Sunday, April 29, 2007

ဘ၀မမေ့ဖို့လိုပါတယ်


ဒါက ဒီမြောက်ပိုင်းရေခဲနိုင်ငံမှာ ဟိုးရှေးရှေးက နေထိုင်သွားခဲ့ကြတဲ့ ရှေးဦးလူတမျိုးပါ။ သူတို့အသားတွေက နေရောင်ထိရင် ပဲ့ကြွေသွား တတ်သတဲ့။ ရေခဲပြီးမဲမှောင်နေတဲ့ ကျောက်ဂူကြီးတွေထဲမှာ နေခဲ့ ကြတဲ့သူတွေပါ။ ဒီမြေရဲ့ဘိုးဘွားသင်္ကေတတခုအဖြစ် သူ့ရုပ်တုကြီး တခုကို ကျနော်တို့မြို့ကတောင်ထိပ်စခန်းမှာ စိုက်ထူထားပါတယ်။ တောင်ပေါ်ရောက်တဲ့ဧည့်သည်တွေက သူနဲ့တွဲပြီး အမှတ်တရဓါတ် ပုံရိုက်ကြတာပေါ့။
ဒီလောက်ကြမ်းတမ်းဆိုးဝါးတဲ့မြေ၊ ရာသီဥတုထဲမှာ သူတို့တွေရှင် သန်နေထိုင်ခဲ့ကြလို့ သူတို့နှောင်းမျိုးဆက်တွေ ကိုယ်ပိုင်နေရာလေး တခု အမွေရခဲ့ကြတာလို့ ဆိုနိုင်ပါတယ်။ ရှေးဦးဘိုးဘွားတို့ရဲ့ ကျေး ဇူးတရားကို သူတို့တတွေ မြတ်နိုးတန်ဘိုးထားရကောင်းမှန်း သိကြ တာ ကြည်နူးစရာပါ။ အခုနေမှာ ပထမတန်းစားတွေဖြစ်နေပေမယ့် သူတို့ဘ၀ကို သူတို့မမေ့တာတွေ့ရပါတယ်။


Thursday, April 26, 2007

နွေဦးချစ်သူ


ပန်းတွေပွင့်ပြီ။ တချို့က မြေကြီးထဲက ခေါင်းထောင်ထလာတယ်။ တချို့က ရိုးတံကိုင်းရင့်တွေကြားက ကန့်လန့်ကာလှစ်ဟကြည့်တယ်။

နောက်ဆုံးမိုးတိမ်တွေထင်ရဲ့။ မိုးပြာပြာထဲ ကပိုကရိုလွင့်ပါးနေကြ။ မိုးသားပြာ၊ တိမ်ဖြူလွတို့နောက်ခံကားပေါ်မှာ ရွှန်းစိုနုသစ်တဲ့ ၀ါရွှေသွေးကြွကြွ ပွင့်ပျိုရွရွလေးတွေက ငယ်ဂုဏ်ယစ်မူး ဦးတမော့မော့နဲ့။

နွေဦးက တနှစ်တခါသစ်တယ်။ ခင်ဗျားတို့ ကျနော်တို့ဘ၀မှာကော နွေဦးဘယ်နှခါသစ်ခဲ့ပြီလဲ။ နွေဦးဘယ်နှခါသစ်အုန်းမှာလဲ။
တာရာမဂ္ဂဇင်း ပထမအုပ်၊ ပထမစာမျက်နှာပေါ်မှာ နွေဦး သစ်ခဲ့။
လွတ်လပ်ရေးခေတ်ဦးကာလ။ ခု လွတ်လပ်ရေးနှစ်ခြောက်ဆယ်ပြည့်တော့မယ်။
သိရင်ပြောကြပါဗျာ။ ကျနော်တို့နွေဦး ဘယ်သူခြွေခူးခဲ့သလဲ။

Wednesday, April 25, 2007

တိမ်တိုက်တွေပေါ် မြင်းစီးထွက်တဲ့အခါ

လုပ်ကြည့်ရင်းနဲ့ အပြောင်းအလဲကလေးတွေ တွေ့လာရတယ်။ ဒီလိုနဲ့ပဲ အလုပ်ကသင်သွားမှာပေါ့လေ။
အချိန်တော့ အတော်ပေးရတဲ့အလုပ်ပဲ။ ကိုယ်ကလည်း အခုနေမှာ အချိန်သိပ်မပေးနိုင်သေးတော့ ဒီလိုပဲ ဖြည်းဖြည်းပေါ့။ ဆန္ဒမစောပါဘူး။

