Wednesday, July 21, 2021

ကုိဗစ္မွတ္စု ၃

 ၅ ဧပြီ၊ ၂၀၂၀ 

ဒီလိုနဲ့ကုန်ဆုံးသွားတဲ့ တနင်္ဂနွေတနေ့
ယနေ့ ပိုးတွေ့သူမရှိသောအခါ ကိုဗစ်လူနာစာရင်းသည် ၂၁ တွင် ရပ်တန့်နေလေသည်။ နောက်တစ်နေ့တွင် ဘယ်နှစ်ဦးထပ်တွေ့မလဲ ည ၈ နာရီသတင်းမှာ ရင်ဖိုစွာ စောင့်မျှော်နေကြပါအုန်းမည်။ မတွေ့သောအခါ ပင့်သက်ချ၍ စာရင်းတိုးလာသောအခါ သက်ပြင်းကြီးချကြရင်း နေ့များကို တနေ့ချင်းကျော်ဖြတ်နေကြရပါသည်။
ရပ်ကွက်ထဲမှာတော့ ယခင်ထက်စာလျှင် လူသူရှင်းလင်းနေပါသည်။ တိုက်ခန်းများထဲမှ လျှံထွက်လာသောအသံများပင် ယခင်ကလို မကျယ်လောင်တော့ဟု ထင်ရသည်။ အော်ကြီးဟစ်ကျယ်ပြောသံများ၊ ရယ်သံများ၊ ရန်ဖြစ်သံများ ရှားပါးခြောက်ကပ်လာပါသည်။ သို့သော် ရပ်ကွက်ထဲ အရေးပေါ်ဆေးရုံကားကြီးထိုးဆိုက်လာ၊ ဟိုအိမ်က တယောက်ပါသွားပြန်ပြီ၊ ဒီအိမ်ကတယောက်တော့ ထိသွားပြန်ပြီ ဆိုသည့် အဖြစ်များတော့ ယခုအထိ ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ရသေး။
သို့တိုင် လူမှုမီဒီယာနှင့် ကမ္ဘာ့မီဒီယာထဲတွေထဲမှာတော့ ကိုဗစ်သည် ကမ္ဘာကြီးကို သူလက်ထဲဆုပ်ကိုင်ကာ လှုပ်ယမ်းကစားနေပါသည်။ တနေ့ချင်း၊ တနိုင်ငံချင်း ဇယားကွက်ထဲက ကိန်းကဏန်းတွေက လူတွေအားလုံးကို ခြောက်လှန့်နေလေသည်။ ဒီကိန်းကဏန်းတွေကပဲ လူတွေကို လုံခြုံမှုကင်းမဲ့စွာ ခြောက်ခြားစေပါသည်။ ကမ္ဘာကပ်ရောဂါဟု ကင်ပွန်းတပ်ပြီးကတည်းက ဒီကိန်းကဏန်းတွေက လူတို့၏ နေ့စဉ်ဘဝကို စိုးမိုးပစ်လိုက်ပါတော့သည်။ တကမ္ဘာလုံးကလူများမှာ တနေ့တနေ့ ထိုကိန်းကဏန်းများကိုပဲ ထိုင်စောင့်ကြည့်ရင်း စိတ္တဇနာ ပိုမိုရင့်သည်းလာခဲ့သည်ဟု ဆိုလျှင် မမှားပါ။ 
ရုတ်တရက်ကိုယ်ဟန်ပျက်လျှင်ပင် နီးရာတံခါးဘောင်တခုကို လှမ်းဆွဲဖို့ လက်ရွံ့နေမိလောက်အောင် မိမိပတ်ဝန်းကျင်တခုလုံးကို အယုံအကြည်ကင်းမဲ့လာခြင်းလောက် အထီးကျန်ခြောက်ခြားစရာကောင်းတာ ဘာမှမရှိတော့ပါ။ စစ်ပွဲတခုလို အနိဌာရုံတွေက ကိုယ့်မျက်စိရှေ့မှောက်မှာ ဖြစ်နေတာတော့ မဟုတ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အရာအားလုံး ပုံမှန်ဖြစ်နေသည့်တိုင် ထိုအရာများကို ကိုယ်က အရင်လို မမြင်နိုင်တော့ခြင်းပဲဖြစ်ပါသည်။ အတော်နုညံ့သလောက် အတော်ကြောက်စရာကောင်းပါသည်။
တချို့နေရာဒေသများမှ ကိန်းကဏန်းများမှာ သွေးပျက်ဖွယ်ဖြစ်နေသည့်တိုင် ကိုယ့်တိုင်းပြည်ကိန်းကဏန်းများက ခဏတာ ပင့်သက်ချခွင့်တော့ ရနေပြန်သည်။ ထိုပင့်သက်ချခွင့်လေးကိုပင် တချို့က ပြက်ရယ်ပြုကြသေးတာ တွေ့ရသည်။ သူတို့ဘာကို မျှော်လင့်နေကြသလဲဟု ဆက်မတွေးချင်ပါ။ 
သတင်းတခုတွင် နိုင်ငံခြားက မှာယူထားသည့် ရောဂါစစ်ဆေးသည့်စက်ကြီး လမ်းခုလတ်ရောက်နေပြီဟု သိရသည်။ ယခုရှိသည့်ဓာတ်ခွဲခန်းက တနေ့ လူ ၁၀၀ လောက်ပဲစစ်နိုင်သော်လည်း ထိုစက်ကြီးကတော့ ၂၄ နာရီအတွင်း လူထောင်ချီစစ်ပေးနိုင်သည်ဟု ဆိုသည်။ များများစစ်လျှင်တော့ များများပေါ်နိုင်ခြေရှိသည်မှာမဆန်း။ ထိုအခါ ညတိုင်းစောင့်ကြည့်နေသည့်သတင်းမှာ ကိန်းကဏန်းတွေက တဖြတ်ဖြတ်နှင့် တက်ကောင်းတက်လာနိုင်သည်။ ထိုအခါ ဘာတွေ ဝရုန်းသုန်းကား ဖြစ်ကြအုန်းမည်မသိ။
ကိုယ့်ရပ်ကွက်လမ်းကလေးထဲ အရေးပေါ်ကားကြီးမောင်းဝင်လာကာ ကိုယ့်အောက်ထပ်က လူနာတစ်ဦးကို ဆွဲမထုတ်သွားခင်အထိတော့ ကိန်းကဏန်းတွေကို မေ့ထားပစ်လိုက်ချင်သည်။ သို့တိုင် နေ့စဉ်ဘဝများကို အချက်အလက်ကိန်းကဏန်းများအောက်တွင် ပုံသွင်းပစ်ချင်သည့် အန္တရယ်ကြီးတခု၏ အနံ့အသက်က လေထုကြီးတခုလုံးကို ဖုံးလွှမ်းထားပါသည်။ ကရိုနာဗိုင်းရပ်စ်သည် လူလုပ်သည့်ဗိုင်းရပ်စ်ဟုတ်မဟုတ် မသေချာသော်လည်း အတော်လူဆန်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ခြယ်လှယ်ရန်ကြိုးစားရာ၌ အတော်စနစ်တကျရှိလွန်း၍ဖြစ်ပါသည်။

