Sunday, June 25, 2023

နောက်ဆုံးမီးခိုးခေါင်းတိုင်

လူဟာသေမျိုး ဟု ဘာသာတရားက ဆုံးမသည်။ သေသွားတော့လည်း တယောက်တည်းနော့၊ လက်တွဲခေါ်ကာ ဖေါ်မပါဘူး၊ ဥစ္စာချည်းနှည်း ကိုယ်ထီးတည်း ဆိုသည့် သံဝေဂကဗျာလေးကို နားရည်ဝနေကြသည်။ သေရင် ဘာပါသွားသလဲဆိုတာထက် ဘာထားခဲမလဲဆိုတာက ပိုအရေးကြီးပါတယ်ဟု တချို့က တွေးခေါ်ပြောဆိုကြပြန်သည်။ ဘဝမှာ အဓိပ္ပါယ်တစုံတရာ မတွေ့နိုင်ခဲ့သူတို့ကတော့ သေရင်ပြီးပြီ ဟု ကောက်ချက်ချကြလေသည်။ 
သေတယ်ဆိုတာ လေယာဉ်တစီးကနေ နောက်တစီးကို ပြောင်းစီးရသလိုပါပဲ ဟု ကဗျာဆရာမောင်ချောနွယ်က ဆိုခဲ့ဘူးသည်။ သေရမှာကို ငါဘယ်လိုမှ မကြောက်တကား၊ ငါကြောက်တာက လွတ်လပ်စွာပြောဆိုခွင့်ကို အချိုးဖျက်ခံပြီး အနှစ်မဲ့စွာ အသက်ရှင်နေရမယ့် သီလကြောင် ဒီလောကရဲ့ နေ့လရက်များ လို့ ကဗျာဆရာအောင်ချိမ့်က ရေးဖွဲ့ခဲ့သည်။ မသေရဲသမျှ နေရဲရမယ် ဟု စာရေးဆရာမ မိုးမိုးကလည်း ရေးသားခဲ့ဘူးသည်။ ချစ်သူတို့ကား အသက်တို၏၊ မုန်းသူတို့ကား အသက်ရှည်၏ လို့ လောက၏ မညီမျှပုံနှင့် သေခြင်းတရားအကြောင်း ဆရာကြီးဦးတင်မိုးက စကားနာလှလှလေး ထိုးခဲ့တာ လွမ်းလွမ်းဆွေးဆွေး သတိရမိသည်။
ကပ်ဆိုးကြီးထဲမှာ တိုင်းပြည်အတွက် လောကအတွက် တန်ဘိုးရှိသူ လူကောင်းသူကောင်း အတော်များများကို ဆုံးရှုံးလိုက်ကြရသည်။ ဒီထဲမှာ တချို့က အချိန်မတိုင်ခင် နှမြောစရာဆုံးရှုံးလိုက်ရသလို တချို့ကတော့ သီလနှင့်ပညာပြည့်စွာ အသက်ရှည်ရှည်နေခဲ့ကြရသလို ကောင်းမှုအထွေထွေတွေလည်း လုပ်ဆောင်သွားခဲ့ကြသူများဟု ဆိုရမည်။ သူတို့အကြောင်း တခမ်းတနားစာဖွဲ့ပြဖို့မလို။ သူတို့ကို ချစ်ခင်လွမ်းဆွတ်သူများ၏ နှုတ်ဆက်စကားများက အပြည့်အဝဖော်ပြနေသည်။ သူတို့သည် အမှန်တရားဘက်က ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်။ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည်။ သူတို့နိုင်သည်ထက်ပိုစွာ လူ့အဖွဲ့အစည်းအကျိုးကို ဦးထိပ်ထမ်းခဲ့ကြသည်။ သူတို့ကို အားလုံးက နှမြောတသ တမ်းတနေကြမှာပဲဖြစ်သည်။
သေတဲ့သူမြေပုံကို တံတွေးဖြင့်မထွေးရ၊ ခြေထောက်ဖြင့်မကန်ရ ဟု လူ့ကျင့်ဝတ်စကား ရှိသည်။ သို့သော် အသက်ရှင်စဉ် လူ့လောကအပေါ် သူပြုခဲ့သော ကောင်းမှု၊ မကောင်းမှုက သေရွာအထိလိုက်သည်ဟု ပြောရပေမည်။ မြန်မာ့သမိုင်းတွင် လူတွေဝမ်းသာမည်စိုး၍ တိတ်တိတ်ကလေး ဆေးကုနေရသော အသက်ရှင်နေရက်က သေနေတဲ့လူတွေရှိသလို၊ တချိန်မှာ တံတွေးထွေး ခြေဖြင့်ကန်ကြောက်ကြမှာစိုး၍ ပြာတဆုပ်ပင် မချန်ရဲခဲ့သူတို့ ရှိခဲ့တာ ပူပူနွေးနွေး သင်ခန်းစာဟု ဆိုရမည်။ လောကတရားရုံး၏ စီရင်ချက်ကို သေခြင်းတရားပင် လုံခြုံမှုမပေးနိုင်ပါ။ ဘာလင်မြေအောက်ခန်းထဲမှာ ဘယ်သူမှမသတ်နိုင်အောင် သူ့ကိုယ်သူစီရင်သွားသော်လည်း သူ့အကြောင်းတခါပြန်ပြောတိုင်း လူတယောက်ရဲ့ပါးစပ်ဖျားမှာ တခါပြန်သေနေရသည့်အဖြစ်မျိုးကို ဟစ်တလာလည်း ရင်နာနေပေလိမ့်မည်။
လူသည် သေရမည်ကို သိသည့်တိုင်၊ သေခြင်းကို လက်ခံထားရသည့်တိုင် သေခြင်းသည် ကျိုးကြောင်းမျှတခြင်းမရှိသော ဖောက်ဖျက်မှုကြီးတခုသာဖြစ်ပါသည် ဟု ဆီမွန်ဒီဗူးဗွားက သူ၏ A VERY EASY DEATH (ဆရာမြသန်းတင့် ပြန်ဆိုသည့် ရေပွက်ပမာ) စာအုပ်ထဲတွင် ရေးသားခဲ့ပါသည်။ သေရမှာကို အားလုံးကြောက်ပါသည်။ ဘယ်သူမှလည်း ပြေးမလွတ်ပါ။ လွတ်လိုလွတ်ငြား သေခြင်းကို စူးစမ်းနေခြင်းလည်း မဟုတ်ပါ။ သေခြင်းတရားအကြောင်းကို ပြောဆိုနေရခြင်းမှာ နေခြင်းတရားအပေါ် ပိုမိုလေးနက်စေလိုသောကြောင့်ဟုဆိုက ပိုမှန်ပါသည်။
လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ။ လောကကြီးကို ဖျက်ဆီးသွားသူဖြစ်စေ၊ တည်ဆောက်သွားသူဖြစ်စေ။ ကိုယ်ချစ်ခင်ရသူဖြစ်စေ၊ မုန်းတီးစက်ဆုပ်သူဖြစ်စေ။ လူတဦးဦးသေဆုံးသွားတိုင်း မိမိ၏အသိတရားကို လှုပ်နှိုးခံကြရပါသည်။ မိမိ၏ ရှင်သန်နေထိုင်ရခြင်း အဓိပ္ပါယ်ကို ပြန်ရှာဖွေမိကြပါသည်။ ဒါကိုပင် မသာတခေါက် ကျောင်းဆယ်ခေါက်ဟု ရှေးလူကြီးတို့ ရည်ညွုန်းခဲ့ခြင်းဖြစ်ဟန်တူသည်။ 
လောကကိုချစ်လျှင် ဘယ်သူ့အတွက် ခေါင်းလောင်းထိုးတာလဲဟု ရဲရဲကြီး မေးလိုက်ကြဖို့ လိုပါသည်။ ရေအိုးမခွဲရ၊ ကြေးစည်မထုရ ဆိုသော စျာပနမျိုး ဘယ်သူမှ နောက်ထပ်ကြံုချင်ကြတော့မည် မဟုတ်ပါလေ။

၀၃၊ အောက်တိုဘာ၊ ၂၀၁၈

Wednesday, June 7, 2023

ရတနာရတု

ဉာဏ်ပညာ၊ ကိုယ်ကျင့်တရားနဲ့ ချစ်ခြင်းမေတ္တာဟာ လောကရဲ့ မွန်မြတ်တဲ့ရတနာတွေပါ။ နိမ့်မြင့်အမြဲပြောင်းလဲနေတဲ့ ခေါက်ရှာငှက်ပျံ လောကဓံတရားတွေကို ရင်ဆိုင်တဲ့နေရာမှာ လူတို့ရဲ့ ကိုယ်စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဒီရတနာတွေနဲ့ ကာကွယ်ကုသကြရပါတယ်။ ကံမကောင်းအကြောင်းမလှခဲ့တဲ့ တိုင်းပြည်ရဲ့အနာတရတွေကို ကုစားဖို့အတွက်လည်း ဒီရတနာတွေက မရှိမဖြစ်ပါ။ ဒီရတနာတွေဟာ ခဏလောက်ထင်ရှားမြင်ရပြီး မကြာမီလွင့်ပြယ်သွားတတ်တဲ့ သက်တံ့ကြီးရဲ့အဆုံးမှာ မရှိခဲ့ပါဘူး။ ဒီရတနာတွေဟာ မှောင်မိုက်အေးစက်နေတဲ့ခေတ်ကြီးကို သူ့နှလုံးသားနဲ့မီးဖိုပြီး တုန်ယင်လဲကျနေတဲ့လူတွေကို နွေးထွေးစေခဲ့တဲ့ ခြံနံပတ် ၅၄ ထဲမှာ စုစည်းတည်ရှိနေခဲ့တာပါ။ 
တချိန်က အဝေးကလှမ်းလှုံလိုက်ရင်တောင် လုံခြုံနွေးထွေးခဲ့ရတဲ့ နှလုံးသားမီးလင်းဖိုကြီးဟာ အခုအထိ အရှိန်ညီးညီး တောက်လောင်ပေးနေတုန်းပါပဲ။ ရ၅ နှစ်ဆိုတာ ဟောင်းနွမ်းရင့်အိုမှုတခုမဟုတ်ပဲ ရင့်ကျတ်ပြည့်စုံတဲ့ ကိန်းဂဏန်းတခုအဖြစ် တောက်ပခဲ့ပါတယ်။ 
ဘဝကို နှစ်ကာလနဲ့ တိုင်းတာလိုသူတို့၊ သင်တို့ကြားဘူးပါစ၊ နာကျင်မှုတိုင်းမှာ ပန်းတခင်းရှိတယ်။ ကြီးကျယ်မြင့်မြတ်တဲ့ ပေးဆပ်မှုဆိုတာ သူ့စာမျက်နှာနဲ့သူရှိတယ် တဲ့။
ဘုရားရှေ့ကဆီမီးတိုင်လိုပဲ။ သူငါ လက်ဆင့်ကမ်းထွန်းညှိရင်း ဘယ်တော့မှ ငြိမ်းသေမသွားနိုင်တော့ပဲ လူ့လောကကြီးကို အငွေ့ကြိုင်ကြိုင် ရနံ့လှိုင်လှိုင် ပေးစွမ်းနေအုန်းမှာ သေချာခဲ့တယ်။ ရ၅ နှစ်ပြည့် စိန်ရတုဆိုတာ ကမ႓ာကြီးရဲ့ ဘူမိအပူမီးထဲမှာ နှစ်သန်းပေါင်းများစွာ ကျွမ်းလောင်ပေးဆပ်ရင်း ဘယ်တော့မှ ပျက်စီးမသွားနိုင်တော့တဲ့ မာကြောတောက်ပတဲ့ ကျောက်မျက်တလုံးရဲ့ ခရီးမှတ်တိုင်တခုပါပဲ။
ဒီနိုင်ငံရဲ့သရဖူမှာ အမြဲတမ်းလင်းလက်တောက်ပနေမဲ့ ကျောက်မျက်တလုံးဟာ ပြည်သူတွေရဲ့ ခေတ်အဆက်ခါးစည်းခံခဲ့ရတဲ့ဒုက္ခတွေနဲ့ ဆုံးရှုံးခဲ့ရမှုတွေအတွက် ထိုက်ထိုက်တန်တန်ပြန်ရခဲ့တဲ့ ရတနာတပါးဆိုတာ သေချာခဲ့ပါတယ်။ ဒီနိုင်ငံနဲ့ ဒီပြည်သူတွေ ကမ႓ာတည်သရွေ့ ဒီကျောက်မျက်သရဖူနဲ့အတူ အဓွန့်ရှည်ပါစေသတည်း။
အမိ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာအောင်မြင်ပါစေ။

Monday, June 5, 2023

ရာဟုလာမှသည် အဇာတသတ်အထိ

ရာဟုလာမှသည် အဇာတသတ်အထိ

ဘုရားရှင် ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ကြွလာတော့ ဇနီးဟောင်း ယသော်ဓရာက ထွက်မတွေ့။ ဘုရားရှင်က မိဘုရားကြီးအဆောင် လာအဖူးမျှော်ခံသည်။ ဒါကို ဇာတ်ထဲမှာတော့ တို့ဘုရားလည်း မယားဘက်ခပ်ပါပါဟု ထေ့ကြသံကို ကြားခဲ့ဘူးသည်။ မိဘုရားက တဆင့်တက်ကာ သားတော်ကလေးကို ဖခင်ထံက အမွေသွားတောင်းခိုင်းသည်။ ဘုရားရှင်က ခမည်းတော်သုဒ္ဓေါဓနပြီးလျှင် မင်းဖြစ်မည့်သူပေမဲ့ နန်းကိုစွန့်နှင့်ပြီးသူမို့ အဖ၏ ထီးမွေနန်းမွေကို တရားဝင် တောင်းခိုင်းတာဖြစ်မည်။ သို့သော် ဘုရားရှင်က သားတော်ကို သင်္ဃန်းစီးပေးပြီး သာသနာ့အမွေပေးလိုက်တော့ အားလုံးရင်ကွဲစရာဖြစ်ကုန်ကြသည်။ 

အားလုံးကိုစွန့်လွှတ်ပေးဆပ်ကာ သူရှာဖွေတွေ့ရှိခဲ့သော ဓမ္မ၊ ထိုဓမ္မဖြင့် လောကကောင်းကျိုးဆောင်ဖို့ သူတည်ခဲ့သည့် သာသနာ။ သည်ထက် အမွန်မြတ်ဆုံး၊ တန်ဘိုးအရှိဆုံး ပေးစရာအမွေ ဘုရားရှင်မှာ မရှိခဲ့ပါ။ ရရှိသူအတွက်လည်း အဖိုးမဖြတ်နိုင်စရာအမှန်။ သို့သော် ဓမ္မကိုကွယ်နေသူတို့မှာတော့ လောကီနန်းစည်းစိမ်ချမ်းသာကိုကျော်ကာ မမြင်နိုင်ကြတာ အဆန်းတော့မဟုတ်ပေ။ 

