
ရေနည်းငါးတစ်ကောင်ရဲ့
ခြောက်ခြားပူလောင်ပုံမျိုး
စိုးရိမ်မှုတွေက
ငါ့အပေါ်ပြိုကျ
ခြေထောက်အောက်မှာ
ကမ္ဘာ
သဒ္ဒါစည်းကျဉ်းကျဉ်းနဲ့
ချစ်ခြင်းမေတ္တာကိုဖွဲ့
ချစ်သူတို့ခွဲခွာချိန်
အနောက်ဘက်တိမ်နီနီမှာ
အိမ်ပြန်ငှက်တို့ခြေရာ
အထီးကျန်မှုဆာလောင်လွန်းသမို့
အမှောင်ဆီတိုးလို့ဝင်ခဲ့..
ဘယ်တော့မှပြန်ရနိုင်တော့မည်မဟုတ်
ရုပ်ရှင်တပွဲကို
ချစ်သူရင်ခွင်ထဲကကြည့်သလို
ဘဝကိုရင်ဖိုချင်ရဲ့
ဒါပေမယ့်
အားလုံးပြီးဆုံးခဲ့ပြီမဟုတ်လား
ကြိုးတန်းပေါ်ကည
ပြုတ်ကျလာတယ်..
မီးရထားလက်မှတ်
ဘတ်စကားလက်မှတ်
ရုပ်ရှင်လက်မှတ်
ထီလက်မှတ်
အားလုံးအမှတ်တရပါပဲ..
ခြင်ထောင်တထပ်
စောင်တထပ်နဲ့
အမှတ်တရတွေကိုခြုံသိပ်လိုက်ရဲ့
စကြဝဠာထဲမှာ
ကမ္ဘာထဲမှာ
ငါ့အတွက်အိပ်ဖို့တနေရာ
ငါ့ဖာသာငါရှာခဲ့
မနက်ဖြန်မနက်စောစော
ဘဝကိုဒုက္ခနဲ့ဆေးကြောရဦးမယ်..။
ဒီကဗျာကို ဘယ်တုန်းက ရေးခဲ့တာလဲ ကျနော် မမှတ်မိတော့ပါ။ အခု ဆရာမ မနော်ဟရီရဲ့ ကျေးဇူးနဲ့ လက်ဝယ်ပြန်ရပါတယ်။ ကဗျာကို ပြန်ဖတ်တော့ ကိုယ့်ကဗျာ ကိုယ်မမှတ်မိနိုင်လောက်အောင်ပါပဲ။ အနောက်ဘက်တိမ်နီနီ၊ အထီးကျန်မှုဆာလောင်လွန်းသမို့၊ ကြိုးတန်းပေါ်ကည၊ ဘဝကိုဒုက္ခနဲ့ဆေးကြောရအုန်းမယ် စတဲ့ မှတ်မှတ်ရရဖြစ်ခဲ့ဘူးတဲ့ စကားလုံးတွေကို ပြန်တွေ့မှပဲ ငါ့ကဗျာလေးရယ်လို့ ရင်မှာပြန်နွေးထွေးရပါတယ်။
အချိန်ကာလက ဘာတွေကို ပြောင်းလဲစေခဲ့သလဲ။ ဒီကဗျာလေးက ကျနော့်ကို မေးခွန်းတွေ ထုတ်လို့နေပါရောလား။
အခုတော့လည်း မနက်ဖြန်မနက်အကြောင်း မတွေးပဲ အိပ်ယာဝင်တတ်ခဲ့နေပြီကော။