ကုိဗစ္မွတ္စု ၂

 ဧပြီ ၂၀၊ စနေညနေ

ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ သည့်ထက် ဘာမှ မပိုပါ။ 
ချောင်းဆိုးမည်။ ဖျားနာမည်။ ကိုယ်တွင်းခုခံနိုင်အား နည်းလျှင် အသက်ကို အန္တရယ်ပြုမည်။ သည့်ထက် ဘာမှ မပိုပါ။ 
အီဂျစ်က ပီရမစ်ကြီးတွေကို ဖုန်မှုန့်တွေဖြစ်သွားအောင် မချေမွနိုင်ပါ။ ပါရီက အီဖယ်မျှော်စင်ကြီးကို လဲကျသွားအောင်မပြောနှင့် ၁၅ ဒီဂရီလောက် တိမ်းစောင်းသွားအောင်လည်း မလုပ်နိုင်ပါ။ နယူးယောက်ကလစ်ဘာတီရုပ်တုကြီးကို ကိုယ်တုံးလုံးဖြစ်သွားအောင်လည်း ချွတ်ချနိုင်မည်မဟုတ်ပါ။ ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်ပါသည်။
သို့သော် ကိုဗစ် ၁၉ သည် ကပ်ရောဂါတစ်ခုထက် ပိုလာသည်ဟု လူတိုင်းခံစားလာရပါသည်။ လူတို့သည် ကိုယ်သေမှာထက် ကမ႓ာကြီးပျက်စီးလေတော့မလားဆိုသည့် စိုးရိမ်ထိတ်လန့်မှုက ပိုဖိစီးလာကြပါသည်။ တစ်ဦးနှင့်တစ်ဦး ကွေကွင်းနေရခြင်းဒုက္ခကို တစိမ့်စိမ့်တွေးရင် ဒေါသတွေ ထွက်လာကြပါသည်။ 
ညနေက လမ်းထွက်လျှောက်ရင်း ဘုရားရှေ့ကို ရောက်တော့ ဘုရားဝင်းသံတံခါးကြီးကို သော့ခတ်ထားတာ တွေ့လိုက်ရသည်။ ဝင်းအပြင်စောင်းတန်းဘက်က ပန်းဆိုင်တစ်ဆိုင်မှာ ပစ္စည်းတွေသိမ်းရင်း ဖြစ်ပြီးမသေလည်း ငတ်ပြီးသေကြရုံပေါ့ဟု ဆိုင်အလုပ်သမားလေးတစ်ဦး မကျေမချမ်းပြောနေသံကို ကြားလိုက်မိသည်။ အပြန်မှာလည်း ကိုယ်ငှားစီးသည့် တက္ကဆီဒရိုင်ဘာကို အခြားသူ့သူငယ်ချင်းဒရိုင်ဘာတွေက နောက်ရင်းပြောင်ရင်း ဘာမှမပူနဲ့၊ နောက် ၅ ရက်ဆို ဒီကောင်ခွေးဖြစ်တော့မယ်ဟု ပြောလိုက်သံကို ကြားရပြန်သည်။ 
သူတို့သည် ကရိုနာကို မကြောက်ပါ။ သူတို့ဘဝတွေ ဘာတွေဆက်ဖြစ်ကြမလဲကိုသာ ကြောက်ရွံ့ထိတ်လန့်နေကြပါသည်။ ကပ်ရောဂါကြောင့် ကမ႓ာပျက်မလား မပျက်ဘူးလား သူတို့ မတွေးအားကြပါ။ မနက်ဖြန်ထမင်းတနပ် ငတ်မလား မငတ်ဘူးလားမေးခွန်းထဲမှာ သူတို့တွေ ပိုပူပြင်းနေကြသည်ဟု ထင်မိသည်။
နယ်မြို့လေးတမြို့က စျေးတန်းလေးမှာ စျေးဝယ်တဦးနှင့်တဦး ၃ ပေခွာဖို့ စည်းလေးတွေ ဝိုင်းထားတာကို တွေ့လိုက်ရသည်။ ချောင်ကျကျ ဒေသတခု၏ ကျန်းမာရေးအသိကို ပီတိဖြစ်ရပါသည်။ လမ်းမီးမှောင်ရိပ်မကျတကျမှာ မြို့လည်ဘက်က ပြန်ဝင်လာသည့် ဘက်စ်ကားတစီးပေါ်လှမ်းကြည့်လိုက်တော့ အလုပ်ပြန်လာသည့်လူတွေ ကားထဲမှာ ရင်ချင်းအပ်လိုက်ပါလာတာ မြင်လိုက်ရတော့ လမ်းပေါ်က ကိုယ်ပါ အသက်ရှုကြပ်လာရသည်။ 
ကရိုနာသည် ဗိုင်းရပ်စ်မျှသာဖြစ်သည်။ လူတို့၏ ရှင်သန်ရပ်တည်ရေး ဘဝတိုက်ပွဲ မည်မျှ ရက်စက်ပြင်းထန်ကြောင်းကို မကြာခင် သူကောင်းကောင်းသိသွားပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူသည် ဗိုင်းရပ်စ်ထက် အသက်ပိုပြင်းသော သတ္တဝါတမျိုးဖြစ်သောကြောင့်ပင်။

ကုိဗစ္မွတ္စု ၁

 ၃ဧပြီ၊ ၂၀၂၀

ကိုဗစ်သည် တချိန်တွင် ကျနော်တို့ လူသားများရှေ့မှောက်၌ ဒူးထောက်အရှုံးပေးရမည်သာဖြစ်သည်။
ယခုအခါ၌မူ လူတို့၏အဆုပ်သည် သူ၏သည်းခြေကြိုက်သားကောင်ဖြစ်နေတော့သည်။ သူသည် အဆုပ်ပေါင်းများစွာကို ပွဲတော်တည်ပြီးသည့်တိုင် အာသာပြေနိုင်ဟန်မတူသေး။ နယူးယောက်ကအဆုပ်၊ မီလန်ကအဆုပ်၊ ဘာဆီလိုနာကအဆုပ်၊ ဖရန့်ဖွတ်နှင့် လန်ဒန်မြို့တော်ကြီးကအဆုပ်။ ဒါတင်မက အာရှ၊ အာဖရိက၊ လက်တင်အမေရိကနေ ဆင်းရဲနိမ့်ကျသော ပြည်သူတို့၏အဆုပ်များဆီကိုပါ သူပါးစပ်ကြီးကိုအစွမ်းကုန်ဖြဲကာ သူ့လျှာကြိုးခွေကို လက်ကန်ုပစ်လွှတ်နေလေသည်။
သူသည် အဆုပ်ကိုကြိုက်၏။ သို့သော် သူတကယ်ကိုက်ခဲပစ်ခဲ့သည်မှာမူ ကျနော်တို့၏ စိတ်ကိုပဲဖြစ်သည်။ ထို့ကြောင့်ပင် ကိုဗစ်သည် ထိုစစ်မျက်နှာတွင် အောင်ပွဲရရန် အလှမ်းဝေးသွားခြင်းဖြစ်သည်။ လူတို့သည် ကမ႓ာကြီးကို စိတ်ဖြင့်တည်ဆောက်လာခဲ့သူများဖြစ်ရာ သူတို့စိတ်ကို ကိုက်ခဲလာသည့်ရန်သူကို အလွတ်မပေးပဲ အဆုံးတနေ့ အနိုင်တိုက်မည်မှာ ယုံမှားသံသယရှိစရာမလိုပေ။ ကိုဗစ်သည် အဆုပ်ကိုကျော်၍ စိတ်ကိုကိုက်ခဲမိသည့်အတွက် ယခုအခါ ပြန်ပေးဆပ်ရပေတော့မည်။ 
အဘယ်ကြောင့်ဆိုသော် လူသည် အဆုပ်ဖြင့် အသက်ရှုသော်လည်း နှလုံးသားဖြင့်ရှင်သန်ကြသောကြောင့်ဖြစ်ပါသည်။

Sunday, January 24, 2021

ကိုလံဘိုရန်ကုန်

မြို့ကြီးက ညှော်နံ့ထွက်နေပြီ နဖူးပေါ်ကချွေးဟာ နဖူးပေါ်မှာပဲ ခြောက်သွားတယ်။
ရေဆူမှတ် မရောက်ခင် ငါတို့သွေးတွေ ဆူပွက်တော့မယ် မြစ်ဆုံကြီး ခေါင်းပေါ်ကလောင်းချလိုက်ရ ကောင်းမလား
ယပ်ခပ်ပြီးနေရတဲ့လူတွေအဖို့တော့ မီးပျက်ရင် လမ်းပေါ်ထွက်လျှောက်နေလိုက်တာပဲ
ပြန်လည်ထမြောက်ဖို့ ဆုတောင်းပါမှ ကောင်းကင်ဘုံချက်ချင်းရောက်ကြရတယ်လို့ ညတွင်းကြီး ပေါက်ကျလာတဲ့နွံမှာ ဒီတခေတ်လုံးနစ်ခဲ့ပြီ။ - - - - - - - - - နှင်းခါးမိုး ၂၆၊ ဧပြီ၊ ၂၀၁၉

Saturday, January 16, 2021

မြို့အဝင်

ကုက္ကိုပင်အကွယ်မှာ မင်းငိုကျန်နေခဲ့မလား လူကရန်ကုန်ပြန်တဲ့ကားပေါ်မှာ စိတ်ကမင်းဆံနွယ်ဖျားလေးမှာ။
ရေက ဘောင်ပေါ်ကျော်ကျနေတဲ့ စမ်းရေတွင်းလေးဘေးမှာ နေရောင်က ကမ္ဘာအသစ်လေးပေါ်ဖြာကျလို့ မင်းခြေဖဝါးနုနုမှာ သဲဆပ်ပြာအမြုပ်ကလေးတွေက ခပ်ဖွဖွရယ်နေကြရဲ့။
ညနေခင်းဆို ဘုရားကြီးယင်ပြင်ပေါ်မှာ လူတွေကမင်းကို သိုက်စောင့်မင်းသမီးလေးလို ငေးကြည့်ကြ အဲဒီတုန်းက ငါကောက်ပေးတဲ့ခရေပန်းလေးတွေက မင်းအတွက် ကမ္ဘာပေါ်မှာ အမွှေးပျံ့ဆုံးဖြစ်ခဲ့။
တို့စွန်းစားခန်းဟာ အောင်မြင်ခဲ့ပါတယ် မင်းစောင့်နေတဲ့ဘူတာရုံကလေးဆီ နေ့ရက်အသစ်တွေငါယူဆောင်လာတယ် ဘုရားပွဲစျေးတန်းထဲမှာ လူမပါပဲလည်နေတဲ့ ချားရဟတ်လေးကို ငါတို့ကျောခိုင်းထားခဲ့ကြ။
သဲတွေမှာ အလွမ်းဇာတ်မရှိဘူး ကြီးကျယ်ခမ်းနားလှတဲ့ အတိတ်သမိုင်းတွေကိုတောင် ရေခဲမုန့်ပေါ်ကဝေဖာချပ်လို တမြုံ့မြုံ့ဝါးခဲ့ကြတာပဲ မြေပဲခင်းတွေဆီအသွား သဲလမ်းလေးပေါ်မှာ ငါတို့စက်ဘီးကလေး ပစ်လဲသွားတယ် မင်းမျက်နှာလေးငိုမဲ့မဲ့ဖြစ်သွားတော့ ငါ့မှာ ကိုယ့်နားထင်ကိုကိုယ်ပဲ သေနတ်နဲ့တေ့ပစ်ရမလိုလို။
ဟိုးဝေးဝေးတောင်တန်းတွေပေါ်က ရွှေရောင်ပျပျနဲ့စေတီကလေးဆီမှာ ငါတို့တောင်းခဲ့တဲ့ဆုတွေ ဘာတွေပြည့်ဖို့ကျန်သေးလဲ ပြန်လာနော်လို့ မင်းဆံညှပ်ကလေးနဲ့ ရေးခဲ့တဲ့စာ ကုက္ကိုလ်ပင်ကြီးနဲ့အတူ အခုတ်ခံလိုက်ရပြီ ခြောက်သွားတဲ့စမ်းတွင်းကလေးထဲမှာ သဲတွေကပြိုလို့။
လူကဒီဘဝမှာ စိတ်က အဖန်ငါးရာငါးကမ္ဘာ။ ။ - - - - - - - - နှင်းခါးမိုး ၂၂ ဧပြီ ၂၀၁၉