ဝန်ထမ်းလစာလေး မလောက်မငကို ဖဲ့စုရင်း၊ နေပူမိုးရွာမရှောင် ခေါင်းရွက်ဗျက်ထိုးဘဝဖြင့် ခြစ်ခြစ်ခြုတ်ခြုတ် ကုတ်ကပ်သိမ်းဆည်းရင်း၊ နေလောင်လောင် ကွင်းပြောင်ပြောင်မှာ ရသည့်မြေကွက်ကလေး ပုဆိုးအလံထူကာ၊ ခြင်သောသော ဖုတ်ပေါပေါမှာ တည်ခဲ့ဆောက်ခဲ့သည် အိမ်မြေကွက်ကလေးတွေက သည်ဘက်ခေတ်ရောက်တော့ ငွေထုပ်ကလေးတွေဖြစ်လာသည်။ လိုချင်စရာများသလောက် ရှာရဖွေရခက်သောခေတ်မို့ သားသမီးတွေက ကိုယ်မှီခိုကြီးပြင်းခဲ့ရာအရိပ်အာဝါသပေမဲ့ ဒီအိမ် ဒီမြေကွက်ကို မျက်စောင်းထိုးလာကြသည်။ မိဘအမွေခွဲခြမ်းယူတာက ဒီနေ့ခေတ် သားသမီးတွေအတွက်တော့ အကောင်းဆုံး စီးပွားရေးစွမ်းဆောင်မှုဟုပင် ပြောရမလိုဖြစ်လာသည်။ တိုက်ခန်းလေးတွေ၊ အိမ်စီးကားလေးတွေနှင့် ဖြစ်လာကြသည်။ ခွဲရာခြမ်းရာက အဆင်မပြေတော့ ရုံးရောက်ဂတ်ရောက်ဖြစ်ကုန်ကြသည်။ တုတ်ဆွဲဓားဆွဲ၊ မောင်ရင်းနှမပေသည့် လူသတ်ပွဲတွေအထိ ဖြစ်လာကြတာ စိတ်မသက်သာဖွယ် မြင်လာကြားလာရသည်။ ရပ်ကွက်ထဲက အမွေလုခန်းများ။

ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးဆိုကာ တတိုင်းတပြည်လုံးက ချစ်ခင်ကြသည်။ သူ၏ စွန့်လွှတ်ပေးဆပ်မှုနှင့် တိုင်းပြည်အပေါ် ထားခဲ့သည့် စေတနာနှင့် အလုပ်တို့ကြောင့်ဖြစ်ပါသည်။ အဆင်ပြေသည့်အချိန် သူ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြသည်။ ဒုက္ခရောက်သည့်အချိန် သူ့အမည်ကို အားကိုးတမ်းတကြသည်။ သူမရှိပေမဲ့ သူ့သွေးအစစ်တွေ လည်ပတ်စီးဆင်းနေတဲ့ သူ့သားသမီးတွေရှိသည်။ အောင်ဆန်းသွေးတွေက အောင်ပန်းပေးမည်ဟု ယုံကြည်ရင်း အားမွေးကြသည်။ မျှော်လင့်အားကိုးကြသည်။
မြန်မာတို့ထုံးစံ မိဘတွေက သားယောကျင်္ားလေးကို ပိုအားကိုးကြသည်။ မျှော်လင့်ချက်ထားကြသည်။ တို့ဗိုလ်ချုပ်မှာ သားတယောက် လောက်လောက်လားလားကြီး ရှိပါလားဆိုသည့်အသိဖြင့် တိုင်းပြည်ဆူပွက်တော့ အိပ်မက်မက်ခဲ့ကြသည်။ ကိုယ့်အိမ်မီးလောင်နေပါလားဆိုသည့် စာနာအသိလေးဖြင့်ပင် ငဲ့စောင်း၍မျှ ကြည့်ဖော်မရခဲ့။ ဆွမ်းခံရင်းငှက်သင့်သလို မကျန်းမာသည့်အမေကို လာပြုစုစောင့်ရှောက်ရင်း သားသည်အမေ အိမ်ထောင်ရှင်မလေးက လူထုစည်းဝေးပွဲစင်မြင့်ပေါ် အားမာန်အပြည့်ဖြင့်တက်လာရင်း ဖအေ့အမွေကို ခေါင်းမရှောင်ပဲ ယူခဲ့ရှာသည်။ 

