ပဲခူးမြစ်ဘေးမှာ အမေရိကန် စာရေးဆရာ ဂျွန်စတိန်းဘက် ဇာတ်ကောင် တွေနေတဲ့ ရပ်ကွက်လေး တခုရှိတယ်။ မက္ကဆီကန်တွေ လိုလို တက္ကဆက်မှာ လိုလို ကြမ်းကြမ်း ရှရှ မထီတရီတွေ။ ခြားနားတာက ဒီရပ်ကွက်ထဲက လူတွေက သိပ်ဆင်းရဲပြီး သိပ်ဖြေရှင်း တတ်ကြတာပါပဲ။
ဒီရပ်ကွက််ထဲမှာ အပျော်အပါး၊ လောင်းကစား၊ ဖဲနဲ့ မိန်းမ၊ အရက်နဲ့ ဓားမြှောင်၊ တံငါသည်နဲ့ အလုပ်ကြမ်းသမား၊ ဗီဒီယိုရုံနဲ့ မော်တော် ဆိပ်တို့ ရှိတယ်။ ဒီရပ်ကွက် ထဲမှာ ရန်ဖြစ်သံ မကြားရတဲ့နေ့ မရှိဘူး။ အရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံ မစည်ကား တဲ့နေ့ မရှိဘူး။ အရပ် လူကြီးတွေ အရက် မသောက်တဲ့ နေ့မရှိခဲ့ပါဘူး။
ပဲခူးမြစ်နဲ့ ဧရာဝဏ် လမ်းမကြီးက မျဉ်းပြိုင်ပါ။ ပါဝါ တိုင်ကြီးတွေက ထိုးထိုး ထောင်ထောင်နဲ့ စည်းရိုး လိုပါပဲ။ နယ်နိမိတ် တခုက အမှိုက်ပုံ အကြီးကြီး။ နောက် အတိုင်း အတာ တခုက လမ်းဆုံ လမ်းခွက ငါးပိဆိပ်။ ရှေ့ဆက် သွားရင် သာကေတ။ ဓနိရည် ဆိုင်တွေ၊ တောအရက် ဆိုင်တွေက အဲဒီနေရာက စပြီးတွေ့ရ တော့တာပါပဲ။ အဲဒီလို ဧရိယာ ရပ်ဝန်းကို “ရှုခင်းသာ” လို့ခေါ်ပါတယ်။
မြို့အတော် များများမှာ မှည့်တတ် ခေါ်တတ်တဲ့ နာမည်ပါပဲ။ ဂုဏ်ယူ ပြီးတော့ပေါ့။ ဝိသေသ ထူးတွေ နဲ့ပေါ့။ ဒီမှာကတော့ တောင်ပေါ် ရှုခင်းတွေ ပင်လယ် ရှုခင်းတွေ မရှိပေမယ့် နောက်ကျိ နေတဲ့ ပဲခူးမြစ်နဲ့ သန်လျင် တံတား ကြီးကိုတော့ လှမ်းမြင် နေရပါတယ်။ ဂုဏ်ယူစရာ ဝိသေသထူး တခုတော့ ရှိပါတယ်။ အဲဒါက စုံထောက်တွေ ထောက်လှမ်းရေးတွေ၊ ပုလိပ်တွေ ခြေမရှုပ် ရဲတာပါပဲ။ ကိုယ့်လူကြီး တွေနဲ့ကိုယ် အလုပ်ဖြစ် နေတဲ့ ရပ်ကွက််ပါ။ အာဏာပိုင်တွေ လက်လှမ်းမမီတဲ့ အုပ်ချုပ်ရေးမဲ့ ဇုန်ပါ။ စစ်ကားကြီး တွေနဲ့ အဝိုင်း ခံထားရတဲ့ ကျနော်လို ဝရမ်းပြေး တယောက် အတွက် လွတ်မြောက် နယ်မြေပါပဲ။
အလုပ်ကြမ်း သမားကြီးတွေ ဆောင်းတဲ့ ဝါးဖတ်ဦးထုပ်တလုံး။ မြင်းကြယ်ဖိနပ်တရံ။ ဖျင်ကြမ်း ဝတ်စုံ သုံး၊ လေးထည်။ သန်လျင်တံတား တည်ဆောက်ရေး စက်မောင်းလုပ်သား ကတ်တခုနဲ့ ရှုခင်းသာသား လုပ်နေလို့ရခဲ့ပါတယ်။
ရပ်ကွက်လူကြီးတယောက် အိမ်ကို ငှားပြီး ပါလာတဲ့ ရေဒီယိုလေး သူ့ပေးထားလိုက်ရုံနဲ့ အချိန်တန်ရင် သတင်းမှန်မှန် နားထောင်လို့ ရနေပါပြီ။ ကံကောင်းရင် မိန်းမနဲ့ ကလေးတွေကိုတောင် ချိန်းတွေ့လို့ ရတတ်ပါတယ်။ မိန်းမနဲ့ ကလေးတွေက ရှုခင်းသာပုံမဟုတ်ဘဲ ဖြူဖြူစင်စင်ဖြစ်နေလေတော့ စူးသလို စမ်းသလို မိန်းမကြီးတွေက ကြည့်တတ်ပါတယ်။
အဲဒီအခါကျတော့လည်း မိန်းမက သူချက်တဲ့ဟင်းလေး ဦးဦးဖျားဖျားပေးရင်း “ကျမ မိဘတွေက ပိုက်ဆံ နည်းနည်းရှိတယ်၊ သူနဲ့ သဘောမတူလို့ ခွဲထားကြတာ၊ ကလေးတွေကို သနားလို့လာတွေ့ပေးတာ” ဘာညာဘာညာပေါ့။
ဒီလောက်ဆိုရင်ကိုပဲ မြန်မာဗီဒီယို ပရိသတ်က စုတ်သပ်လို့ ရသွားပါပြီ။ ကျနော်ကလည်း ကလေးတွေ ပြန်သွားတဲ့ညဆို ဓနိရည် နည်းနည်းမော့လာပြီး လမ်းထဲအဝင်မှာ ပန်းနွယ်ကစိမ်းတွေ၊ ဖိုးရွှေလမင်းတွေ၊ ကပေါက်တိ ကပေါက်ချာ အော်လိုက်ရုံပါပဲ။ အိမ်ထဲဝင်ခါနီးမှာ တွေ့တဲ့ ခွေးပိန်တကောင်ကို ပိတ်ကန်လိုက်ရုံပါပဲ။
ဒါဆိုရင် ရှုခင်းသာရဲ့ ဧည့်သည်လို့ သဘောမထားတော့ပါဘူး။ UG ပြန်လုပ်လို့ရသွားပါပြီ။
ဒီလို လွယ်ကူသက်သာတဲ့ အနေအထိုင်မျိုးနဲ့ အချိန်တချို့ ရလိုက်ဖို့ ပေးလိုက်ရတဲ့ တန်ဖိုးကတော့ ကဗျာဆရာ လှသန်းနဲ့ ပန်းချီဆရာမောင်နိုးတို့ ညီအစ်ကိုနှစ်ယောက် ကျနော့် အမှုတွဲအဖြစ်နဲ့ ထောင်ကျ ခဲ့ရတာပါပဲ။
အခုတော့လည်း ကိုလှသန်းက ဆုအမျိုးမျိုး၊ ကလောင်နာမည်အမျိုးမျိုးနဲ့ ထင်ရှားတဲ့ ကဗျာဆရာဖြစ်နေပါပြီ။လှသန်း။ ကြည်မောင်သန်း။ နမိတ်ထွန်းသန်း။ လိပ်ပြာသန့်သန့်။ နောက်နာမည်တွေလည်း ရှိပါသေးတယ်။
မောင်နိုးက တော့ သရုပ်ဖော်ပုံတွေ အပ်ထည်တွေ လက်မလည်အောင်ရေးဆွဲနေရတဲ့ ပန်းချီဆရာဖြစ် နေပါပြီ။
အဲဒီတုန်းက ရှုခင်းသာသား၊ သူတို့ညီအစ်ကိုနှစ်ယောက်က ကျနော့်ကို မငြိုမငြင် အိမ်ပေါ် တင်ကျွေး ထားခဲ့တာပါ။ ကိုလှသန်းက ရုံးဆန် ခွဲတမ်းရတာလေးကို ထမ်းပြီး ပြန်လာတတ်ပါတယ်။ သူစီးထားတဲ့ ဖိနပ်က လမ်းမှာ ပြတ်၊ မပြတ်မသေချာဘူး။
အခုတော့ ကြည့်မြင်တိုင်မှာ အောင်မြင်တဲ့ ကျူရှင်နှစ်ကျောင်း၊ သုံးကျောင်းလောက်ရဲ့ ကျောင်းအုပ်က သူ့အမျိုးသမီး ဖြစ်နေပါပြီ။ စီးကရက်နဲ့ ကွမ်းကြိုက်တဲ့ သူ့အမျိုးသမီးက အင်္ဂလိပ်ဘာသာနဲ့ ကဗျာကိုလည်း ကြိုက်ပုံရပါတယ်။
မောင်နိုုးနဲ့ သူ့သူငယ်ချင်း သိန်းသိန်းက ငါးမျှားကျွေးပါတယ်။ ပဲခူးမြစ်ထဲမှာ လက်ထွန်ပစ်ကျွေးတယ်။အမိများတာက ငါးသန်ချောင်းဆိုတဲ့ငါး။ ဒီငါးက မိမိချင်း မြေကြီးပေါ် တဖုန်းဖုန်း ရိုက်ပစ် လိုက်ပြီးမှ ချိတ်ကဖြုတ်လို့ရတယ်။ နို့မို့ရင် ချိတ်မှာ လုံးထွေးရစ်ပတ်လိုက်ပြီးမှ ဖြုတ်ရင်မရတော့ဘူး။
ပုံသဏ္ဌာန်က မြွေသေးသေး အကောင်ပေါက်လေးနဲ့ တူပါတယ်။ ရှုခင်းသာမှာပေါတဲ့ ငါးမို့ထင်ပါရဲ့ မာကြော ထူးဆန်းနေတယ်။ ကျနော်တို့အထဲမှာ ရှုခင်းသာ ဒီဇိုင်းနဲ့ အလိုက်ဖက်ဆုံး သူကတော့ ဒီဇိုင်းဆရာ ပန်းချီ ဆရာ သိန်းသိန်းပါပဲ။ ရေလည်းတော်တော်နဲ့မချိုးဘူး၊ အဝတ်လည်း တော်တော်နဲ့မလဲဘူး၊ခေါင်းလည်း တော်တော်နဲ့မလျှော်ပါဘူး။ ဒါပေမယ့် ဆံပင်ရှည်ကြီးနဲ့ လက်သည်းထဲမှာ အမြဲတမ်း တရုတ်ဆေး မင်ရည်ရောင်တွေနဲ့။
ဖျတ်ခနဲကြည့်လိုက်ရင်ကို ဘာမှဂရုမစိုက်တဲ့ပုံ၊ ဘယ်သူ့မှ မမှုတဲ့ပုံ ပေါက်နေပါတယ်။ မီးခွက်မှိတ်တုတ် မှိတ်တုတ်နဲ့ အရက်ဆိုင်လေးထဲမှာ ခါးလျား ရှည်ကြီးကိုဆန့်၊ လက်ပြန်ခါးမှာထောက်ပြီး သူ့ဂျပ်သိပ် ဆံပင် ရှည်ကြီးထဲက သန်းဥ နှိုက်ရင်း