမ်စွာ ရင်ဆိုင်နေသော လူတအုပ်ကို
တွေ့လိုက်ရသောအခါ လန့်နိုးသွားကြလိမ့်မည်ဟု ကျနော်ယုံကြည်မိသည်။

ကမ္ဘာပေါ်ရှိ နေ့စဉ် ကျွပ်ကျွပ်ဆူနေသော အရေးကိစ္စများစွာထဲမှ ကမ္ဘာ့လူထုကြီး
အတွက် အရေးမူသင့် သတိပြုသင့် သိသင့်တာတွေကို ရွေးချယ်လွှင့်ထုတ်နေရ
သော ကမ္ဘာ့သတင်းဌာနကြီးများက အခုလို နှလုံးရည်ဖြင့် ငြိမ်းချမ်းစွာ ရုန်းကန်
တိုက်ပွဲဝင်
နေသော မြန်မာလူထုကြီးကို ခေါင်းစီးထိုးဖေါ်ပြခြင်းသည်
မြန်မာ ပြည်သူတို့၏
အောင်မြင်မှု၊ ငြိမ်းချမ်းသောနှလုံးရည်နည်းလမ်း၏
အောင်မြင်မှုဟု တိတိလင်းလင်း
ဆိုနိုင်ပါသည်။
ဂန္ဒီကြီး၏ အဟိံသ လမ်း၊
မန်ဒဲလား၏ လွတ်လပ်မှုသို့မလျော့သောဇွဲ၊
ဒေါ်အောင်ဆန်းစုကြည်၏ အကြောက်တရားမှ လွတ်မြောက်ရေး တို့သည်
ယနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရသော ပြဿနာပေါင်းများစွာတို့ကို ဖြေရှင်းရာ
တခုတည်းသော နည်းလမ်းဖြစ်ကြောင်း မြန်မာလူထုကြီးက တကမ္ဘာလုံးသိအောင်
မကြာမီ ဆက်လက် သက်သေပြသွားအုန်းမည်မှာ ယုံမှားဖွယ်မရှိပါ။

... တချို့နည်းလမ်းတွေက ကြာကောင်း ကြာမယ်။
ဒါပေမယ့်
ကိုယ်ရည်မှန်းရာကို မတိမ်းမစောင်း မထိမခိုက်ပဲ ပြည့်ပြည့်၀၀ရဖို့ဆိုတာ

အချိန်ကာလထက် ပိုအရေးကြီးပါတယ်.... ဟု
ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ဘူးသည်။
ခရီးကားရှည်ဝေး၏
သွေးချွေးတို့ဖြင့် ပျံသန်းကြပါလေ တဲ့၊
အဝေးကမီးရောင်ကို လှုံခဲ့ကြရတယ်။
အခုနေ ဝေးတယ် ထင်နေရပေမယ့်
ဒီနေ့ မြန်မာပြည်သူတွေ ဖိုတဲ့မီးကို
တချိန်မှာ တကမ္ဘာလုံး လှုံနိုင်ကြပါစေ။ ။

Tuesday, August 21, 2007

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးခံရပြန်ပြီ


တမြို့တည်းနေ သူငယ်ချင်းတဦးက ဖုန်းဆက်ပြောသည့်အတွက်
လတ်တလော လောင်စာဆီဈေးကြောင့် အခြေအနေတွေ ရှုတ်ထွေးနေသည့်
ရန်ကုန်မြို့က နောက်ဆုံးထွက်ပေါ်လာသည့် ညတွင်းချင်း အဖမ်းအဆီးသတင်း
တွေကို သိလိုက်ရသည်။
ဖုန်းပြောနေစဉ်မှာပင် အော်စလိုမှာနေသည့် ၈၈ ကျောင်းသားခေါင်းဆောင်
တဦးဖြစ်သည့် ကိုမိုးမောင်မောင်ဆီမှ အီးမေးလ်ဝင်လာလေသည်။ ( အီးမေးကို
မူရင်းအတိုင်း ပြန်တင်ပေးလိုက်ပါသည်။ )


ရန်ကုန်တွင် သြဂုတ်လ ၂၁ ရက် ညသန်းကောင်၌ စတင် အဖမ်းခံရသူများမှာ
၈၈ ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး နှင့်
ကိုအံ့ဘွယ်ကျော်တို့ ဖြစ်ကြောင်း သိရသည်။
နောက်ဆက်တွဲ မေးမြန်းစုံစမ်းချက်များအရ မင်းကိုနိုင်နှင့် ကိုကိုကြီးတို့ကို
လည်း ဖမ်းဆီးသွားပြီဖြစ်ကြောင်း အတည်မပြုနိုင်သေးသည့် သတ
်းများ
ထပ်မံရရှိခဲ့သည်။
မင်းကိုနိုင်ကို ကျိုက္ကဆံ စစ်ကြောရေးစခန်းသို့ ခေါ်ဆောင်သွားကြောင်း
နောက်ထပ်စာတစောင် ထပ်ဝင်လာပါသည်။


ကိုမိုးမောင်မောင်ထံမှ ၀င်လာသည့် မူရင်းစာ..

Hi
All comrades

The bastard SPDC arrested the 4 8888students' leaders, Mya Aye,
Jimmy,Pyone Chi and Ant Bwe Kyaw in this midnigh.
We must prepare for the international's concern to realease immidiately
these students' leader and promoting democratic rights in Burma.
We should remember why we can live peacefully in other lands.
Let's show our unity and red blood for our country together!

with revolutionary truth

Moe Mg Mg
(Norway)


ရွာငယ်ဇနပုဒ် မီးကလေးမှိတ်တုတ်

( အတွေးခဲခြစ် )

