Monday, February 4, 2008

ခေတ်ပေါ်ကဗျာဆရာလက်စွဲ (အဆုံးသတ်) ရေးသူ...အိုက်ချင့်(တရုတ်ကဗျာဆရာ)


မုဒအကြောင်း အတွေးများ


ပန်းချီမှာလိုပဲ ကဗျာမှာ ဖွဲ့စည်းပုံ၊ ပစ္စည်းရွေးချယ်ပုံ (ကိုယ့်အတွေး၊ ကိုယ့် ခံစားချက်ကို ဖော်ပြဖို့ ဘယ်နည်းလမ်းတွေ သုံးမလဲဆိုတာ) ကို အာရုံ စူးစိုက်ရမယ်။
တနေ့တော့ ကျုပ် ချီပိုက်ရှီကို ခင်ဗျား တခါဖူးမျှ မရေးဆွဲဘူးတာ ကျနော့်ကို ဆွဲပေးစမ်းပါ လို့ ပြောမိတယ်။ အကြောင်းအရာနဲ့ ဖွဲ့စည်းပုံကို သစ် စေချင်တယ်လို့ ဆိုလိုတာပါ။ ကျုပ်လည်း သူ့ပန်းချီကို မြတ်နိုးသမို့ ကနေ့ခေတ်ရဲ့ ထူးချွန်တဲ့ အနုပညာသမား တဦးဟာ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်မလဲ မြင်ချင်တာကိုး။
သူ ကျုပ်တောင်းဆိုချက်ကို လိုက်လျောပါတယ်။ သူနာပြုမက သူ့အတွက် မင်ထောင်း၊ စက္ကူကိုဖြန့် သူ့ကိုယ်ပေါ်မှာ အကာအကွယ် အ၀တ်စတွေ တင်၊ သူ့စုတ်တံကို လှမ်းပေးလိုက်တယ်။
ကျုပ် တောင်းခံခဲ့တဲ့အတိုင်း သူ တပေစတုရန်း စာမျက်နှာပေါ် ရေးဆွဲပါတယ်။
သူ ဘာပုံကြမ်းမှ မလောင်းဘူး။ စာရွက်မျက်နှာပြင်ပေါ် ငေးရုံ ငေးကြည့်နေတယ်။ မျက်စိတမှိတ်အတွင်း မင်ရေးပန်းချီ ရေးဆွဲတော့တယ်။
ရေကန်ထဲကို ခုန်ရင်း၊ နောက်ခြေထောက်က မြက်တစမှာ မိနေရတဲ့ ဖားပုံ ရေးဆွဲလိုက်တာပါ။ ရှေ့ ခြေနှစ်ချောင်းကတော့ဖြင့် ရှေ့ကို အငမ်းမရ ဆန့် ထုတ်ထားရဲ့။ နောက်ခြေကို မြက်ကလွတ်အောင် ရုန်းကန်လို့ပ။
ဖားရဲ့ ရှေ့မှာတော့ ရေထဲ လွတ်လွတ်လပ်လပ် ကူးခတ်နေကြတဲ့ ငါးဖလောင်း သုံးကောင်။ သူတို့က ဖားရဲ့ မရွေ့သာ မလှုပ်သာအဖြစ်နဲ့ ဆန့်ကျင်နေတယ်။
ဆွဲပြီးတဲ့အခါ သူက ကျေကျေနပ်နပ်နဲ့ ပြောပါတယ်။
ကျုပ် ဒါ အရင်တုန်းက မဆွဲဖူးဘူး တဲ့။
သိပ်ကောင်းတာပဲလို့ ကျုပ် ၀မ်းသာအားရ ဆိုမိတယ်။
သူက ဘယ်လို ကမ္မည်း သတ်ရမလဲ လို့ မေးတယ်။ ဘယ်လို လက်မှတ် ထိုးရမလဲလို့ မေးတဲ့ သဘောပါပဲ။ ခင်ဗျားက ကျနော့်ရဲ့ ဆရာပါ လို့ ကျုပ်က ပြောလိုက်တယ်။
အောက် လကျာင်္ဘက်ထောင့်မှာ သူ ဒီလို ကမ္မည်းထိုးပါတယ်။
ငါ့ညီချင်း၊ ငါတို့ မြို့တော်မှာ အတူရှိခိုက် ၉၃ နှစ်မှာ ပန်းချီအရာ နှံစပ်လှပြီဖြစ်တဲ့ မင့်အကိုလေး ဟွန်က ဒါကို မင့်ကို ဆွဲပေးတယ်။
ဒီနောက်... ချီပိုက်ရှီ ဆိုတဲ့ စာလုံးများ ထွင်းဖောက်ထားတဲ့ တံဆိပ်တုံးနဲ့ နှိပ်လိုက်ပါတယ်။
ဆွဲထားတဲ့ပုံကို နှစ်ခြိုက် သဘောကျဟန် ငေးကြည့်နေပြီးတဲ့နောက် သူ ကျုပ်ကို လက်ဆောင်ပေးပါတယ်။ ကျုပ်ဘာသာ ကျုပ် တွေးလိုက်မိတယ်။ သူ့စိတ်ထဲမှာ ဒါကို ကြိုတင်ပြီး အကွက်ချ စီစဉ်ထားတာ မရှိဘူး။ ဘယ်လို လုပ်ပြီးတော့များ ခုလို ရေးဆွဲချလိုက်တာလဲ လို့။ ။

မူရင်း။ ။ အိုက်ချင့်၊ ကဗျာအကြောင်း (တရုတ်စာပေ)
ဆောင်းဦးရာသီ၊ ၁၉၈၇၊ ပေကျင့်မြို့
(အင်္ဂလိပ်ဘာသာပြန်- စတီဗင် ဖလဲမင်း)
မောင်သာနိုး

No comments: