Thursday, June 14, 2007

သင်ကော ဘာ့ကြောင့်အမြီးလှုပ်သနည်း

ကျောင်းကအပြန် ပန်းခြံဘက်က ပြန်လာဖြစ်သည်။ ပန်းခြံထဲရောက်တော့ နေရောင်အောက်က ခုံတန်းလျားလေးမှာ ရေဒီယိုနားထောင်ရင်း ခဏထိုင်ဖြစ်သည်။ စောသေးလို့ထင်သည်။ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ တယောက်စနှစ်ယောက်စမျှသာရှိသေးသည်။ ကျောင်းလွှတ်ချိန်အလုပ်ဆင်းချိန်လောက်ဆိုလျင်တော့ မြက်ခင်းပေါ်မှာ နေရောင်ခံသူတို့ ပြည့်နေတတ်သည်။ သည်လိုအချိန်မျိုးဆိုလျင် ပန်းခြံထဲက ကျနော်ဖြတ်မလျောက်ရဲ။ ကျနော့်မျက်လုံးတွေက နေသားမကျသေး။ နေကာမျက်မှန်ကောင်းကောင်းတလက်တော့ ၀ယ်ရပေအုန်းမည်။

ကျနော့်ရှေ့ကမြက်ခင်းပေါ်မှာ ကောင်မလေးတယောက် ခွေးအသေးကလေးတကောင်ဆွဲကာ လျောက်လာသည်။ တိကျအောင်ပြောရလျင် ကောင်မလေးက ခွေးကို ဆွဲလာတာမဟုတ်။ ခွေးက သူသွားချင်ရာသွားတာကို ကောင်မလေးက ကြိုးလေးကိုင်ကာ နောက်ကလိုက်လာခြင်းဖြစ်သည်။ ခွေးကျောင်းထွက်လာတာဖြစ်သည်။
သူတို့နှင့်ရင်းနှီးချင်လျင် ခွေးကျောင်းထွက်ပါ။ ခွေးချင်းလမ်းမှာဆုံခိုက် လူချင်းနှုတ်ဆက်စကားဆိုရင်း ခင်မင်ရင်းနှီးသွားနိုင်သည်။ ဒါပေမယ့် သည်နေရာမှာ ခွေးတကောင်မွေးဖို့ဆိုတာ ဗမာပြည်မှာ ဆိုက်ကားတစီးထောင်လို့ရသည်။ ခွေးဝေယျာဝစ္စ၊ ခွေးအသုံးအဆောင်၊ ခွေးကျန်းမာရေး စသဖြင့် ဆိုရလျင် ခွေးတကောင်၏ ခွေးနေမှုအဆင့်အတန်းက လူတဦးနှင့်တန်းတူ အဆာကျယ်သည်။ ပြီးတော့ နေ့စဉ်ပုံမှန် အောက်ဆင်းကျောင်းရသေးသည်။ ခွေးကျောင်းတာက လမ်းလျောက်လေ့ကျင့်ခန်းလုပ်ဖြစ်သဖြင့် ကျန်းမာရေးနှင့်တော့ လျော်ညီသည်။ ပြီးတော့ ခွေးလှလှလေးတကောင်ဆွဲကာလမ်းလျောက်ရတာ ဂိုက်လည်းအတော်ကျသည်ဟု ထင်ကြဟန်ရှိသည်။

တကယ်က သည်အချိန်က ခွေးကျောင်းထွက်ကြချိန်တော့မဟုတ်။ အများအားဖြင့် ညနေခင်းနှင့် ညဦးပိုင်းတွေမှာ၊ တချို့ကတော့ မနက်စောစော ထွက်ကြလေ့ရှိသည်။ အခုလိုနေ့လည်ခင်းကြီးတော့ သိပ်ထွက်လေ့မရှိကြ။ ဒါပေမယ့် သည်ကောင်မလေးကတော့ သူအားတဲ့အချိန် ထွက်ကျောင်းရတာလည်း ဖြစ်နိုင်သည်။ နေပူခံလမ်းလျောက်ရင်း တခါတည်း ခွေးကလေးပါခေါ်လာခြင်းလည်း ဖြစ်နိုင်သည်။ ကောင်မလေးက ခွေးလေးနားထိုင်ချလိုက်ကာ ဘာလည်းမသိပြောလိုက်သည်။ ခွေးကလေးက အမြီးကလေးတလှုပ်လှုပ်တရမ်းရမ်းလုပ်ကာ ကောင်မလေးကို ခုန်ဆွခုန်ဆွဖြင့် ပတ်ပြေးနေသည်။ သြော် ခွေးတွေက သူတို့လိုလားနှစ်သက်လျင် အမြီးလှုပ်တတ်သည်မဟုတ်လား။

ပိုက်ဆံရှိလျင် ခွေးမျိုးကောင်းကို ၀ယ်နိုင်သော်လည်း၊
မေတ္တာရှိမှသာ ခွေးအမြီးကို လှုပ်စေနိုင်၏ တဲ့။
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်က သူငယ်ချင်းဖြစ်သူ၏အိမ်မှာ ဖတ်ခဲ့ရသည့် စာတန်းကလေးဖြစ်သည်။ သူငယ်ချင်းက သူ့စာအုပ်စင်ကလေးဘေးကနံရံမှာ သည်စာတန်းကလေးကို ကပ်ထားခြင်းဖြစ်သည်။ သိုးဆောင်းစကားပုံဟုဆိုသည်။ သည်အချိန်တုန်းက ကျနော်က သိပ်နားမလည်။ ပိုက်ဆံရှိမှ ခွေးဝယ်နိုင်သည် ဆိုတာကို ကျနော်နားမလည်။ ခွေးကို ၀ယ်ရသည်ဆိုတာကို နားမလည်ခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှာ ခွေးကိုဝယ်မွေးတာ ကျနော်မမြင်ဘူး၊ မကြားဘူးခဲ့။ လိုချင်လျင် တအိမ်အိမ်က တောင်းနိုင်သည်။ ဒါမှမဟုတ် ကိုယ့်အိမ်နား ၀ဲလည်ဝဲလည်လာလုပ်သည့်ခွေးတကောင်ကို အစာကျွေးကာ မွေးထားလိုက်နိုင်သည်။
မေတ္တာရှိမှသာ ခွေးအမြီးကို လှုပ်စေနိုင်၏ ဆိုတာကတော့ သဘောပေါက်သည်။ ပိုက်ဆံရှိတိုင်း အရာရာမဖြစ်။ မေတ္တာရှိဖို့လိုသည်ဟု ဆိုလိုခြင်းဖြစ်မည်ဟုတော့ စကားပုံကို နားလည်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ထိုစာတန်းကလေးကို ကျနော် သဘောကျခဲ့သည်။

လူတွေမှာ အမြီးမရှိပါ။ လူသည်ခွေးမဟုတ်။ လူသည် ခွေးထက် အစစအရာရာ သာလွန်မြင့်မားသူ ဖြစ်ပါသည်။ လူတယောက်ကို ခွေးနှင့်နှိုင်းပြောလျင် နာဖို့ကောင်းသည်။ သို့သော် ခွေးသည်လူထက်သစ္စာရှိသည်ဟု တချို့က ဆိုတတ်ကြသည်။ ခွေးလောက်မှ ကျေးဇူးမသိတတ်ဟု လူတချို့ကို သမုတ်တတ်ကြသည်။
ကျနော်ဆက်စဉ်းစားကြည့်ပါသည်။
အကယ်၍ လူတွေမှာ အမြီးရှိခဲ့သည်ဆိုပါစို့။
ထိုလူအမြီးကိုလှုပ်စေနိုင်သောအရာသည်
ပိုက်ဆံလော။
မေတ္တာတရားလော။
မှန်ကန်သောသစ္စာလော။
အမိန့်အာဏာလော။
ကျနော်ဆက်စဉ်းစားကြည့်ချင်မိပါသည်။

No comments: