Tuesday, December 19, 2023

ပြန်ပို့လိုက်တဲ့စာ

နောက်ဆုံးတိုက်ပွဲရဲ့ဟိုမှာဘက်မှာ
အောင်ပွဲလား၊ ကမ္ဘာအပျက်လား။
တိုက်ပွဲတွေမှာ နောက်ဆုံးဆိုတာရှိသလား
ဒီတပွဲကတော့ နောက်ဆုံးပါပဲလို့ ဘယ်သူပြောနိုင်သလဲ
ဘာပဲဖြစ်ဖြစ် နောက်ဆုံးမှာ တပွဲတော့ တိုက်ရအုန်းမှာပဲမဟုတ်လား
အနိုင်အရှုံးတွေ မလိုတော့ဘူးဆိုရင်တောင်။

နှင်းခါးမိုး
၈၊ အောက်တိုဘာ ၂၀၂၀

ခုနှစ်အိမ်တန်းက မဂျမ်းဘုံ

ဒီကျုးရပ်ကွက်ကလေးကိုတော့
ခုနှစ်အိမ်တန်းလို့ပဲ ခေါ်လိုက်တော့မယ်။

သုံးထပ်တိုက်ရုံးကြီးတစ်ရုံးက
သူတို့ကို လမ်းထောင့်က စီးကြည့်လို့ပေါ့။

ခုနှစ်အိမ်တန်းက ခလေးတစ်အုပ်ဟာ
ရုံးရှေ့မှာ သူတို့ရဲ့ဟက်ပီဝေါကိုဖွင့်ထားတယ်
ရုံးရှေ့မှာရပ်ထားတဲ့ကားတွေကြားမှာ တူတူပုန်းကြတယ်
ပြီးတော့ အမြဲတမ်းအရေးတကြီးမျက်နှာတွေနဲ့လူကြီးတွေကို မသိမသာသူတို့ခိုးကြည့်ကြတယ်။

အဖေက ပလုံကောက်တယ်
အမေက ပန်းရောင်းတယ်
လည်ပင်းမှာ ရွှေဆွဲကြိုးကြီးနဲ့မိန်းမကိုတော့ မဂျမ်းဘုံလို့ ခေါ်ကြပါစို့
မဂျမ်းဘုံအိမ်က လူဝင်လူထွက်များတယ်
ဆိုင်ကယ် ရေခဲသေတ္တာနဲ့ တီဗီလည်းရှိတယ်
ကြည့်ကောင်းကောင်း သမီးနှစ်ယောက်လည်းရှိတယ်
မနှစ်က သွေးလွန်တုပ်ကွေးနဲ့သေသွားတဲ့သားလေးရဲ့အမေဟာ
အခု အငယ်မလေးကိုနို့တိုက်ရင်း
သူ့ဟင်းသီးဟင်းရွက်လှည်းလေးနောက်မှာထိုင်နေတယ်။

ရေစပ်စပ်အိုင်ဟောင်းကြီးတခုရဲ့နှုတ်ခမ်းသားပေါ်မှာ ကျုးအိမ်လေးတွေဟာ တန်းစီနေတယ်
သူတို့အပေါ်မှာ ဗို့အားများစွာနဲ့ မဟာဓါတ်အားလိုင်းကြီးက သွယ်တန်းလို့
ရန်ကုန်မြို့ပြရဲ့ကျောတနေရာစာဟာ အချိန်မရွေးမိုးကြိုးပစ်ချခံရနိုင်တယ်လေ။

အကြီးမလင်ယူတော့ တဲရှေ့က ခြံကွက်လွတ်‌မြောင်းကိုခွပြီး တဖက်ရပ်လေးတခုထိုးလိုက်တယ်။
ပိုင်ရှင်က လာမောင်းမထုတ်သေးသရွေ့တော့ လိမ္မာသလို တအိုးတအိမ်ထူကြပေါ့။
မိန်းမကို ဓါးနဲ့ရွယ်ရင်း ခလေးပုခုံးကို ဒါဏ်ရာပေးမိတဲ့အမူးသမားဟာ သူ့အိမ်က မောင်းထုတ်ခံလိုက်ရတယ်။

အခုတော့ လမ်းတွေက ပိတ်ကုန်ပြီ
ဖုန်းပွတ်နေတဲ့ကောင်မတွေကလည်း သတင်းတွေကိုနားမထောင်ဘူး တစ်တော့ပဲ ဆော့နေကြတယ်
အလုပ်မဆင်းရတော့ ကောင်လေးတွေက လမ်းထဲမှာ မူးပြီးအော်နေကြတယ်
ကုန်စိမ်းကားပေါ်က ခုန်ဆင်းလာတဲ့မိန်းမတွေဟာ ကမ္ဘာကြီးရဲ့ဘယ်ဖက်ခြမ်းက ပြန်လာကြပါလိမ့်
မနက်မိုးလင်းရင် ပဲပြုတ်နဲ့နံပြားရမယ် စမူဆာလည်းပါတယ်ဆိုတဲ့အသံဟာ
ည ၈ နာရီသတင်းကြောင့် အိပ်မပျော်ခဲ့တဲ့ လူတယောက်ကို လန့်နိုးစေတယ်။
အကောင်းမြင်တိုင်းလည်း ကောင်းမလာနိုင်ဘူး
ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် လုပ်စရာရှိတာတော့ ဆက်လုပ်ကြရမှာပဲ မဟုတ်လား
လူတွေဟာ ဒုက္ခထက် ဒုက္ခဖန်တီးသူကို ပိုကြောက်ကြတယ်
အခွင့်အရေးတူတောင် အခွင့်မလမ်းမတူတဲ့ကမ္ဘာမှာ
အခွင့်မရှိမဝင်ရဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့ ပြည့်နေခဲ့ပြီ။
ဝေးလေကောင်းလေကပ်ဆိုးကြီးလောက်တော့
ခုနှစ်အိမ်တန်းက ပျင်းတောင်ပျင်းသေးတယ်
အိမ်မှာနေပါဆိုရအောင်
ဒီတိုင်းပြည်မှာလူတိုင်းအိမ်ရှိတယ်ထင်လို့လား။
ပလုံကောက်တယ်
ဆိုင်ကယ်တက်စီဆွဲတယ်
အရပ်တကာကုန်စိမ်းလှည့်ရောင်းတယ်
ကွမ်းယာအော်ဒါပို့တယ်
ခလေးတွေက လမ်းပေါ်ပိုက်ဆံထောင်ပစ်တယ်
ရေခဲချောင်းပုံးပေါ်လုတက်တယ်
ကျောတစ်နေရာအတွက် လွတ်တဲ့မြေပေါ်တဲထိုးတယ်။

ကျုဝင်ခိုင်းရင်တော့
ကျုးကျော်ရပ်ကွက်ကလေးက ရီမှာပဲ
ဆင်းရဲတဲ့ကပ်ရောဂါအတွက်ကော
နောက်ဆုံးတိုက်ပွဲကဘယ်တော့လဲ။

သုံးထပ်တိုက်ရုံးကြီးရဲ့ ဝရန်တာပေါ်ကနေ
ခုနှစ်အိမ်တန်းကို ငေးမျှော်ကြည့်ခဲ့တဲ့ ညနေခင်းတွေ။

