Monday, July 17, 2023

ဆင်းရဲတာ ကင်ဆာ


၀တ္ထုရေးဆရာမတဦးက ဆင်းရဲတာ ကျမတို့လူ့အဖွဲ့အစည်းရဲ့ နာတာရှည်ရောဂါပဲဟု ဇာတ်လမ်းတခုထဲမှာ ထည့်ရေးဘူးသည်။ နေ့ခင်းကသဂြိုလ်မြုပ်နှံထားခဲ့ရသည့် အချစ်ဆုံးသားငယ်ရဲ့မြေပုံလေးကို ညနက်နက်ထဲသွားပြန်တူးကာ မိသားစုတခုလုံး၏ တထည်တည်းသောစောင်ကလေးကို ချမ်းလွန်းလို့ ပြန်ယူခဲ့ရတာကအစ၊ ကမ်းပေါ်ချွတ်တင်ထားခဲ့သည့် တထည်တည်းသောထမိန်ကလေး လူခိုးခံလိုက်ရလို့ အပျိုပေါက်ကလေးတန်မဲ့ အရှက်သည်းစွာ အပြေးကလေးအိမ်ပြန်ခဲ့ရတဲ့ ဇာတ်လမ်းမျိုးတွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ ပြောစမှတ်ကလေးတွေ ကျန်ခဲ့ဘူးသည်။ နောက်ဆုံး ကိုယ့်တိုင်းပြည်ကို ကြွေးတွေပြန်မဆပ်နိုင်လို့ အဆင်းရဲဆုံးစာရင်းထဲ ထည်ေ့ကြငြာခံလိုက်ရတော့ အမျိုးသားမာန်မာနတွေပေါက်ကွဲကာ လူထုအုံကြွမှုကြီးဆီ ဦးတည်ခဲ့သည့် နိုင်ငံရေးအလှည့်အပြောင်းကိုလည်း သမိုင်းမှာ တွေ့ခဲ့ဘူးပြီ။ 
အငတ်ဘေးဆိုက်ကာ လူတွေသန်းချီ ကမ္ဘာကြီးမသိအောင် ကြိတ်သေဘူးသည့် အိမ်နီးချင်းတိုင်းပြည်ကြီးက ခေါင်းဆောင်တဦးက သူ့တိုင်းပြည်ကို အလှည့်အပြောင်းတခုဆီ ဆွဲခေါ်တုန်းက စကားတခွန်းပြောဘူးသည်။ ချမ်းသာတာ မင်္ဂလာရှိတယ် တဲ့။ တကယ်တော့ ဆင်းရဲသားနင်းပြားတွေကို အခြေခံဖွဲ့စည်းက တော်လှန်ရေးကြီးတရပ်ဆင်နွှဲအောင်ပွဲခံခဲ့သည့် ပါတီကြီးတခုကိုဘေးထားကာ ပြောခဲ့ခြင်းဖြစ်သည်။ ဒီလိုနှင့် တခါက ဖောက်ပြန်သည့်လူတန်းစားအဖြစ် ပညာပေးစခန်းတွေပို့ခံခဲ့ရသည့် အရင်းရှင်ပေါက်စလေးတွေ ပါတီခေါင်းဆောင်ဖြစ်လာတော့သည်။ တိုင်းပြည်ကလည်း ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတခု နေ့ချင်းညချင်းဖြစ်လာတာတွေ့ရသည်။ 
ရေမျောကမ်းတင် တံငါရွာလေးတခုကို ကမ္ဘာပေါ်ကလူတွေ ငေးမောအားကျရသည့် ကျွန်းနိုင်ငံကလေးတခုဖြစ်အောင် ဦးဆောင်တည်ထောင်ခဲ့သူ လီကွမ်းယူကို အာဏာနှစ်ရှည်လများဆုပ်ကိုင်ထားခဲ့လို့၊ ဆွေစဉ်မျိုးဆက် ချမ်းသာကြွယ်ဝကျန်ခဲ့လို့၊ သားစဉ်မြေးဆက် ရှေးမင်းဆက်တွေလို ရာဇပလ္လင်ပေါ်တင်ပေးခဲ့လို့ အာဏာရှင်ကြီးဟု သူ့ပြည်သူတွေက အလေးစားမလျော့ခဲ့။ အချစ်မပြယ်ခဲ့။ ကမ္ဘာပြည်သူတွေကပါ လေးစားအားကျခဲ့သူဖြစ်ခဲ့သည်။ လူတွေကို ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်ခဲ့တာကြောင့်ဟု ဆိုရမည်။ 
အူမတောင့်မှ သီလစောင့်သည်ဟူသော မြန်မာစကားတခွန်းရှိသည်။ သီလကို ဦးစားပေးချင်သူတွေက သိပ်မကြိုက်။ ဒီစကားကို ဆင်ခြေအဖြစ်ကိုင်စွဲကာ သီလပျက်ကုန်ကြမှာစိုးလို့လည်း ဖြစ်နိုင်သည်။ ဒါပေမဲ့ လက်တွေ့ကျ မှန်ကန်တာကတော့ ငြင်းလို့မရ။ ဆင်းရဲတော့ မဟုတ်တာတွေ လွယ်လွယ်လုပ်လာကြသည်။ ဆင်းရဲတွင်းကလွတ်အောင် ဖြတ်လမ်းတွေလိုက်ကြသည်။ ပြဿနာတွေ ရာဇဝတ်မှုတွေ ထူပြောလာသည်။ လူလူချင်း မတရားမှုတွေ ကြီးစိုးလာသည်။ 
တခါက ဆင်းရဲချမ်းသာမရှိ၊ အားလုံးတန်းတူညီမျှ သာယာဝပြောတဲ့လူ့ဘောင်ကို စိတ်ကူးယဉ်ခဲ့ကြဘူးသည်။ ကြားလို့ကောင်းသော နိုင်ငံရေးမိုးခြိမ်းသံများသာဖြစ်ခဲ့သည်။ ဆင်းရဲတာအပြင် အနိုင်ကျင့်ပါခံရသော ငရဲကိုရောက်ခဲ့ကြရသည်။ ကုသိုလ်ကံပဲဟု ဘာသာရေးအရ ဖြေသိမ့်ကြသော်လည်း ရွှေရောင်ဝင်းဝင်း ကျောင်းတိုက်ကြီးတွေဘေးမှာ မိုးလင်းမိုးချုပ် ဆဲဆိုဆူပွက်နေသည့် ကျူးကျော်ရပ်ကွက်ကြီးတွေ ပေါ်လာသည်။ ဒီလိုနှင့် ဆံပင်ကိုရောင်စုံဆိုးကာ အာဟာရမပြည်၍ ကြုံလှီပိန်စုတ်နေသော လူငယ်လေးများကို မြို့ကြီးတွေက ကပ်ရောဂါတခုလို ကြောက်လန့်နေကြရသည့် နေ့ရက်တွေရောက်ရှိလို့လာခဲ့သည်။ 
ရုရှားစာရေးဆရာကြီးဂေါ်ကီက ဆင်းရဲတာရေးတိုင်း သရုပ်မှန်ဟုမခေါ်။ ဆင်းရဲကြောင်းက လွတ်မြောက်ရာအဖြေကို ပြကိုပြရမည့် ၀တ္တရားရှိသည်ဟု ဆိုခဲ့သည်။ ဘေဘီလုံက အချမ်းသာဆုံးပုဂ္ဂိုလ်အကြောင်း သိရုံ၊ အားကျရုံ တက်ကျမ်းတွေအလွတ်ရွတ်ပြနေရုံနဲ့လည်း ချောက်ကမ်းပါးကြီးထဲမှလူသားများကို လှေကားထောင်မပေးနိုင်ပါ။ သူ့တို့ ရေသန့်ဘူး၊ စပယ်ပန်း ၀င်ရောင်းပေးပြီး စာသင်ဝိုင်းလေးတွေထဲမှာ လမ်းပေါ်ကကလေးတွေ ရယ်ပြံုးပျော်ရွှင်နေတာ အင်မတန်ကြည်နူးစရာ ကောင်းပါသည်။ သို့သော် ထိုကလေးတွေ၏ ကျုးကျော်တဲစုတ်ကလေးပေါ် ဆန်အိုးထဲကြွက်အော်နေသောအခါ ပိုက်ဆံပေးသူနောက်လိုက်ပြီး ဘဝတူချင်း ရိုက်ကြနှက်ကြတဲ့ မြင်ကွင်းတွေကို မဖျောက်ပစ်နိုင်ပါ။ 
နောက်ဆုံးတော့ အစိုးရတရပ်၊ နိုင်ငံရေးအယူအဆ၊ စနစ်တရပ်ကို အမြဲတမ်းစိန်ခေါ်နေတာ ဆင်းရဲမှုပဲဖြစ်ပါသည်။ ကြာလေ ဆင်းရဲမှုက အရာအားလုံးကို လှိုက်စားဖျက်ဆီးနေသည့် ရောဂါတခုဆိုးကြီးတခုဖြစ်ကြောင်း သေချာလေပဲဖြစ်သည်။ ဒီရောဂါကြီးက လူတွေကိုသတ်ရုံနဲ့အားမရ၊ နိုင်ငံကိုပါ သတ်တော့မည်။ ဆေးမြီတိုတွေ မတိုးတော့။ အထူးကုဆေးရုံကြီးပေါ်မှာ အထူးကုသမားတော်ကြီးတွေနဲ့ကုမှ အသက်မီမည်။ 
အနာသိလျှင် ဆေးရှိပါသည်။ အချိန်မီဖို့တော့ လိုသည်။ ရောဂါကျွမ်းမှ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံးကုသခြင်းဟု မယောင်ရာဆီလူးတတ်သော ပယောဂဆရာများ အလိုမရှိပါ။ လိမ်းဆေးသောက်ဆေးနှင့် မပျောက်လျှင် ခွဲစိတ်ဖြတ်တောက် ကုသကြရသည်သာ။ ဆင်းရဲတာ သေတတ်ကြောင်း စာအုပ်ထဲ ရှာဖတ်စရာမလို။ မိုးချုပ်လျှင် အိမ်ပြင်မထွက်ရဲသည့် ကိုယ့်ဘဝကိုယ်သာ ဆွဲဆိတ်ကြည့်လိုက်ကြပါဟု စိတ်ပျက်ပျက်နှင့် တိုက်တွန်းလိုက်ပါသည်။

အမှားစက်ဝိုင်း

ခဲတံမှာ ခဲဖျက်တပ်ထားရတာကိုက လူဟာ မှားတတ်လို့ပဲ ဟု ဆရာဦးအောင်သင်းက ပြောဘူးသည်။ တခါက စစ်တုရင်ထိုးသည့်စက်ရုပ်တရုပ် တီထွင်ရာ အမှားအယွင်းမရှိ ပြိုင်ဘက်တိုင်းကို နိုင်သည်။ သိပ္ပံပညာရှင်ကြီးက သူ့တီထွင်မှုအပေါ် မကျေနပ်။ နောက်ဆုံးတခါမှာ စက်ရုပ်က အမှားတကွက် ရွှေ့မိပြီး ရှုံးသွားသည်။ ထိုအခါကျမှ သူ့တီထွင်မှု အောင်မြင်ကြောင်း ပညာရှင်ကြီးက ကြေငြာသည်။ သူ့စက်ရုပ်သည် မှားတတ်သည့်အတွက် လူနှင့်တူသည့် ဉာဏ်ရည်ကို ပိုင်ဆိုင်သွားပြီဟု ရှင်းပြသည်။ 
မှားတတ်တာ လူ့သဘာဝဖြစ်သည်။ သို့သော် အမှားက အမျိုးမျိုးရှိသည်။ မရည်ရွယ်သောအမှား၊ တမင်တကာပြုသောအမှား။ ဘယ်သူ့ကိုမှ မထိခိုက်သည့်အမှား၊ တဖက်သားကို ဆုံးရှုံးနစ်နာစေသောအမှား။ အိမ်ကို လမ်းမှားပြန်မိတာမှစ၍ တိုင်းပြည်နှင့်လူမျိုးကို ချောက်ထဲတွန်းချသည့်အမှားမျိုးအထိ ရှိတတ်တာ အားလုံးသိပြီးဖြစ်သည်။ တချို့အမှားက ခွင့်လွှတ်လို့ရသည်။ တချို့အမှားက အရေးယူအပြစ်ပေးမှသာ ပြန်လည်တည့်မတ်လို့ရနိုင်သည်။
ဒီတော့ မှားတတ်သောသတ္တဝါမို့ မှားခွင့်ရှိသည်ဟု သက်သေထူလို့မရ။ အမှားက အမှားသာဖြစ်သည်။ ဘယ်သူမဆိုဖြစ်တတ်လို့၊ ဆင်ခြေပေးကောင်းလို့၊ အကြောင်းအချက်ခိုင်လုံလို့၊ ရွေးချယ်စရာမရှိတော့လို့ ပြုလိုက် ကျုးလွန်လိုက်ရသည့်တိုင် အမှားကို အမှန်ဟု ခေါင်းစဉ်ပြောင်းလို့မရပါ။ ဆားက ဘယ်တော့ဖြစ်ဖြစ် ငန်သည်။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ငန်သည်။ အချိန်ကာလ ဘယ်လောက်ကြာသွားသွား ငန်သည်။ နှိုင်းရဓမ္မအရ ဘာနဲ့တွဲယှဉ်ပြပြ သူ့နဂိုဂုဏ်ရည်အတိုင်း ငန်နေမည်သာဖြစ်ပါသည်။ အမှားတခုသည်လည်း ထိုနည်းလည်းကောင်းဟုသာ ဆိုရမည်။
လူ့သမိုင်းကို ပြန်ကြည့်လျှင် အမှားကင်းသည်မရှိ။ သမိုင်းထဲက အမှားတွေကိုပဲ သင်ခန်းစာအဖြစ် သင်ကြားကြရသည်။ လူတယောက်၏ဘဝတွင်လည်း အမှားကင်းခဲ့သည်မရှိ။ ပြီးခဲ့သည့်အမှားတွေကို သတိထားကာ နောင်မမှားအောင် ရှေ့ဆက်ကြရသည်သာ။ ကိုယ်ရှေ့ကလူတွေရဲ့အမှားကို ရှောင်ကြဉ်ရမည်။ ကိုယ်နောက်ကလူတွေကို လမ်းပြရမည်။ အမှားသံသရာထဲ ထပ်ကျော့နစ်မြုပ်နေကြလျှင် ထိခိုက်ဆုတ်ယုတ်ကြမှာမလွဲ။ လူတဦးချင်းပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတခုအနေနဲ့ပဲဖြစ်ဖြစ် ကောင်းကျိုးကိုလိုလျှင် အမှားနည်းအောင် ကြိုးစားကြရမည်သာဖြစ်သည်။ 
ပထမဆုံးတော့ အမှားကို အမှားမှန်းသိရမည်။ မှားလျှင် မှားသွားကြောင်း ၀န်ခံရမည်။ ထိုအမှားကြောင့် တဖက်သားကို၊ လူအများကို ထိခိုက်နစ်နာစေခဲ့လျှင် တောင်းပန်ရမည်။ ကုစားပေးဆပ်ရမည်။ တနည်း အမှားအပေါ် တာဝန်ယူဖို့လိုအပ်သည်။ မှားခဲ့တာကို ကိုယ့်ကြောင့်မဟုတ်သလိုလို၊ ကိုယ်နဲ့မဆိုင်ခဲ့သလိုလို၊ အမှားမဟုတ်သလိုလို လှည့်ပတ်ရှောင်ကွင်းနေလျှင်တော့ ပထမအမှားက မပျောက်သွားသည့်အပြင် နောက်ထပ်အမှားတခုကို