ဘလော့ကို လူတယောက်၏ ဒုတိယ ဥပဓိဟု ခေါ်ရမည်လား မသိ။
ဘလော့တခုဆီ သွားလည်လျင် လူတယောက်နှင့်တွေ့ဆုံရသလို
အရသာမျိုး ရသည်ဟု ကျနော် ခံစားရသည်။ စိတ်ကူးတွေ ဖွင့်အံမှုတွေ၊
လေ့လာမှုတွေ အားထုတ်မှုတွေ၊ အရယ်အပြုံး အလွမ်းအဆွေး၊
ဝမ်းမြောက်မှု စိတ်ညစ်ညူးမှု စသဖြင့် တွေ့မြင်နိုင်သည်။
ဘလော့အပြင်အဆင်၊ အပြောင်းအလဲ၊ နေရာချထားမှုတွေကနေ
ထိုသူ့ အတွင်းသဘောကို အကဲခတ်နိုင်သည်။ စီဘောက်၊ ကွန်မန့်စသည်
တို့မှာ ထိုသူနှင့် အခြားသူများ၏ ဆက်ဆံရေး၊ သူ ဘယ်လိုတုန့်ပြန်သလဲ
ခံစားသလဲ စသဖြင့်လည်း တွေ့နိုင်သေးသည်။ ဘလော့ပေါ်မှာ အပေါ်ယံ
လောက၀တ်တွေ၊ တမင်ရုပ်ဖျက်ထားမှု၊ ပိရိစွာသရုပ်ဆောင်မှုတို့ ရှိနိုင်
သော်လည်း တချက်မဟုတ် တချက်မှာတော့ အတွင်းသရုပ်တွေကို
ဖွေတတ်လျင် လှစ်ကနဲ တွေ့ရလိမ့်မည်။ ထို့ကြောင့် ဘလော့တခု သက်တမ်း
ကလေး ရလာပြီဆိုလျင် လူတယောက်လို အသက်ဝင်လာသည်ဟု ကျနော်
ဆိုချင်သည်။

အသက်ဝင်လာလျင်တော့ ထုံးစံအတိုင်း ကိုယ်က သိပ် ၀င်ရောက်စွက်ဖက်ဖို့

မလွယ်တော့။ အနည်းနှင့် အများ သူသဘော သူဆောင်လာနိုင်သည်။
စာရေးဆရာတွေ ကိုယ့်ဝတ္တုထဲက ဇာတ်ကောင်တွေ ကိုယ်မနိုင်တော့သည့်
သဘောမျိုး ဖြစ်လာတတ်သည်။ ကိုယ်ရေး ကိုယ်တင် ဆိုပေမယ့်
ကိုယ် တည်းဖြတ်ချင်တိုင်း တည်းဖြတ်လို့ မရနိုင်တော့။ ကိုယ်ဘလော့ကိုယ်
စိတ်ကုန်လာချိန်မှာရပ်ပစ်ရမည်ဆိုလျင်လည်း မိမိရင်သွေး မိမိသတ်ရသလို
စိတ်မှာ နာကျင်ရလိမ့်မည်။ အပေါင်းအဖေါ် ဘလော့ဂါတွေကလည်း ၀ိုင်းဝန်း
အရေးဆို ပြစ်တင်ကြလိမ့်မည်။

တခါ ဘလော့က မိမိ၏ လက်တွေ့ဘ၀အပေါ် ဘာတွေ ရိုက်ခတ်လာနိုင်သလဲ။

ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်းအပေါ် ဘယ်လို အကျိုးသက်ရောက်
မှုတွေ ဖြစ်လာနိုင်သလဲ။ ကျနော်တို့လို တရေတမြေမှာ ရောက်နေကြရသည့်
မြန်မာများအတွက်တော့ ဘလော့က အဖေါ်ကောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်
ဟု ရဲရဲကြီး ယုံကြည်မိသည်။ ထို့ကြောင့်ပင် သူငယ်ချင်း မိတ်ဆွေတွေကို ကြုံရင်
ကြုံသလို ဘလော့ကလေးတခုတော့ ရေးကြပါဟု တိုက်တွန်းဖြစ်သည်။ သို့သော်
ကျနော်မျှော်လင့်သလောက် သူတို့ဘက်က စိတ်ဝင်စားဟန် သိပ်မပြ။
ကိုယောဟန်အောင်၏ ဟစ်ဟော့ကဗျာထဲကလို
ဘလော့ကလေး တကုတ်ကုတ်ရေးမိပါတယ် အရည်မရအဖတ်မရ ဟု
အပြောမခံရလျင်ပင် ကံကောင်းဟု မှတ်ရမည်လား။

ဘလော့သက်အရ ကျနော်က သိပ်ငယ်သေးသည်။ ဘလော့နှင့်ပတ်သက်ပြီး

ပြောရေးဆိုခွင့်တော့ သိပ်မရှိပါ။ နည်းနည်းကြာလာလျင် ဘလော့အပေါ်
ကျနော့်နားလည်မှုကလည်း ပြောင်းနိုင်သည် မဟုတ်လား။
ဘာပဲဖြစ်ဖြစ် အခုနေမှာတော့ လူတိုင်းကို ဘလော့ကလေး တခုစီ ရှိစေချင်
သည်။ လက်တွေ့ဘ၀မှာ ဘာ့ကြောင့် ဘယ်လို ဝေးနေနေ၊ ခြားနေနေ၊ ကွဲလွဲ
နေနေ ဘလော့ကလေးများမှတဆင့် ထိတွေ့ဆက်ဆံရင်း ရင်းနှီး နားလည်
လာနိုင်ကြလိမ့်မည်ဟု မျှော်လင့်မိသည်။ အခုနေ တယောက်ကိုတယောက်
ဆဲကောင်း ဆဲနေကြမည်။ ခပ်စိမ်းစိမ်း ကြည့်ကောင်းကြည့်နေကြမည်။
တချိန်မှာတော့ ကျနော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်း ပြိုကွဲနေသည့်
ယုံကြည်မှု၊ ပြန်လည်သင့်မြတ်မှု၊ ငြိမ်းချမ်းမှုတွေကို သည်ဘလော့ကလေး
တွေက ဆောင်ကြဉ်းမပေးနိုင်ဟု မည်သူ ပြောနိုင်ပါမည်နည်း။
ကျနော် မျှော်လင့်တာ သိပ်များ များသွားပြီလား။
ဖြစ်နိုင်လျင် သည့်ထက်ပင် ပိုလို့ မျှော်လင့်ချင်နေမိတာ..။
တေးတပုဒ် ဖြစ်မလာခဲ့လည်း စိတ်ကူးကလေးက
ချိုမြလှပနေမှာ မဟုတ်လား။