နှင်းခါးမိုး
၂၊ အောက်တိုဘာ ၂၀၂၃

စာအုပ်ဆိုင်တဆိုင် သေဆုံးခြင်း

ကျမ   ရှစ်နှစ်သမီးအရွယ်မှာ
အမေက     ဒီကိုခေါ်လာခဲ့တာ တဲ့
အားပေးဖို့  ! ဆုပ်ကိုင်ထားတဲ့ လက်ဟာ
အေးစက်တုန်ယင်နေရှာရဲ့
ဒီခေတ်မှာ
ဘယ်သူမှမသုံးတော့တဲ့ ပိုင်းလော့ဖောင်တိန်ကို
လက်ဆောင်ဘူးလေးအဖြစ်ပေးရင်း အားယူပြုံးပြလိုက်တယ်
မင်းစိတ်ထဲက ဒီနေရာလေးဟာ
ဒီနေရာလေးပဲဖြစ်နေမှာပါ
ငါ့တို့အတွက်ကော   ဆိုပါတော့။

မင်ဆိုလည်း   အနက်ရောင်မှ
အနက်တောင်    ပယ်လီကန်မှ
စာအုပ်အနှောင့်တိုင်းမှာ သူ့လက်ဝဲလက်ရေးနဲ့။

အခု လူတွေတသသပြောနေကြတဲ့ ကဗျာဆရာဟာ
ဒီဆိုင်လေးမှာ တညတာမိုးခိုရင်း
မိုးရေတွေ တညလုံး စွဲနစ်ခဲ့ဘူးတာပေါ့။
ပန်းကလေးက ပြောလိုက်တယ် လောကရဲ့အလှအပဟာ
တို့ပွင့်မှ ပြည့်စုံတာတဲ့၊
ဘေးချင်းကပ်လက်ဖက်ရည်ဆိုင်က အဲဒီသီချင်းသံဟာ
စာအုပ်စင်တွေထဲမှာ စွဲဝင်နေတယ်
ဘီရိုပေါ်က ပန်းအိုးလေးထဲမှာ လှုပ်ခုန်နေတယ်
ညနေတိုင်း အချစ်ဝတ္ထုစာအုပ်အသစ်တအုပ် လာစောင့်ဆိုင်းနေတဲ့
ကော်ကိုင်းမျက်မှန်လေးကို မှုန်ရီဝေဝါးစေတယ်
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာပဲ။

စာအုပ်အားလုံးကို သူဖတ်ပြီးပြီဆိုတဲ့ပုံစံနဲ့
ဆိုင်ရဲ့စားပွဲထောင့်မှာတခုမှာ လာထိုင်ပြီး
လူတိုင်းရဲ့ပိတ်ထားတဲ့တံခါးကို ခေါက်ဖို့ကြိုးစားနေတဲ့
ဆိတ်ဖလူးပင်ကြီးတပင်နဲ့လည်း
(တံစက်မြိတ်က ဗံဒါရွက်ခြောက်တရွက်လို  လေတိုက်ရာ
လွင့်ပါမသွားခင်အထိ)
စန္ဒယားခလုတ်တွေကို အတူတူခေါက်ခဲ့ကြဖူးတယ်။

အခု အဲဒီစန္ဒယားခလုတ်တွေက ကြမ်းပြင်ပေါ်ပြုတ်ကျပြီး
ဟိုဒီပြေးလွှားနေကြရဲ့
စာအုပ်စင်တွေဟာ မြို့ပျက်ကြီးလို ဟာလာဟင်းလင်း
အမှတ်တရဖဲစည်းပို့စကဒ်နဲ့ လက်နှပ်စက်အဟောင်းကြီးကလည်း
ကတ်ထူပုံးထဲပစ်ထည့်ခံထားရပြီ
တံခါးဖွင့်ပြီးလူဝင်လာတိုင်း မြည်တတ်တဲ့
ကြေးခေါင်းလောင်းကလေးကို
အင်္ကျီအိတ်ကပ်ထဲ ဖြုတ်ထည့်လိုက်တယ်
အင်္ကျီအိတ်ထဲမှာ ခေါင်းလောင်းကလေးဟာ ထထမြည်နေတုန်း။

ရင်ညွန့်ထဲ ဓါးတချောင်းထိုးစိုက်ပြီး ပန်းတစည်းထားခဲ့တာမျိုး
သူက နာနာကျင်ကျင် ရယ်မောချင်ရယ်မောနေမယ်
ဒါပေမဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေကို
ဘယ်တော့မှ ဖုံးကွယ်ဖို့ ကြိုးစားမှာမဟုတ်ဘူး။

ချစ်သူတွေမှာ ဌာနချုပ်တခုရှိတယ်ဆိုရင်
အဲဒါ စာအုပ်ဆိုင်ပဲ။ 

နှင်းခါးမိုး
၁၅၊ စက်တင်ဘာ ၂၀၂၃

မြို့ပတ်ပြီး ဘက်စကားပေါ်မှာ သီချင်းအော်ဆိုလိုက်ချင်


ငါ့မှာ လွှင့်စရာအလံမရှိဘူး
ကိုဗစ်က အနီလား အစိမ်းလား
ညက သုံးယောက်လာခေါ်သွားတယ်တဲ့
စောင့်နေကာမှ ပဲပြုတ်သည်က ဒီနေ့ပေါ်မလာတော့ဘူး။
လူချင်းဝေးနေမှတော့
နှလုံးသားချင်းက ဘယ်လိုလုပ်နီးမလဲ
တချို့စကားလုံးတွေကပြောရတာချိုသလောက်
မြိုရတာ ခါးလွန်းတယ်။
အသက်ရှုလမ်းကြောင်းထဲဝင်သွားတဲ့ပိုးနဲ့
အစာအိမ်လမ်းကြောင်းထဲ ထကြွနေတဲ့ပိုး
ဘယ်ပိုးကိုအရင်သတ်ရမလဲ။
သမိုင်းမှာ ပိုးဖျက်လို့ပျက်တဲ့ပြည်မရှိဘူး
လူဖျက်လို့ ပျက်တဲ့ကမ္ဘာတွေပဲရှိတယ်။
အခုတော့ အိပ်ရာကနိုးတာနဲ့
အနံ့တခုခုကို အရင်ရှာရတာပဲ။

နှင်းခါးမိုး
၈၊ စက်တင်ဘာ ၂၀၂၃

ကမ္ဘာကြီးဟာအသဲပုံ


မွေးနေ့တဲ့
အသဲပေးလိုက်တယ်
မင်္ဂလာရတုတဲ့
အသဲပေးလိုက်တယ်
မြတ်သောအလှူတဲ့
အသဲပေးလိုက်တယ်
ကျနော်တို့နှင့်နှစ်ပေါင်းများစွာတဲ့
အသဲအကြီးကြီးပေးလိုက်တယ်
သဘာဝအလှအပများကိုစားသုံးခြင်းတဲ့
အသဲပေးပါတယ်
မလေးရှားကသတင်းတပုဒ်တဲ့
အနီရောင်အသဲပေးလိုက်တယ်
ဓမ္မစကြာသုတ်ကို သင်္ခါရရှုထောင့်မှချဉ်းကပ်ခြင်းတဲ့
အသဲနီနီပေးပါတယ်
ငယ်ငယ်တုန်းကပုံလေးတွေတဲ့ လူစုံစုံနဲ့
အသဲပေးပါတယ်
အားလုံး ချစ်ခြင်းတရားကို ယုံကြပါတဲ့
ထပ်ပြီးအသဲပေးပါတယ်၊
မိုးလင်းတာနဲ့
အသဲတွေအများကြီးပေးလိုက်ရ
အသဲများနေ့ချစ်စရာပါ
နေ့တိုင်းခုလို အသဲများနေ့သာဖြစ်ပါရစေ၊
ကမ္ဘာကြီးဟာ
အသဲပုံလုံးဝန်းပါတယ်။

နှင်းခါးမိုး
၂၉၊ ဇွန် ၂၀၂၃

Friday, December 15, 2023

အပြာရောင်ကျောက်တုံး


မင်းကို သီချင်းဆိုပြချင်တယ်
လရောင်က ထောင်ချောက်ဆန်လွန်းလှချည့်
သူဟာသူ့အတိုင်းပဲ မနက်ခြောက်နာရီ၊

စကားလုံးတွေကလည်း မှန်ပုံးထဲထည့်ပြီး ဒလက်နဲ့အမွှေ့ခံနေရသလိုပဲ
ဒညင်းသီးတွေကို တောင်းထဲကသွန်ချလိုက်သလိုပဲ
ဖရဲခင်းကို လမ်းကြိတ်စက်ဝင်နင်းခိုင်းလိုက်သလိုပဲ
ငါ့အန်ဖတ်ထဲက ကြက်ဥမွှေကြော်တွေလိုပဲ၊

ငါကြားချင်တဲ့အသံကို ငါကြားတယ်
ငါမကြားချင်တဲ့အသံ ငါမကြားဘူး၊

ငါမြင်ချင်တာကို ငါမြင်တယ်
ငါမမြင်ချင်တာကို ငါမမြင်ဘူး၊

ငါ့ရွေးချယ်မှုမှာ 
တခြားကမ္ဘာမရှိဘူး။

နှင်းခါးမိုး
၁၄၊ ဇွန် ၂၀၂၀

ခြင်္သေ့ကာရန်



မင်းရီရင် ဘယ်သူ့ကြောင့်လဲ ကိုယ်စဉ်းစားတယ်၊
မင်းငိုရင် ကိုယ့်ကြောင့်ပဲလို့ တွေးမိတယ်။

နေရောင်က အေးနေတယ်
အခန်းထဲတိုးဝှေ့ဝင်လာတဲ့အလွမ်းဟာ
ခန်းဆီးစလေးကို တီးတိုးစကားဆိုတယ်၊
ဘယ်နှစ်ဆောင်းရှိပြီလဲ
အိမ်ရှေ့ကသနပ်ခါးပင်လေးမှာ ပန်းတွေမပွင့်တော့တာ။

ရစရာရှိခဲ့ရင် ဒီတစ်ဘဝနဲ့တန်ပါတယ်
ဆပ်စရာရှိရင်တော့ တစ်သံသရာလုံးဆပ်ပါ့မယ်။

 
နှင်းခါးမိုး
၁၁၊ ဇွန် ၂၀၂၄ 

မေရီအင်တွိုင်းနက်ရဲ့ကြောင်


ကိတ်မုန့်တလုံးမှာလည်း
ပြောစရာစကားတွေရှိမှာပဲ၊
ပြင်သစ်တော်လှန်ရေးတုန်းက
လူရယ်စရာဖြစ်ခဲ့ရတာ စိတ်နာတယ်၊
မေရီအင်တွိုင်းနက်ရဲ့ကြောင်ဟာ
တနေ့ကို ကိတ်မုန့်ဘယ်နှစ်လုံးစားသလဲ၊
ကိတ်မုန့်ကိုစိတ်နဲ့တောင်မပစ်မှားနဲ့တဲ့
ဗိုလ်မှူးချုပ်အောင်ကြီးကမှာခဲ့တယ်၊
ကိတ်မုန့်ဆိုင်တွေက ကြီးကြီးလာပြီး
ကိတ်မုန့်တွေက သေးသေးသွားတယ်၊
ကိတ်မုန့်တွေက သမိုင်းကိုပြောတဲ့အခါ
အာဏာဟာ ကိတ်မုန့်ကဆင်းသက်တယ်။
ကဲ
ကိတ်မုန့်ကိုအရင်စားမလား
ကိတ်မုန့်ဖုတ်နည်းကို အရင်သင်မလား။

နှင်းခါးမိုး
၇၊ ဇွန် ၂၀၂၀

တနင်္ဂနွေတေးသွား


သစ်ရွက်ကလည်းအစစ်ပဲ
ငှက်ကလည်းအစစ်ပဲ
ငှက်အော်သံကလည်းအစစ်ပဲ
ကြည့်နေတဲ့ရုပ်ရှင်ထဲကအချစ်ကလည်း အစစ်ပဲ၊

ဘူဒါပက်တနင်္ဂနွေ
စန္ဒရားသံနောက်တကျော့တနင်္ဂနွေ၊
ပြန်လမ်းမဲ့တနင်္ဂနွေ၊

အမေရိကန်တွေဟာ 
ကားရှေ့ခန်းမှာဓာတ်စက်ကြီးကိုတင်
အဲဒီတေးသွားကိုဖွင့်ရင်း
ကားကိုမြစ်ထဲမောင်းချသွားကြတယ် တဲ့၊

လူတိုင်းက
လိုချင်ခဲ့ကြတာပဲ
လူတိုင်းက 
နာကျင်ခဲ့ကြတာပဲ။


နှင်းခါးမိုး
၃၁၊ မေ ၂၀၂၀

ပေါင်မုန့်ပေါ်တံတွေးထွေးမိခြင်း

မကျက်တကျက်ဆိုတာ
ကြက်ဉကြော်ပဲကောင်းတယ်၊

ဖုတ်ပြီးသားပေါင်မုန့်ကို
အရသာရှိအောင် မီးထပ်ကင်တယ်၊
ငါးသေတ္တာဗူးကိုဖောက်ဖို့ ဖောက်တံကိုရှာတယ်
အဖုံးမှာလက်ကိုင်ကွင်းပါမှန်းမသိဘူး၊

မပြောချင်တဲ့ဖုန်းလည်းမလာဘူး
ပြောချင်တဲ့ဖုန်းလည်းမလာဘူး
ရေမတင်ရသေးပဲ ရေအိမ်ဝင်မိသလို။

နှင်းခါးမိုး
၂၈၊ မေ ၂၀၂၀

မွှေးပျံ့သောည

နေ့ခင်းဘက်မှာ ပန်းကလေးရဲ့ရယ်သံကို ကြားရပြီး
ညဘက်မှာ ပန်းကလေးရဲ့ငိုသံကို ကြားရတယ်၊

ပန်းကလေးထဲကို အချစ်ထည့်တယ်
ပန်းကလေးထဲကို တရားထည့်တယ်
ပန်းကလေးထဲကို လောကကြီးထည့်တယ်
ပန်းကလေးထဲကို ဘဝထည့်တယ်၊

တစ်ယောက်ယောက်ကို မရည်ညွန်းဘူး
တစုံတရာကို ကိုယ်စားမပြုဘူး
နိမိတ်ပုံတစ်ခုလည်းမဟုတ်ဘူး
ပန်းကလေးဟာ ပန်းကလေးပဲ၊

ပွင့်ချိန်တန်လို့ပွင့်တာ
ဘယ်သူ့အတွက်မှမဟုတ်ဘူး
ကြွေချိန်တန်လို့ကြွေတာ
ဘာတရားမှမလိုဘူး၊

သံသရာကမဆန်းပြားပေမယ့်
ဒဏ်ရာကခမ်းနားလွန်းခဲ့တယ်။

နှင်းခါးမိုး
၂၈၊ မေ ၂၀၂၀

Thursday, December 14, 2023

လက်ဖက်ရည်ဆိုင်

လူတွေကလည်း လူတွေနဲ့မတူတော့ဘူး
မျက်လုံးပေါက်နှစ်ပေါက်နဲ့ ဘူးသီးခြောက်တွေလိုလို
ပတ်တီးတခြမ်းစည်းထားတဲ့ လက်မပုပ်ကြီးတွေလိုလို
ခြေအိတ်တဝက်စွပ်ထားတဲ့ ကော်ဘောလုံးအစုတ်ကြီးလိုလို၊

ညကိုတစ္ဆေတွေမြူးတူးပြီး
နေ့ကိုရန်သူတပိုင်းသိမ်းထားတဲ့ကုန်းမှာ
ပိုက်စိမ်းတထပ် ခုံတထပ်ကာထားတဲ့ ကတုတ်ကျင်းလိုလို လက်ဖက်ရည်ဆိုင်ပုန်းလေးထဲ
ငါဟာ အခုမှ သရဖူဆောင်းပြီးစဘုရင်တပါးပေါ့ကွာ။

ကားတွေကသက်ရှိလား လူတွေကလိုင်စင်မဲ့လား
သူ့ကျောပေါ်ထမ်းထားရတာ ဒဏ်ရာရထားတဲ့မြို့ကြီးလား
သူကိုယ်တိုင်ကကော ကွန်ကရစ်လမ်းကျယ်ကြီးလား
စောင့်ကြည်ခံစခန်းထဲရောက်သွားတဲ့ မြစ်အသေတစင်းလား
လေးထောင့်ကန်လမ်းမကြီးဟာ အသက်ရှုပိုက်တန်းလန်းနဲ့။

နေပူကျဲကျဲကြီးထဲ မိုးကြိုးပစ်သံကြားရတာလောက် ခိုကိုးရာမဲ့တာ မရှိတော့ဘူး
ငမိုးရိပ်ချောင်းပေါ် ကြောက်လန့်တကြားကဆုန်ဆိုင်းနေတဲ့ တိမ်မြင်းရိုင်းတွေက ငါ့မျက်လုံးထဲ ခုန်ပေါက်ဝင်လာတယ်
မုန်တိုင်းက ဘင်္ဂလားပင်လယ်ထဲမှာ
အိပ်တန်းပျံငှက်တွေက ညဦးပိုင်းကြေညာတဲ့ နောက်တိုးစာရင်းထဲမှာ။

အလွမ်းက ညို့တက်လာတယ်
အရက်ခွက်ထဲမှာ ရေခဲကပျော်နေပြီ
ဒီညမှ မိုးမရွာရင်
ပင်လယ်ကို အဖော်ခေါ်အိပ်ရတော့မှာပဲ။

ငါ့ဆံပင်တွေကို ငါဦးညွှတ်လိုက်တယ်
ငါ့ကိုစွန့်ပစ်သွားတာ မင်းတို့မမှားပါဘူးကွယ်။

နှင်းခါးမိုး
၁၈၊ မေ ၂၀၂၀

စာအုပ်ဆိုင်တဆိုင် သေဆုံးခြင်း


ကျမ ရှစ်နှစ်သမီးအရွယ်မှာ
အမေက ဒီကိုခေါ်လာခဲ့တာ တဲ့
အားပေးဖို့ဆုပ်ကိုင်ထားလက်တဲ့ဟာ
အေးစက်တုန်ယင်နေရှာရဲ့၊
ဒီခေတ်မှာ ဘယ်သူမှမသုံးတော့တဲ့ ပိုင်းလော့ဖောင်တိန်ကို
လက်ဆောင်ဘူးလေးအဖြစ်ပေးရင်း အားယူပြုံးပြလိုက်တယ်
မင်းစိတ်ထဲက ဒီနေရာလေးဟာ
ဒီနေရာလေးပဲဖြစ်နေမှာပါ
ငါ့တို့အတွက်ကော ဆိုပါတော့။

မင်ဆိုလည်းအနက်ရောင်မှ
အနက်တောင် ပယ်လီကန်မှ
စာအုပ်အနှောင့်တိုင်းမှာ သူ့လက်ဝဲလက်ရေးနဲ့။

အခု လူတွေတသသပြောနေကြတဲ့ ကဗျာဆရာဟာ 
ဒီဆိုင်လေးမှာ တညတာမိုးခိုရင်း
မိုးရေတွေ တညလုံး စွဲနစ်ခဲ့ဘူးတာပေါ့။