ခုတော့ ယသော်ဓရာ၏ အခဲမကြေသည့်စိတ်ဖြင့် တွန်းတွန်းထိုးထိုး လုပ်လိုက်သည့်အတွက်လား၊ သူကိုယ်တိုင် မိဘအမွေ သားသမီးရကောင်းသည်ဟု လိပ်ပြာလုံံလုံ ယုံကြည်လို့ပဲလား။ ရာဟုလာအမွေတောင်းခန်း နောက်ပိုင်းဇာတ်တော်ကြီးကတော့ မိုးမလင်းမချင်း ချွဲလိုက်ဟဲလိုက်နဲ့ ခင်းဖို့ ကန့်လန့်ကာကြီး မတင်လိုက်ပေပြီ။ ထပြန်သည့်ပရိတ်သတ်လည်းပြန်၊ ပွဲခင်းထဲခွေအိပ်သူလည်းအိပ်။ ရုံဖွင့်မှ ရောက်လာသူလည်း ရောက်လာ။ ရာဟုလာ သင်ဘာလိုချင်သလဲ။ အိမ်တလုံး၊ ခြံတကွက်က အဖေ့ကိုယ်စား တတိုင်းပြည်လုံးက အားကိုမျှော်လင့်တဲ့ ချစ်ခြင်းမေတ္တာထက် ပိုတန်ပါသလား။

ပါ၀ါ ၅၄ ဆိုသည်ခေါင်းစဉ်ကပင် ပရိတ်သတ်ကို ဆွဲကိုင်လှုပ်နိုင်ခဲ့သည်။   ခြံရှေ့သံတခါးကြီး လေလံပစ်တာကပင် အံအားသင့်ဖွယ်စျေးနှုန်းမျိုး ရရှိခဲ့သည်။ အားလုံးရဲ့မျှော်လင့်ချက်တွေကို ရှင်သန်စေခဲ့တာမို့ အမြဲတမ်း အမှတ်ရ ထိန်းသိမ်းထားရမည့်နေရာတခုကို ခြေရာလက်ရာတစပင် မကျန်ခဲ့စေချင်တာ၊ သေးသိမ်ပျောက်ပျက်သွားစေချင်တာ ဘယ်သူတွေပါလိမ့်။ အခုတော့ ပါဝါ ၅၄ က သူတို့အတွက် ခြောက်အိပ်မက်ကြီးတခုဟုပင် ပြောလို့ရလောက်သည်။ ခြံရှေ့ကတောင် ကားဖြတ်မောင်းရဲကြမည်မဟုတ်။ တက္ကသိုလ်ရိပ်သာလမ်းကြီးကိုပဲ ပိတ်ပစ်ရမလား။ ပါဝါ ၅၄ ကိုပဲ ဘော်ဒူဇာနဲ့ထိုးပစ်လိုက်ရမလား။ ခြောက်ခြောက်ချားချား စဉ်းစားနေကြလောက်ပြီ။ 

ရာဟုလာနှင့် အဇာတသတ်တို့လို ဘယ်ဟာက ကိုယ်ရသင့်သည့်အမွေ။ ဘယ်အမွေက ကိုယ်နှင့်ထိုက်တန်သည့်အရာ၊ ဘယ်အရာကတော့ ထိန်းသိမ်းစောင့်ရှောက်ထားအပ်သည့်အမွေ စသည်တို့ကို ခွဲခြားနားလည်ရကောင်းမှန်း သူတို့မသိကြ။ ထိုအခါ ပြုမိမှားခဲ့သည့်အဖြစ်တွေက မျိုရန်အသင့်စောင့်နေသည့်မြေလို ခြေတဖဝါးအချကို စောင့်နေမှာမလွဲ။ မလုသင့်တာကိုလုမိလျှင် ငရဲကိုသာအမွေရကြပေလိမ့်မည်။