Wednesday, August 15, 2007

တောင်ကုန်းပေါ်က အိမ်ကလေး

( စာတမ်းငယ် )

၁။

အုတ်လှေကားလေးက ခပ်မတ်မတ် နှစ်ဆစ်ချိုးမို့ အတန်မြင့်သည်၊
မော်လန်ပရစ်လှေကားဟု နော်ဝေလိုရေးထားသည်ကို ကျနော်က
ဟာသကလေးစွက်ပြီး မော်လန်ပရစ်စောင်းတန်းလို့ မြန်မာမှုပြုလိုက်
သည်၊ အပေါ်မှာ ရွာဦးစေတီမရှိပေမယ့် ရင်ပြင်တော်ကလေးတခုတော့
ရှိသည်၊ လူ့အခွင့်ကအရေး ရင်ပြင်ငယ်လေးဖြစ်သည်၊ အလံတိုင်ထိပ်မှာ
ကုလသမဂ္ဂအလံက လွင့်ဝဲနေသည်၊ အလံတိုင်ခြေရင်းမှာ ဒူးဆစ်တုပ်
ထိုင်နေသည့်မိန်းမတယောက်။ မျက်နှာက ကြည်လင်အေးချမ်းစွာ၊
ဘီးစပတ်ကလေးနှင့်မို့ မျက်နှာပုံပမ်းမပီပြင်သော်လည်း ဒေါ်အောင်ဆန်း
စုကြည်ဟု ကျနော့်ရင်က သိနေသည်၊ အို လွတ်လပ်မှု၏ မိခင်။ ငြိမ်းချမ်းရေး.
အမေ၊ ကျနော်တို့ ဒီည ဒီနေရာလေးမှာ စုဝေးကြမယ်၊ ကမ္ဘာပေါ်က
လူသားအားလုံးရဲ့ ရပိုင်ခွင့်တွေ အတွက်။ မွေးရာပါ လူသားအခွင့်အရေး
တွေအတွက်။ အတိဒုက္ခ အမှောင်ထုထဲက ငြိမ်းချမ်းရေးမီးအိမ်အတွက်
ကျနော်တို့ အာရုံပြုကြမယ်၊ ဒီနေ့၊ အောက်တိုဘာ ၂၄ ရက်နေ့၊
ကမ္ဘာ့ကုလသမဂ္ဂနေ့၊
၂။
ရင်ပြင်နှင့်တဆက်တည်း လမ်းကြားလေးထဲချိုးဝင်လိုက်လျင်ပင်
ရင်းနှီးပြိးသားမျက်နှာတွေက ဆီးကြိုနေသည်၊ တမြေတည်း ကလာပြီး
တမြို့တည်းနေကြသူတွေ။ ဒုက္ခတူ။ ဘ၀တူတွေ၊ တခြားအချိန်တွေ
မှာဆို အခုလို အားလုံးဆုံဖို့ ခက်သည်၊ ဒီညတော့ ဒီမှာဆုံဖြစ်ကြပြီ၊
စကားတွေပြောကြမည်၊ ဘာတွေ အတူတူလုပ်ကြမလဲ ဆွေးနွေးကြမည်၊
သည့်အတွက်ပင် သည်နေရာမှာ အခန်းကလေးတခန်း ကျနော်တို့
အတွက် ရှိလာခြင်းဖြစ်သည်၊ ဒေါ်အောင်ဆန်းစုကြည်ရုံးခန်းဟု သူတို့က
နာမည်ပေးထားသည်၊ ကျနော်တို့က မြန်မာဆန်အောင် ခန့်ထည်အောင်
ဒေါ်အောင်ဆန်းစုကြည်ခန်းမဟု ခေါ်လိုက်သည်၊ သူတို့ဆိုတာက မြန်မာ့
ဒီမိုကရေစီရေးကို စိုက်လိုက်မတ်တတ်အားပေးထောက်ခံလာခဲ့ကြသည့်
နော်ဝေနိုင်ငံ ဘာဂမ်မြို့မှ ရဖ်တို လူ့အခွင့်အရေးအဖွဲ့ကို ဆိုလိုခြင်းဖြစ်သည်၊
သင်္ဘောဆေး နိုင်နိုင်သုတ်ထားသည့် အနီရောင်အုတ်ကြွပ်မိုး အဖြူရောင်
နှစ်ထပ်လုံးချင်း ဒီအိမ်ကလေးကို ဘာဂမ်တမြို့လုံးက ရဖ်တိုဟောက်စ်ဟု
သိထားကြသည်၊ ဘာဂမ်တက္ကသိုလ်နယ်မြေရှိ တောင်ကုန်းမြင့်လေးပေါ်မှာ
လူ့အခွင့်အရေး ယင်ပြင်ငယ်ကလေးနှင့်ယှဉ်လျက် ချစ်စရာ သည်အိမ်
ကလေးထဲမှာတော့ လူ့အခွင့်အရေးအဖွဲ့များစွာ၏ ရုံးခန်းများကို စုဝေး
ထားသည်၊
အခုတော့ မြန်မာနိုင်ငံက အဖိနှိပ်ခံပြည်သူတို့၏ အခွင့်အရေးအတွက်တဲ့။
ရုံးခန်းတခန်းတိုးလာခဲ့ပြီ၊