ဘ၀မှာ ဖြစ်ချင်စိတ်တွေများပြီး ဆန္ဒစောခဲ့သမျှ အခုထိဖြစ်မလာနိုင်သေးတာတွေကလည်း အများသားကလား။ စနစ်တကျနဲ့ အချိန်ယူလုပ်ဖို့စဉ်းစားတိုင်းလည်း မအောင်မြင်ခဲ့တဲ့ စီမံကိန်းတွေ လောကမှာအများကြီးရှိခဲ့တယ်ဆိုတာ သတိရနေမိပြန်တယ်။ ပြင်းပြတဲ့ဆန္ဒဦးစီးလို့ တချို့ဖြစ်မြောက်သွားကြတာတွေကလည်း အားကျစရာဖြစ်နေပြန်ရော။ အခြေခံကတော့ တဦးနဲ့တဦးကြားမှာ မတူညီမှုတွေရှိနေတာပဲ။ ဒါကိုနားလည်ရမယ်။ ကိုယ့်ကိုယ့်ကိုယ် နားလည်ရမယ်။ ကိုယ့်ကိုယ့်ကိုယ် နားမလည်နိုင်သေးသမျှ အရာရာမှာ နှောင့်နှေး၊ နောက်ပြန်ဆုတ်၊ အကြိမ်ကြိမ်ကြိုးစားနဲ့ ပင်ပမ်းနေရလိမ့်မယ်။

ဘလော့လုပ်ရတာကလည်း ပျော်စရာကောင်းပါတယ်။ စိတ်ဝင်စားစရာတွေလည်း တွေ့ရတော့ လူကလန်းဆန်းလာတယ်။ နယ်မြေသစ်မှာ မြင်းစီးထွက်ရသလိုပဲ။ ထွက်ပြေးစရာနေရာလေးတခုလည်း ရလာတယ်။ အမေရိကမှာ စဦးခြေချခဲ့သူတွေရဲ့ စွန့်စားခန်းမျိုးတွေလည်း တွေ့ရနိုင်တယ်။ ဘလော့ဟာလည်း တချိန်မှာ အောင်မြင်တဲ့အင်ပါယာကြီးတခုဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ ဘလော့နဲ့ တကယ့်ဘ၀ကြားမှာကော ဘယ်လိုဆက်ဆံရေးမျိုးတွေ ရှိလာနိုင်မလဲ။ တကယ့်ဘ၀နဲ့ အပြင်လောကအပေါ် ဘယ်လောက်ထောက်ကူအကျိုးပြုနိုင်လဲဆိုတာသာ ဘလော့ရဲ့အောင်မြင်မှုကိုတိုင်းတာနိုင်လိမ့်မယ်လို့ ယုံကြည်မိတယ်။
ဘလော့ဟာ သီးခြားနိုင်ငံတော်လား။ ငှက်တွေဟာ ကောင်းကင်မှာ ပျံဝဲကြတယ်ဆိုပေမယ့် မြေပြင်ပေါ်မှာပဲ အိပ်တန်းပြန်တက်ကြရတာမဟုတ်လား။ ကဲ ဆက်စဉ်းစား။

Tuesday, April 24, 2007

နယ်မြေသစ်ကိုရင်ခုန်ခြင်း

ဘလော့က ပြဿနာလေးတွေ နည်းနည်းရှိနေတယ်။ IE နဲ့ဖွင့်လို့မရဘူး။ စာလုံးတွေမပေါ်ဘူး။ မီးလျှံမြေခွေးနဲ့မှာလည်း ကိုယ့်ဘလော့ ကိုယ်ဖွင့်ဝင်ရင်ပေါ်တယ်။ တိုက်ရိုက်သွားရင် စာလုံးတွေက ကျိုးပျက်နေပြန်ရော။ ဒါက ဘယ်လိုဖြစ်တာလဲ။
လုပ်ရင်းနဲ့တော့ အဖြေတွေ့လာမယ်လို့ ထင်တယ်။ သူများဘလော့တွေကို သွားလေ့လာရမှာပေါ့။
အချိန်တော့ ယူရမှာပေါ့လေ။ အခုတော့ ဘလော့အလုပ်သင်ကလေးပေါ့။ ဇွန်လမှာဖြေရမယ့် စာမေးပွဲကလည်း ရှိနေသေးတယ်။ နောက်သုံးလလောက်ဆိုရင်တော့ ဘလော့လှလှလေးတခု ပိုင်ခွင့်ရနိုင်မယ်ထင်တာပဲ

