Monday, July 1, 2019

ဒီဇင်ဘာဆင်းဒရုန်း

၀၈း၅၈
ပြောစရာတွေသိပ်များတော့ ဘာမှမပြောဖြစ်တော့ဘူး
ဆွံ့အမှုဟာ ဆူပွက်နေပြီ
အဆုံးထိဆွဲတင်ခံထားရတဲ့လေးတစင်းရဲ့ညှိ့ချက်ထဲမှာ
အဲဒီမြှားဟာ အသက်ကိုတဝကြီးရှုသွင်းနေတယ်။

၁ရး၃၈
ဖြစ်ပြီးမှ မဖြစ်ခဲ့ဘူးလုပ်လို့ရလား
ဖြစ်ပြီးမှဖျက်ပစ်ချင် ဖုံးကွယ်ချင် ဘာကြောင့်ညာကြောင့်ခုခံချင် ခေါင်းမာမာနဲ့ဲငြင်းဆန်ချင်
ဖြစ်စဉ်ကိုဖြစ်တာနဲ့ပြောင်းပြန် ကိုယ်ပြောတိုင်းဖြစ်လား
ဖြစ်ခဲ့တာတွေနဲ့ဝေးအောင် ထွက်ပြေးတယ် လွတ်မလား
ဘယ်သူ့ကြောင့်ဖြစ်ဖြစ် ဖြစ်ခဲ့တယ် တကယ်ဖြစ်ခဲ့တယ်
ချက်ချင်းမပျက်ဘူး လွယ်လွယ်မပျက်ဘူး ဒီအတိုင်းပျက်မသွားဘူး၊
ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကျည်ဆံရထား မီးရထား မြင်းရထား
နှင်းဆီတင်ရထား မိစ္ဆာစစ်ရထား ဥသြသံဟာ မြစ်ထဲရေချိုးဆင်းသွား၊
ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ကမ္ဘာစစ်တွေ ပြည်တွင်းစစ်တွေ ကျိုးကျော်စစ်တွေ ခုခံစစ်တွေ တရားသော မတရားသောစစ်တွေ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်တွေ၊
ဂန္ဒဝင်ဝတ္ထုရှည်တွေ ကမ္ဘာကျော်သီချင်းတွေ နိုဘယ်ဆုရှင်တွေ နိုင်ငံတကာဝရမ်းပြေးတွေ
ဖြစ်ပြီးပျက်တယ်ဆိုတဲ့ကြားမှာ ငါပေးနိုင်တာထက် ငါ့ကိုပိုမတောင်းဆိုပါနဲ့တွေ ငါ့ဘဝကိုလွှမ်းမိုးဖို့မကြိုးစားပါနဲ့တွေ ငါ့လွတ်လပ်မှုအတွက် ဘာနဲ့မဆိုငါလဲရဲတယ်ဆိုတာတွေ။

၁၅း၂၈
ဒီဇင်ဘာဆယ့်ခြောက်တွေဟာ ခြောက်လှန့်တယ်။ ခြောက်သွေ့တယ်။ ခြောက်ခြားတယ်။
ခြောက်ခြောက် ခြောက် ခြောက်နဲ့ နာရီစက္ကန့်တံဟာ ခြောက်အိပ်မက်ထဲက ရုန်းထွက်တယ်၊ မရဘူး။
ခြောက်ယောက်မြောက်အလောင်းကို မီးစက်ထဲ ထိုးထည့်လိုက်တော့ ခြောက်နာရီထိုးနေပြီ။
သေဆုံးသွားသော စပယ်ပင်ခြောက်ကလေးအား ပန်းအိုးလေးအတိုင်း ထိုနေရာမှာပင် ဆက်လက်မြုပ်နှံထားလိုက်ပါသည်။ လရောင်က စပယ်ပင်ခြောက်ကလေးကို ခိုးနမ်းလိုက်သောအခါ ညရဲ့ပါးပြင်ပေါ်က မျက်ရည်များ ခြောက်ခမ်းသွားပါတော့သည်။

နှင်းခါးမိုး
၁၆၊ ဒီဇင်ဘာ၊ ၂၀၁၈