အပြင်မှာ မိုးက ဖွဲဖွဲစွေနေသည်။ မြက်ရိုင်း ခြုံရိုင်းတို့ ထူသိပ်သည့်ကွင်းပြင်မှာ နွားတအုပ်ကို စားကျက်လှန်ထားတာတွေ့ရသည်။ ကောင်းကင်က မလင်း။ တိမ်ညိုတို့ ညို့တက်နေသည်။ ဆမ်လော့လို့ခေါ်သည့် ဆိုက်ကားတွဲလေးကို ဖြည်းဖြည်းချင်း နင်းလာသည့် နွမ်းဖတ်ဖတ် မိန်းမငယ်လေးခမျာ မိုးရေတွေရွှဲနစ်နေရှာသည်။ သိုပေမယ့် သူ့ပုံပန်းက ပြိုသည့်မိုးကို မမှုသည့်နှယ်။ ဆမ်လော့ပေါ်မှာတော့ မဲမဲညစ်ညစ်ကလေးငယ်တဦးနှင့် တမြို့လုံးလှည့် မွှေနှောက်ကောက်ယူလာသည့် အမှိုက်အိတ်မဲမဲ အထုတ်များ။ သူများတွေ မလိုလို့လွှင့်ပစ်ပေမယ့် သူတို့အတွက် ဝမ်းတထွာစာကို ရှာဖွေတွေ့ခဲ့လေပြီ။
အရှိန်ဖြင့်ဖြတ်မောင်းသွားသည့် နောက်ဆုံးပေါ် ကားကြီးတစင်းကြောင့် ဗွက်အိုင်ထဲကရေတွေ ဖွားကနဲလွင့်သွားသည်။ မိုးက ပိုလို့သဲလာပြန်သည်။ ကလေးငယ်က အမေကို မမီ့တမီ လှမ်းဆွဲနေရှာသည်။ မိန်းမငယ်က သူ့လက်ကျန်ခွန်အားတွေကိုစုကာ ဆမ်လော့ကို အားစိုက်ပြီး ဖိနင်းလိုက်လေသည်။
မှန်တံခါးနောက်ကနေ သည်မြင်ကွင်းကလေးကို ငေးကြည့်နေမိသည်။ သည်ကမ္ဘာမြေအပြင်သည် မညီညာသော သဘာဝရှိသည်။ တောင်တန်းတွေ ကုန်းမြင့်တွေ လွင်ပြင်တွေ ချိုင့်ဝှမ်းတွေဖြင့် ပြည့်နှက်နေသည်။ မြစ်တို့က မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းကြသည်။ ငယ်ငယ်တုန်းက ရေသံသရာလည်ပုံကို သင်ကြားခဲ့ဘူးသည်။ မြန်မာဗုဒ္ဓဘာသာဝင်တို့သည် သံသရာကို ယုံကြည်ကြသည်။ တသံသရာလုံး ကိုယ့်နောက်ကိုလိုက်သည့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် တဲ့။ သည်တော့ သည်ဘ၀ ဒုက္ခဆင်းရဲတို့သည် ကိုယ့်ကြောင့်သာပေပဲလို့ လက်ခံလိုက်ကြသည်။ ကိုယ် အရင်အဆက်ဆက်က ပြုခဲ့ဘူးသည့် မကောင်းမှုတို့ အကျိုးပေးပေပဲလို့ တွေးပြီးဖြေသိမ့်ကြသည်။ သို့ဆိုလျင် ရှေ့အနာဂတ်ကောင်းဖို့ရာ ခုအချိန်မှာ ကောင်းတာတွေလုပ်ဖို့ မလိုအပ်ပေဘူးလား။
လက်တွေ့မှာတော့ လက်ငင်းဆင်းရဲဒုက္ဒတို့မှ လျော့ပါးသက်သာဖို့ရာ၊ လွတ်မြောက်ဖို့ရာ ကောင်းသည် မကောင်းသည် ခွဲခြားမနေအားတော့။ ခြင်းထဲကကြက်တွေလို အပေါက်ကလေးမြင် လုယက်တိုးထွက်နေကြရသည်။ ကိုယ့်မျက်စိရှေ့မှာကလည်း လောလောဆယ် မကောင်းတာတွေလုပ်နေပါလျက် တိုးတက်ကြီးပွားနေကြ၊ အထွတ်အထိပ်ရောက်နေကြ၊ ချမ်းသာသုခပေါ် စံစားနေကြတာတွေ တွေ့နေရသည်မဟုတ်လား။ သံသရာကို ငဲ့ကြည့်မနေအားတော့။ ကံ၊ ကံ၏အကျိုးကို မတွေးချင်ကြတော့။ သည်လိုနှင့် မကောင်းမှုသံသရာဝဲဂယက်ကြီးက အကုန်လုံးကို ဆွဲချစုပ်ယူနေလေတော့သည်။
ဝါဆိုလပြည့်နေ့မှာပင် ဗုဒ္ဓဘုရားရှင်သည် ဓမ္မစကြာတရားကို ဟောပြောပြီး သစ္စာလေးပါးကို ထုတ်ဖော်ရှင်းလင်းပြခဲ့သည်။ လောကသုံးပါးတွင် မလွှဲမရှောင်သာသော ဒုက္ခသစ္စာဟူသည် အမှန်ရှိ၏။ ထိုဒုက္ခဖြစ်ရခြင်း အကြောင်းတရားတို့သည်လည်း ရျာလျှင်တွေ့နိုင်၏။ ထိုဒုက္ခတို့မှ ကင်းရာစင်ရာ လွတ်မြောက်ရာသည် စိတ်ကူးယဉ်မဟုတ်။ မက်လုံးမဟုတ်။ တကယ်ရျိသော တရားဖြစ်သည်။ ထို့ကြောင့် ထိုလွတ်မြောက်ရာသို့ သွားနိုင်၊ ရောက်နိုင်သောလမ်းကို ရှာကြရသည်။ ထိုလမ်းကိုလည်း ဘုရားရှင်က ညွုန်ပြတော်မူခဲ့သည်။ ၈ သွယ်သောလမ်းတို့ခင်းထားသည့် မဂ္ဂင်တရားပေတည်း။
ဘဝတွင် ချမ်းသာသုခကို အလိုရှိလျှင် ဒုက္ခ၊ ဒုက္ခဖြစ်ခြင်းအကြောင်း၊ ဒုက္ခမှ လွတ်မြောက်ရာနှင့် လွတ်မြောက်ရာနည်းလမ်း စသည့် အချက် ၄ ချက်ကို ရှင်းရှင်းလင်းလင်း သိမြင်ကြဖို့လိုပေသည်။ သိမြင်အောင် ရှင်းပြထားသော တရားတော်ကလည်း နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက ပေါ်ပေါက်ခဲ့ပြီးသား။သို့သော် လူတို့တွင် ဒုက္ခတို့သည် ယနေ့တိုင် ပြည့်ှနှက်နေဆဲ။ တရားတော်များ မှားလေရော့သလား။ ထိုသို့ ယုံမှားသံသယမူ မဖြစ်အပ်ပေ။ တရားကိုသိသော်လည်း အရေးအကြီးဆုံး အချက်တခုကို မေ့လျော့ထားလျင် ဒုက္ခမှာပင် နစ်မြုပ်နေပေလိမ့်မည်။ ယင်းမှာ အတ္တာဟိ အတ္တနော် နာထော မိမိကိုယ်သာ အားကိုးရာဖြစ်ပေသည်။ ကိုယ့်အားကိုယ့်ကိုး ကြိုးစားမှုမရှိလျှင် လွတ်မြောက်ရာမရှိနိုင်။
လူသည် အစုအဖွဲ့နှင့် ရပ်နှင့်ရွာနှင့် အသိုင်းအဝန်း နိုင်ငံစသည် ဖွဲ့တည်နေတတ်လာခဲ့သည်နှင့်အမျှ အများနှင့်အတူ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ နေထိုင်နိုင်ခဲ့ကြသည်။ တဦးနှင့်တဦး ယိုင်းပင်းကူညီလာခဲ့ကြသည်။ ဆရာ့ထံက ပညာကို ဆည်းပူးသည်။ နေထိုင်မကောင်းလျင် ဆရာဝန်ဆီသွားသည်။ ဝမ်းဆွဲသည်က မီးဖွားပေးသည်။ သို့သော် မိခင်ကိုယ်တိုင်ကလည်း ကိုယ့်ရင်နှစ်သားအတွက် ညှစ်အားပြုရသည်သာ။ အားပေးထောက်ခံမှုတွေ၊ လက်တွဲဖေးမမှုတွေ၊ လမ်းပြကူညီမှုတွေ မည်မျှပင်ရှိစေ မိမိတို့ကိုယ်တိုင်က အားထုတ်လုပ်ကိုင်မှု မပြုလျှင်မူ ဘာမှ ဖြစ်လာလိမ့်မည်မဟုတ်။ ဘာကိုမှလည်း မျှော်လင့်မနေနှင့်တော့။
အပြင်မှာ မိုးစက်ကလေးတွေက သဲလိုက်ဖွဲလိုက်။ ဘယ်တော့တိတ်မှာလဲ မိုးရယ်။ လုပ်စရာတွေရှိသေးသည်။ ဒီလိုပဲ အမိုးတမိုးအောက်မှာ ထိုင်စောင့်နေလို့မရ။ မိုးတွင်းရောက်ပြီမှန်းသိလျက် ထီးမဆောင်မိခဲ့သည့် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရတော့မည်။ မိုးကာစ အစုတ်ကလေးကိုပဲဆွဲကာ လုံနိုင်သမျှလုံအောင်အုပ်ရင်း လမ်းပေါ် ထွက်လာလိုက်သည်။ မိုးသိပ်သည်းလာရင်တော့ နီးရာမှာ ဝင်ခိုရပေအုန်းမည်။ သည်လိုပဲ စိုတော့လည်းစို၊ ခိုတော့လည်းခိုရင်း လိုရာကိုဆက်ကြရသည်မဟုတ်ပါလား။
(အယ်ဒီတာ့စကား)
ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ်
အတွဲ ၂၊ အမှတ် ၃