Saturday, June 28, 2008

ခြင်သုံးကောင် လူသုံးယောက်နှင့် မေတ္တာတရား

( ၀တ္ထုတို )
နှင်းခါးမိုး

အခန်းထဲတွင် လူသုံးယောက်ရှိသည်။ အေ၊ ဘီ၊ စီဟု ဆိုပါစို့။ အခန်းမှာ တံခါးပေါက် တပေါက်ရှိသည်။ ဖျာသုံးချပ်ရှိသည်။ အခန်းပေါက်ဝမှာ ရေအိုးတလုံးရှိသည်။ အခန်းကလေးမှာ ဆယ့်နှစ်ပေ၊ ရှစ်ပေ အကျယ်ရှိသည်။ သူတို့သုံးယောက် ကျောဆန့်လိုက်လျင် အခန်းကလေးမှာ ပြည့်သွားမတတ်ဖြစ်သည်။ အခန်းထောင့်မှာတော့ အညစ်အကြေးစွန့်ရာ အင်တုံနှစ်ခုရှိသည်။ ဖွဲပြာအိတ် တအိတ်ရှိသည်။ သူတို့ ဖျာသုံးချပ်ထဲက ဟောင်းစုတ်နေသော ဖျာတချပ်မှာ အလေးအပေါ့ စွန့်စဉ်သုံးသည့် အကာအရံဖြစ်သည်။ ယောင်္ကျားလေးများချည်း ဖြစ်သော်လည်း တယောက်ကိုတယောက် မျက်နှာပူကြသည်။ မြင်ကွင်းကို ကာရံ၍ရသော်လည်း အနံ့အသက်ကတော့ အခန်းကလေးထဲမှာ ရှောင်ပြေး၍ မရ။ ပထမတော့ သည်ချောင်လေးထဲ ၀င်ရမှာ တခြားလူတွေကို အားနာနေတတ်သည်။ အန္တရယ် အလွယ်ခက်သည်ကို ဖြေရှင်းရင်း နောင်တော့ တဖြည်းဖြည်း အသားကျ သွားသည်သာ။ အလေးစွန့်သည့်အခါ သန့်ရှင်းရေးအတွက် အပြင်မှာတော့ ရေနှင့် စက္ကူ၊ တုတ်ချောင်း စသည်တို့ကို သုံးစွဲခဲ့ဖူးသော်လည်း သည်ထဲမှာတော့ ပိတ်စကို ဖြဲကာ သုံးစွဲကြရသည်။ အတွေ့အကြုံသစ် တခုပင်။ မနက်တခါ ညနေတခါ ဇလား လာချပေးသည်။ ဇလားဆိုတာက ထို အညစ်အကြေး အင်တုံတွေကို ခေါ်ခြင်းဖြစ်သည်။ ထိုအချိန်မှာ သူတို့ အပြင်ကို ခဏလောက် ထွက်ခွင့် ရကြသည်။ လမ်းလျောက်သည်။ တခြားအခန်းတွေဘက် သွားစကားပြောသည်။ ပြီးတော့ ကမန်းကတမ်း ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်ကြရသည်။ သည်အခွင့်အရေးက တရားဝင်ရသည့် အခွင့်အရေး မဟုတ်။ အမှုထမ်းက သူ့စိတ် ကြည်သာရင် ကြည်သာသလို နားလည်မှုဖြင့် ပေးထားခြင်းဖြစ်သည်။ ညနေဘက် မိလ္လာချသည့် အချိန် ပြီးလျင် သည်တနေ့တာအဖို့ အပြင်ထွက်ဖို့ အခွင့်အလမ်း မရှိတော့။ ညနေခင်း နေရောင်က အရှေ့ဘက် တိုက်တန်းရဲ့ သွပ်ခေါင်မိုးပေါ်က သရက်ပင် အုပ်အုပ်တွေပေါ်မှာ ပက်ဖျန်း ကျရောက်လို့နေသည်။ တနေ့တာ အစာရှာရာမှ ပြန်လာကြသော ကျီးကန်းတွေက သရက်ကိုင်းခက် ရွက်လက်တွေကြား ဆူညံစွာ အိပ်တန်းတက် နေရာ လုနေကြသည်ကို တွေ့ရသည်။ တခါတရံ တစုံတရာကြောင့် လန့်ဖျပ်ကာ ကျီးကန်းအုပ်ကြီးက ၀ုန်းကနဲ ထပျံတတ်သည်။ ထိုအခါ သူတို့ မြင်ခွင့်ရထားသော ကောင်းကင်ပြင် တခုလုံးသည် ကျီးကန်းများနှင့် ပြည့်ကာ မည်းမှောင်သွားတော့သည်။ သူသည် တံခါးသံတန်းကို လက်ဖြင့် ကျစ်ကျစ်ဆုပ်ကိုင်ကာ နဖူးဖြင့် သံတံခါးကို ဖိကပ်ထားမိသည်။ မုန်းသည်။ သည်အချိန်ကို သူ မုန်းသည်။ အပြင်မှာဆို လူတွေလည်း သည်အချိန်မှာ ကိုယ့်အိမ် ကိုယ်ပြန်ကြပြီ။ သူတို့ကတော့ အိမ်ပြန်ခွင့် မရှိပေ။ အုတ်နံရံနှင့် သံတခါးတွေ နောက်မှာ ပျိုရွယ်မှု၊ ခွန်အား၊ လွတ်လပ်မှုနှင့် အချိန်ကာလ စသည့် ဘ၀၏ အရင်းအမြစ်တွေ အားလုံးကို ရင်းနှီး ပေးဆပ် နေကြရသည်။ မိလ္လာချ အပြီးမှာတော့ သံတံခါးကို ဆောင့်ပိတ်လိုက်သည့် ဂျိန်းဆိုသည့် အသံနှင့်အတူ သော့ခလောက် ပိတ်သံကိုပါ တဆက်တည်း ကြားကြရသည်။ ထိုအသံ ကြားလိုက်ရလျင် တွင်းနက်ကြီးတခုထဲ ပြုတ်ကျသွားသလို မွန်းကြပ်မှုက စိတ်အပေါ် ပိလေး ကျလာတော့သည်။ ညအမှောင်က သရက်ပင် အုပ်အုပ်တွေပေါ်၊ အရှေ့တိုက် သွပ်ခေါင်မိုးတန်းပေါ်၊ သူတို့တိုက်ခန်းရှေ့ အုတ်ရိုးလေးပေါ်၊ ပြီးတော့ သူတို့ အခန်းလေးရဲ့ လှေကားထစ်တွေပေါ်၊ ပြီးတော့ သူတို့ အခန်းလေးထဲ စိမ့်ပြန့် စီးဝင်လာလေသည်။ အေက တံခါးဝမှ ထကာ အခန်းလေးထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည်။ ဘီက ဖျာပေါ်မှာ ကျောလှဲနေသည်။ စီက အေ ထခဲ့ရာ တံခါးဝမှာ သွားထိုင်နေသည်။ တကယ်တော့ သည်တံခါးဝလေးမှာ အပြင်လောကကို မျှော်ငေးရာ တခုတည်းသော နေရာဖြစ်သည်။ ပြီးတော့ လူတယောက် ထိုင်စာမျှသာ ရှိသည်။ ထို့ကြောင့် သူတို့သုံးယောက် တယောက်တလှည့်စီ ထိုင်ကြသည်။ တခါတလေတော့ အေက ထိုင်နေလျင် ဘီက ဘေးနားမှ ခေါင်းလေး တိုးဝင်ကာ စီက မတ်တပ် အပေါ်မှ မိုးရပ်လျက် တံခါးဝမှာ သုံးယောက်ပြိုင် အပြင်ကို ငေးမျှော်တတ်ကြသည်။ သူတို့သည် သုံးယောက်စလုံး စကားဆူညံစွာ ပြောနေတတ်သည့် အခါလည်းရှိသည်။ တယောက်က ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောနေသည်ကို ကျန်နှစ်ယောက်က စိတ်ရှည်လက်ရှည် နားထောင် နေတတ်သည်မျိုးလည်း ရှိသည်။ တခါတရံတော့ စကားပြောချင်စိတ် ကင်းမဲ့ကာ အတွေးကိုယ်စီဖြင့် တိတ်ဆိတ်စွာ ထိုင်နေတတ်ကြသည်။ တခါမှာ သူတို့ထဲက ဘီသည် တိတ်ဆိတ်စွာ ထိုင်ရင်း နှီးဖျားလေးတချောင်းကို ကိုင်ကာ အလှုပ်ရှုပ်နေသည်ကို တွေ့ရသည်။ အနီးကပ် သေသေချာချာ ကြည့်သောအခါ နှီးဖျားပေါ်မှာ ပုရွတ်ဆိတ်တကောင် တရွေ့ရွေ့ သွားနေသည်ကို တွေ့ရသည်။ နှီးဖျားအစွန်းသို့ ရောက်သောအခါ ပုရွတ်ဆိတ်က နောက်ပြန် လှည့်လာသည်။ ထိုအခါ ဘီက နှီးဖျားကို အစွန်းတဘက်က ပြောင်းကိုင်လိုက်သည်။ ပုရွတ်ဆိတ်မှာ ထိုအစွန်းဘက်ကို ရောက်၍ လမ်းဆုံးနေသောအခါ တဘက်သို့ ပြန်လှည့်လာပြန်သည်။ ဤသို့ဖြင့် ပုရွတ်ဆိတ်ခမျာ မဆုံးနိုင်သော ခရီးရှည်ကြီးကို လျှောက်လှမ်းနေရရှာလေသည်။ ဘီကတော့ နှီးဖျားလေးကို ဘယ်ညာ ပြောင်းကိုင်ရင်း ပတ်ဝန်းကျင်ကို မေ့လျော့ကာ ပုရွတ်ဆိတ်တကောင်၏ ခရီးရှည်ချီတက်ပွဲကို အာရုံ ၀င်စားလို့နေသည်။ တခါမှာတော့ စီက ညဘက် ခြင်ကိုက်သည့် အကြောင်းကို ညည်းသည်။ သည်ထဲမှာက ခြင်ထောင်နှင့် အိပ်ခွင့် မရှိ။ လုံခြုံရေးအရ ဆိတ်ကွယ်ရာ မရှိစေရဟူသော မူအရ ဖြစ်သည်။ ပြီးတော့ မီးလည်း ညလုံးပေါက် ထွန်းထားသည်။ လင်းလို့ မအိပ်တတ်ဟု ချေးမများနိုင်ကြ။ သည်ထဲမှာ ခြင်ထောင်မရှိပေမယ့် ခြင်ကတော့ ရှိသည်။ အကျဉ်းသားးများထံမှ အလကားရသော လုပ်အားကို ပေါပေါများများ သုံးထားသဖြင့် ၀င်းအတွင်း သန့်ရှင်းမှုက အပြင်မှာထက် ပိုသည်။ ထို့ကြောင့် အပြင်မှာလို မထူပြောသော်လည်း ခြင်ကိုက်တာကတော့ ကိုက်တာပင်။ ထို့ကြောင့် စီက ခြင်ကိုက်လိုက်တာကွာဟု ညည်းလေသည်။ ထိုအခါ အေက စိတ်အားထက်သန်စွာ ၀င်ပြောသည်။ ဟုတ်တယ်၊ ကျနော်တို့အခန်းထဲမှာ ခြင်သုံးကောင် ရှိတယ်ဗျ။ စီက အလန့်တကြားဖြင့် အေကို ကြည့်သည်။ ထို့နောက် အခန်းထဲ လူးလာတုန့်ခေါက် လျှောက်နေရင်းက အခန်းထဲမှာ ခြင်သုံးကောင်ရှိတယ်၊ ခြင်သုံးကောင်ရှိတယ်ဟု တိုးဖွစွာ ရေရွတ်နေတော့သည်။ ဘီက သံတံခါးကြားမှ ညရဲ့ ကောင်းကင်ကို ငေးမောနေသည်။ ကောင်းကင်ကြီးကို အပြည့် မြင်ရတာတော့ မဟုတ်။ သူတို့အခန်းရှေ့မှာ သွပ်တံစက်မြိတ် အတန်ငယ် တိုးထွက်နေကာ မြင်ကွင်းတချို့ကို ပိတ်ကွယ်ထားသည်။ သူတို့နှင့် မျက်နှာချင်းဆိုင် တိုက်တန်းပေါ် မိုးကျနေသည့် သရက်ပင်ကြီးကလည်း ကျန်သည့် မြင်ကွင်းကို တချို့တ၀က် လုယူထားပြန်သည်။ သူတို့သည် လက်ကျန်ဝေစု မြင်ကွင်းမှ ကောင်းကင်ကြီးကို သည်လိုပင် ညစဉ် အငမ်းမရ ငေးခဲ့ကြရသည်။ ဘယ်တော့များမှ ကောင်းကင်ကြီးကို အပြည့် မြင်ရပါ့မလဲ။ ရင်ထဲမှ ပင့်သက်က အပြင်သို့ ဖိတ်လျံ ကျလာခဲ့ပြီး လက်ထဲက လွတ်ထွက်သွားသည့် မိုးပျံပူဖေါင်း တလုံးလို ပိန်းပိတ်မှောင်နေသည့် ညကောင်းကင်ထဲ တရွေ့ရွေ့ တိုးဝင်သွားလေသည်။ တခါကတော့ ကံကောင်းထောက်မစွာ လမင်းကြီးကို ပြည့်ပြည့်၀၀ မြင်ခွင့်ရခဲ့ကြသည်။ ထိုညက လပြည့်ညဟု သူတို့ သိထားသဖြင့် ညအမှောင် အစပျိုးသည်နှင့် သူတို့ဝေစု ကောင်းကင် သေးသေးလေးထဲမှာ လကို အမောတကော လိုက်ရှာကြသည်။ လကို အစအနမျှပင် မတွေ့ရ။ လရောင်ကတော့ အရှေ့တိုက်တန်း ခေါင်မိုးပေါ်မှာ၊ သရက်ပင်ကြီးရဲ့ ကိုင်းခက် ရွက်လက်တွေပေါ်မှာ စီးပြန့် ဖြာကျလျက် ရှိနေချေပြီ။ လရောင်ကို မြင်ရလေ လမင်းကို မြင်ချင်စိတ်စော ပြင်းပျလေ ဖြစ်ကြရသည်။ လပြည့်ညမှာပင် လမင်းကို မြင်ခွင့်မရသည့် ဘ၀ပါလား။ လွတ်လပ်မှု ဆုံးရှုံးရခြင်း၏ ဒုက္ခကို နာကျင်နက်နဲစွာ သူတို့ သိလိုက်ရသည်။ ကံကြမ္မာက သူတို့ကို ကရုဏာ သက်သွားသည်လား