သူများဘလော့လေးတွေ သွားလည်ကြည့်တယ်။ အားကျစရာပါပဲ။
စာရေးတဲ့လက်တွေကလည်း အသွက်ကလေးတွေပါပဲ။ သူတို့ရဲ့အရေးအသားတွေနောက်မှာ သူတို့ရဲ့ဘ၀ပုံရိပ်တွေ၊ ခံစားချက်တွေ၊ အတွေးတွေကို တွေ့နိုင်တာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်။
ဒါက တကယ့်နယ်မြေအသစ်ပဲ။ လွတ်လပ်မှုရဲ့လေနုအေးကလေးကလည်း လှုပ်ဖွတိုးခတ်လို့။ မြန်မာလူငယ်တွေအတွက် တကယ့်ထွက်ပေါက်ကလေးပါပဲ။ အများသုံးကလေးဖြစ်လာရင် ဘယ်လောက်ကောင်းလိုက်မလဲ။ တချိန်မှာ မြန်မာလူထုအတွက်၊ မြန်မာစာပေအတွက် ဘလော့ဟာ အရေးပါတဲ့စင်မြင့်ကလေးတခုဖြစ်လာလိမ့်မယ်လို့ လေးလေးနက်နက်ပဲယုံကြည်မိတယ်။

Monday, April 23, 2007

ကိုယ့်ဖာသာရှာတဲ့ပြဿနာ၊ အရပ်ကူပါ လူဝိုင်းပါ

ဖရီးဝက်ဘ် မှာ ဆိုဒ်ကလေးတခုဖွင့်ထားတာ မနေ့က ဒီမှာ မြန်မာလိုရိုက်လို့ရတာနဲ့ အဲဒီမှာလည်း သွားစမ်းကြည့်တယ်၊ ရိုက်လို့ရတော့ ဝမ်းသာလိုက်တာ၊ ဒါနဲ့ ပုံနဲ့တင်ထားတာတွေအားလုံးကို ဖြုတ်ချပစ်လိုက်တာပေါ့။ အားလုံးကို စာနဲ့ပြန်ရိုက်မယ်ပေါ့။ ဆိုဒ်ကိုပြန်လည်ပြင်ဆင်နေကြောင်း တောင်းပန်စကားတွေ၊ ဘာတွေတောင် တင်ထားလိုက်သေးတယ်။ အခြားစာမျက်နှာအဖွင့်စာလေးတွေလည်း တင်ထားလိုက်တယ်။ အဲ ဒီနေ့လည်း ပြန်ဖွင့်ကြည့်ရော မြတ်စွာဘုရား စာလုံးတွေက လမ်းပေါ်ကလူအုပ်ကို လုံထိန်းဝင်ရိုက်ထားသလို အပြိုပြိုအလဲလဲ၊ ကျိုးပျက်ကြေမွလို့။ ပြန်ရိုက်ကြည့်လို့လည်းမရ။ ဘာ့ကြောင့်လဲလည်း အဖြေမရှာတတ်။ တတ်သမျှမှတ်သမျှလေးတော့ လုပ်ကြည့်သေးတာပေါ့လေ။ ထူးပါဘူး။
စိုးရိမ်သွားတာက သည်ဘက်ဘလော့ပေါ်မှာပါ ဖြစ်တာလား။ ဒါနဲ့ ကမန်းကတန်းလာကြည့်တော့ တော်ပါသေးရဲ့။ ဘလော့လေးကတော့ အပျိုရည်မပျက် နဂိုနေတက်လို့။

ဖရီးဝက်ပေါ်မှာလည်း ဒီမှာလို အဆင်ပြေပြေလေးဖြစ်စေချင်တယ်။ နည်းမသိလို့ပါ။ ရတော့ရရမှာပေါ့နော့။
သိတဲ့တတ်တဲ့သူ တဦးဦးများ ကျနော့်အပေါ်ကူညီချင်စိတ်ကလေးဖြစ်မိရင် နည်းနည်းလှမ်းသင်ပေးပါဗျာ။ နည်းနည်းပိုးထနေလို့ပါ။ ဝက်ဘ်ကလေးတခု၊ ဘလော့ကလေးတခုနဲ့ လူတောသူတော တိုးကြည့်ချင်လို့ပါ။ အားလုံးကို ကျေးဇူးလည်းတင်၊ ခင်လည်းခင်ပါတယ်။

Sunday, April 22, 2007

စကားပြောသေတ္တာ

ကဲ အခု နောက်တဆင့် စကားပြောသေတ္တာလေးတင်ကြည့်လိုက်တယ်။ အဲဒီအထဲမှာ မြန်မာလိုဘယ်လိုရေးမလဲ၊ ဒါကိုတော့ မသိသေးဘူး။ လုပ်ကြည့်ရအုန်းမှာပဲ။ တဦးနဲ့တဦး အပြန်အလှန်ရေးကြတာကလည်း ပျော်စရာကောင်းပါတယ်။ ကိုယ့်မိခင်ဘာသာစကားကို ရေးရပြောရတာလောက် ဘာက ပိုအရသာရှိအုန်းမှာလဲနော့။<

ကျေးဇူးစကား

ဇော်ဂျီမြန်မာစာလုံးကို အခုလို ဘလော့ပေါ်မှာ ရိုက်နိုင်ဖို့ကြိုးစားတဲ့နေရာမှာ ကျေးဇူးအထူးတင်ရမှာကတော့ ကိုမောင်လှနဲ့ ညီလင်းဆက်တို့ကိုပါပဲ။ သူတို့ရှင်းပြချက်တွေက အရမ်းအသုံးဝင်ပါတယ်။ ပညာရပ်တခုကို လိုင်းပေါ်ကနေ အခုလိုဝေမျှပေးနိုင်တာ၊ ရယူဆည်းပူးနိုင်တာ အတော်ဝမ်းသာစရာကောင်းတဲ့ အခွင့်အလမ်းတခု လို့ ပြောရမှာပဲ။ လုပ်ရင်းသင်၊ သင်ရင်းမျှ၊ ခင်မင်ရင်းနှီးအကျိုးရှိရာ၊ ခုလိုဘလော့နေရာလေးများကို သည့်ထက်သည် တိုးပွားလာစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ပထမနေ့ထွက်တဲ့ချွေး

ကဲ ခုတော့ ရသွားတယ်ဆိုပါတော့၊ လုပ်လိုက်ရတာ။ ဖက်ဖက်ကိုမောလို့။
ဒါက စမ်းနေတာပါ၊
ကဲ ဒါကို ဘလော့ပေါ်တင်မယ်။ ဘယ်လိုနေမလဲ။
စာလုံးအရွယ်အစားလဲ သိရအောင်။
မြန်မာစာရိုက်ရတာ ယရစ်တခုကလွဲရင်တော့ သိပ်မကွဲကြပါဘူး။ နည်းနည်းတော့ ပြန်ရိုက်ကြည့်ရအုန်းမှာပေါ့နော့။
(ဖြည့်စွက်ချက်) စရိုက်တုန်းက အဲအချိန်ကသုံးတဲ့ ဇော်ဂျီဖောင့်နဲ့ပါ။ ဒီတုန်းက မြန်မာဘလော့တွေကိုရေးဖို့ ဇော်ဂျီဖောင့်တခုပဲ သုံးဖို့ရှိပါတယ်။ ဇော်ဂျီဖောင့်ကြောင့်ပဲ မြန်မာစာနဲ့ရေးတဲ့ဘလော့တွေ ပေါ်ပေါက်လာတယ်လို့ပြောနိုင်ပါတယ်။ ဒီအတွက် ကျေးဇူးတင်ရမယ့်သူတွေက ဘလော့ဂါမောင်လှနဲ့ ညီလင်းဆက်တို့ဖြစ်ပါတယ်)
၂၀၂၅၊ ဒီဇင်ဘာလထဲမှာ မြန်မာယူနီကုဒ်ဖောင့်နဲ့ ပြင်ဆင်ပြောင်းလဲခဲ့ပါတယ်။