Tuesday, August 26, 2008

တခါက စင်တင်ခဲ့ဘူးတဲ့ ပြဇာတ်တပုဒ်

နှင်းခါးမိုး


ငိုချပစ်လိုက်တယ်
မိုးတွေရွာချလိုက်တယ်။

စကားလုံးတွေ
မျက်ရည်တွေ
ရှိုက်ရှိုက်တက်လာသံတွေ။

စိတ်ထဲမှာရှိတာတွေ
ရင်ထဲမှာရှိတာတွေ
ကုန်သွားတဲ့အထိ..။

ကမ္ဘာကြီးကိုဘုရားသခင်က
ရေနဲ့မီးနဲ့ ဆေးကြောပစ်ခဲ့ဘူးတယ်မဟုတ်လား။

ဘ၀ကိုအသစ်တခုလဲလိုက်သလို
မုန်တိုင်းပြီးဆုံးသွားသလို
ရုပ်ရှင်ရုံတရုံထဲကထွက်လာသလို
အ၀တ်အစားတွေဘာတွေတောင်ဆွဲဆန့်လိုက်သေး
ပြီးတော့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့တဲ့လူတယောက်ကို
အားရပါးရပြုံးပြလိုက်တယ်။

နှလုံးသားဆိုသည်
ဘူတာရုံတခုမျှသာ။ ။

( ကြာပါပြီ။ စာအုပ်ကြားက ပြန်တွေ့လို့ တင်လိုက်တာ။
နုစဉ်တုန်းက ဆိုပါတော့။ အဟတ် )

Saturday, August 23, 2008

မနက်စာ

နှင်းခါးမိုး

မနက်ခင်းက
မင်းပါးပြင်ပေါ်မှာ
မင်းဆံစတွေပေါ်မှာ
ဝါ၀င်းတဲ့နဖူးပြင်ပေါ်မှာ
မင်းရဲ့ရွှေလည်တိုင်ပေါ်မှာ။

မနက်ခင်းကို
ငါငေးနေမိတယ်
မင်းဟာ
ငါ့ရဲ့မနက်ခင်းလေးပါကွယ်
ငါဒီလိုပြောခဲ့ဘူးတယ်မဟုတ်လား။

မနက်ခင်းမှာ
နုပျိုတဲ့နေရောင်ပါတယ်
သန့်ရှင်းတဲ့လေပြည်ပါတယ်
အတွေးသစ်အမြင်သစ်
ဗီတာမင်သစ်တွေပါတယ်
မြင်သူကိုကြည်နူးစေတဲ့
စိတ်ကူးရွရွလေးတွေပါတယ်
မနက်ခင်းဟာ
ကော်ဖီပူပူလေးတခွက်ဆိုလည်း မမှားဘူး။

မနက်ခင်းဟာ
နေ့တိုင်းအသစ်ပြန်မွေးဖွားတယ်
မနက်ခင်းဟာ
ကိုယ်တို့အိမ်ခန်းထဲကို
မီးဖိုချောင်ဘက်က၀င်လာပြီး
ဝရန်တာလေးပေါ်ကပြန်ထွက်သွားတယ်
အိပ်ယာကနိုးတဲ့အခါ
မနက်ခင်းဟာ
ကော်ဖီစားပွဲပေါ်မှာစောင့်နေတယ်
သတင်းစာတစောင်နဲ့
ကော်ဖီတခွက်နဲ့
ထမင်းကြော်တပန်းကန်နဲ့
အိပ်ပုတ်ကြီးတဲ့သားကလေးနဲ့
အသံစာစာသမီးကလေးနဲ့
မျက်နှာသစ်ပြီးစ
အိမ်ရှင်မရဲ့အပြုံးနဲ့။

အိမ်ကလေးကတော့
မနက်ခင်းလိုမဟုတ်ဘူး
နေ့တိုင်းအသစ်ပြန်မမွေးဖွားနိုင်ဘူး
ဥတုရာသီထဲ
နံရံတွေရေနံမ၀ခဲ့
ပျဉ်ပြားကြမ်းတွေကျိုးပေါက်ခဲ့
အိမ်တိုင်တချို့ယိုင်ခဲ့၊
အခုတော့
သားကိုလည်း
နှိုးမယ့်သူရှိခဲ့ပြီ
ကိုယ်ပိုင်မနက်ခင်းတခုနဲ့
သမီးကလည်း သူ့တေးသူသီတတ်ခဲ့ပြီ
အိမ်ရှင်မရဲ့ပါးကွက်ကြားအောက်မှာလည်း
ပက်ကြားအက်ကလေးတွေထင်ခဲ့ပြီ
ကော်ဖီတခွက်ကလည်း
သကြားနဲ့နို့ဆီနည်းခဲ့ပြီ။

စားပွဲအိုလေးပေါ်မှာ
ငါ့ရဲ့မနက်ခင်းကို ငါငေးတယ်
အချိန်ကာလက
အိမ်ရှေ့ကပိတောက်ပင်ကြီးကိုခုတ်လှဲပစ်ခဲ့
ဒါပေမယ့် မင်းကလှတုန်းပါပဲကွယ်
လွတ်နေတဲ့ထိုင်ခုံပေါ်မှာ
ဓါတ်ဘူးဟောင်းလေးပေါ်မှာ
ဘုရားရှိခိုးစာအုပ်ပေါ်မှာ
ရေဒီယိုတလုံးပေါ်မှာ
မနက်ခင်းကိုငါငေးတယ်
ဒီအိမ်ထဲကဘယ်အရာဖြစ်ဖြစ်
လက်သည်းညှပ်လေးတခုကအစ
ငါကတွယ်ငြိမိသူ
ပြတင်းဘောင်ပေါ်မှာ
နေစာလှုံနေတဲ့ကြောင်လေးရောပေါ့
မနက်ခင်းကလှတုန်းပဲ
ငါ့ရဲ့အိမ်ရှင်မကိုငါငေးတယ်။

ဝရန်တာမှာ
စာလေးတွေကိုအစာကျွေးရင်း
တံစက်မြိတ်ကငှက်အိမ်ကလေး
မင်းကြည့်မောနေတဲ့အခါ
မနက်ခင်းမှာ
ဘယ်တော့မှအငွေ့မပြယ်မယ့်
ကော်ဖီပူပူတခွက်ကိုငါတွေ့တယ်။

မနက်ခင်းက
တငြိမ့်ငြိမ့် ငါ့ရဲ့မြစ်ရေစီးပေါ်မှာ။ ။

Sunday, August 10, 2008

စကားလက်ဆောင်

လူ့ဘ၀ရဲ့
ညအသင်္ချေမှာ
အိပ်မက်နှောက်ယှက်မှုကင်းတဲ့
အိပ်စက်ခြင်းဆိုတာ
ဘယ်ခါကမှ မရှိခဲ့ပါ။

သေခြင်းရဲ့အဆုံးစွန်
တမလွန်ရှိသည်ဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အလင်းရောင်သစ္စာရှာတဲ့
ကဗျာဆရာဟိုးမားတို့နှင့်
သွားရောက်တွေ့ဆုံဆွေးနွေးခြင်းပင်၊

သေခြင်းရဲ့အဆုံးစွန်
တမလွန်မရှိဘူးဆိုလျင်
ငါ့ရဲ့သေဆုံးခြင်းဟာ
အိပ်မက် အနှောက်အယှက်ကင်းတဲ့
အိပ်စက်ခြင်းပင်။

သေရမှာကို
ငါဘယ်လိုမှ မကြောက်တကား၊

ငါကြောက်တာက
ကိုယ်ယုံကြည်တာကို အချိုးဖျက်ခံပြီး
ပြောရေးဆိုခွင့်မဲ့စွာအသက်ရှင်နေရမယ့်
သီလကြောင်ဒီလောကရဲ့
နေ့ လ ရက်များ။ ။

အောင်ချိမ့်

တနေ့က သူငယ်ချင်းတယောက်နဲ့ အိပ်မက်အကြောင်း စကားစပ်မိရာကနေ ဒီကဗျာလေးကို သွားသတိရမိပါတယ်။ မြန်မာမော်ဒန်ခေတ်ဦးက ၁၉၇၀ နှောင်းပိုင်း မိုးဝေစာပေမဂ္ဂဇင်းမှာ ဖတ်ခဲ့ဘူးတဲ့ ကဗျာလေးပါ။ ကဗျာတွေကို အလွတ်ရလေ့မရှိတဲ့ ကျနော်ဟာ ဒီကဗျာကိုတော့ စိတ်ထဲ စွဲမြဲနေခဲ့ပါတယ်။ ကျနော့်ရဲ့ အလုပ်လမ်းညွုန်ကဗျာလို့ဆိုလည်း မမှားပါဘူး။

Friday, August 8, 2008

မောင်တို့ရွာ သာပါစမေး

အသက်ရှင်နေတဲ့ လူတွေရဲ့ မျက်နှာအသေတွေကို သင်တို့ မြင်ဘူးပါသလား။
ကျနော့်ကွန်ပြူတာမှာ မုန်တိုင်းတုန်းက တန်းစီနေတဲ့ ဒုက္ခသည်တစုကို ရိုက်ထားတဲ့ ဓါတ်ပုံတပုံကို အွန်လိုင်းပေါ်မှာ တွေ့ရာက သတိထားမိပြီး စက်ပေါ်ဆွဲချ မျက်နှာဖုံးအဖြစ် တင်ထားလိုက်တာ ဒီနေ့အထိပါပဲ။ ကွန်ပြူတာ ဖွင့်လိုက်တာနဲ့ သူတို့တစု မျက်နှာတွေကို တန်းတွေ့ရတာပါ။ အစားအသောက်၊ ပစ္စည်း ပစ္စယ ဝေတဲ့နေရာမှာ တန်းစီနေပေမယ့် သူတို့မျက်နှာတွေပေါ်မှာ လိုချင်မှု၊ မျှော်လင့်ချက် စတာတွေ မတွေ့ရသလို မုန်တိုင်းရဲ့ ဒုက္ခတွေ ဖိစီးထားပေမယ့်လည်း သောကတွေ၊ ကြေကွဲမှုတွေ၊ တခုခုအပေါ် ဒေါသ၊ အလိုမကျမှု စတာတွေလည်း မတွေ့ရပါဘူး။ ပြောရရင် ဘာခံစားချက်မှ ဖွင့်ဆိုကြည့်လို့ မရနိုင်တဲ့ တကယ့် မျက်နှာအသေတွေပါ။ တခါတခါ ကျနော်လည်း သူတို့မျက်နှာတွေကို စေ့စေ့ထိုင်ကြည့်ရင်း ဘာကိုမှ မတွေးမိ၊ မခံစားမိတော့ပဲ ငူငူကြီး ဖြစ်ဖြစ်သွားမိပါတယ်။ စာစကားနဲ့ပြောရရင် တကယ်တော့ အဲဒီနေရာမှာ လူသားရဲ့ ဖြစ်တည်မှုဟာ ပျောက်ဆုံးသွားတော့တာပါပဲ။

အခု ရှစ်လေးလုံး နီးလာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကို ပြန်တွေးကြည့်ရာက မှတ်မှတ်ရရ ဖြစ်ခဲ့တာလေးတွေထဲက ပြုံးပျော် အော်ဟစ်နေခဲ့ဘူးတဲ့ ကျနော်တို့ ပြည်သူတွေကို သတိရလိုက်မိတယ်။ မြန်မာ့သမိုင်းမှာ လူထုတရပ်လုံးကို အဲဒီတုန်းကလို ပျော်ရွှင်စေခဲ့ဘူးတဲ့ အဖြစ်အပျက်တွေ သိပ်များများ ရှိခဲ့မှာ မဟုတ်တာတော့ သေချာပါတယ်။ လွတ်လပ်ရေးရတုန်းက ဘယ်လောက် ပျော်ခဲ့ကြဘူးသလဲ ကျနော် မမီတော့ သေချာ မသိဘူးပေါ့။ ကျနော် သေသေချာချာ သိတာက ၁၃၅၀ ပြည့် လူထုအရေးတော်ပုံကြီးလို့ ဆိုရမယ့် ရှစ်လေးလုံး ကာလတုန်းက မြန်မာပြည်သူတွေ တကယ်ပျော်ခဲ့ဘူးတဲ့ အဖြစ်တွေပါ။

ပျော်ခဲ့ကြတဲ့ ရက်ကြီး ၃ ရက် ဆိုပါတော့။
ပထမ တရက်က ရှစ်လေးလုံးနေ့ကပါ။ မိုးလင်းထဲက တကယ်မှ ဖြစ်လာပါ့မလား၊ ဖြစ်လာရင်လည်း အပစ်အခတ်တွေနဲ့ သေကြရအုန်းမလား၊ တတိုင်း တပြည်လုံးမှ ပါပါ့မလား စသဖြင့် ပူပန်နေရာက၊ မနက်ခင်း တခုလုံး ငြိမ်သက်၊ နေ့ခင်း ထမင်းစားချိန်နီးမှ ဟိုတကွက် ဒီတကွက် ထဖြစ်ရကာနေ နေ့လည်ခင်းလည်း ကျော်ရော လမ်းမတွေပေါ် စစ်ကြောင်းကြီးတွေ အုန်းအုန်းကျတ်ကျတ် ဖြစ်လာတော့ အဲဒီတညလုံး ပျော်လိုက်ကြတာ။ ဘယ်သူမှ အိမ်ထဲမှာ မနေနိုင်ကြဘူး။ လမ်းတွေပေါ်မှာ တရုန်းရုန်း။ ခေတ်ကြီး ခုပဲ ပြောင်းသွားသလို ပျော်နေခဲ့ကြတာပါ။ ( အိမ်တံခါး အလုံပိတ်ပြီး စိုးရိမ် ကြောက်ရွံနေခဲ့တဲ့ သူတွေလည်း ရှိချင် ရှိခဲ့မှာပါ )

ဒုတိယ တရက်ကတော့ သမတကြီး ဦးစိန်လွင် နှုတ်ထွက်သွားပြီဆိုတဲ့ နေ့ကပါ။
၉ ရက်နေ့စလို့ ပစ်သံခတ်သံတွေ ဆူညံခဲ့။ သေကြ၊ ပျောက်ကြ၊ သောက ဒေါသတွေဖြစ်ကြရနဲ့။ လူငယ်ကျောင်းသားတွေလည်း မြေအောက် လျိုးသူလျိုး၊ နယ်မြို့တွေဘက် ဆင်းသူဆင်းနဲ့ အခြေအနေက တင်းမာ အေးစက်နေကြချိန်။ ဆေးရုံကြီး အရေးပေါ်ဌာနကို သပိတ်စခန်းလို အခြေပြုထားရချိန်မှာ ဆန်တပြည် ၂ ကျပ်ခွဲ စိန်လွင်ခေါင်းကိုခွဲ၊ စိန်လွင် ၆ တန်း တစောက်ကန်း စတဲ့ ကြွေးကျော်သံတွေနဲ့ မဆလ သက်တမ်းတလျောက် ပစ်ခဲ့ခတ်ခဲ့သမျှ ဒီကောင် ကြီးပဲလို့ အားလုံးက မေတ္တာထားကြနေကြတဲ့ ဦးစိန်လွင် နှုတ်ထွက်ကြောင်း ည ၈ နာရီ သတင်းမှာ ကြေငြာသံလည်း ကြားလိုက်ရော လူတွေ ကိုယ့်အိမ်ထဲကကိုယ် တပြိုင်တည်း ဟေးကနဲ ထအော်လိုက်ကြတာ တော်လည်းသံကြီး ကြားလိုက်ရသလိုပါပဲ။ ပျော်လိုက်ကြတာ။ ဒီမကောင်းဆိုးဝါးကြီး မရှိတော့ရင်တော့ အခြေအနေတွေ ပြန်ကောင်းလာတော့မယ်လို့လည်း မျှော်လင့်ခဲ့ကြတာကိုး။

ဒါပေမယ့် ထင်သလို ချက်ချင်းဖြစ်မလာပါဘူး။ လမ်းတွေပေါ်မှာ အတားအဆီးတွေ စစ်ကားတွေ စစ်သားတွေ ဆက်ရှိနေဆဲပါ။ လူတွေက လမ်းတွေပေါ်မှာ ဟိုလျောက်ဒီလျောက်ရင်း ခပ်လှမ်းလှမ်းကနေ မိုက်ကြည့်ကြည့်ကြ၊ မနှစ်မြို့ဟန် လုပ်ပြကြပေါ့။ ဒီကြားထဲ ဆေးရုံကြီးက ဒဏ်ရာရ လူနာတွေအတွက် အရေးပေါ် သွေးလိုလို့ သွေးလှုဖို့ ရောက်လာတဲ့ လူအုပ်ကို ဆေးရုံဝင်းအပြင် ကားလမ်းပေါ်ကနေ လှမ်းပစ်သွားလို့ တံခါးပေါက်နားမှာ ကျဆုံးသူတွေအတွက် လွမ်းသူပန်းခွေချစရာ နေရာလေးတခု ဖြစ်လာရပြန်တယ်။ လူတွေကလည်း ဟိုဘက်ကလှည့် ဒီဘက်ကလှည့် အားစမ်းနေချိန်၊ စစ်အုပ်ချုပ်ရေးကလည်း ပစ်ဖို့ ခတ်ဖို့ အဆင်သင့်ပုံနဲ့ပါ။ အဲလိုဖြစ်နေချိန်မှာ သြဂုတ် ၂၁ ထင်ပါတယ်။ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာချက် နေ့ခင်းဘက်ကြီး ကြားလိုက် ကြရပါတယ်။ လူတွဟာ ရုတ်တရက်ပျော်ပြီး လမ်းပေါ်က စစ်သားတွေကို မုန့်တွေကြွေးကြ၊ ပန်းတွေပေးကြ၊ လက်ဆွဲကြနဲ့။ စစ်သားတွေလည်း အခုမှ အလုံးကြီးတခု ကျသွားသလို၊ လန့်နိုးသလို ဖြစ်ကြ။ အဲဒီမြင်ကွင်းကို အခုပြန်တွေးရင် အခုပြန်မြင်နေတုန်းပါပဲ။ အဲဒီနေ့က ရခဲ့တဲ့ စစ်တပ်နဲ့ပြည်သူကြား ချစ်ကြည်ရေး စိတ်ဓါတ်ဟာ အာဏာရှင်တွေရဲ့ ကျိန်စာကြောင့် ဒီနေ့ ဒီအခြေဆိုက်ခဲ့ကြရတာ မြန်မာ့သမိုင်းရဲ့ ကံဆိုးမှုလို့ ဆိုရပါတော့မယ်။

အခုတော့ ကျနော်တို့ပြည်သူတွေ မပျော်ခဲ့ကြရတာ အနှစ် ၂၀ ရှိပါပြီ။ အပေါ်က ပြောခဲ့သလို ပျော်ရမယ့် ရက်တရက်ကို ကျနော်တို့ နောက် ဘယ်နှစ်နှစ် စောင့်ကြရအုန်းမလဲ။ ကွန်ပြူတာပေါ်က မျက်နှာအသေတွေကို ကြည့်ရင်း မေးခွန်းထဲမှာ ကျနော် ပစ်လှဲချလိုက်မိပါတယ်။

Wednesday, August 6, 2008

တိမ်ကိုငေးမော

နှင်းခါးမိုး

လွတ်လပ်တယ်၊ ပေါ့ပါးတယ်
ဖြူစင်တယ်၊ မြင့်မားတယ်၊ သန့်ရှင်းတယ်
အသွင်အမျိုးမျိုး.. အဆင်အမျိုးမျိုး.. ဘယ်တော့မှမရိုးဘူး
ကိုယ့်စိတ်ကူးနဲ့ကိုယ် လိုရာပုံဖော်နိုင်သေး..၊

တခါတလေ ညို
ပြိုချင်ပြိုချလိုက်
ငါ့စိတ်တွေစိုစိုရွှဲပါစေတော့ကွယ်။ ။