Friday, September 4, 2020

စစ်နဲ့ငြိမ်းချမ်းရေး


စစ်နဲ့ ငြိမ်းချမ်းရေး (၁)
- - - - - - - - - - - - - - - - -
စစ်ပွဲက အကင်းမသေသေးဘူး၊

ငြိမ်းချမ်းရေးဆိုသည်
လူကြိုက်များသောမိတ်ကပ်မျှသာ
မဖြစ်သင့်၊

ပြာပုံထဲမှာ
ကိုယ်အိမ်တိုင်ကိုယ်ပြန်ရှာရတာတွေ
မီးကျွမ်းနေတဲ့ကိုယ့်လက်တဖက်
ကိုယ်ပြန်ကောက်သိမ်းရတာတွေ
ပြီးဆုံးကြပါစေ။

စစ်နဲ့ ငြိမ်းချမ်းရေး (၂)
- - - - - - - -- - - - - - - --
ငြိမ်းချမ်းရေးနဲ့ လက်နက်နဲ့ လဲချင်လဲကြပါ။
ငြိမ်းချမ်းရေးနဲ့ အမှန်တရားကိုတော့ မလဲကြပါနဲ့
လည်စင်းပေးမှရတဲ့ငြိမ်းချမ်းရေးဆိုတာ
မုဒိန်းသမားနဲ့ရတဲ့ဗိုက်လိုပဲ၊

တကယ့်ဘဝဆိုတာ
နေ့တိုင်းတိုက်နေရတဲ့စစ်ပွဲပဲ၊

ြိငိမ်းချမ်းရေးကို
ကြက်တူရွေးတွေရွတ်ပါစေ
ယုံကြည်ချက်ပေါ် အလံမလှဲခဲ့သူတို့သာ
ထာဂရငြိမ်းချမ်းကြပေတယ်။

နေ့တိုင်း
ငြိမ်းချမ်းရေးနေ့ဖြစ်ပါစေ။

စစ်နဲ့ငြိမ်းချမ်းရေး (၃)
- - - - - - - - - - - - - - - - -
စစ်ပွဲတွေနောက်မှာ
အကျိုးစီးပွားတွေရှိတယ်
အကျိုးစီးပွားတွေနောက်မှာ
စစ်ပွဲတွေရှိတယ်၊

အကျိုးစီးပွားကို
လူ့အသက်တွေနဲ့ပေးဝယ်နေကြတယ်
ငြိမ်းချမ်းရေးမှာအသက်မရှိဘူး။

စစ်နဲ့ ငြိမ်းချမ်းရေး (၄)
- - - - - - - - - - - - - - - -
မိဘမဲ့တဲ့ကလေးတွေကြီးလာတော့
မငြိမ်းချမ်းတဲ့လူကြီးတွေဖြစ်လာတယ်။

သူတို့မရွေးချယ်ပဲရခဲ့တဲ့ပြည်တွင်းစစ်မှာ
သူတို့အိပ်မက်တွေ ရွာလုံးက္ဈတ်ပြာကျခဲ့ရ။

သူတို့ကလေးတွေကြီးလာတော့
မိဘလည်းမဲ့ခဲ့တယ်
တိုင်းပြည်လည်းမဲ့ခဲ့တယ်။

စစ်နဲ့ငြိမ်းချမ်းရေး (၅)
- - - - - - - - -- - - - -- -
ငြိမ်းချမ်းရေးဟာ
ဘယ်နှစ်လောင်းလဲ၊
ဘယ်နှစ်ကျင်းပြည့်မှ
စာချုပ်တစောင်ရမလဲ၊

သွေးစွန်းလက်တွေနဲ့
ချိုးငှက်တွေကိုလွှတ်ကြကုန်။

- - - - -- - - - - - - - -
နှင်းခါးမိုး
၂၀၁၄

Thursday, September 3, 2020

သံသရာရင်ကွဲ

ငါးဟာ ရေရဲ့အပြင်ရောက်တာနဲ့ ရင်ကွဲတာပဲ

မသေခင် ကွဲခဲ့ရတာလား၊ သေမှ ကွဲခဲ့ရတာလား
ရေဆိုတာ မျက်ရည်တမျိုးလား
သံသရာမှာ ငါးဘယ်နှစ်ဘဝလဲ

ရင်ကွဲပြီးမှဖြစ်တဲ့ငါးကလေးဟာ မျက်ရည်ထဲမှာကူးခတ်နေတယ်
ဧည့်ခန်းမီးရောင်ဟာ မှန်သားနံရံမှာ ကူးခတ်နေသလိုပေါ့
ကုန်းပေါ်ပစ်တင်ခံရတဲ့ ညကတော့ ဖျတ်ဖျတ်ကိုလူးလို့။

- - - - - - - - - - - - -
နှင်းခါးမိုး
၉၊ မတ်၊ ၂၀၁၉

Tuesday, September 1, 2020

အစုန်ရထား

ညဟာ ကမ်းမမြင်လမ်းမမြင်ပဲ
လရောင်ကို ကွန်ပစ်သလိုပစ်လိုက်တော့
ပိုက်ထဲမှာ တဖျတ်ဖျတ်ခုန်နေတာ
သေဆုံးသွားတဲ့ငါ့နှလုံသားဖြစ်နေတယ်။

မနက်မိုးလင်းရင် ဘယ်ကမ်းကိုကပ်မှာလဲ
သံသရာဟာ ဥသြရှည်ကိုဆွဲတယ်။

နောက်မှာရိပ်ကနဲကျန်ခဲ့တဲ့
မီးရောင်တလက်လက်နဲ့တဲငယ်ကလေးရေ
မင်းကော ဘယ်နှစ်ကမ္ဘာ ခုတ်မောင်းပြီးပြီလဲ
ထွက်သွားသူရဲ့ခရီးကရှည်သလို
ကျန်ခဲ့သူရဲ့ခရီးကလည်းမဆုံးဘူး
မှားတောင်းမိတဲ့ဆုမှ တလုံးတဝတည်းပြည့်ခဲ့တယ်။

- - - - - - - - - - - - - - -
နှင်းခါးမိုး
၁၂၊  ဖေဖေါ်ဝါရီ၊ ၂၀၁၉