Friday, June 3, 2022

လူလေလူလွင့်

အတွေးတွေက ဟိုတစ ဒီတစ၊ စုမရ သိမ်းမရ၊ ဆောင်းဦးလေ ခပ်သော့သော့မှာ လွင့်ချင်ရာလွင့်နေကြပြန်သည်။ စိတ်ထဲပေါ်လာသည့် စကားလုံးလေးတွေကို စာရွက်ပေါ် ချခင်းကြည့်သည်။ စကားလုံးတွေက အသေတွေ။ အသက်မပါ။ ခံစားချက်မပါ။ တခုနှင့်တခု အဆက်အစပ်မရှိ။ ပေါင်းစည်းလို့မရ။ ရှေ့နောက်စီလို့မရ။ လှေဝမ်းထဲကငါးတွေလို တဖျတ်ဖျတ်ခုန်နေသည်။ ဖမ်းလိုက်တိုင်း လက်ထဲက လွတ်ချော်သွားသည်ချည်း။
 
ဘယ်လိုလုပ်မလဲ။ ဖြစ်ချင်တာတွေ ဘယ်လိုလုပ်မလဲ။ မဖြစ်ချင်တာတွေ ဖြစ်မလာအောင် ဘယ်လိုလုပ်မလဲ။ သူ့ရင်ထဲမှာ ဘာမှ ပြောစရာမရှိတော့ဘူးလား။ ဘယ်လိုလုပ်မလဲ။ သူ့အရည်အသွေးတွေ အားလုံး ဆိတ်သုန်းသွားပြီလား။ ဘယ်လိုလုပ်မလဲ။ စကားလုံးတွေမလိုပါဘူးကွယ်။ တို့နှစ်ယောက်ရဲ့ နုညံ့တဲ့ဆက်ဆံရေးကို စကားလုံးတွေက ဖျက်ဆီးပစ်လိုက်လိမ့်မယ်။ အိပ်မက်တွေကို စာစီမကုံးပါနဲ့။ အို အရာရာဟာ ပျက်ဆီးဖို့ရာ လွယ်ကူလိုက်ပါဘိ။ ကတ္တီပါဖိနပ် ကြက်သွေးရောင်လေးပေါ်မှာ မင်းခြေဖဝါးဖွေးဖွေးလေးကို ငေးနေချင်မိပါရဲ့။ ကိုယ်တောင်းဆိုတာ သိပ်များသွားသလား။ ဘယ်လိုလုပ်မလဲ။
 
အလကားလူ။ မလွတ်မှန်းသိပါရက် ထွက်ထွက်ပြေးနေတတ်တဲ့လူ။ တခါတုန်းကတော့ ဟုန်းဟုန်းတောက်ခဲ့တဲ့ မီးဖိုကလေး ဖြစ်ခဲ့ဘူးသည်။ အခုတော့ လေကလေးနည်းနည်းသုတ်လျင်ပင် သူ့မှာ ပြာတစမှ မကျန်တော့သလို။ ဘာ့အတွက် တငွေ့ငွေ့လောင်နေရတာလဲဟု မေးတိုင်း သူ့မှာ အဖြေမရှိခဲ့။ ရက်စက်လိုက်တာ။ တယောက်ယောက်ကိုသာ အပြစ်အားလုံး ပုံချပေးလိုက်ချင်ပါသည်။ သေချာတာက မရေရာလည်း မရေရာသလို မီးခိုးတွေအူလိုက်ပေါ့။ ဘာတွေကို ထိန်ဝှက်ချင်နေရတာလဲ။ ဘာတွေကို လူမြင်သူမြင်ဖြစ်မှာ ကြောက်နေရတာလဲ။ မုန်တိုင်းမိခဲ့တဲ့ ထင်းတချောင်းလို မီးမွှေးရခက်လိုက်တာ။ ဘယ်လိုလုပ်မလဲ။
 
မဖတ်နဲ့နော်။ ဘယ်သူမှ မဖတ်ကြပါနဲ့။ ဘယ်သူ နားလည်နိုင်မှာလဲ။ လက်ဖက်ရည်ဆိုင်မှာ စောင့်နေလေ။ ပြောစရာစကားတွေ အများကြီးရှိပါတယ်။ စကားလုံးတွေနဲ့တော့ မဟုတ်ဘူး။ ဟိုးအဝေးတနေရာကို တယောက်ကငေးနေတဲ့အခါ တယောက်ကလည်း တိတ်ဆိတ်စွာ။ တယောက်မျက်နှာဟာ တယောက်ရဲ့စာအုပ်။ ညနေစောင်းရင် ကိုယ့်အိမ်ကိုယ်ပြန်ကြမယ်။ တနေ့စာ အတွေးတွေ လွယ်အိတ်လေးထဲထည့်။ မြစ်ကူးတံတားပေါ်က ဘက်စကားကြီး ဖြည်းဖြည်းဖြတ်မောင်းနေတဲ့အခါ ကမ်းနှစ်ခုရဲ့အကွာအဝေး ကို မောလျစွာငေးခဲ့ကြသည်။
 
မြက်ရိုင်းကွင်းပြင်ကြီးထဲ ခေါင်းငိုက်စိုက်နဲ့ ပြန်လာပြီ။ ရပ်ကွက်လမ်းကြားလေးထဲ လူတွေ၊ ကြွက်တွေ၊ ခွေးလေခွေးလွင့်တွေ။
ဒါသူ့အိမ်တဲ့လား။ ခေါင်းမိုးပေါ်မှာ ကပ်ဖကာရဲ့ ခေါင်းတိုင်ကြီးနဲ့။ အိမ်ကလေးထဲမှာ တရားခွင်တခုနဲ့လေ။ တကယ်က ကျနော်က ဂျက်လန်ဒန် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမယ့် စီမွန်ဒီဘူးဗွားနဲ့လည်း တသတ်လုံး အတူနေသွားချင်ပါသေးတယ်။ ငယ်ငယ်တုန်းက သခင်မြသန်း ၀တ္ထုတွေ ဘာဖြစ်လို့ ဖတ်ခဲ့မိတာလဲ။ တံခါးရွက်လေးကြားမှာသာ တိတ်တိတ်ကလေး ငိုပစ်လိုက်ချင်ပါတယ်။ ငါ့ကိုနားလည်ပါဟယ်လို့ ဘေးအိမ်က ငယ်သူငယ်ချင်းလေးကို ပြောခဲ့ဘူးတယ်။ ပျော့ညံ့တဲ့ကောင်လေးတယောက်ဟာ ချစ်တယ်ဆိုတဲ့စကားကိုတော့  မပြောဖြစ်ခဲ့ဘူး။ ပါးစပ်က မပြောဖြစ်ခဲ့ဘူး။ လက်ကမပြောဖြစ်ခဲ့ဘူး။ သေချာပါသည်။ မပြောဖြစ်ခဲ့ဘူး။
 
အခုမှတော့ ပြန်ဖျက်မနေချင်။ ရေးပြီးသားတွေ ဒီအတိုင်းရှိပါစေ။ တစုံတယောက် ဖတ်ဖြစ်ကောင်းဖတ်ဖြစ်မယ်။ နားလည်ချင်လည်မည်။ နားမလည်ပဲလည်း ဖြစ်နိုင်သည်။ ဟုတ်တယ်။ ရေးလိုက်တယ်။ သေနေတဲ့စကားလုံးတွေ၊ သေနေတဲ့အတွေးတွေ၊ သေနေတဲ့ဖန်တီးမှုတွေ၊ ပြီးတော့ သေနေတဲ့အနုပညာ၊ သေနေတဲ့ဘဝ။ စကားလုံးတွေကို ခါးမှာချည်ပြီး ကိုယ့်ကိုယ်ကိုယ် အသေခံ ဖေါက်ခွဲပစ်လိုက်ခြင်း။ တော်တော်ဆိုးဝါးတဲ့စာ။ ဟိုရောက်ဒီရောက်။ သွားပြီ။ ဒီလူ ရူးသွားပြီ။ ရူးတုန်းရေးတဲ့စာ ကြီးကျယ်ခမ်းနားလှပါဘိ။