ငါ့အပြန်လမ်းကို
အဲဒီလိုရွှေရောင်ဝင်းနေစေရော့လို့
ငါမတောင့်တခဲ့ပါဘူး-
ငါဟာတိတ်တိတ်ဆိတ်ဆိတ်ပဲ
မှန်လုံကားလေးတစီးပေါ်မှာလိုက်ပါလာခဲ့တယ်။
တောင်တွေကိုကျော်ဖြတ်ပြီးသွားခဲ့တယ်
လေယာဉ်ပျံကြီးစီးလို့ပြန်လာတယ်
အဲဒီလိုတိုးတိုးရေရွတ်ရင်း တယောက်တည်းပြုံးမိတယ်။
ဘာမှလည်းပါမလာဘူး
ဘာမှလည်းပြန်ယူမသွားချင်ဘူး
ဒီမြေပေါ် ခြေဖဝါးနှစ်ဘက်ပြည့်ပြည့်၀၀ချလိုက်ရရင်ပဲ ကျေနပ်ပြီ။
ကိုယ့်အရိုးတောင်ကိုယ်မကောက်နိုင်တဲ့ဘဝမျိုးနဲ့
အကြိမ်ကြိမ်လည်းကျဆုံးခဲ့ဘူးပြီ
ကိုယ်သိမ်းမိတဲ့တောင်ကုန်းပေါ်မှာ
ကိုယ့်အလံကိုယ်လည်း အမြင့်ဆုံးလွှင့်တင်ဘူးပြီ
စာအုပ်စင်ကြားကပြုတ်ကျလာတဲ့ပိုးဟပ်တကောင်လိုတော့
ငါ့ကိုလွယ်လွယ်နင်းခြေပစ်လိုက်မယ် စိတ်မကူးကြပါနဲ့။
မနက်စောစော တောင်ကုန်းကလေးအတိုင်းငါဆင်းလာတော့
အရင်လိုကျီးကန်းအော်သံတွေကိုကြားပြီး စိတ်မပျက်မိဘူး
လူကို မိတ်ဆွေလား ရန်သူလားမကွဲပြားတဲ့အကြည့်မျိုးနဲ့
ယောင်ပေပေပြေးပြေးထွက်လာတဲ့ ခွေးလေခွေးလွင့်တွေကြောင့်လည်း
စိတ်အနှောက်အယှက်မဖြစ်မိဘူး
သင်းသင်းပျံ့ပျံ့ရှုခင်းလေးထဲ
တလမ်းလုံးပိတောက်။
ဒီလမ်းကလေးအတိုင်းလာပြီး
ဒီလမ်းကလေးကပဲပြန်မယ်
သင်းပျံ့နေတဲ့သစ်ရိပ်စိမ်းစိမ်းတွေအောက်မှာ
ကျိုးပဲ့နေတဲ့ပလက်ဖောင်းကလေးအတိုင်း
အရေပြားပေါ်နေရောင်တွေမတောက်လောင်ခင်
မုန့်ဟင်းခါးဆိုင်ရဲ့အဖီကလေးကနေ
လက်ဖက်ရည်ဆိုင်ရဲ့ ပလက်စတစ်ခုံအကွဲတလုံးပေါ်
ကျောက်ချမိတဲ့အထိ
တလမ်းလုံးပိတောက်။
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ပိတောက်ပင်တပင်ကြီးပြင်းဖို့လုံလောက်ပါတယ်
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ချစ်ခဲ့ဘူးသူတွေကိုမေ့ဖို့လုံလောက်ပါတယ်
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်တောင်လိုလိုမြောက်လိုလိုထင်ပြီး
လူတယောက်ကိုရူးနှမ်းနှမ်းဖြစ်သွားစေဖို့ လုံလောက်ပါတယ်
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်လုံးဝပျောက်ဆုံးသွားစေဖို့ ဒါမှမဟုတ်
ကိုယ့်ကိုယ်ကိုယ်အသစ်ပြန်ရှာတွေ့စေဖို့လည်း
လုံလောက်တာပဲမဟုတ်လား။
ပထမဆုံးရွာချတဲ့မိုးထဲ
အခန်းပေါ်ကပြေးဆင်းပြီးချိုးပစ်ချင်လိုက်တာ
တကယ်ကျ ပြတင်းပေါက်ကကိုယ်တပိုင်းထွက်ပြီး
ဆံပင်တွေကိုပဲ မိုးပေါက်တွေထဲထိုးခံလိုက်မိတယ်
ဒါပေမယ့် ငါ့အသက်က နှစ်ဆယ်ပြန်ငယ်မသွားနိုင်တော့ဘူး။
ဘုရားဝကခိုစာရောင်းတဲ့ကလေးမလေးတောင်
ဒီမနက်ရွှေရောင်ဝင်းလို့
ဂမူးရှုးထိုးမောင်းနေတဲ့ဘက်စကားတွေမှာလည်း
ဒီမနက်ရွှေရောင်တွေပြိုးပြက်လို့
အခန်းပေါ်ပြန်ရောက်တဲ့အထိ
ဘုရားစာလည်းမရွတ်မိဘူး
သီချင်းလည်းမဆိုဖြစ်ဘူး
ဒီမနက်စိတ်ထဲမှာရွှေရောင်တွေသင်းပျံ့နေတယ်
တနေ့လုံးလည်းပိတောက်
တလမ်းလုံးလည်းပိတောက်။
တံတားအလည်တည့်တည့်မှာရပ်ပြီး
နောက်ကိုပြိုင်တူငေးကြည့်ခဲ့ကြတယ်
ငါရယ် ငါ့သူငယ်ချင်းရယ်၊
ဒီလမ်းကိုငါတို့သေသေချာချာရွေးချယ်ခဲ့ကြတာ
အဝင်ရှိရင် အထွက်ရှိမယ်
အသွားရှိရင် အပြန်ရှိမယ်
အဲဒီကတည်းကယုံခဲ့တယ်
ငါတို့ရဲ့ခြေလှမ်းတိုင်း တလမ်းလုံးပိတောက်။ ။

No comments:
Post a Comment