မော့နေတဲ့အခါ၊ ကျနော်တို့ ဝိုင်းလေးဟာ ဒေသခံတွေကြားမှာ ပြေပျစ် အေးချမ်းလို့ နေပါတယ်။ သူမကြိုက်ရင် စောင်းလို့မှ မကြည့်၊ နားလည်း ထောင်နေလေ့မရှိတဲ့ သိန်းသိန်း ဆိုတဲ့လူဟာ သူယုံရင်၊ လုပ်ချင်ရင်တော့ ဘယ်မဆိုသွားရဲ၊ ဘာမဆိုလုပ်ရဲတဲ့ ဘာမထီ စစ်ကဲကြီးပါပဲ။
ရှုခင်းသာ နံနက်ခင်းလေးက အိုးသံခွက်သံတွေ၊ ရေပုံး၊ သံတိုင်ကီပိုင်းပြတ် အသံတွေ၊ ဆဲသံ၊ ဆိုသံ ငိုသံ တွေနဲ့ စတင်နေပါပြီ။ နံနက်ချိန်ခါ တေးသံသာပါပဲ။ ညက ရေတက်လို့ မျောသွားတဲ့ ရေတိုင်ကီပိုင်းတွေ ရေပုံးတွေကို ပြန်လိုက်သိမ်းရ၊ ဆည်းရပါတယ်။ ချက်ပြုတ် စားသောက်ထားတဲ့ အိုးတွေခွက်တွေကို ဆေးကြောပြီး ညကထောင်အိပ်ထားတဲ့ ခြင်ထောင်တွေ စောင်ခပ်လတ်လတ်တွေကိုလည်း ခေါက်သိမ်းပြီး ပုဆိုးနဲ့ထုပ်ရပါတယ်။
တချို့လည်း ရေတိုင်ကီပိုင်းပြတ်ကို ထမ်းသွားပါတယ်။ ဒါ နံနက်ခင်းရဲ့ ပထမဆုံးဖြေရှင်းနည်း အစပါပဲ။ထုပ်ပိုးထားတဲ့ အိုးခွက်၊ ခြင်ထောင်တွေနဲ့ ထားလို့ရမယ့် ပစ္စည်းမှန်သမျှ သွားထားကြဖို့ပါပဲ။သွားပြီး ပေါင်ကြတာလို့ မသုံးနှုန်းပါဘူး။ ပေါင်တယ်ဆိုတဲ့ အသုံးအနှုန်းက ရှုခင်းသာမှာ ရိုင်းပါတယ်။မယဉ်ကျေးရာ ကျပါတယ်။ သူတို့အားလုံး ထားလို့ရတဲ့ ပစ္စည်းသွား ထားခဲ့ကြပြီး လမ်းစရိတ်ရှာ၊ ကုန်ဖိုး အရင်းအနှီး ရှာကြရတာပါပဲ။ ထားလို့ရသမျှ ပိုက်ဆံလေး ခွဲတမ်းချပြီး ကိုယ်စီ လမ်းစရိတ်လုပ် စျေးရောင်း၊ ကုန်ထမ်း၊ ကျပန်း အကုန်လုပ်ကြပါတယ်။ ငါးလှေဆိုက်ရင် ငါးလုပ်သား၊ သဲလေဆိုက်ရင် သဲအလုပ်သမား။
မိဘတွေ အလုပ်သွားပြီ ဆိုရင် ကျန်ခဲ့တဲ့ ကလေးတွေက ရပ်ကွက်အစွန်မှာရှိတဲ့ ဗိမာန်ကြီးဆီကိုသွားကြပါပြီ။အဲဒီအမှိုက်ပုံကြီးက သူတို့ဗိမာန်ပါပဲ။ နေ့လယ်စာ မုန့်ပဲသရေစာ စားဖို့ ရီဆိုက်ကယ် လုပ်ငန်းကြီးစတင်ပါပြီ။ပြန်ရောင်းလို့ရမယ့် ပစ္စည်းတွေ သူတို့သိတယ်။ ဒူးရင်းသီးစေ့တို့၊ ပိန္နဲသီးစေ့တို့က ပြန်စားလို့ရတယ်။ကံကောင်းရင် ရွှေတိုရွှေစတောင် ရတတ်သေး။ ကလေးပေမယ့်လည်း ဖြေရှင်းတတ်တဲ့ ရှုခင်းသာ ကလေးတွေ ဖြစ်ပါတယ်။
နေ့ခင်းကြောင်တောင်ပေမယ့် ဖောက်သည်မျှော်တဲ့ အိမ်လည်းရှိတယ်။ ပုန်းလျှိုးကွယ်လျှိုး လုပ်မနေ ကြပါဘူး။သူတို့အိမ်တွေကလည်း ကွယ်နေဝှက်နေလို့ ရတဲ့အိမ်တွေမဟုတ်ပါဘူး။ နေ့လယ်နေ့ခင်း အချိန်ပိုလေး ဆင်းရတယ် ဆိုတော့လည်း စျေးဖိုးကြိုပေးနိုင်တာပေါ့။ ညနေပိုင်း ရေမိုးချိုး၊ ချယ်သပြီး တွဲခုတ်သွားကြ တာပါပဲ။ ညနေစာကျွေးခိုင်းပြီးရင် ညကြီး အလုပ်ဆင်းရဦးမယ်လေ။ သူတို့လည်း ကြိုးစားကြရတာပါပဲ။
မိုးချုပ်စပြုလို့ ကိုယ်စီကိုယ်စီ အိမ်ပြန်လာကြပြီ ဆိုရင်တော့ ရှုခင်းသာရဲ့ အသာယာဆုံးအချိန် စတင်ပါတယ်။မနက်ခင်းက ထားခဲ့တဲ့ အိုးတွေခွက်တွေ ပြန်ယူကြရပါတယ်။ ရွေးတယ်လို့ မသုံးကြပါဘူး၊ ပြန်ယူကြတာပါ။
ခဏထားထားတာကို ခဏပြန်ယူကြတာပါပဲ။ ယူပြီး ချက်ပြုတ်စားသောက်ကြ။ ပြန်ယူပြီး ပြန်ခြုံကြ၊ ပြန်ထောင်ကြ။ ရလာသမျှ၊ ရှာလာသမျှ တညတည်းကုန်အောင် သောက်ကြ သုံးကြပါတယ်။ ဖဲရိုက်၊ အန်စာခေါက် ကြပါတယ်။ ဗီဒီယို ရုံတွေမှာ ကိုယ်ကြိုက်တဲ့ကား ကိုယ်ရွေးကြပါတယ်။ မြန်မာရုံ၊ တရုတ် နေအောင်ကား၊ ကုလားကျော်ဟိန်းကား။ ဆင်းရဲသားကား။ ဆင်းရဲသားကားဆိုတာ အဝတ်မဝတ်တဲ့၊ အဝတ်မရှိ တဲ့ကားကို ပြောတာပါ။
ဒီမှာက ရေတက်၊ ရေကျအမြဲရှိတယ်။ လက်ဖက်ရည်ဆိုင်ထိုင်ထိုင်၊ ဗီဒီယိုကြည့်ကြည့်၊ ညဘက်အိပ်အိပ်၊ နားလည်ထားရတဲ့ ယဉ်ကျေးမှု တခုရှိပါတယ်။ အဆင့်အတန်းမြင့်ပါတယ် ဆိုတဲ့ ရပ်ကွက်က လူယဉ်ကျေးတွေ စိတ်ရှည် သည်းခံနိုင်စွမ်းမရှိနိုင်တဲ့ အရာတခုပါ။
ပထမ၊ ထိုင်ကြည့်နေတဲ့ ကြမ်းပေါ်ကို ရေကတက်လာပြီဆိုရင် ဖင်ထိုင်ခုံလေးတွေပေါ် ထိုင်ရပါတယ်။ဖင်ထိုင်ခုံ မြုပ်လာပြီဆိုရင်၊ ဖင်ထိုင်ခုံပေါ် ဆောင့်ကြောင့်ထိုင် ကြည့်ကြတာပါပဲ။ ဘယ်သူမှ ဘာမှ ပြောမနေပါဘူး။ ကိုယ့်အိမ်မှာတောင် အောက်ခံဆင့်တန်း နိမ့်လို့၊ ရေတက်ကြမ်းလို့၊ ငုတ်တုတ်အိပ်ရတဲ့ အိမ်တွေလည်း ရှိပါသေးတယ်။ ချဲလေး ဘာလေးပေါက်ရင် ပြင်မယ်ပြင်မယ်နဲ့ပေါ့။
သုံးလို့ဖြုန်းလို့ ကုန်ပြီဆိုရင်တော့၊ အသီးသီး အသက အသက အိမ်ပြန်လာကြပါပြီ။ ကလေးတွေကလည်း လက်တဘက် မုန့်တခုစီနဲ့၊ တချို့ကလည်း ခါးကြား ပုလင်းထိုးလို့၊ မိန်းမတွေကလည်း နေ့သွင်းနဲ့ ယူလာတဲ့ ရွှေဘိုမင်းသမီး သနပ်ခါးတို့၊ ပလတ်စတစ်ဘုရား ပန်းခက်တို့ ကိုင်လာကြပါတယ်။
မိသားစုလေးတွေရဲ့ နားခိုရာ အိမ်ဆိုတာကလည်း တံခါးကိုကြုံသလို ပိတ်လိုက်ရုံပါပဲ။ အခန်းအကာ မရှိတာက များပါတယ်။ ကြောင်ခုန်ချ လိုက်ရင်တောင် အသံမြည်ပြီး လှုပ်သွားတတ်တဲ့၊ တဲသာသာ ဗြုတ်စဗျင်းတောင်း၊ ရရာရောစပ်ထားတဲ့ အိမ်ကလေးတွေ ဆက်နေတာပါ။
သွပ်ပြားအပိုင်းအစကို ကာချင်ကာမယ်၊ မိုးမလုံတဲ့နေရာ ပလတ်စတစ်ထပ်ချင် ထပ်ထားမယ်။ သစ်ကြား ဝါးညှပ်တော့ရော၊ ဒီထက်ပိုပြီး ဘာဖြစ်ဦးမှာမို့လဲ။ အဲဒီ ဒဿနနဲ့ ဆောက်ထားတဲ့ အိမ် မည်ကာမတ္တလေး တွေပါ။ အိပ်ရာဝင် နှုတ်ခွန်းဆက်သံကလည်း ယဉ်ပေါ့၊ သင်းပေါ့။ ကပ်လျက်ဘေးအိမ်က စည်းချက်မှန်မှန် အသံတခု ကျွိကျွိ၊ ကျွိကျွိနဲ့ မြည်နေပါတယ်။ ဒါကို ကပ်လျက်ဘေးအိမ်က မိန်းမရွယ်ရွယ်က နှုတ်ခွန်းဆက်သ လိုက်ပါ တယ်။
“ညည်းတို့ မီးတွေလည်းမှုတ်လို့၊ စောစောစီးစီးပါလားဟဲ့”
ကျွိကျွိ၊ ကျွိကျွိ စည်းဝါးသံကတော့ မှန်နေဆဲပါပဲ။ မိန်းမငယ်ငယ် အသံတသံက ပြန်ဖြေဖော်ရပါတယ်။
“မနက်အစောကြီး ကုန်စိမ်းကြိုစရာရှိလို့အမရေ၊ ဝီရိယလေး အားကိုးနေရတယ်”
ဝါးလတ်လား၊ သုတ်စီးလားမသိ၊ ဝါးချင်းကြိတ်သံလေးကတော့ မှန်မှန် တကျွိကျွိ။ လင်နဲ့ မယား၊ သားနဲ့ အမိတွေ၊ ခြင်ထောင် ထောင်လိုက်ရင်၊ ကိုယ်ပိုင် လွတ်လပ်လုံခြုံ သွားပြီဆိုတဲ့ စံနှုန်းနဲ့ နေနေကြရတာပါ။
လူခြေတိတ်ချိန်လည်း ရောက်ပါပြီ။ သက်ကြီးလည်း ခေါင်းချပါပြီ။ အိမ်ရှင် ရပ်ကွက်လူကြီးလည်း အိပ်ပျော်သွားပါပြီ။ အဲဒီအချိန်ရောက်မှပဲ ကျနော့်ဘဝ အမှန်လည်း စတင်နိုင်ပါတော့တယ်။
မိန်းမဝယ်ပေးထားတဲ့ ဝီစကီပုလင်းကို ဖွက်ထားတဲ့နေရာက ထုတ်ပြီး အသံမမြည်အောင် ငှဲ့ရပါတယ်။ ဖယောင်းတိုင်လေး ထွန်းပြီး စာရွက်စာတမ်းတွေကို အသံမမြည်အောင် ကိုင်တွယ်ရပါတယ်။ရေးစရာ ရှိတာရေးပြီး ဖတ်စရာရှိတာ ဖတ်တဲ့အလုပ်ကို အခုမှ စိတ်ချလက်ချ လုပ်နိုင်ပါတော့တယ်။ရှုခင်းသာ သားဆိုတာ ဝီစကီသောက်လို့ စာရေးနေလို့မရဘူးလေ။
လုံခြုံစိတ်ချစွာ အလုပ်လုပ်နေတဲ့ အချိန်မှာ ကင်းချထားစရာလည်း မလိုပါဘူး။ စိုးရိမ်ကြောင့်ကြ ပူပန် နေစရာလည်း မရှိပါဘူး။ ကျနော့်မှာ ဗျူဟာမြောက် လုံခြုံရေးလမ်းမကြီးတွေ ရှိတယ်လေ။ ရေတက်ရင်၊ မိုးရွာရင်၊ ချွဲကျိချောမွတ်နေတဲ့ ရွှံ့စေးလမ်းတွေက မတ်မတ်မားမား လျှောက်လို့ကို မရပါဘူး။
ကျောင်းသွားမယ့် ကလေးတွေဆို ချော်မလဲချင်ရင် ဖိနပ်ချွတ်၊ လက်ထောက်ပြီးတော့ကို သွားရတာပါ။လူကြီးတွေလည်း တုတ်ထောက်ပြီးမှ သွားလို့ရပါတယ်။ ဒါတောင်တဘိုင်းဘိုင်း လဲနေကြတာပါ။
ဘယ်ရဲ၊ ပတ္တရောင်မှ လွယ်လွယ်ဝင်လို့မရပါဘူး။ စစ်ကားဝင်ရင် စစ်ကားနစ်မယ်။ ရဲစက်ဘီးနဲ့ဝင်ရင် စက်ဘီးတခြား လူတခြားလဲမယ်။ ဘယ်လောက်ခိုင်ခံ့တဲ့ ခံစစ်ကြောင်းလဲ ဆိုတာ စဉ်းစားသာ ကြည့်ကြပါတော့။
ကျနော် စိတ်ချလက်ချ အကြာကြီးနေခဲ့တဲ့ ရှုခင်းသာဆိုတာ ရှုခင်း မသာပါဘူး။ ကြားခင်း မသာပါဘူး။ကျနော့်အတွက်တော့ နေခင်း သာခဲ့ပါတယ်။ကျေးဇူးရှိဖူးသော အရာကို ကျေးဇူးဆိုအပ်၏ ဆိုတဲ့ အလိုအရ ကျနော် ရှုခင်းသာကို ကျေးဇူးစကားဆိုပါရစေ။
နေနွယ်