မသိ။ နေ့ဘက်က မိုးရွာထားသဖြင့် သူတို့အခန်းရှေ့ မြေပြင်ပေါ်မှာ ရေတင်ကျန်ကာ အိုင်ကလေး ထွန်းလျက်ရှိသည်။ ပထမတော့ ထို ရေအိုင်လေးပေါ်မှာ လရောင်ရွှေစက်တို့ ပြိုးပြက် လှုပ်ခတ်လျက်သာ။ သူတို့တွေ လကို ဖွေမောရင်း စိတ်ပျက် အားလျော့စ ပြုသည့် အချိန်မှာပင် ရေအိုင်လေးထဲ လမင်းက တရွေ့ရွေ့ ၀င်ရောက်လို့ လာလေသည်။ အင်မတန် ရင်သပ် ရှုမောဖွယ်ပါ တကား။ သူတို့သည် ရေအိုင်လေး လှုပ်ခတ်ကာ လမင်း လန့်ထိတ် ထွက်ပြေးသွားမှာ စိုးပူစွာဖြင့် အသက်ပင် ပြင်းပြင်း မရှုဝံ့ခဲ့ကြ။ ထိုညက မြင်ခွင့်ရခဲ့သည့် လကို သူတို့ ဘယ်တော့မှ မေ့နိုင်ကြမည် မဟုတ်တော့။ ရင်မှာ ခတ်နှိပ် သိမ်းဆည်းထားခဲ့ကြသည်။ စီသည်လည်း သူ့အလှည့်ရလျင် သံတံခါးကြားမှနေ၍ ညကောင်းကင်ကို ငေးမောတတ်သူပင်။ သည်လိုနှင့် သူသည် ကြယ်ကလေးတလုံးနှင့် မိတ်ဆွေဖြစ်သွားလေသည်။ သူ မြင်ခွင့်ရသည့် ကောင်းကင် သေးသေးလေးထဲ သွပ်မိုးစွန်းဘက်မှ ထိုကြယ်ကလေး ၀င်ရောက်လာတတ်သည်။ သူတို့ အိပ်ချိန် မတိုင်ခင်မှာ ကြယ်ကလေးက သရက်ပင် ကိုင်းဖျားကို ဖြတ်ပြီး သူ့မြင်ကွင်းထဲက ထွက်သွားတတ်သည်။ သို့သော် ကြယ်ကလေး ရောက်လာချိန်က တနေ့ထက်တနေ့ နောက်ကျလာတာကို သူ သတိထားမိသည်။ သည်ကြယ်ကလေးကို သံယောဇဉ် တွယ်မက်စွာဖြင့် သူ့ဘ၀ကို ထင်ဟပ်နိုင်စေမည့် နာမည်တလုံး မှည့်ခေါ်ခဲ့သည်။ မွတ်သိပ်စွာဖြင့် သူ တိုးတိုးလေး ရေရွတ်ကြည့်သည်။ မေတ္တာတရားရေ.. ကျနော့်ရဲ့မေတ္တာတရားရေ..။ သို့ပေမယ့် သည်လိုသာ ရောက်လာချိန် တဖြည်းဖြည်း နောက်ကျသွားလျင် တချိန်မှာတော့ သူ အိပ်ချိန်တိုင်သည်ထိ သည် ကြယ်ကလေး ရောက်လာလိမ့်မည် မဟုတ်။ မေတ္တာတရား ရောက်လာလိမ့်မည် မဟုတ်။ မေတ္တာတရား ရောက်လာသည့်အချိန်ထိ သူ ထိုင်စောင့်နေချင်ပါသည်။ သို့သော် သည်အထဲမှာက အိပ်ချိန်ဆိုလျင် အိပ်ရသည်။ အိပ်ချင်သည် ဖြစ်စေ၊ မအိပ်ချင်သည် ဖြစ်စေ။ အိပ်ပျော်သည် ဖြစ်စေ၊ အိပ်မပျော်သည် ဖြစ်စေ ကိုယ့်အိပ်ယာပေါ်မှာ လှဲနေကြရသည်။ ထထိုင်နေလို့ မရ။ အပြင်ကို ထွက်ငေးနေလို့ မရ။ ကြယ်ကလေးကို သူ စောင့်မျှော်နေလို့ မရ။ မေတ္တာတရားနှင့် ဝေးကြရဦးမှာ ပါကလား။ စီသည် တံခါးဝမှ ထလာက အိပ်ယာပေါ် ကိုယ်ကို ပစ်လှဲချလိုက်သည်။ မကြာခင် အိပ်ချိန်ဆိုသည့် အသံကြီးကို စိတ်မချမ်းသာဖွယ် ကြားရတော့မည်။ သူကိုယ်တိုင် သည်အခန်းကလေးထဲမှာ ရေးဖြစ်ခဲ့သည့် ကဗျာတပိုဒ်ကို စီက တိုးတိုးလေး ရွတ်နေသည်။ ဘ၀နဲ့အိပ်မက်၊ ကျစ်ထားတဲ့ကြိုးတန်းပေါ်မှာ၊ ပျော့အိပျော့ဖတ် စိုထိုင်းထိုင်း၊ ငါ့ခန္ဒာကိုယ်ကြီး၊ မနက်ကျ ပြန်ကောက်ဝတ်ရပေအုန်းတော့မယ်။ ။

Thursday, May 29, 2008

ပြန်ပေးဆွဲခံထားရတဲ့ဒုက္ခသည်စခန်းကြီးတခု

နှင်းခါးမိုး

၂၀၀၁ ခုနှစ်မှာ ပြည်တွင်းကို ၂ လလောက် ကျနော်ပြန်ရောက်ဖြစ်တယ်။ လူထုရဲ့ တကယ့်နေ့စဉ်ဘဝကို ကိုယ်တိုင်သိမြင်ခဲ့ရပြီးတဲ့နောက် ပါလာတဲ့ဝေဒနာတွေကို အခြေခံပြီး ဒီကဗျာကို ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ဦးနေဝင်း မသေသေးဘူး။ ဂျာနယ်တွေက ဘင်လာဒင်ကောင်းမှုနဲ့ ရောင်းအားကောင်းနေကြတယ်။ ဒုက္ခသည်တို့၊ ဒုက္ခသည်စခန်းတို့ဆိုတာ နယ်စပ်က လူတွေအတွက် ဘဝပုံရိပ်ဖြစ်နေမယ့် ဒီတုန်းက ပြည်တွင်းကလူတွေ နားမလည် မခံစားတတ်ကြသေးဘူး။

တိုက်ဆိုင်ချင်တော့ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က ဗွီအိုအေကနေ ဒီကဗျာကို ရွတ်ဆိုဖေါ်ပြခဲ့ပါတယ်။ တပတ်လောက်နေတော့ တောင်ပိုင်းကျေးလက်ကို နာဂစ်ဝင်မွှေတော့တာပဲ။ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အားလုံး ကြားကြ မြင်ကြပြီးသားပါ။ တလောက ဖုန်းလှမ်းပြောတဲ့ညီတယောက်က အခုတော့ အကို့ကဗျာခေါင်းစဉ်လို ဖြစ်နေပြီလို့ပြောတော့ ရင်မှာ မကောင်းဘူး။ ဧရာဝတီကို ရင်ခွဲပြလိုက်မှ ကမ္ဘာကြီးက ပုတ်ပွနေတဲ့ ဒုက္ခတွေကိုမြင်ပြီး အထိတ်တလန့်ဖြစ်တယ်တဲ့။

ဘာပဲဖြစ်ဖြစ် သင်္ဘောမြုပ်တုန်းတော့ လူကို အရင်ကယ်ရတာပဲ။ သင်္ဘောပါ ဆယ်ပါလားလို့ ဝင်ပြောလို့မရဘူး။ ဒီအချိန်မှာ တိုက်တန်းနစ်တုန်းကလို သော့ပိတ်ခံထားရတဲ့ တတိယတန်းခရီးသည်တွေအတွက်ကတော့ ရှင်သန်ရေးဟာ တိုက်ပွဲပဲ။ ကိုယ်တိုင်တိုက်ရမှာ။
ကြပ်ဆို့နေတုန်းမို့ ပြောစရာတွေရှိပေမယ့် အသံမထွက်နိုင်သေးခင်မှာ ဒီကဗျာထဲက စကားလုံးအဟောင်းတွေကိုပဲ စန္ဒယားအပျက်တလုံးရဲ့ ခလုတ်တွေပေါ် လက်နဲ့ခေါက်သလိုခေါက်ရင်း ကိုယ့်ကိုယ်ကိုယ် အသံညှိနေလိုက်မိတယ်။

ပြန်ပေးဆွဲခံထားရတဲ့ဒုက္ခသည်စခန်းကြီးတခု

အဲဒီ့မှာ...
ကလေးတွေအတွက်
စာသင်ခုံတွေ အလုံအလောက်မရှိပေမယ့်
အလုပ်လက်မဲ့တွေအတွက်
ဘိလိယက်ခုံတွေ အလုံအလောက်ရှိတယ်။

အဲဒ့ီမှာ...
ကမ္ဘာကြီးနဲ့ ဝင်ဆန့်နိုင်ဖို့
အင်တာနက်ကဖေးတွေ မရှိပေမယ့်
ကိုယ့်နွားခြေရာခွက်ထဲမှာ တကိုယ်တော်ရွက်လွှင့်ဖို့
စည်ဘီယာဆိုင်တွေ ရှိတယ်။

အဲ့ဒီမှာ...
အိပ်မက်တွေအတွက်
မနက်ဖန်မရှိပေမယ့်
ဒီနေ့အတွက်
နှစ်လုံးထီရှိတယ်။

အဲ့ဒီမှာ...
ရိုးရိုးကျင့် မြင့်မြင့်ကြံဖို့
ကောင်းရောင်းကောင်းဝယ် ဈေးကွက်မရှိပေမယ့်
ဒီကွေ့ ဒီတက်နဲ့ လှော်ဖို့
အပေါင်ဆိုင်တွေ ရှိတယ်။

အဲဒီမှာ
မရှိပေမယ့်.. မရှိပေမယ့်၊
ရှိတယ်..ရှိတယ်..ရှိတယ်။

ခေတ်မီ တိုက်လေယာဉ်ကြီးတွေရှိတယ်...
ကြံ့ဖွံ့ရှိတယ်...
ဖယောင်းတိုင်ရှိတယ်၊
ကြားကားရှိတယ်...
ဂြိုလ်တုလောင်းကစားရှိတယ်၊
ဘောလုံးနဲ့ ဘင်လာဒင်ကို
ဘုရားစင်မှာတင်ထားတဲ့ ဂျာနယ်တွေရှိတယ်၊
ဖာခန်းဖွင့်စားတဲ့
ကြယ်ငါးပွင့်ဟော်တယ်ကြီးတွေရှိတယ်။

ပြီးတော့...
သေနတ်နဲ့ ပိုက်ဆံပေါင်းထားတဲ့
တရားဥပဒေရှိတယ်၊
ရေဒီယိုနဲ့ ကောလာဟာလပေါင်းထားတဲ့
မျှော်တလင့်လင့်နိုင်ငံရေးရှိတယ်၊
စာပေစိစစ်ရေးနဲ့ ထောင် ပေါင်းထားတဲ့
စာနယ်ဇင်းလွတ်လပ်ခွင့်ရှိတယ်။

ပြီးတော့...
ဗိုလ်ချုပ်ကြီးတွေက... အပီခိုးသွားတယ်...
လူအုပ်ကြီးတွေက...ဆီတိုးစားတယ်...
အမှားတွေပျောက်မလားလို့
တံတားတွေဆောက်ထားတာ ရှိတယ်။
မြို့ပြင်လယ်ကွင်းပြင်ကြီးထဲ ထုတ်ထားတဲ့
တက္ကသိုလ်ကောလိပ်ကြီးတွေနဲ့
ဆရာတွေ လက်ပတ်ဝတ်ကင်းစောင့်နေတဲ့
အေးချမ်းစွာပညာသင်ကြားရေး ရှိတယ်။

ပြီးတော့ ...
အိမ်ထဲကအိမ်ပြင်မထွက်ရတဲ့ လူတစ်ယောက်နဲ့
အိမ်ထဲကအိမ်ပြင်မထွက်ရဲတဲ့ လူတစ်ယောက်ရှိတယ်။

ပြီးတော့ ...
တရုတ်တန်းဖြစ်သွားတဲ့
နန်းတော်တစ်ခုရှိတယ်။ ။

ကဗျာရွတ်သံနားထောင်ရန်


Friday, April 11, 2008

ဥပမာ


ကျနော်ဟာ စာအုပ်တအုပ်နဲ့တူတယ်
စကားလုံးတွေရှိတယ်၊ အသံမရှိဘူး
စာမျက်နှာတွေရှိတယ်၊ နေစွဲမရှိဘူး
အရောင်တွေရှိတယ်၊ အနံ့အရသာမရှိဘူး။

ကျနော်ဟာ
အဖုံးရှိတယ် မာတိကာရှိတယ်၊ မျက်ရည်နဲ့ရယ်သံမရှိဘူး
ဇာတ်လမ်းရှိတယ် ဇာတ်ကောင်ရှိတယ်၊ နောက်ခံတေးဂီတမရှိဘူး
စာအုပ်တအုပ်နဲ့တူတယ်။

ကျနော်ဟာ
တခုခုကိုပြောတယ်
ဖွဲ့နွဲ့တယ်
တရားဟောတယ်၊ မေးခွန်းတွေမေးတယ်
မမေးပဲနဲ့ဖြေတယ်
ဇာတ်ရှိန်တက်တယ်၊ မြုပ်ကွက်လေးတွေနဲ့ကစားတယ်
အသစ်ရှာတယ်၊ ပုံသေနည်းသုံးတယ်
ဆွဲဆောင်တယ်၊ နားလည်ရခက်တယ်။

စင်ပေါ်တင်တာခံရတယ်
ဖြဲဆုပ်ခံရတယ်
ဖုန်တက်တယ်၊ လေမှာတဖျပ်ဖျပ်လန်တယ်
မျဉ်းတားခံရတယ်၊ ပိုးစားခံရတယ်
ရည်ညွုန်းခံရတယ်
ရောင်းစားခံရတယ်
စာအုပ်တအုပ်နဲ့တူတယ်။

အစအဆုံးဖတ်တဲ့သူတွေကို ကျေးဇူးတင်တယ်
အဖုံးလှန်မြည်းသွားတဲ့သူတွေကို လေးစားတယ်
ကိုင်ကြည့်ပြီးပြန်ချသွားတဲ့သူတွေကို သတိရနေမယ်
တချက်လောက်ငဲ့ကြည့်ခံရလည်း ကျေနပ်တယ်
မသိသလိုဖြတ်လျှောက်သွားလို့လည်းရတယ်
ကျနော်ဟာစာအုပ်တအုပ်နဲ့တူတယ်။

ဖတ်သူမရှိတဲ့အခါ
အသေလိုပဲ။ ။

နှင်းခါးမိုး
၂၀၀၈

Wednesday, March 26, 2008

ဥခွံလေးတွေကို အိမ်လုပ်နေခဲ့တဲ့အရွယ်



အီစတာကာလ အမှတ်အသားအနေနဲ့ နော်ဝေစာမျက်နှာတခုပေါ်မှာတွေ့တဲ့ ဥခွံက ပေါက်လာကစ ကြက်ကလေးတွေပုံကို ဘန်နာအဖြစ် တင်ခဲ့ပါတယ်။ ကြက် ကလေးတွေက အရုပ်ကလေးတွေလား၊ အကောင်လေးတွေလား သေချာမသိ ပေမယ့် ချစ်စရာကောင်းတာကတော့ အမှန်ပါ။ တကယ့်အကောင်ကလေးတွေကို ဥခွံထဲ ၀င်ထိုင်ခိုင်းဖို့ဆိုတာကတော့ ဘယ်လွယ်ပါ့မလဲ။ ဥထဲက ဖေါက်ထွက်ပြီး တဲ့နောက်မှာ ဥခွံဆိုတာ သူတို့အတွက် မလိုအပ်တော့ဘူးလေ။

မြို့ကလေးတမြို့မှာ တကိုယ်တည်းနေထိုင်ခဲ့စဉ် ကျနော့်မှာ အိမ်ခန်းကျဉ်းကလေး တခု ရှိခဲ့ပါတယ်။ တနေ့မှာ သူငယ်ချင်းတယောက်က ကျနော့်ကို လက်ဆောင်တခု ပေးပါတယ်။ တခုဆိုတာက ထည့်လာတဲ့ ခြင်းကလေးကို ဆိုလိုတာပါ။ ခြင်းထဲ မှာက ကြက်ပေါက်ကလေးတွေ၊ မြင်မြင်ချင်း ကျနော် တအံ့တသြ ဖြစ်ရပါတယ်။ ကြက်ပေါက်ကလေးတွေက ဘာမှ အံသြစရာမရှိပေမယ့် တကောင်ကို တရောင် ဖြစ်နေတာကတော့ တကယ့်ချစ်စရာ။ ဖြူ နီ ပြာ ၀ါ စိမ်း.. ငါးရောင် ငါးကောင်။ ဘာသတ္တ၀ါကိုမှ အနွံတာခံမွေးလေ့မရှိတဲ့ ကျနော် ဒီလက်ဆောင်ကို လက်ခံလိုက် ပါတယ်။ အဲဒီနေ့ကစလို့ ကျနော့်အိမ်ခန်းကျဉ်းကလေးဟာ ကြက်ခြံဖြစ်သွား တော့တာပါပဲ။

ဒီမှာ အီစတာကာလ ကြက်ဥရောင်စုံလေးတွေတွေ့တော့ ကျနော့်ကြက်ကလေး တွေကို လွမ်းလိုက်တာ။ သူတို့နဲ့ ကျနော် ဘယ်နှစ်ပတ် အတူနေခွင့် ရခဲ့ကြပါ သလဲ။ ကျနော် မမှတ်မိတော့။ကျနော့်အခန်းကို လာလည်သူတွေက ကျနော့်ရဲ့ ကြက်ခြံဧည့်ခန်းကလေးကို ကြည့်ပြီး နားမလည်နိုင်ကြပေမယ့် သဘောကျကြပုံ။ ကြက်ကလေးတွေ တဖြည်းဖြည်း အတောင်အလက်ကလေးတွေ ထွက်လာတော့ အရောင်တွေ မှိန်ဖျော့ကုန်ကြပုံ။ တကယ်က ကြက်ကလေးတွေကို ချစ်ခဲ့တာလား၊ ကြက်ကလေးတွေရဲ့အရောင်ကို ချစ်ခဲ့တာလား။ အရောင်ကလေးတွေ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာကို ချစ်ခဲ့တာပဲဖြစ်မည်။ လှုပ်နေတဲ့ ရှင်နေတဲ့ အရောင် ကလေးတွေ။ ကျနော်စာဖတ်ရင် ကျနော့်ခြေရင်းမှာ ပတ်ပတ်လည်ပြေးလွှား နေတဲ့ အရောင်ကလေးတွေ။ ကျနော်အပြင်က ပြန်လာရင် တံခါးဝမှာ စုပြုံတိုးဝှေ့နေတဲ့ အရောင်ကလေးတွေ။ ကျနော်အိပ်ပျော်နေစဉ် ထိုင်ခုံ၊ ထိုင်ခုံပေါ်က စာရေးစားပွဲ ပေါ်၊ အဲဒီနောက် ပြတင်းဘောင်ပေါ်ကတဆင့် ခေါင်းအုံးပေါ် ခုန်ခုန်ချတက်တဲ့ အရောင်ကလေးတွေ။ သူတို့ရဲ့ ကျိကျိ ကျိကျိ မြည်သံကလေးတွေကိုတောင် နားထဲမှာ ပြန်ကြားလာတယ်။

နည်းနည်းကြီးလာချိန်မှာ တခြားတယောက်ကို မွေးဖို့ ကျနော် ပေးပစ်ခဲ့ပါတယ်။ သူတို့ ဘယ်လောက်အထိ ဘယ်လို ကြီးပြင်းလာခဲ့သလဲ၊ ဟင်းအိုးထဲ ဘယ်အချိန် ရောက်သွားသလဲ ကျနော် မသိတော့။ တခါက ကျနော့်မှာ ရင်ထဲထိ ၀င်ရောက် ခုန်ပေါက်တတ်တဲ့ ရောင်စုံဘောလုံးကလေးတွေ ရှိခဲ့ဘူးတယ်ဆိုတာကိုတော့ အမြဲတမ်း သတိရနေမိတယ်။ အခုတော့ ဒီသတိရစိတ်ကိုပဲ အရောင်ကလေးတွေ ဆိုးပြီး ကျနော့်ရင်ထဲမှာ ခြံခတ် မွေးမြူထားလိုက်ပါတော့မယ်။ ခုန်ပေါက်ဆော့ ကစားကြပါစေလေ။