Wednesday, October 24, 2007

လူသတ်သမားရဲ့ညစာ


လူသတ်သမားက
သွေးအေးတယ်။

သွေးမခြောက်သေးတဲ့လက်နဲ့
စီးကရက်ကိုမီးညှိပုံ၊
သူသတ်ထားတဲ့အလောင်းရဲ့
အင်္ကျီရင်ဘတ်ကြယ်သီးတွေကိုဆွဲစေ့ပေးပုံ၊
ကော်ဖီဆိုင်ထဲကထလာသလို
လေကလေးချွန်ပြီးလျောက်သွားလိုက်သေးသတဲ့။

ဥသြသံတွေဆူညံ
ရဲတွေရောက်လာ
သတင်းစာမျက်နှာဖုံးမှာ
ခေါင်းကြီးစာလုံးမဲကြီးနဲ့ပါလာ
အသတ်ခံရသူရဲ့
အပြစ်ကင်းစင်တဲ့မျက်နှာလေးကို
တီဗွီကမကြာမကြာထုတ်လွှင့်နေ
တမြို့လုံးလည်း
ဒီအမှုအကြောင်းပဲပြောနေကြ။

ရွှေကိုလိုလို့သတ်သလား
လူကိုလိုလို့သတ်သလား
တခါကရန်ညှိးလား
စိတ္တဇလူသတ်သမားလား။

အသေဆိုးလေခြင်းလို့
စုတ်သပ်သူကသပ်
အတင့်ရဲလေခြင်းလို့
ဒေါကန်သူကကန်
ရှေ့ကလမ်းချိုးအကွေ့အမှောင်ရိပ်ထဲ
လူသတ်သမားစောင့်နေမလားလို့
ကြောက်လန့်သူတွေလည်းရှိရဲ့၊
( ဒီလိုနဲ့ ) မြို့ကလေးထဲ
ညအမှောင်ထုကတွားသွားဝင်လာ
တံခါးတွေစောစောပိတ်
မီးတွေစောစောမှိတ်ကြ
စောစောတော့အိပ်မပျော်နိုင်ကြ။

လူသတ်သမားကော
ဒီအချိန်ဆိုညစာစားနေလောက်ပြီ
ဝိုင်ကလေးသောက်လိုက်
စပျစ်သီးလေးမြုံ့လိုက်နဲ့လေ
ပြီးတော့
မနက်ကသွေးစွန်းခဲ့တဲ့သူ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့စိုက်ကြည့်ရင်း
ငွေ့ငွေ့ကလေးပြုံးမယ်၊
သူတွေးမိမှာက
တယောက်ကိုသတ်လိုက်ရုံနဲ့
တမြို့လုံးသေဆုံးသွားခဲ့တဲ့အကြောင်း၊


နှင်းခါးမိုး

5 comments:

pandora said...

ကဗ်ာဆရာက
သွေးအေးတယ်။

ညစာစားရင်း
ကဗျာရေးတဲ့လက်ကို
ဆုပ်လိုက်ဖြန့်လိုက်နဲ့ စိုက်ကြည့်ပြီး
ဘာတွေ တွေးနေလဲ။

Mintasay said...

great thinking

Ko Boyz said...

ကြိုက်သွားတယ်...။ တစ်ယောက်ကို သတ်တာ တစ်မြို့လုံး သေသွားတဲ့ အဖွဲ့...။

WISE GUY said...

ကျနော်တို့ နိုင်ငံလဲ ဒီလိုဖြစ်နေသလိုပဲနော်

Htet Myat Suu Eaim said...
This comment has been removed by the author.