လူတိုင်းက ကိုယ့်ဒုက္ခကိုမှ ငရဲလို့ ထင်တတ်ကြတယ်
ဒါပေမဲ့ အဲဒီငရဲတွေက တခါတလေ နိဗ္ဗာန်ကိုသွားတဲ့ တံခါးပေါက်တွေဖြစ်နေတတ်တယ်။
သူ့ကိုချစ်ရင် သူ့အတွက်ဆပ်နေရတဲ့ ဝဋ်ကြွေးလေးကိုလည်း ချစ်နေလိုက်ပေါ့။
ဒါ အသဲကွဲတာထက် ထက်မြက်အရွယ်ရောက် ပြီးပြည့်စုံမှုနဲ့ ကိုယ့်ဘဝကိုယ်ကျေနပ်ချင်တဲ့ လူသားတဦးရဲ့ ကိုယ်ပိုင်အတ္တကို ထိုးနှက်ခံရခြင်း ဆိုရင် ပိုမှန်မယ်။ နှလုံးသားက ငိုကြွေးနေတာမဟုတ်ဘူး။ အတ္တက သွေးတစက်စက်ကျနေတာ။
တကယ်က သူ့ကို ချစ်တယ်ဆိုတာထက် သူ့အပေါ်ထားတဲ့ ကိုယ့်အချစ်စိတ်ကို ကိုယ်ချစ်ကြတာပဲ။ လူအတ္တရဲ့ ရောင်စုံအရေပြားတွေပါဟာ။
ကိုယ့်ဘဝရဲ့အဓိပ္ပါယ်ကို အခြားလူတယောက်အပေါ်မှာ တည်ဆောက်ထားတယ်ဆိုတာ ကိုယ့်တန်ဘိုးကို ထိခိုက်စေတယ်
ကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့သူဆီက စိတ်ချမ်းသာမှုကို မျှော်လင့်နေတယ်ဆိုတာ အချည်းနှီးပဲ
ကိုယ့်တန်ဘိုးကိုမသိတဲ့သူတယောက် ကိုယ့်အနားမှာ မရှိတာ အကောင်းဆုံးပဲ
ကိုယ်မစီးချင်တော့လို့ လွှင့်ပစ်လိုက်တဲ့ ဖိနပ်အစုတ်တရံလို သဘောထားလိုက်တော့
ကိုယ့်ဘဝကို ဘယ်သူ့ကြောင့်မှ မကျဆုံးစေနဲ့ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ပါ
မရှောင်မလွှဲနိုင်တဲ့အခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာပဲ။ အမေရိကန်နပမ်းပွဲတွေလိုပဲ ထိုးကြိတ်ထုထောင်းလို့ မလဲပြိုသွားတဲ့သူက နိုင်တာပဲ။
အရှုံးကိုလက်ခံရဲတာ သတ္တိတမျိုးပဲ။ အဲဒီသတ္တိက ကိုယ့်ကိုယ့်ကိုယ် အနိုင်ရစေတယ်။ ကိုယ့်ကိုယ်ကိုယ် အောင်နိုင်ပြီးတဲ့သူဟာ ဘယ်အရာကိုမဆို ရှုံးရဲတယ်။
နှင်းခါးမိုး
၁၁၊ ဇန်နဝါရီ၊ ၂၀၁၉