ဘဝနဲ့အချစ်၊ ဘဝနဲ့အနုပညာ၊ အနုပညာနဲ့အချစ် ဆက်စပ်နွယ်ယှက်နေသည်။
သီချင်းတွေက အလကားရေးထားတာမဟုတ်ဘူး၊ သူ့နေရာနဲ့သူဆိုဖို့ ရေးထားတာဗျ ဟု သူငယ်ချင်းတယောက်က ပြောဘူးတာ သတိရမိသေးသည်။ တခါတလေ ကိုယ့်ရင်ထဲ ခံစားနေရတာတွေကို သီချင်းတပုဒ် ကောက်ဆိုလိုက်လို့ ပြေလျော့သွားတမျိုး ကြုံဘူးကြလိမ့်မည်။ သို့သော် ထိုသီချင်းကို ရေးသားသူ သို့မဟုတ် သီဆိုခဲ့သူအတွက်ကတော့ သူ့ဘဝ၏ အစိတ်အပိုင်းတခုကို အန်ထုတ်လိုက်ရတာ ဖြစ်ကောင်းဖြစ်နေခဲ့မည်။
ဘယ်လိုပင် နွယ်ယှက်နေသည်ဖြစ်စေ ဘဝက ဘဝ၊ အနုပညာက အနုပညာသာ ဖြစ်သည်။
ဘဝက တိုတယ်။ အနုပညာက အဆုံးအစမရှိဘူး တဲ့။
သူငယ်ချင်းတဦးက သူ့လက်ဖျံမှာ ဆေးမင် ရေးထိုးခဲ့ဘူးသည်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ တချို့သောသူတို့အတွက်မူ အနုပညာက ထွက်ပြေးလို့ရသည်။ ဘဝက ထွက်ပြေးလို့မရ။ တခင်းလုံးဝါနေသည့် နေကြာပန်းခင်းကြီးထဲမှာ ထိုအမှန်တရားကို တခါက ရှာဖွေတွေ့ရှိခဲ့ဘူးသည်ဟု ဆိုလျင်..။
နေကြာပန်း
က။
ဆိုဖီယာလောရင့် ရဲ့
နေကြာပန်းရုပ်ရှင်ထဲက နေကြာခင်းကြီးကိုသတိရ
အဝါရောင်အပွင့်ဝိုင်းဝိုင်းကြီးတွေက
စောင့်မျှော်နေသူတယောက်ရဲ့ ဝတ်ဆံတွေအပြည့်နဲ့လေ၊
စစ်ကြီးက
ခေတ်ကြီးက
သူ့ချစ်သူ သူ့လင်သားကို
သူနဲ့ဝေးရာခေါ်သွား
နှုတ်ဆက်အနမ်းကလေးမှမဆုံးခင်
မီးရထားကြီးကထွက်ခွာသွား၊
ဒီလိုနဲ့
နေကြာပန်းတွေအကြိမ်ကြိမ်ပွင့်ခဲ့
အကြိမ်ကြိမ်ညှိးခြောက်ခဲ့
သူမကတော့မညှိးနိူင်မခြောက်နိူင်
ချစ်ခြင်းဝတ်ဆံတွေအပြည့်နဲ့ပေါ့
မီးရထားကြီးထွက်ခွာသွားရာဘက်
စောင့်မျှော်လို့၊
မီးရထားကြီးသာ အကြိမ်ကြိမ်ပြန်လာ
ချစ်တဲ့သူကတော့ မပါ။
သြော်
ရေ မြေ ဆုံးစေတော့ကွယ်
မိန်းမသားမို့ တွေ့အောင်ရှာဖို့မလွယ်
မလွယ် မလွယ် မလွယ်။
နေကြာပန်းတွေသာ
တခင်းလုံးဝါအောင်ပွင့်ခဲ့ပြန်တယ်၊
သူ့ချစ်သူကတော့
စစ်ကိုဖြတ်သန်း
ခေတ်ကိုဖြတ်သန်းရင်း
နေကြာပန်းခင်းကြီးကို မေ့လျော့ခဲ့
သူမကို မေ့လျော့ခဲ့။
စစ်ကိုအပြစ်တင်
ခေတ်ကိုအပြစ်တင်ရင်း
အချစ်ပင်အသစ်စိုက်ခဲ့၊
ခ။
ကြည့်ဖူးတဲ့ရုပ်ရှင်တွေ
ဆိုဖူးတဲ့သီချင်းတွေဟာ
ကိုယ့်ဘဝနဲ့သက်ဆိုင်လာလိမ့်မယ်လို့
အစကဘာဖြစ်လို့မတွေးခဲ့မိပါလိမ့်။
အခုတော့ အိပ်မက်ထဲမှာ
နေကြာပန်းခင်းကြီးတွေကို မကြာမကြာမြင်ရ
မြင်ရတိုင်း အထိတ်တလန့်အိပ်ယာကနိူး
ရေထသောက်လည်း ခြောက်ခြားဆဲ၊
ဘယ်ဇာတ်လမ်းမှာဖြစ်ဖြစ်
ဇာတ်သိမ်းခန်းက အရေးကြီးတယ်။
တဖြည်းဖြည်းကျလာတဲ့ကတ္တီပါကားလိပ်က
နေကြာပန်းခင်းကြီးကို ဖုံးအုပ်လိုက်တဲ့အခါ
ပင့်သက်ချရင်း ငါတွေးမိတယ်။
ဘဝကတော့ရုပ်ရှင်လို
ရုံပြင်ရောက်ရင်ပြီးမသွားဘူးလို့။ ။
နှင်းခါးမိုး
2 comments:
အရမ်းကောင်းတဲ့ ကဗျာတပုဒ်ပါဘဲ ကိုဝေလင်း။
ကျနော့် နေကြာခင်းကတော့ ဘေးနားမှာတင်ရှိတော့ နေကြာစေ့လှော် အစားမပျက်ပေါ့ဗျာ။
သို့သော်လည်း တလောက စင်ကာပူကို လာလည်ကြတဲ့ အဝေးရောက် ဒီမိုကရေစီဘက်တော်သားတွေနဲ့တွေ့ရတော့ သူတို့လည်း အများစုက နေကြာပန်းတွေနဲ့ဝေး။ ဘယ်အထိအောင် ဝေးနေကြရဦးမလဲ မပြောတတ်။ ကျနော်က ကြားထဲက စိတ်မောနေ။
တောင်တွေကို ရွှေ့ဘို့ကြိုးစားဆဲ။
ကို ၀-လ-ထ
နေကြာပန်းကိုဖတ်အပြီး ကဗျာရေးဟန်က အရင်အပုဒ်တွေနဲ့ မတူဘူးလို့ ထင်မိတယ်။ သို့ပေမယ့် အတူတူပါပဲ။ အဟောင်းတွေ ပြန်ဖတ်ကြည့်တော့ မတူတဲ့တစ်ခုကို သွားတွေ့တယ်။ စာကြောင်းတွေကို ညာဘက်မှာ ကပ်ထားတာကိုး။ ခါတိုင်း အလယ်တည့်တည့်မှာ တွေ့နေကျ။ ကဗျာနဲ့အတူ ကဗျာဆရာရဲ့ စကားပြေအပိုင်းအစတွေ တွဲဖတ်ရတာလည်း အရသာရှိတယ်။ မြန်မာပြည်က ကဗျာဆရာတွေရဲ့ ကိုယ်ပိုင်ဘလော့ဂ်တွေပေါ်လာရင် ဘယ်လိုတွေ ရေးကြမယ် ဘလော့ဂ်ကြမယ်မသိ။
ဇက်
Post a Comment