Monday, April 24, 2023

ပျော်ရွှင်ဖွယ်အမှန်တရား


    ဖြေသိမ့်ချင်တာလား။ လိမ်ညာချင်တာလား။ တကယ့်အမှန်တရားကို ရင်မဆိုင်ရဲတာလား။ ထိုကဲ့သို့သော အချိန်မျိုးတွေမှာ အောက်ပါစကားများကို ပြောလေ့ရှိသည်။ သူလည်း သူ့ဘက်ကကြည့်ရင်း မှန်တာပဲလေ။ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုး၊ သူ့ဘက်ကကြည့်တော့ လက်ဖဝါးမဟုတ်လား စသဖြင့်။

    တကယ်တော့ လက်ဖဝါးလည်း တဝက်ပဲမှန်သည်။ လက်ဖမိုးလည်း တဝက်ပဲမှန်သည်။ တဝက်အမှန်တရားများသာဖြစ်သည်။ လက်ဖမိုးကော၊ လက်ဖဝါးပါ နှစ်ဖက်စလုံးကိုမှ လက်ဟုခေါ်လျှင် ပိုမှန်သည်။ ပြည့်စုံသည်။ ပြည့်စုံသော အမှန်တရားဆိုတာ လက်ဖဝါးကိုမျက်စေ့ရှေ့ တွေ့နေသော်လည်း လက်ဖမိုးကိုပါ အသိအမြင် ဉာဏ်မျက်စိဖြင့် လှမ်းမြင်နိုင်တာမျိုးကို ဆိုလိုသည်။ လက်ဆိုတာ ငါမြင်တာတော့ လက်ဖဝါးပဲဟု ဇွတ်မှိတ်ငြင်းနေလျှင် ပညာမဲ့ရာကျသည်။ အတ္တကြီးရာရောက်သည်။ 

    လှည်းမှာတပ်ဆွဲသည့်မြင်းတွေ၏ မျက်လုံးကို ဘေးကနေ မျက်ကာသားရည်ပြားလေးတွေ တပ်ထားတာမြင်ဘူးကြမည်။ ဘေးဘီဝဲယာကို ကြည့်မရပဲ လမ်း၏ရှေ့တည့််တည့်ကိုသာ မြင်စေလို၍ဖြစ်သည်။ တချို့လူများ၏ ဉာဏ်မျက်စိတွေမှာလည်း သူတို့ဘဝက ကန့်သတ်ထားသည့် မျက်ကာတွေကိုတွေ့ရသည်။ သူတို့မြင်ချင်တာပဲမြင်သည်။ သူတို့အကျိုးစီးပွားနှင့် မကိုက်ညီတာ၊ သူတို့ဘဝကို ထိခိုက်စေတာတွေကို မမြင်နိုင်ကြ။ သူတို့မြင်ချင်တာကိုပဲ သူတို့အတွက် အမှန်တရားဟု လက်ကိုင်ထားကြသည်။

    ဘဝကပုံမှန်မဟုတ်ရင် အတွေးအခေါ်ကလည်း ပုံမှန်မဟုတ်တော့ဘူးဟု  အမေရိကန်စာရေးဆရာကြီး ဟဲမင်းဝေးက သူ့ဝတ္ထုတပုဒ်ထဲတွင် ထည့်ပြောဘူးသည်။ ပုံမှန်မဟုတ်သည့်ခေတ်ကြီးတခုထဲမှာ ကိုယ့်ဘဝလေးကို ပုံမှန်ဖြစ်အောင် ကြိုးစားတည်ဆောက်ရင်း ပုံမမှန်သည့်အတွေးအခေါ်တွေက အသိစိတ်ထဲမှာ ဂျိုးကပ်နေခဲ့ကြသည်။ ခေတ်ကြီးကို ပုံမှန်ဖြစ်အောင် ပြန်တည်ဆောက်သည့်အချိန်မှာတော ၀ါးလုံးခေါင်းထဲက ဆွဲထုတ်ခံလိုက်ရသည့် ပိုးမွှားတွေလို လင်းချင်းကျယ်ပြန်နေသည့် အပြင်လောကကြီးမှာ သူတို့အတွက် နေစရာရှာမတွေ့နိုင်ဖြစ်ကြရရှာသည်။ ထိုအခါ အုံအဖျက်ခံရသည့်ပျားတွေလို နီးရာလူကို လိုက်တုပ်ကြတော့သည်။

    အမှန်တရားဆိုတာ တခုပဲရှိသည်။ နှစ်ခုဖြစ်နေလျှင် အမှန်တရားမဟုတ်တော့။ အမှန်တရားကို ဉာဏ်မျက်စိဖြင့် ရှာရသည်။ အလိုလောဘတွေ၊ ဒေါသအာဃာတတွေ၊ မသိနားမလည်မှုတွေက အမှန်တရားကို ကွယ်ထားတတ်ကြသည်။ တခါတလေမှာတော့ အသိစိတ်နှင့် လက်တွေ့ဘဝ ထိပ်တိုက်တွေ့ကြရတာလည်းရှိသည်။ 

    သေချာတာကတော့ မျက်လုံးစုံမှိတ်ပြီးခေါင်းခါနေလည်း အမှန်တရားကတော့ ပြောင်းသွားမှာမဟုတ်။ သူ့အလုပ်သူလုပ်ပြီး သူလမ်းသူ ရှေ့ဆက်နေမှာပဲဖြစ်သည်။ ကိုယ်သာ ကြာလေ အမှန်နဲ့ဝေးလေ၊ ကျန်ခဲ့လေဖြစ်နေမည်သာ။ အမှန်တရားကို ဆန့်ကျရတာ ဘယ်လောက် ပင်ပမ်းခက်ခဲကြောင်း၊ ရှင်နေရက်နဲ့ သေနေရတဲ့ဘဝမျိုးဟာ စိတ်ပျက်စရာ အထီးကျန် ညည်းငွေ့ဖွယ်ဖြစ်ကြောင်း၊ ပျော်ရွှင်စရာတွေနဲ့ လူ့ဘဝရဲ့ တကယ့်အရသာနဲ့တန်ဘိုးဟာ အမှန်တရားနဲ့ ယှဉ်တွဲနေကြောင်း အသိနောက်မကျကြစေချင်ပါ။ 
    ငါမှန်တယ်ဆိုရင် မှားနေပြီသာမှတ်။

No comments: