Saturday, April 25, 2009

သစ်ခွစိုက်မယ့်သူ














အခန်းကလေးတခန်းရတယ်
ခင်မင်သူတွေနဲ့မလှမ်းမကမ်းမှာ
ရန်လိုမုန်းတီးသူတွေနဲ့ မနီးမဝေးမှာ။

အခန်းကလေးတခန်းရတယ်
ဆူညံတဲ့လမ်းတခုရဲ့ဘေးမှာ
တိတ်ဆိတ်တဲ့ခြံဝင်းတခုနဲ့ကပ်ရက်မှာ။

အတွေးထဲတကိုယ်တည်းခိုလှုံဖို့
စိတ်လိုရင် တေးကလေးတပိုင်းတစသီဖို့
နေ့မှာ မျက်နှာကြက်ပန်ကာနဲ့
ညမှာ လေအေးစက်နဲ့
အခန်းကလေးတခန်းရတယ်။

အခန်းကလေးတခန်းရတယ်
မိုးလင်းတာနဲ့ နေရောင်က
ကုတင်ပေါ်ခုန်ဝင်တယ်
ရေချိုးခန်းထဲမှာ
ညကပေကျံခဲ့တဲ့အညစ်အကြေးတွေကိုဆေးတယ်
ရပ်ကွက်လမ်းကြားလေးထဲကမုန့်ဟင်းခါးဆိုင်ဆီ
စက်ဘီးကလေးစီးပြီးသွားတယ်
ကျနော်အပြင်ထွက်တိုင်း သော့ခလောက်တန်းလန်းနဲ့ကျန်ခဲ့။

ဖြစ်ချင်တော့ အခုပဲလက်ဖက်ရည်ဆိုင်က
ပြန်ရောက်တယ်
မနေ့ညကမထိုင်ဖြစ်ခဲ့တဲ့ခုံအလွတ်ကလေးတလုံးက
ကျနော့်အခန်းကလေးထဲမှာ
စောင့်လို့
အရင်ဘဝကတည်းကစောင့်နေခဲ့တာတဲ့
ကျနော်ဆွံ့အခဲ့ပါတယ်။

အခန်းကလေးတခန်းရတယ်
စိတ်မကောင်းတဲ့အခါ
အပြင်ကိုထွက်ငေးလို့ရတဲ့ဝရန်တာကလေးနဲ့၊
အခုမှသတိရတယ်
သစ်ခွအိုးလေးတွေ ဟော့ဒီနေရာမှာချိတ်ဆွဲမယ်
ညနေခင်းတိုင်းရေလောင်းပေးမယ်
ပထမဆုံးပွင့်တဲ့ပန်းကလေးကိုတော့
သူ့ဆီရောက်အောင်ပို့ပေးအုန်းမယ်လို့။ ။

8 comments:

ညိမ်းညို said...

ဆရာရေ
ပထမဆုံးပွင့်မဲ့ ပန်းကလေးကို
မောင့်မဟာဂီတသူမ ထံကိုပို့မှာလားဗျ :)

yathazoe said...

ဂျူး ၀တ္ထုထဲက ပန်းနဲ့ သစ္စာနီ ၀တ္ထုထဲပန်း အတူတူပဲလေ။ ဒီပန်းက အဲဒါမျိုးလား။ လူုဘ၀ကို လူုဘ၀လို့ မြင်အောင် အလှအပကို အလှအပလို့ ခံစားတတ်အောင် ရေးပြနိုင်တဲ့ ကဗျာဆရာကို ကျေးဇူး။

လင်းဒီပ said...

အဲဒီအခန်းလေးထဲ တကယ်ရောက်သွားသလို..ခံစားမိတယ်.။

Anonymous said...

ဆရာနှင်းခါးမိုးရေ ကဗျာလာဖတ်တယ်ဗျ
နုနုညံ့ညံ့လေးနဲ့ ကြိုက်တယ် ပန်းပွင့်မယ့်အချိန်ကို မျှော်နေမယ်ထင်ပါတယ် :)
ကောင်းသောနေ့ပါ :)

ဆောင်းယွန်းလ said...

”ပန်းပွင့်နဲ့လူ”ကိုသွားသတိရမိတယ်ဗျ...

Anonymous said...

ဒီကဗျာဆရာက ပျောက်ဆုံးနေတာကြာသွားသလိုပဲ
ပြန်လာပြီးပန်းတွေစိုက်တော့လည်း..လှနေဆဲ
နှင်းခါးမိုးတွေတွေမထိစေနဲ့ပေါ့နော့..း)
mnhy

တန်ခူး said...

အခန်းလေးတခန်းရယ်
သစ်ခွစိုက်မယ့်ကဗျာဆရာရယ်
ရေလောင်းပေါင်းသင်မယ့်ကဗျာဆရာ့ မောင့်မဟာဂီတသူမရယ်
ဆွဲလည်းသံလေးတွေလိုချိုစေတဲ့ကဗျာ့ဆရာ့ရင်သွေးလေးတွေရယ်
သိပ်လှတဲ့ သစ်ခွတွေဝေနေတဲ့ မိသားစုအခန်းလေးပါပဲ….

Home Generator Round Rock said...

Hi thanks foor posting this