အခန်းထဲမှာ ဒေါင်းအလံရှိသည်၊ ဒေါ်စုဓါတ်ပုံရှိသည်၊ ခမောက်နှင့်
ပုသိမ်ထီးရှိသည်၊ လောကပါလနတ်ရုပ်တရုပ်လည်းရှိ သည်၊ ဒီမိုကရေစီရေး
လှုပ်ရှားမှုဓါတ်ပုံများကို နံရံပတ်လည်မှာ ကပ်ထားသည်၊ လူ့အခွင့်
အရေး ပိုစတာတွေလည်းရှိသည်၊ စင်ပေါ်မှာ မြန်မာ့အရေးဆိုင်ရာစာအုပ်များ
ခင်းကျင်းထားသည်၊ စီစဉ်သူတို့က အခန်းထဲဝင်လိုက်လျင် မြန်မာ့ရနံလည်း
ရ စေချင်သည်၊ မြန်မာ့အရေးလည်း နိုးကြားစေချင်သည်၊ သည်စေတနာကြောင့်
ပင် အခန်းကလေးက ကြက်သရေမင်္ဂလာဖြင့် တင့်တယ်နေသည်ဟု ခံစားရသည်၊
ကွန်ပြူတာခုံနှင့်ကပ်လျက် ရုံးစားပွဲတလုံးချထားသည်၊ စားပွဲမှာ
ဒေါ်အောင်ဆန်းစုကြည်က စာထိုင်ရေးနေသည်၊ အခန်းထဲဝင်လာသည့်
ကျနော်တို့ကို လှမ်းပြုံးပြသည်၊
၁၉၉၁ ခုနှစ်တွင် ရဖ်တိုဖောင်ဒေးရှင်းက ဒေါ်အောင်ဆန်းစုကြည်ကို
လူ့အခွင့်အရေးဆု ချီးမြှင့်သည်၊ ဒေါ်အောင်ဆန်းစုကြည်အတွက်
ပထမဆုံးရသည့် နိုင်ငံတကာဆုဟု ဆိုနိုင်သည်၊ အရှေ့ဥရောပနိုင်ငံများ၏
လူ့အခွင့်အရေးနှင့် လွတ်မြောက်ရေး လှုပ်ရှားမှုများအတွင်းတွင်
ကိုယ်တိုင်သွားရောက်ပါဝင်ခဲ့သူ ဘာဂမ်တက္ကသိုလ်မှ ပါမောက္ခရဖ်တိုကို
ဂုဏ်ပြုသောအားဖြင့် ၁၉၈၆ ခုနှစ်မှစတင်၍ လူ့အခွင့်အရေးကြိုးပမ်းမှု
ဆုကို နိုင်ငံတကာမှ လူ့အခွင့်အရေးအတွက် စွန်လွှတ်အနစ်နာခံ
ဆောင်ရွက်နေသူများအား နှစ်စဉ်နှစ်တိုင်း ရွေးချယ် ချီးမြှင့်ခဲ့သည်၊
ရဖ်တိုဆု ချီးမြှင့်ခံရသူများသည် တဆက်တည်းဆိုသလို ငြိမ်းချမ်းရေးနိုဘယ်
ဆု ချိးမြှင့်ခံကြရတတ်သည်၊ သို့အတွက်ပင် နိုင်ငံတကာမှာ သြဇာကြီးသော
ဆုတဆုဟု ဆိုနိုင်သည်၊ ထိုနှစ်မှာပင် ငြိမ်းချမ်း ရေးနိုဘယ်ဆုကို မြန်မာ
ပြည်သူတရပ်လုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည် ဆွတ်ခူးရရှိခဲ့သည်၊
အိမ်အကျယ်ချုပ်ဖြင့် တိုက်ပွဲ ၀င်နေချိန်မို့ နှစ်ဆုစလုံးကို လူကိုယ်တိုင်
သွားမယူနိုင်ရှာခဲ့ပေ၊

၃။
တဦးက ဖွင့်ပွဲစရအောင်ဟု ဆော်သြလိုက်ချိန်မှာ အောက်ထပ်ကခန်းမငယ်
လေးထဲ ဧည့်ပရိတ်သတ်တို့ စုဝေးမိကြသည်၊ အခမ်းအနားတို့ ထုံးစံအတိုင်း
တဦးပြီးတဦး စကားထပြောကြသည်၊ လက်ခုပ်တီးကြသည်၊ သည်အခန်းကလေး
ဖွင့်ရတဲ့ရည် ရွယ်ချက်။ မြန်မာ့ဒီမိုကရေစီရေး။ လက်ရှိမြန်မာ့နိုင်ငံရေးအခြေ
အနေ စသဖြင့်၊ ဓါတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ကြသည်၊ ထူးထူးခြားခြားတခုက
တော့ ကမ္ဘာကျော်ခဲ့သည် နော်ဝေဂီတပညာရှင်ကြီးတို့၏ ဂီတကိုကိုးကားကာ
သူတို့၏ အမှန်တရားနှင့် လွတ်လပ်မှုအပေါ် ချစ်စိတ်။ လူသားမေတ္တာ
ဖေါ်ကျူးချက်တို့က လူ့အခွင့်အရေးအပေါ် သြဇာညောင်းခဲ့ပုံကို နော်ဝေ
ပါမောက္ခတဦးက ဖတ်ကြားတင်ပြသွားချက်ဖြစ်သည်၊ ဂီတနှင့် လူ့အခွင့်
အရေး တဲ့။ စိတ်ဝင်စားဖို့ကောင်းသည့်ခေါင်းစဉ်ပဲဟု တွေးမိသည်၊ သို့ပေမယ့်
နော်ဝေဘာသာဖြင့်ပြောသွားသဖြင့် အကုန်နားမလည်နိုင်ခဲ့၊ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအကြောင်းပြော တော့ နော်ဝေပရိသတ် ငြိမ်သွားသည်၊
အတော်ဆိုးပါလားဟု သူတို့စိတ်အတွင်းက ဆိုနေကြလိမ့်မည်၊
မြန်မာပရိသတ်အတွက်ကတော့ မထူးဆန်း။ ဒါသူတို့ဘ၀။ အခုခဏ ဝေးနေတယ်
ဆိုတောင်မှ ဒါသူတို့မေ့ထားလို့မရတဲ့ သူတို့ရဲ့တကယ့်ဘ၀။ ခံနိုင် ရည်နဲ့
ထုံအခဲ့ရတဲ့ ဘ၀ မဟုတ်လား၊ ကျနော့်လက်ခုပ်သံက အားပျော့နေသည်၊
လက်ဖက်ရည်ပါတီပွဲလေးကို အပေါ်ထပ် က ဧည့်ခန်းဆောင်မှာလုပ်သည်၊
ကိတ်မုန့်အကြီးကြီးတချပ်ကို အပိုင်းပိုင်းလှီးကာ စက္ကူပန်းကန်လေးတွေနှင့်
လိုက်ဝေသည်၊ အားလုံး စုမိရာ စုမိရာ စကားဝိုင်းဖွဲ့ဖြစ်ကြသည်၊ ခဏအကြာ
နှုတ်ဆက်ပြီး ပြန်သူကပြန်၊
၎။
၂၀၀၆ ခုနှစ် သည်နှစ်အတွက် ရဖ်တိုဆုကို ဗီယက်နမ်နိုင်ငံမှ ဘုန်းတော်ကြီး
သီကွမ်ဒိုကို ဂုဏ်ပြုပေးအပ်ခဲ့သည်၊ သက်တော် ၇၀ ကျော်ဘုန်းတော်ကြီးမှာ
ထောင်ထဲတွင် ၂၅ နှစ်နေခဲ့ရသည်၊ အခုလောလောဆယ် အိမ်အကျယ်ချုပ်ဖြင့်
အကျဉ်းစံနေရသည်၊ တောင်ဗီယက်နမ်အပေါ် မြောက်ဗီယက်နမ်တွေ အောင်ပွဲ
ခံပြီးချိန်မှစှု ဘာသာရေးလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့သူ၊
ယခုထိလည်း လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် လူ့အခွင့်အရေးများအတွက်
ဆက်လက်တိုက်ပွဲဝင်နေသူ၊
ဆုပေးပွဲကို ရဖ်တို နှစ် ၂၀ ပြည့်အခမ်းအနားနှင့်အတူ ကျင်းပရန်ပြင်ဆင်
ထားသည်၊ ကမ္ဘာအရပ်ရပ်မှ ရဖ်တိုဆုရှင်များ လာရောက်ကြမည်၊ တောင်ကိုးရီး
ယားမှ သမတဟောင်း ကင်ဒေးဂျုံ။ ဘုန်းတော်ကြီး ဒက်စမွန်တူးတူး။ အရှေ့
တီမောမှ ရာမိုစ်ဟော်တာ။ အီရန်မှ ရှီရင်းအီဗာ စသဖြင့်၊ သို့သော် ဆုရှင်
ဘုန်းတော်ကြီး သီကွမ်ဒိုကတော့ အိမ်အကျယ်ချုပ်ဘ၀မို့ လာရောက်နိုင်မည်
မဟုတ်၊ ထို့အတူ ရဖ်တ်ုဆုရှင်တဦးဖြစ်သည့် ကျနော်တို့ရဲ့ ဒေါ်အောင်ဆန်း
စုကြည်လည်း လာရောက်နိုင်မည်မဟုတ်၊ တတိယအကြိမ်မြောက် နေအိမ်အချုပ်
ဘ၀မှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ၊
လွတ်မြောက်နေစဉ်ကာလ အင်တာဗျုးတခုမှာ ဒေါ်အောင်ဆန်းစုကြည်က
ပြောခဲ့ဘူးသည်၊ မြန်မာပြည်လွတ်မြောက်ချိန်မှာ ပြည်ပခရီးသွားဖို့
ကြုံလာရင် ကျမ ပထမဆုံးသွားချင်တာ နော်ဝေနိုင်ငံကိုပါပဲ တဲ့၊ မြန်မာ့
ဒီမိုကရေစီရေးအပေါ် နော်ဝေနိုင်ငံ၏ ထောက်ခံကူညီမှုကို ကျေးဇူးစကားဆိုခြင်း
ဟု နားလည်လိုက်သည်၊ သည်စကားတခွန်းကိုပင် နော်ဝေနိုင်ငံသားတွေက
လည်း အထူးကျေနပ်သည်၊ ရဖ်တိုဟောက်စကတော့ မလာရောက်နိုင်သေးသည့်
သူတို့၏ဆုရှင်အတွက် ရုံးခန်းတခန်းဖွင့်ကာ ကြိုဆိုနေလေပြီ၊
ရုံးခန်းအတက် သစ်သားလှေကားထစ်တွေပေါ်မှာ ပိန်းတန်းဖိနပ်ပါးကလေး
တဖျပ်ဖျပ်ဖြင့်ဒေါ်အောင်ဆန်းစု ကြည် ရယ်ရယ်မောမောတက်လာချိန်မှာ
တော့ တောင် ၇ လုံးဝန်းရံကာ အတ္တလန်တိတ်အရှေ့ဘက်ကမ်းခြေပေါ်
မေးတင်ထားသည့်ဘာဂမ်မြို့ကလေးမှာ နှင်းပွင့်စပ်စပ်ပေါ် နေရောင်ဝင်းပ
နေလိမ့်မည်ဟု ကျနော်ယုံကြည်မိသည်၊ ထိုအချိန် တောင်ကုန်းထိပ်က
အိမ်ကလေးမှာ စန္ဒရားသံကြောင့် နွဲ့နွဲ့ကလေးလှုပ်ခါလျက်၊
တီးသူဝေးခဲ့တဲ့ကာလတလျောက်
သိမ်းဆည်းထားခဲ့ရသည့် တေးသွားတွေနဲ့လေ၊

Monday, August 13, 2007

မြန်မာတကျပ် ကရင်တကျပ်

မနေ့က သြဂုတ် ၁၂ ရက်နေ့ဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး
ကျဆုံးခဲ့ရတဲ့ ၅၇ ကြိမ်မြောက် ကရင်အာဇာနည်နေ့ပါ။ ကျနော်တို့ ဘာဂမ်မြို့
ကလေးရဲ့ အောင်ဆန်းစုကြည်ရုံးခန်းရှိရာ ရပ်ဖတို လူ့အခွင့် အရေးအဖွဲ့ရဲ့
ခန်းမဆောင်လေးမှာ ထိုင်းမြန်မာနယ်စပ်ကနေ ပြောင်းရွေ့အခြေချလာတဲ့
ကရင်အမျိုးသား တွေ စုစည်းပြီး အခမ်းအနားလေးတခု ကျင်းပခဲ့ကြပါတယ်။
စကားတွေပြောကြ၊ အောင်းမေ့ဖွယ်သီချင်းတွေ ဆိုကြနဲ့ပေါ့။ အုန်းနို့ခေါက်ဆွဲနဲ့
ဧည့်ခံတာမို့ ကျနော့်အကြိုက်ပါပဲ။ မိသားတစု ကလေးသုံးလေးယောက်ပါတာမို့
မျိုးဆက်သစ် အင်အားကလည်း အတော်တောင့်ပါတယ်။ ကရင်လူငယ်တဦးက
သဘာပတိအဖြစ်
စကားပြော ရာမှာ ကရင်အမျိုးသားရေးကို ဂန္နီကြီးတို့၊
ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လမ်းစဉ်အတိုင်း အကြမ်းမဖက် နှလုံးရည်နည်းနဲ့
တိုက်ပွဲဝင်ရင် အောင်မြင်နိုင်မယ်လို့ သူယုံကြည်ကြောင်း ပြောသွားတာကို
ထူးထူးခြားခြား သတိ ထားမိခဲ့ပါတယ်။


ပြီးတော့ နက်ပေါ်မှာလိုက်ရှာရင်း သမာရိုးကျမဟုတ်တဲ့ အတွေးအမြင်များ
unconventional thoughts and commentaries ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့
ကရင်ရေးရာ ဘလော့တခုတွေ့တာနဲ့ လင့်တင်ပေးထားလိုက်ပါတယ်။
စိတ်ဝင်စားစရာ ဖတ်စရာ မှတ်စရာ ဘလော့တခုပါ။


ကရင်ပြည်ချက်ချင်းပေး
မြန်မာတကျပ် ကရင်တကျပ်
အချင်းချင်း ရန်မဖြစ်ချင်ဘူး
ပြည်တွင်းစစ်မခင်းချင်ဘူး ဆိုတဲ့ စောဘဦးကြီး
ဦးဆောင်ခဲ့တဲ့ ကရင်အမျိုးသားတွေရဲ့ ကနဦး
တောင်းဆိုသံဟာ အခုအချိန်ထိ ပဲ့တင်ထပ်
နေတုန်းပါပဲ။

တရားမျှတမှုက ငါတို့ကရင်အမျိုးသားတွေကို
စောင်မလိမ့်မယ်လို့ စောဘဦးကြီးက
ပြောသွားဘူးခဲ့ပါတယ်။

( နယ်စပ်က အလုပ်ရုံဆွေးနွေးပွဲတခုမှာ ကရင်တကျပ် မြန်မာတကျပ်၊

ရှမ်းတကျပ် မြန်မာတကျပ် ဆိုတဲ့ ပြည်ထောင်စုအတွင်း တန်းတူရေးဆိုတဲ့
အကြောင်းပြောကြတော့ ရခိုင်အမျိုးသားကြီးတဦးက..
ဒါကတော့ မြန်မာတွေ လူလည်ကျတာပဲ။ အသေအချာစဉ်းစားကြည့်ပါ။
မြန်မာက ကရင်နဲ့မှာ တကျပ်၊ ရှမ်းနဲ့မှာ တကျပ်၊ တခြားတိုင်းရင်းသားတွေနဲ့မှာ
တကျပ်စီ ဆိုတော့ တိုင်းရင်းသားတွေက တယောက်တကျပ်ပဲရပြီး
မြန်မာက ၇ ကျပ်လောက်ရသွားတာပေါ့ ဟု ထပြောသဖြင့် ငိုရမလို
ရယ်ရမလို ဖြစ်ခဲ့ရတာကို ပြန်သတိရမိပါသေးတယ်။ )

Wednesday, August 8, 2007

တခါက ဘူတာရုံလေးတခုမှာ မီးရထားကြီးကိုစောင့်မျှော်ခဲ့စဉ်


မိုးရွာမလား

နေပူမလား
မသိနိုင်တဲ့မနက်။

မျှော်လင့်ခြင်းရယ်
စိုးရွံ့မှုတွေရယ်
အုံ့ဆိုင်းနေတဲ့မနက်။

ဘက်စကားအိုကြီးတွေတောင်
အသံမထွက်အောင်ထိန်းမောင်းနေတဲ့မနက်။

ကျောင်းတက်ပြီး
စာမသင်ဖြစ်တဲ့မနက်။
ရုံးတက်ပြီး
လက်ဖက်ရည်ဆိုင်မထိုင်ဖြစ်တဲ့မနက်။
ဈေးသွားပြီး
ဟင်းမချက်ဖြစ်သေးတဲ့မနက်။

အိမ်ကြိုအိမ်ကြားထဲအစာရှာထွက်တဲ့
ရပ်ကွက်ထဲကခွေးတွေတောင်
တကောင်နဲ့တကောင်တွေ့ရင် မဟောင်မိတဲ့မနက်။

တာဝန်လက်ပတ်တွေ
တုတ်တွေ ဒိုင်းတွေ သံဆူးကြိုးတွေ
လော်စပီကာတင်ထားတဲ့စစ်ကားတွေ
ကိုယ့်အိမ်ထဲကိုယ်နေကြပါတဲ့
လမ်းပေါ်ထွက်ရုံနဲ့
နိုင်ငံတော်ပုန်ကန်မှုဖြစ်သွားနိုင်တဲ့မနက်။

နှစ်ဆယ့်ခြောက်နှစ်လုံးလုံး
ကိုယ်ဝန်ဆောင်ထားခဲ့ရတဲ့မနက်။

တမိနစ်ချင်း
သံပတ်တင်းတင်းလာတဲ့မနက်။

သမိုင်းလှည်းဘီးကို
ဘယ်သူကတွန်းပြီး
ဘယ်သူကရပ်တန့်နိုင်ပါသလဲ
အဲဒီ့မနက်က
လှည်းလမ်းကြောင်းမှာ
ဖုန်းတထောင်းထောင်းထခဲ့တယ်၊

နှင်းခါးမိုး
၂၀၀၅

Tuesday, August 7, 2007

အမေ့ကို မလိမ်ကြပါနဲ့

တခါက မဆလခေတ် အစိုးရထုတ် မြ၀တီ၊ ငွေတာရီစသည့် မဂ္ဂဇင်းများတွင်
နေ့ကြီးရက်ကြီးတွေနီးလာလျင် အထိမ်းအမှတ်ကဗျာတွေ ရေးကြသည်။
အလုပ်သမားနေ့နီးလာလျင် အလုပ်သမားကဗျာ၊ လယ်သမားနေ့နီးလာလျင်
လယ်သမားကဗျာ၊ တော်လှန်ရေးနေ့နီးလာလျင် တော်လှန်ရေးကဗျာ စသဖြင့်။
ကြာတော့ လူတွေက သည်ကဗျာတွေကို ညည်းငွေ့လာကာ ကျော်ဖတ်ကြသည်။
ကျနော်တို့ကဗျာရေးစက ထိုကဗျာရေးသူများကို အထင်မကြီး။ ပုံစံကျများဟု
ဝေဖန်ပြစ်တင်ခဲ့သည်။
အခုတော့ ကိုယ်အပြောခံရမည့် အလှည့်ထင်သည်။
ဒီမိုကရေစီရေး အထိမ်းအမှတ်ကဗျာတွေ တော်တော်ရေးဖြစ်ခဲ့သည်။ တခုတော့
ပြောရဲတာရှိသည်။ မိမိတိုးတိုက်မိခဲ့သည့် သမိုင်းရက်စွဲများကို ရင်ဖြင့် ခံစားရေးဖွဲ့
ဖြစ်အောင် ကြိုးစားခဲ့ခြင်းပင်။
ကျနော်တို့ လူ့ဖြစ်ရသည့်တိုင်းပြည်၏ ၁၃၅၀ ပြည့်သည် ရွှေဘောင်ကွပ်ဖို့
မလိုအပ်လောက်အောင် ခမ်းနားပြည့်စုံပြီးသား လူထုပန်းချီကားတချပ်ဖြစ်ခဲ့သည်။
ယခု ကျနော်၏ ပါဝင်ဖွဲနွဲ့မှုသည် ခဲခြစ်ရာတကြောင်းမျှသာ။

ညီမလေး ခဏနေပြန်လာမှာပါ

အိမ်ရှေ့မှာ
လူအုပ်ကြီးက
လမ်းအတိုင်း စီးဆင်းနေတယ်။

တူညီဝတ်စုံ
ကြွေးကြော်သံစာရွက်
အလံကိုင်တပ်ဖွဲ့
ညွှန်ကြားကြီးကြပ်သူ
ဘာတခုမှမပါ
တချို့ဆို
ဖိနပ်တောင်မပါ။

အရေးပေါ်လက်လုပ်ဆိုင်းဘုတ်လေးတွေတောင်မှ
ဟုတ်တိပတ်တိမပါ။

ပထမတော့
တိုင်သံဖေါက်သံတွေကလည်း
တယောက်တပေါက်နဲ့
လက်မောင်းတမြှောက်မြှောက်
ခြေဖျားတထောက်ထောက်နဲ့
အော်သွားလျောက်သွားကြ။
ကျောင်းစိမ်းနဲ့ကလေးတယောက်ကိုတော့
ဗိုလ်ချုပ်ဓါတ်ပုံဘောင်လေးကိုင်ပြီး
ရှေ့ဆုံးမှာတွေ့လိုက်ရဲ့၊

အမေခဏတဲ့
ညီမလေးအိမ်ပေါ်ကပြေးဆင်းသွားတယ်
တားချိန်တောင်မရလိုက်ဘူး၊

ဟဲ့အကောင်
အိမ်မှာနေ
အမေကသားအတွက်ပူတယ်
ယောကျာ်းလေး ထိန်းရခက်ပါ့တဲ့၊

ဟိုကောင်မကတော့
မိန်းကလေးမို့စပ်စပ်စုစု
ခဏနေပြန်လာမှာပေါ့တဲ့၊

လူအုပ်ကြီးတွေကလည်း
တသုတ်ပြီးတသုတ်
ပင်လယ်ကမ်းလှိုင်းပုတ်သလို။
ကတ္တရာလမ်းမတောင်
ခါးဆန့်ခွင့်မရတော့၊

အသံတွေကလည်း
ဝေးသွားလိုက် နီးလာလိုက်
ရပ်သွားတယ်မရှိဘူး၊

ညနေသာစောင်းရော
နေ့ခင်းဘက်တမှေးတောင်
အမေခေါင်းမချလိုက်ရဘူး။
လူအုပ်ကြီးထွက်ထွက်ငေးပြီး
အင်း ကုန်ဈေးနှုန်းကလည်းကြီးပေတာကိုးလို့
သူဘာသာတိုးတိုးပြောနေပြန်တယ်၊

မှတ်မိသလောက်ပြန်တွေးတာပါ
အဲဒီနေ့ကတည်းက
ညီမလေးပြန်မလာတော့ဘူး၊

အိမ်ရှေ့မှာ
လူအုပ်ကြီးက
လမ်းအတိုင်းစီးဆင်းခဲ့တဲ့နေ့ကပေါ့၊ ၊

နှင်းခါးမိုး
၂၀၀၄

Friday, August 3, 2007

နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ်


(ကဗျာခံစားမှု)


တိုက်ဆိုင်တိုင်း ကျနော်ဖတ်ခဲ့ဘူးသော တရုတ်ဝတ္တုတိုလေးတပုဒ်ကို
သွားသွားသတိရသည်။ ဥက္ကဌမော်လက်ထက်က တရုတ်ပြည်မှာ
ယဉ်ကျေးမှုတော်လှန်ရေးဖြစ်သည်။ ထိုတော်လှန်ရေးကာလအတွင်း
ပညာတတ်တော်တော်များများအပါအ၀င် တရုတ်ပြည်သူတွေ၏ဘဝ
ဗရုတ်ဗရက် ဖြစ်ခဲ့ရသည်။ နောက်တော့ ယဉ်ကျေးမှုတော်လှန်ရေး
ကျဆုံးသွားသည်။ ထိုအခါကျမှ အခြေအနေတွေက ပြန်တည်ငြိမ်သွားသည်။
သို့သော် တရုတ်ပြည်သူများသည် ထိုကာလများကို ဘယ်တော့မှမမေ့။
ထိုကာလများသည် သူတို့ဘ၀အတွက် ဆုံးရှုံးခဲ့ရသောကာလများအဖြစ်
သတ်မှတ်ကြသည်။
ထိုဝတ္တုတိုလေးထဲမှ ဇာတ်ကောင်များသည် သူတို့အသက်ကိုပြောသောအခါတိုင်း
၈ နှစ်လျော့၍ ပြောတတ်ကြသည်။ ထို ၈ နှစ်သည် ယဉ်ကျေးမှုတော်လှန်ရေး
ကာလဖြစ်သည်။ သူတို့ဘ၀ထဲတွင် ထို ၈ နှစ်ကို ထည့်မတွက်ကြ။

၈၈ ခုနှစ်က ကျနော့်အသက် ၂၅ နှစ်မပြည့်တတ်သေး။ ကျနော်က ၆၃ ခုဖွား
ဖြစ်သည်။ ကျနော့်ထက်တနှစ်စော၍ ၆၂ ခုနှစ်တွင် လူဖြစ်သော ကျနော့်
သူငယ်ချင်းတယောက်ကတော့ ကိုယ်တို့က ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို
ချက်ကြိုးနဲ့အတူအဖြတ်ခံခဲ့ရတဲ့ကောင်တွေ ဟု ပြောလေ့ရှိသည်။ ထို့ကြောင့်ပင်
၈၈ ခုနှစ်ကကျနော်တို့တွေ လမ်းမတွေပေါ် ရောက်ခဲ့ခြင်းဖြစ်သည်။
အခုတော့ ဆယ်စုနှစ် ၂ စုနီးပါး ကြာညောင်းခဲ့ပြီ။ ကျနော်တို့အသက်တွေလည်း
အနှစ် ၂၀ ခန့် ပိုကြီးခဲ့ပြီ။
သို့ပေမယ့် အားလုံးက မနေ့တနေ့ကလိုပင်။ တခြားသူတွေအတွက်တော့မသိ။
ကျနော်တို့အတွက်မူ အရေးအခင်းသည် မပြီးသေး။ ဒီမိုကရေစီမရမချင်း ကျနော်
တို့သည် လမ်းမတွေပေါ်က ၂၅ နှစ်သားလေးတွေသာ ဖြစ်နေပေအုန်းမည်။
ထိုခံစားချက်ဖြင့်ရေးဖြစ်သော ကဗျာတပုဒ်ကို ၂၀၀၂ ခုနှစ်ထုတ် ရှစ်လေးလုံး
လူထုအရေးတော်ပုံ နှစ်ပတ်လည် ကဗျာစာအုပ်တအုပ်မှာ ဖေါ်ပြခဲ့ဘူးသည်။
ယခု ၅ နှစ်ခန့် ကြာသွားသည့်တိုင် ထိုမိုးရေစက်များက တဖွဲဖွဲ ရွာနေတုန်းပဲ
ဖြစ်ပါသည်။


အဘိဓမ္မာ၏ မိုးရေစက်များ

၁၊
အတွေးတွေကို
ဆယ့်လေးနှစ်ထဲမှာ ထည့်လိုက်ရမလား။
ဆယ့်လေးနှစ်ကို
အတွေးထဲမှာ ထည့်လိုက်ရမလား၊

၂၊
ဆယ့်လေးနှစ်ချင်းတူပေမယ့်
ခြေလှမ်းချင်းမတူဘူး
ရင်ခုန်သံချင်းမတူဘူး
ရင့်မှည့်ပုံချင်းမတူဘူး
ပေါက်ရောက်ရာချင်းမတူဘူး၊

ပန်းလိုပွင့်ဖို့ကြိုးစားရင်း
ဗုံးလိုပေါက်ကွဲခဲ့တဲ့သူတွေရှိတယ်။
မိုးကြိုးလိုထစ်ချုန်းရင်း
ရေလိုပွက်ခဲ့တဲ့သူတွေရှိတယ်၊

ပြီးတော့
သစ်ရွက်တွေလိုကြွေခဲ့ရတဲ့သူတွေ
ရေလိုစီးဆင်းသွားတဲ့သူတွေ
တိမ်လိုလွင့်မျောသွားတဲ့သူတွေ၊

အိပ်မက်တွေကို
အိပ်မက်ပြန်မက်ခဲ့ရတဲ့သူတွေ၊

၃၊
ဆယ့်လေးနှစ်ကို
ဘ၀ထဲကထုတ်ပစ်လိုက်ရမလား
ဘ၀ကို
ဆယ့်လေးနှစ်ထဲကထုတ်ပစ်လိုက်ရမလား၊

မေးခွန်းတွေက
ဥနှောက်ကိုအပိုင်စီးနိုင်ခဲ့ပေမယ့်
နှလုံးသားကိုတော့
ပြိုအောင်ဝင်မတိုက်နိုင်ခဲ့ဘူး၊

၎၊
ဘ၀ကိုနှစ်ကာလနဲ့တိုင်းတာလိုသူတို့
သင်တို့နားလည်ပါစ..
နာကျင်မှုတိုင်းမှာ
ပန်းတခင်းရှိတယ်၊
ကြီးကျယ်ခမ်းနားတဲ့ပေးဆပ်မှုဆိုတာ
သူ့ကိုယ်ပိုင်စာမျက်နှာနဲ့သူရှိတယ်၊ ၊


နှင်းခါးမိုး