Friday, December 25, 2009

မီးအိမ်ပျောက်တဲ့မြစ်


အဖေဟာ
အာဏာရှင်ပဲ
ကျနော်တို့အိမ်မှာ
အဖေဟာ အာဏာရှင်ပဲ
ခေါင်းရင်းမှာ ဖျာတချပ်
သူ့အတွက် အမြဲခင်းပေးထားရတယ်။

ထမင်းချက်ရင်
သူ့အတွက်ဆန်သပ်သပ်
ဟင်းချက်ရင်
သူ့အတွက်အသားတခွက်
ရေတောင်
သဲအိုးသေးသေးလေးတလုံးနဲ့
သူ့ကုတင်ဘေးနားမှာ သူ့အိုး
ကျနော်နေ့တိုင်းဖြည့်ရတယ်။

ကျနော်ဟာ
အဖေ့သေးအိုးသွန်ရတယ်
မနက်စောစောထရေနွေးကြိုရတယ်
ဘီဒိုတွေကိုဖုန်သုတ်ရတယ်
လူဆိုတာ
ကိုယ့်တာဝန်ကိုယ်ယူရတယ်တဲ့
တခါတလေအဖေ့တမိုးအောက်
ကျနော့်မှာနေစရာမရှိဘူး။

သူများတွေကျောင်းတက်ရင်း လက်ဖက်ရည်
ဆိုင်ထိုင်နေတဲ့အချိန်မှာ
ကျောင်းတက်မလား
လက်ဖက်ရည်ဆိုင်ထိုင်မလား ကြိုက်တာရွေး
လက်ဖက်ရည်ဆိုင်ဆိုတာ
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ထိုင်ရတယ်တဲ့
မုန့်ဖိုးတောင် တချိန်အတိုးနဲ့ပြန်ဆပ်ရမယ့်အပေါက်မျိုး
အဖေ့ဒဿနကမိုးခေါင်တယ်
အမေသာလရောင်တွေဖြာမကျခဲ့ဘူးဆိုရင်
ကျနော့်ပင်လယ်ဟာခမ်းသွားနိုင်တယ်။

အဖေက
ထမင်းစားချိန်လူစုံမှ
နောက်ကျရင်ဘာမှချန်မထားခိုင်းဘူး
အမေကတော့
ကျနော့်အတွက်ကြောင်အိမ်အောက်ဆုံးထပ်မှာ
ဖွက်ဖွက်ထားတတ်တယ်။

အဖေ့နှလုံးသားမှာ
မီးအိမ်ကလေးတလုံးရှိတယ်ဆိုရင်
ဒါကိုထွန်းညှိပေးတာအမေပဲ
အဖေ့နှလုံးသားမှာ
ရေခဲပြင်ကြီးတခုရှိတယ်ဆိုရင်
အဲဒါကိုအပ်နဖါးနဲ့ရိုက်ရိုက်ခွဲတာ
ကျနော်ပဲ
အဖေဟာ
ဘယ်တော့မှမစိမ်းလန်းဘူး
တကယ့်သဲကန္တာရပဲ
ကျနော်ကတော့ကုလားအုပ်လိုပဲ
ရေတခါသောက်ပြီးတိုင်း မိုင်တထောင်လျှောက်
ရတယ်။

အခုတော့ အဖေဆုံးပြီ
ကျနော်မရှိတုန်း
ကျနော်ဟိုးအဝေးကြီးမှာရှိနေတုန်း
အဖေဆုံးပြီ
အီးမေးလ်ကစာတစောင်ရတော့
ခဏငြိမ်သက်သွားတယ်
စာကိုပိတ်လိုက် ပြန်ဖွင့်ကြည့်လိုက်လုပ်တယ်
အခန်းပြတင်းကနေ
မမြင်ရတဲ့တောင်တွေကိုလှမ်းငေးတယ်။

ငါပြောသားပဲ
ဒီကောင်ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့
အဖေ အဲဒီလိုများတွေးသွားသေးသလား
ဟုတ်တယ်အဖေ
ကျနော်လေးဆယ်ကျော်ပြီ
ဘာမှမဖြစ်သေးဘူး။

ဘာကောဖြစ်ရအုန်းမှာလဲ
ဘာတွေဖြစ်ချင်ခဲ့တာလဲ
အဖေပြောသလို
ကျနော့်လှေမျောခဲ့လေသလား
ဘယ်ကမ်းမှာနေညိုညို
ကျနော့်မှာကျနော့်ကိုယ်ပိုင်သီချင်းနဲ့
မင်းကလူသာပျော့တယ်
ခေါင်းကတော့အမာသားလို့
အဖေပြောအုန်းမှာပဲ။

တကယ်တော့ တံမြက်စည်းအစ လိပ်ကျောက်မြီးအဆုံး
ကျနော့်ကျောကုန်းကရင်းနှီးခဲ့တာ
အဖေကမီးပေါ်တင်ဖုတ်လိုက်
အမေကမနက်ခင်းနှင်းကလေးဆွတ်လိုက်နဲ့
မာကျောခဲ့ရ စိမ်းလန်းခဲ့ရတာ
ကျနော်ဟာ ဆီးပင်ကလေးပါ။

အပူပိုင်းမှာဖြိုင်ဖြိုင်သီးတယ်
ချဉ်မှန်းသိရက်ကိုက်ကြည့်ကြတယ်
ခြောက်သွားလေ စားလို့ကောင်းလေဆိုလား
ကျနော် ဆီးသီးကလေးလိုပြုံးတတ်ခဲ့တယ်။

အဖေ့ရဲ့ဆီးသီးကလေး
မိုးခေါင်ရေရှားအရပ်ကဆီးသီးကလေး
ဒီညတရေးနိုးတော့
အဖေနဲ့အာဏာရှင်ကိုတွဲတွေးမိတယ်
အမေနဲ့ကျနော်က
အဖိနှိပ်ခံတွေပေါ့။

ကျနော်က ရုန်းကန်တယ် တော်လှန်တယ်
အမေကတော့ ငြိမ်ငြိမ်သက်သက် အေးအေးဆေးဆေး
တခါတလေမျက်ရည်လေးဝဲလို့
ဒါတောင်အဖေက ဟေ ဆိုရင်
ဒီမှာလေလို့ ထူးပြီးသား
အိုးခွဲအိမ်ခွဲသားတွေသမီးတွေတောင်
အိမ်လာလို့အဖေအိပ်နေရင်
ခြေကိုပြင်းပြင်းမနင်းရဲဘူး
အဖေ့အတွက်တခုခုတော့ပါလာကြတယ်
အမေ့ကိုတော့ခေါင်းနဲ့ခွေ့ပြီးပြန်ကြတယ်
အဖေ့အင်ပါယာကနေမဝင်ဘူး။

ကျနော်ကဖိနှိပ်သူကိုမုန်းတယ်
အဖေ့ကိုမုန်းတယ်
တူးတူးခါးခါးမုန်းခဲ့တယ်
ဘဝမှာဖြစ်ချင်တာတွေမဖြစ်ခဲ့တာ
အဖေ့ကြောင့်
ဘဝမှာမျှော်လင့်တာတွေလွဲချော်ခဲ့တာ
အဖေ့ကြောင့်
ရည်းစားဦးနဲ့ကွဲခဲ့တာ
အဖေ့ကြောင့်
စာမေးပွဲကျတာ
အဖေ့ကြောင့်
ဘက်စကားမမီတာ အဖေ့ကြောင့်
အရပ်မထွက်တာ အသားမဲတာ အဖေ့ကြောင့်
ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျတာ
အဖေ့ကြောင့်
ကျနော့်ခုံရုံးမှာ အဖေဟာ တရားခံပဲ။

အဖေကသားကိုချစ်ပါတယ်တဲ့
အမေကလျောက်လဲချက်ပေးတယ်
အဖေက သူရဲ့မေတ္တာတရားကို
လည်မှာဆွဲမထားဘူး
အိတ်ကပ်ထဲမှာပဲထည့်ထားတယ်တဲ့
ကျနော်ကခါးပိုက်နှိုက်မှမဟုတ်ပဲ
အဖေ့မေတ္တာတရားကို ဘယ်တုန်းကမှခိုးမယူခဲ့ဘူး
လိုချင်ကြောင်းလည်းမပြခဲ့ဘူး
မေတ္တာမပေးချင်နေပါ
ကျနော့်ကိုသူ့ဒေါသတွေ ဘာလို့ပေးရတာလဲ
သူ့အလိုမကျမှုတွေ သူ့ဖြစ်ချင်တာတွေ ဘာလို့ပေးရတာလဲ
သူ့အတ္တတွေ သူ့စီမံကိန်းတွေ ဘာလို့ပေးရတာလဲ
သူ့ညွုန်ကြားချက်တွေ သူ့ရင်းနှီးမြှပ်နှံမှုတွေ
အဖေဆိုတာထက် အဖေပိုလုပ်ချင်တာတွေ
ကျနော်မှမလိုချင်ပဲ
ကျနော့်စစ်ခုံရုံးမှာ အဖေဟာ ပြေးမလွတ်တော့ဘူး။

ဒါပေမယ့် အဖေတယောက်ကိုတော့
ကျနော်တကယ်လိုချင်ခဲ့တာပါ။

ကျနော့်အိပ်နေတုန်း
ခိုးခိုးနမ်းမယ့်အဖေတယောက်
ကျနော့်အတွက်ဆိုပြီး
အကောင်းဆုံးကဗျာတပုဒ်ရေးမယ့်အဖေတယောက်
သားလွှတ်တဲ့စွန်အတွက်
ဆိုင်းကြိုးချည်ပေးမယ့်အဖေတယေက်
အလုပ်ပြုတ်မယ်မှန်းသိရက်နဲ့
ထောင်ဝင်စာလာတွေ့မယ့်အဖေတယောက်
မျက်ရည်လွယ်တဲ့အမေ့ကို
သူ့ပုခုံးလေးပေးမှီမယ့်အဖေတယောက်
အဝေးရောက်နေတဲ့သားအတွက်
ဖုန်းသံလေးနားစွင့်နေမယ့်အဖေတယောက်
ကျနော်ဘယ်လောက်မှားမှား
ကျနော့်ဘက်ကနေမယ့်အဖေတယောက်။

အဖေဟာတစိမ်းပဲ
ကျနော်တို့အိမ်မှာ အဖေဟာတစိမ်းပဲ
အဲဒါကျနော်ပြောတာမဟုတ်ဘူးအဖေ
ကျနော့်သားပြောတာ
သူ့ခုံရုံးမှာ
ကျနော်ဟာပြေးမလွတ်တော့ဘူး။

အဖေနဲ့သားဟာ
ဖြည်လို့မရတဲ့ဆက်ထုံး
ဒီမြစ်ကရေစီးကြမ်းတယ်
မလှော်တတ်ရင်မှောက်တာပဲ။

အိပ်နေတဲ့သားဟာ
ကျနော်ညကစောင်ခြုံပေးခဲ့တာ သိမှာမဟုတ်ဘူး
ကျနော့်ရေခဲပြင်ပေါ်မှာ
ဒီကဗျာကိုထွန်းညှိပါတယ်
အာဏာရှင်ဆိုတာ မုန်းလို့ပဲရတယ်
မေ့လို့မရဘူးအဖေ။ ။


(ငယ်တုန်းကတည်း အဖိုးနဲ့အဖွားကို မှတ်ပုံတင်ထဲမှာ အဖေနဲ့အမေလို့ ဖြည့်ပြီးကြီးခဲ့ရလို့ ဒီကဗျာဟာ အဖိုးအကြောင်းဖြစ်ပေမယ့် အဖေလို့ညွုန်းခဲ့ပါတယ်။ အဖေအရင်းက ကျန်းမာချမ်းသာဆဲပါ။ ရင်းနှီးသူတွေ ဝမ်းနည်းကြောင်း အားပေးနှစ်သိမ့်မိမှာစိုးလို့ ဒီအောက်ခြေမှတ်စုလေးကို ရေးလိုက်ပါတယ်။ တခြား ထူးထူးခြားခြားတော့မရှိပါ။)


Thursday, December 3, 2009

အပြန်

ခြေလှမ်းတိုင်း
အလွမ်းထဲကျွံကျ။

ငါ့စံပယ်ပင်လေး
နေပူနေမလား
ရေလောင်းမယ့်သူမှရှိပါ့မလား
အဖူးလေးတွေ မပွင့်ပဲကြွေလေမလား။

ခရီးဆောင်သေတ္တာကိုပိတ်တဲ့လက်က
နှလုံးသားမဆန်ဘူး
လက်ဆွဲအိတ်က
လူကိုဆွဲဆွဲချရဲ့
အရက်သောက်များလို့ထင်ရဲ့
ရင်ဘတ်တွေနာတယ်
မသောက်ပဲ မှောက်ခဲ့ရတဲ့ ဒီနေ့။

တိမ်ပေါ်ရောက်ရင်
မြေပြင်ကိုငုံ့မကြည့်ချင်ဘူးကွယ်
သတ္တုအတောင်ပံတွေက တဆတ်ဆတ်တုန်လို့
ငါပျံသန်းနေတယ်
ငါ့စိတ်တွေပျံသန်းနေတယ်
လေထီးမပါပဲ ခုန်ခုန်ချသွားတဲ့အတွေးများ။

တရုပ်ကပ်တံခါးလေးကို ဖွင့်လိုက်ပိတ်လိုက်
ခန်းဆီးစလေးကို ချည်လိုက်ဖြည်လိုက်
ပန်းပေါင်းစုံရှုဆေးဘူးလေးကို ကျစ်ကျစ်ဆုပ်လို့
အပြန်လား အသွားလား
အစုန်လား အဆန်လား
သံလမ်းမရောက်တဲ့မြို့ကလေးရေ
အဲဒီစံပယ်ပင်လေးကို ငါစိုက်ခဲ့တာပါ။

မိုးရွာရင်
ဘာတွေတွေးနေမလဲ
အခန်းထဲ ဘုရားမီးကလေး လင်းနေ။ ။