Saturday, May 5, 2012

ပြဇာတ်














လေထဲမှာ
အသံတွေ မပျံ့နှံ့ခင်…၊
နေရောင်က
သူ့ကိုယ်သူ ဖုန်မသုတ်ခင်…၊
ပန်းပွင့်တွေ
အလှ မပြင်ခင်…၊
လက်ဖက်ရည်ဆိုင်က
အိပ်နေတဲ့ထိုင်ခုံတွေ
မတ်တပ် ပြန်မရပ်ခင်…၊
ငိုက်မြည်းနေဆဲ အုန်းလက်တွေပေါ်မှာ
နှင်းစက်တွေ အရည်မပျော်ခင်…၊
မီးကင်းစောင့်က
သူ့အိပ်ရာ သူ မလိပ်ခင်…၊
သွေးဝနေတဲ့ခြင်တွေက
ညကို ကျေးဇူးတင်တဲ့အကြောင်း
မပြောရသေးခင်…၊
တံခါးပတ္တာတွေ
မျက်တောင်မခတ်ခင်...။
ကတ္တရာလမ်းမပေါ်မှာ
ဖိနပ်တွေ အတောင်ပံ မဖြန့်ခင်…။

အဝေးမြို့ကို ထွက်ခွာမယ့်
မီးရထား တစ်စီးပေါ်မှာတော့
ဖော်ပြဖို့မဆန့်တဲ့ ကြေကွဲမှုတွေနဲ့
ငြိမ်သက်အေးခဲစွာ
ကျွန်တော် လိုက်ပါသွားခဲ့တယ် …။ ။
 
စံပယ်ဖြူမဂ္ဂဇင်း
မေ၊ ၁၉၈၈

Credit to Kyi Soe(ဝေးခေါင်)

(လွန်ခဲ့တဲ့နှစ်အစိတ်လောက်က ကသာ - နဘား ရထားလမ်းပေါ် အေးစက်နေတဲ့ သံကိုယ်ထည်တွဲဟောင်းကြီးပေါ် လိုက်ပါခဲ့တဲ့ခံစားချက်က ခုထိ အဝေးမြို့က မပြန်နိုင်တဲ့လူပေါ်မှာ တအိအိနဲ့ခုတ်မောင်းနေဆဲ။)