ပန်းကလေးက ပြောလိုက်တယ် လောကရဲ့အလှအပဟာ 
တို့ပွင့်မှ ပြည့်စုံတာတဲ့၊
ဘေးချင်းကပ်လက်ဖက်ရည်ဆိုင်က အဲဒီသီချင်းသံဟာ
စာအုပ်စင်တွေထဲမှာ စွဲဝင်နေတယ်
ဘီရိုပေါ်က ပန်းအိုးလေးထဲမှာ လှုပ်ခုန်နေတယ်
ညနေတိုင်း အချစ်ဝတ္ထုစာအုပ်အသစ်တအုပ် လာစောင့်ဆိုင်းနေတဲ့
ကော်ကိုင်းမျက်မှန်လေးကို မှုန်ရီဝေဝါးစေတယ်
ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင် ရှုံးကြမှာပဲ။

စာအုပ်အားလုံးကို သူဖတ်ပြီးပြီဆိုတဲ့ပုံစံနဲ့
ဆိုင်ရဲ့စားပွဲထောင့်မှာတခုမှာ လာထိုင်ပြီး 
လူတိုင်းရဲ့ပိတ်ထားတဲ့တံခါးကို ခေါက်ဖို့ကြိုးစားနေတဲ့ 
ဆိတ်ဖလူးပင်ကြီးတပင်နဲ့လည်း 
(တံစက်မြိတ်က ဗံဒါရွက်ခြောက်တရွက်လို
လေတိုက်ရာလွင့်ပါမသွားခင်အထိ)
စန္ဒယားခလုတ်တွေကို အတူတူခေါက်ခဲ့ကြဖူးတယ်။

အခု အဲဒီစန္ဒယားခလုတ်တွေက ကြမ်းပြင်ပေါ်ပြုတ်ကျပြီး 
ဟိုဒီပြေးလွှားနေကြရဲ့
စာအုပ်စင်တွေဟာ မြို့ပျက်ကြီးလို ဟာလာဟင်းလင်း
အမှတ်တရဖဲစည်းပို့စကဒ်နဲ့ လက်နှိပ်စက်အဟောင်းကြီးကလည်း 
ကတ်ထူပုံးထဲပစ်ထည့်ခံထားရပြီ
တံခါးဖွင့်ပြီးလူဝင်လာတိုင်း မြည်တတ်တဲ့ကြေးခေါင်းလောင်းကလေးကို
အကျႌအိတ်ကပ်ထဲ ဖြုတ်ထည့်လိုက်တယ်
အကျႌအိတ်ထဲမှာ ခေါင်းလောင်းကလေးဟာ ထထမြည်နေတုန်း။

ရင်ညွန့်ထဲ ဓါးတချောင်းထိုးစိုက်ပြီး ပန်းတစည်းထားခဲ့တာမျိုး
သူက နာနာကျင်ကျင် ရယ်မောချင်ရယ်မောနေမယ်
ဒါပေမဲ့ ပါးပြင်ပေါ်ကမျက်ရည်တွေကို
ဘယ်တော့မှ ဖုံးကွယ်ဖို့ ကြိုးစားမှာမဟုတ်ဘူး။

ချစ်သူတွေမှာ ဌာနချုပ်တခုရှိတယ်ဆိုရင်
အဲဒါ စာအုပ်ဆိုင်ပဲ။


နှင်းခါးမိုး
၁၁၊ မေ ၂၀၂၀

လပြည့်ည


ဒီညတော့
လရောင်တွေ မင်းဆီပို့လိုက်ပါတယ်၊
မနက်ဖြန်
နေရောင်တွေ ငါပိုင်ဆိုင်ပါရစေ။

ငါ့ရဲ့တဏှာရာဂတောနက်ထဲကို
နွေးထွေးတောက်ပတဲ့မင့်အချစ်တွေ
ဘယ်တုန်းကမှ မထိုးဖောက်နိုင်ခဲ့ဘူး မဟုတ်လား။

အေးမြတဲ့မီးဟာ
အလောင်မြိုက်ဆုံးပဲ။
 
နှင်းခါးမိုး
၆၊ မေ ၂၀၂၀