ကျူးလွန်ရာရောက်ပါလိမ့်မည်။ အမှားကျုးလွန်သူကို အကာအကွယ်ပေးတာဖြစ်ဖြစ်၊ သတိပေးဖို့၊ အရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေတာဖြစ်ဖြစ် လုပ်သူများလည်း ထိုအမှားနှင့်ပတ်သက်၍ အနည်းနှင့်အများ တာဝန်ရှိသွားတာ မမေ့ဖို့လိုသည်။ 
ရေပြည့်နေသောဆည်ကို သွားစစ်ဆေးပြီး ဘာမှအန္တရယ်မရှိဟုပြောသည်။ နောက်တနေ့မှာ ဆည်ကကျိုးသည်။ ရွာတွေလူတွေ နစ်ကုန်သည်။ သေကြေဆုံးရှုံးကြရသည်။ ရေကြောင့် တံတားကျိုးသည်။ အမြန်လမ်းကြီးပိတ်လိုက်ရသည်။ ထိခိုက်ဆုံးရှုံးမှုတွေက နိုင်ငံနှင့်ချီသွားသည်။ 
တခါကလည်း နာဂစ်မုန်တိုင်းကြီးဖြစ်သည်။ မရှောင်နိုင်မတိမ်းနိုင် အသက်ပေါင်းသိန်းချီ ဆုံးရှုံးလိုက်ရသည်။ သဘာဝကြီးကပဲ မှားသည်။ ရှေးကံအကြောင်းတရားတွေကပဲ မှားသည်။ တာဝန်ရှိပါတယ် ပြောမယ့်သူမရှိ။ စိတ်မကောင်းကြောင်း၊ တောင်းပန်ကြောင်း တခွန်းမှ ဟဖေါ်မရ။ ဒီနိုင်ငံမှာ ဒီလိုအဖြစ်မျိုးတွေ ပြောရလျှင် ဆုံးမှာမဟုတ်။ ၀န်ခံဖို့၊ တောင်းပန်ဖို့၊ အမှားအပေါ် တာဝန်ယူဖို့ ရာဇဝင်မရှိဘူးဟုသာ ပြောရတော့မည်။
မှားတာလုပ်တဲ့သူတွေထက် မှားတာကိုမှားတယ်ပြောဖို့ ပျက်ကွက်တဲ့သူတွေက ပိုအပြစ်ကြီးတယ်ဟု နိုင်ငံရေးခေါင်းဆောင်တယောက်က ပြောဘူးသည်။ ဒီနိုင်ငံမှာ ထွန်းကားနေတဲ့အမှားတွေအတွက် တကယ်တော့ ဒီနိုင်ငံတခုလုံး တာဝန်ရှိသည်ဟု ဆိုရတော့မည်။ ဒီနိုင်ငံကလူတွေအားလုံးမှာ တာဝန်ရှိသည်။ တာဝန်ယူကြဖို့လိုသည်။ တကမ္ဘာလုံးထုတ်ချင်းပေါက်နေသည့် ဂလိုဘယ်လိုက်ဇေးရှင်းလို ခေတ်ကာလကြီးမှာ မှားနေသောနိုင်ငံတနိုင်ငံအဖြစ် ၀ုိင်းသတ်မှတ်မခံရအောင် အားလုံး ရုန်းထွက်ကြရမည်။ 
အခုအချိန်ကစလို့ အရိပ်မဲကြီးထိုးကျနေသည့် အမှားယဉ်ကျေးမှုကို ပြောင်းကြဖို့လိုပြီ။ အမှားတွေကို မှားကြောင်း ပြောကြပါ။ မှားနေသူတွေကို ဖော်ထုတ်ပါ။ ကိုယ့်အမှားအတွက် ၀န်ခံပါ။ တောင်းပန်ပါ။ အပြစ်ပေးမှု၊ အပြစ်ခံမှုလုပ်ပါ။ အမှားမရှိတဲ့သူ၊ အမှားကင်းသောလူ့အဖွဲ့အစည်းတခု ဖြစ်စရာမလိုပါ။ အမှားကို အမှားနေရာမှာထားတတ်ဖို့၊ အမှားတွေကို တာဝန်ယူတတ်ဖို့ပဲ လိုပါသည်။ အဆိုးအကောင်းအပေါ် တာဝန်ယူမှုမရှိသူများ လက်ထဲမှာ အဆိုးတွေ ဘယ်တော့မှ ကောင်းလာလိမ့်မည် မဟုတ်ပါ။

ပေါ်လီယာနာနှင့် ချိန်းဆိုခြင်း


တခါက မြန်မာ့ရုပ်ရှင်လောကတွင် အင်္ဂလန်စိန်ဆိုသော ကလေးသရုပ်ဆောင်လေးတယောက်ကို မေတ္တာရှင်မလေးငြိမ်းငြိမ်းအိအဖြစ် ပရိတ်သတ်ရင်ထဲ စွဲလန်းကျန်ရစ်ခဲ့ဘူးသည်။ ထို မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ၏ မူရင်းမှာ ပေါ်လီယာနာဖြစ်သည်။ အယ်လီနာပေါ်တာရဲ့ အမေရိကန်ဝတ္ထုကို ဆရာထင်လင်း ဘာသာပြန်ပြီး အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရသော စာအုပ်ဖြစ်သည်။ လူ့ဘဝနှင့် လောကအပေါ် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အမြဲတမ်း အကောင်းဘက်က ကြည့်မြင်တွေးတောတတ်သူ မိန်းမငယ်လေးတဥိီးအကြောင်း ရေးဖွဲ့ထားတာတွေ့ရသည်။ 

ရသစာပေစကားဝိုင်းမှာ ကျောင်းသားတယောက်က ထို၀တ္ထုကို နှစ်သက်ကြောင်းပြောတော့ ဦးဆောင်ဆွေးနွေးသူ ဒေါ်အောင်ဆန်းစုကြည်က ယခုခေတ်မှာ ဒီလိုလူမျိုးတွေ တကယ့်ဘဝမှာ မရှိနိုင်၊ စိတ်ကူးယဉ်မှုသာဖြစ်သည်ဟု ဝေဖန်ကြကြောင်း၊ တကယ်လို့ အပြင်လောကမှာ ဒီလိုအတွေးအမြင်နှင့် လူတွေသာ မရှိကြဘူးဆိုလျှင် ကမ္ဘာကြီးအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဟုထင်ကြောင်း သူ့အမြင်ကို ပြောဆိုသွားတာ ကြားလိုက်ရသည်။ အမှန်တကယ်လည်း မိမိတို့ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်တွေ တနေ့တခြားခြောက်ခမ်းလာတာ ၀မ်းနည်းဖွယ်တွေ့နေရသည်။ ဘာကြောင့်လဲ။

ကိုယ်ထင်ရင် ကုတင်ရွှေနန်းဟု ဆိုကြသော်လည်း ကုတင်ကကုတင်၊ ရွှေနန်းမှမဟုတ်ပဲ။ လက်တွေ့ဘဝကို ပြောင်းပြန်လှန်ပြီး ကိုယ်ထင်ရာမြင်ရာတို့သည် အမှန်တရားဖြစ်မလာနိုင်ပါ။ ခေတ်ကြီးမကောင်းပဲ ဘဝတွေကောင်းမလာနိုင်ပါ။ မကောင်းတဲ့ဘဝကို ဘယ်သူက ပျော်မွေ့ပါ့မလဲ။ သူ့ဘဝလည်းမကောင်း၊ ကိုယ့်ဘဝလည်းမကောင်း။ ကိုယ်တွေအပေါ် မကောင်းတဲ့လူတွေရဲ့ဘဝကျတော့ ကောင်းနေညွန့်နေတာ တွေ့ရပြန်တာလည်း မကောင်း။ လောကကို ကောင်းအောင်ကြိုးစားနေတဲ့သူတွေရဲ့ ဘဝတွေကျ မကောင်းပြန်တော့ ခံစားရတာမကောင်း။ အိမ်သာကျင်းထဲ နှင်းဆီပန်းနံ့ မမွှေးနိုင်သလိုဟု တင်စားပြောဆိုရလျှင်တော့ ဒေါသသင့်ရာရောက်မည်။ ဒီတော့ ဒေါသသင့်နေတဲ့စိတ်တွေမှာ ပေါ်လီယာနာဟာ သေဆုံးခဲ့ရရှာတာ မဆန်းပါ။ 

အခုထိလည်း နှင်းဆီပန်းက မမွှေးနိုင်သေး။ ကျင်းထဲက အနံ့အသက်အချို့ စွဲထင်နေဆဲဖြစ်သည်။ ပန်းတိုင်းပွင့်အောင် စိုက်ကြရအုန်းမည်။ ပွင့်သောပန်းတိုင်း မွှေးပျံ့နိုင်အောင် ရေလောင်းပေါင်းသင် လုပ်ကြရအုန်းမည်။ ဒါပေမယ့် လေတချက်တချက် သင့်လာလျှင်တော့ မဖို့ရသေးသော၊ မရွှေ့ရသေးသော ကျင်းဟောင်းကြီးတွေဆီက အနံ့အသက်တွေ လွင့်ဝဲရောက်ရောက်လာနေအုန်းမည်သာ။

ပန်းရောင်းသောသူငယ်ချင်းက ငါးစိမ်းရောင်းသောသူငယ်ချင်း အိမ်လာလည်သောအခါ အိပ်ခန်းထဲမှာ ပန်းတွေဝေနေအောင် မွှေးကြိုင်နေအောင် ပြင်ဆင်ပေးထားသည်။ ငါးသည်သူငယ်ချင်းက တညလုံးအိပ်မပျော်။ ခဏနေတော့ ပန်းတွေကိုဖယ်ရှားပစ်ကာ သူ့ငါးတောင်းလေး အိပ်ယာဘေးချထားလိုက်တော့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်တဲ့။ တချို့လူတွေရဲ့ဘဝက အနံ့အသက်ဟောင်းမှာ နေသားကျစွဲလန်းနေတတ်ကြသည့်သဘာဝကို ဖော်ပြခြင်းဖြစ်သည်။ သူတို့အတွက် နှင်းဆီပန်းက မမွှေးပါ။ 

စာအုပ်စင်ပေါ်က ပေါ်လီယာနာကို ဖုန်ခါလိုက်သည်။ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိကို သီချင်းတွေ ပြန်ဆိုစေချင်သည်။ အခက်အခဲတိုင်းမှာ အခွင့်အရေးတွေ ပါလာတတ်သည်။ လောကဓံဆိုတာက ခေါက်ရှာငှက်လိုပျံသည်။ ဗုံလုံနှင့် ငါးပျံလို ဆော့သည်။ ညနက်နက်ကိုကျော်သောအခါ အာရုဏ်ဦးကို ဖူးကြရမည်။ ဘဝရဲ့ ဒုက္ခအိုးထဲမှာ ချစ်ခြင်းက ကြည်မြနေတတ်ပါသည်။ အဆိုးဆုံးကို အကောင်းဆုံးစိတ်ဖြင့်သာ ဖြတ်ကျော်နိုင်သည်ဟု ယုံကြည်ကြဖို့လိုသည်။ သင့်တို့ရဲ့တံခါးတွေကို မဖွင့်မချင်း နေမင်းကြီးက အိမ်ထဲသို့ ၀င်လာနိုင်မည် မဟုတ်ပါ။