Wednesday, July 21, 2021

ကုိဗစ္မွတ္စု ၄

 ၆၊ ဧပြီ၊ ၂၀၂၀

မီးရထားကြီးတစင်း လမ်းခုလတ်မှာ ရပ်သွားသလိုပင်။ လူတွေမှာ ခံစားချက်တွေ ရှုတ်ထွေးနေကြပါသည်။ 
တခါက ဝတ္ထုတိုတပုဒ်ထဲတွင် ထိုကဲ့သို့ မီးရထားကြီးလမ်းခုလတ်မှာ ရပ်သွားစဉ် ခရီးသည်တဦးချင်း၏ အကြိုက်နှင့် စရိုက်ကလေးများကို ပုံဖော်ထားတာ သွားသတိရမိသည်။ ဆေးလိပ်မသောက်ရ မနေနိုင်သူတစ်ဦးမှာ နောက်ဆုံး ဘယ်လိုမှ မအောင့်အည်းနိုင်တော့ပဲ ကြမ်းပေါ်ကျနေသည့် ဆေးလိပ်တိုလေးကို ကောက်ကာ လူမသိအောင် ရှိုက်ဖွာပုံကို စိတ်ထဲစွဲကျန်နေခဲ့သည်။ 

လူတွေကိုယ်၌ကလည်း မီးရထားတစင်းလိုပဲဟု ပြောရမည်ထင်သည်။ ကိုယ့်နေ့စဉ်ဘဝထဲမှာကိုယ် ပုံမှန်ကျင်လည်လာကြသည်။ ကိုယ့်သံလမ်းပေါ် ကိုယ့်အမြန်ရှိန်ဖြင့်ကိုယ် ခုတ်မောင်းလာခဲ့ကြသည်။ ဒီလို ထိုးရပ်ကောင်း ရပ်နိုင်သည်ဟု သိထားသည့်တိုင် ဒီလို ထိုးရပ်သွားလိမ့်မည်ဟု မထင်ခဲ့ကြ။ 
ကိုယ့်ထိုင်ခုံပေါ်မှာကိုယ် ငြိမ်ငြိမ်ကလေးထိုင်ကာ ငိုက်သူကငိုက်နေသည်။ ပြတင်းကနေ အပြင်ကို ငေးသူက ငေးနေသည်။ ယေက်ယက်ခတ်ကာ လမ်းသလားသူက လမ်းသလားနေသည်။ အော်ကြီးဟစ်ကျယ်တွေ ထင်ရာမြင်ရာပြောသူတွေက ပြောနေသည်။ ရထားကြီးကို တယောက်တည်း ဆင်းဆွဲတော့မလို၊ တွန်းတော့မလို ဟန်ရေးပြင်သူက ပြင်ကြသည်။ ဒီအထဲမှာ လူအလစ်တွင် ဆေးလိပ်တိုကလေးကောက်ကာ ခိုးဖွာသူတွေလည်း တွေ့ရနိုင်သည်။ 
အခုလို ထိုးရပ်သွားသည့် တဒင်္ဂလေးကို ရင်ဆိုင်စောင့်ဆိုင်းရင်း လူတစ်ဦးချင်း၏ အတွင်းအပြင်ဥပဓိတွေကို တွေ့လာကြရသည်။ ဒါသည်ပင် ကိုယ်လိုရာသွားသည့်ခရီးတစ်ခုတွင် မတော်တဆမှုတခုကြောင့် ရလိုက်သည့် အပိုလက်ဆောင်ဟု ဆိုချင်ဆိုနိုင်ပါသည်။

တချိန်မှာ သည်ကပ်ရောဂါက တသတ်လုံးစွဲနေမည့် ဒဏ်ရာတစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးသည့် အချိုးအကွေ့တစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ နောက်တခါ ပြန်သင်ကြားခွင့်မရနိုင်သည့် တန်ဘိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ယခုတဒင်္ဂမှာတော့ ကွင်းလယ်ခေါင် စက်ပျက်ပြီး ဒုံးဒုံးချရပ်ထားသည့် မီးရထားတစင်းပေါ်မှာလို စိတ်တွေကို ရှုတ်ထွေးနေစေအုန်းမည်မှာ မလွဲ။ ဆေးလိပ်သမားကတော့ ဆေးလိပ်တိုတခုပဲ သူ့ခေါင်းထဲ ရှိနေမှာတော့ သေချာလှပါသည်။ 

တွဲပေါ်တက်လာသည့်လူတိုင်းကို လက်မှတ်စစ်ထင်ပြီး ကိုယ့်အိတ်ကပ်ထဲကလက်မှတ်ကို ထုတ်ထုတ်ပြီးထောင်ပြနေသူတစ်ဦးလည်း ထိုရထားတွဲထဲတွင်ရှိနေမှာကတော့ နောက်ထပ်သေချာမှုတခုပဲဖြစ်ပါသည်။

No comments: