လူသည် အလုပ်လုပ်သောသတ္တဝါဖြစ်သည်။ နွားတွေ ဆင်တွေလည်း အလုပ်လုပ်သည်။ ပုရွတ်ဆိတ်တွေ ပျားတွေလည်း အလုပ်လုပ်သည်။ လူက သူတို့ထက်သာသည်မှာ အလုပ်ကရသော အသိဉာဏ်ကို သိမ်းဆည်းသိုမှီးကာ လက်ဆင့်ကမ်းတတ်ခြင်းပင်။ ဒီလိုနှင့် လူ၏အသိပညာက တဖြည်းဖြည်း အဆင့်မြင့်လာသည်။ ထိုအသိပညာဖြင့် လူ့ယဉ်ကျေးမှုကို တည်ဆောက်ခဲ့ကြသည်။ လူ့သမိုင်းကို ဖန်တီးခဲ့ကြသည်။ သို့အတွက် အသိပညာအားလုံးကို အရင်းစစ်လိုက်လျင် လုပ်အားမှ ပေါ်ထွက်လာခြင်းဖြစ်သည်ဟုဆိုနိုင်သည်။
ပညာတတ်ချင်မှတတ်မည်။ ငွေကြေးဓန ရှိချင်မှရှိမည်။ လူမှာ မွေးကတည်းက ရှိလာသည်မှာ လုပ်အားဖြစ်သည်။ လုပ်အားသည် လူ၏ မူလပိုင်ဆိုင်မှုဖြစ်သည်။
သမိုင်းဦးဘုံခေတ်မှာ ဝိုင်းလုပ်ဝိုင်းစားကြသည်။ ကျေးပိုင်ကျွန်ပိုင်ခေတ်မှာ လုပ်အားကြောင့် ကျွန်ပြုခံကြရသည်။ မြေရှင်ပဒေသရာဇ်ခေတ်မှာ လုပ်အားကြောင့်ရသည့် အသီးအပွင့်တွေကို အရှင်သခင်ဆိုသူတွေထံ ဆက်သကြရသည်။ အရင်းရှင်ခေတ်မှာ လုပ်အားကို ရောင်းချအသက်မွေးကြရသည်။ မတန်တဆ ဈေးနှိမ်ခံရသည်။ နည်းအမျိုးမျိုးဖြင့် သွေးစုတ်ခံရသည်။
လုပ်အားမှတပါး ဘာမှမပိုင်ဆိုင်သူများကို အလုပ်သမားဟုခေါ်သည်။ နိုင်ငံရေးအရတော့ ပစ္စည်းမဲ့လူတန်းစားဟု ခေါ်ခဲ့ဘူးသည်။ အလုပ်သမားများ၏ဘဝအခြေအနေကို ကြည့်ခြင်းဖြင့် လူ့အဖွဲ့အစည်းတခု၏ အဆင့်အတန်းကို အကဲဖြတ်နိုင်သည်။ အလုပ်သမားများဘ၀ စုတ်ပြတ်နေလျင်၊ အလုပ်သမားများဘ၀ အလုပ်လက်မဲ့ဖြစ်နေလျင်၊ အလုပ်သမားများဘ၀ အနာဂတ်ပျောက်နေလျင် ထိုနိုင်ငံ၊ ထိုနိုင်ငံရေးစံနစ် ကျဆုံးနေပြီဟု ပြောနိုင်သည်။ ထို့ကြောင့် နိုင်ငံတခုမှာဖြစ်စေ၊ ကမ္ဘာကြီးပေါ်မှာဖြစ်စေ အလုပ်သမားလူတန်းစားသည် အရေးအကြီးဆုံးနှင့် အခြေခံအကျဆုံး အင်အားစုတခုဖြစ်ကြောင်း မငြင်းနိုင်ပေ။
မေလ ၁ ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည်။
အလုပ်သမားတိုင်းတွင် အလုပ်သမားအခွင့်အရေးရှိသည်။ ရသင့်ရထိုက်သော ခံစားခွင့်တွေရှိသည်။ ဘယ်နေရာ ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ဘယ်လူမျိုး ဘယ်နိုင်ငံသားဖြစ်ဖြစ် အားလုံး တန်းတူညီမျှ ရှိရမည်။ အစိုးရတိုင်းက ဒါကို စောင့်ရှောက်ကာကွယ်ပေးရမည်။
အလုပ်သမားတွေကိုယ်တိုင်ကလည်း ကိုယ့်အခွင့်အရေး ကိုယ်သိဖို့လိုသည်။ ကိုယ့်အရေးကြီးမှုနှင့် ကိုယ့်အင်အားကို ကိုယ်တိုင်သိကြဖို့လိုသည်။
ခေတ်တိုင်းတွင် အလုပ်သမားသည် ပုံစံအမျိုးမျိုးဖြင့် သွေးစုတ်ခံခဲ့ကြရသည်။ ဖိနှိပ်ခံခဲ့ကြရသည်။ နင်းပြားဖြစ်ခဲ့သည်။ အလွဲသုံးစားလုပ်ခံခဲ့ရသည်။ ကိုယ့်ကိုယ်ကိုယ် အားမကိုးကြလျင် ထိုသို့ပင် အခြယ်လှယ်ခံနေကြရအုန်းမည်။ အလိမ်ခံနေကြရအုန်းမည်။
ဘယ်ကယ်တင်ရှင်ကိုမှ မမျှော်ကိုးပဲ ကိုယ်တိုင်ရုန်းကန်ကြခြင်း၊ စည်းရုံးဦးဆောင်ကြခြင်းနှင့် သွေးစည်းရပ်တည်ကြခြင်းသည်သာ ကိုယ့်ဘ၀ ကိုယ်ကယ်တင်နိုင်မည်။ စောင့်ရှောက်နိုင်မည်။ လုံခြုံချမ်းမြေ့စေနိုင်မည်ဖြစ်ကြောင်း မိမိကိုယ်မိမိ ယုံကြည်မှုပြည့်ဝကြစေဖို့ မေဒေးနေ့ စကားလက်ဆောင်ပါးလိုက်ရပါသည်။
အလုပ်သမားထုသည်သာ ကမ္ဘာကြီး၏ ဖန်တီးရှင်အစစ်ဖြစ်ပေသည်။
ရောင်ခြည်ဦးအလုပ်သမားရေးရာဂျာနယ်
အတွဲ ၄၊ အမှတ် ၃
