Thursday, January 1, 2009

လှပသောသုည


နှစ်သစ်တခုသို့ ရောက်ပြီ။
တနှစ်ကုန်ဆုံးသွားပြန်ချေပြီ။
နှစ်ဟောင်းကို နှုတ်ဆက်ခွဲခွာရင်း တပြိုင်တည်းမှာ နှစ်သစ်ကို ကြိုဆိုနှုတ်ဆက်ကြသည်။
နှစ်ဟောင်းနှင့်အတူ ဆုံးရှုံးမှုတွေ၊ ကြေကွဲမှုတွေ၊ နာကျင်မှုတွေ၊ ဒုက္ခတွေ ပါသွားစေချင်သည်။
နှစ်သစ်နှင့်အတူ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ပျော်ရွှင်ကြည်နူးမှုတွေ၊ အောင်မြင်မှုတွေ၊ ချိုမြိန်မှုတွေ ပါလာစေချင်သည်။
ဘာပဲဖြစ်ဖြစ် အချိန်တန်တော့လည်း တနှစ်ကုန်ဆုံးသွားပြန်ပေအုန်းမည်။ နောက်ထပ်နှစ်သစ်တခုကို ဒီလိုပဲ အော်ဟစ်ကြိုဆိုကြရပေအုန်းမည်။ ဒီလိုနှင့် နှစ်ပေါင်းများစွာ။ ဘ၀တွေ၊ ခေတ်တွေ။
လူသည် မှတ်တတ်သားတတ်သောသတ္တ၀ါဖြစ်သည်။ ဂဏန်းသင်္ချာကို တီထွင်ခဲ့သည်။ အချိန်နာရီနှင့် ပြက္ခဒိန်ကို တီထွင်ခဲ့သည်။ လူတယောက်ရဲ့သက်တမ်း၊ ခေတ်တခေတ်ရဲ့သက်တမ်း၊ သမိုင်းတခုရဲ့သက်တမ်း၊ သက်တမ်းကို မှတ်တမ်းပြုခဲ့ကြသည်။ အချက်အလက်တွေ၊ အဖြစ်အပျက်တွေ၊ ရှုမြင်တွေးခေါ်ပုံတွေ၊ ခံစားချက်တွေ။ ထိုအထဲမှ အကောင်းအဆိုးများ၊ တိုးတက်မှုဆုတ်ယုတ်မှုများ၊ အလင်းအမှောင်များသည် လောကီထုပ္ပါတ် လူတို့ဇာတ်ဖြစ်ခဲ့သည်။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းသည်။ စိတ်လှုပ်ရှားဖို့ကောင်းသည်။ ခမ်းနားသည်။

အဟောင်းကို အသစ်ဖြင့် အစားထိုးလိုက်သည်။ လောလောဆယ်တော့ အသစ်သည် ကိုယ့်လက်ထဲမှာဖြစ်သည်။ ဘာတွေပြုလုပ်ကြမလဲ။ ဘာတွေဖန်တီးကြမလဲ။ ဘယ်လိုဖြတ်သန်းကြမလဲ။ အခွင့်အရေးတွေ အသစ်တခါပြန်ရခြင်းပင်။
သို့သော် လက်တွေ့မှာတော့ အဟောင်းသည် အပြီးအပိုင် ထွက်မသွားခဲ့သေး။ အသစ်အပေါ် အရိမ်မိုးဖို့ ကြိုးစားဆဲပင်။ ဒီတော့ အဟောင်းထဲက ရုန်းထွက်ဖို့ အားထုတ်ကြရသည်။ အဟောင်းနှင့်အသစ်သည် ပြက္ခဒိန်ထဲကနေ့စွဲတွေလို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားမဟုတ်။ အဟောင်းနှင့်အသစ်အပြောင်းအလဲသည် ၀ိုင်ခွက်ချင်း နှုတ်ခမ်းတိုက်လိုက်ရုံ၊ မီးပန်းတွေ မိုးပေါ်မှာဖြာအကျ ၀ိုင်းအော်လိုက်ကြရုံ၊ တဦးနှင့်တဦး ဆုမွန်ကောင်းတွေ ပေးပို့လိုက်ရုံဖြင့် လွယ်လွယ်ကူကူပြီးဆုံးမသွားခဲ့ပေ။ တကယ်က အားလုံး သိသိကြီးနှင့် မေ့ချင်ယောင်ဆောင်ထားကြသည့် တိုက်ပွဲကလေးတခု။

ဘာပဲဖြစ်ဖြစ် ဒီတညလေးလောက်တော့ ပျော်ရွှင်ခွင့်ရှိသင့်ပါသည်။
လူ့ဘ၀၊ လူ့လောက၊ လူ့ကမ္ဘာကြီးထဲ လူသား၏ဖြစ်တည်မှုကို ဒီလိုညလေးများက သက်တောင့်သက်သာ ရှိစေခဲ့တာပဲမဟုတ်လား။
သုညနာရီ၊ သုညမိနစ်၊ သုညစက္ကန့်။
ထိုတဒင်္ဂလေးသည် သန့်ရှင်းလှပလွန်းပေစွ။

အပေါ်မှာ သုံးထားတဲ့ပုံလေးက သိပ်ကြိုက်လွန်းလို့ ပန်ဒိုရာ့ဆီက လုယူလာခဲ့တာပါ။

Monday, December 15, 2008

အမည်တွေများတဲ့အကြောင်း

ပန်းချီထိန်လင်း

ကင်းခြေများတွေက ခြေများမှများစေတော့ သူကကင်းခြေများ။

အမည်များသူများမှာကား အမည်တွေအများကြီးနဲ့ ကားယားကားယား
တွားသွားနေရသလို၊ တွားသွားနေရသလို၊ တွားသွားနေရလို့။

ဟိုကွေ့ဟိုတက်နဲ့၊ ဒီကွေ့ဒီတက်နဲ့
ကွေ့တွေများသလောက်၊ တက်တွေလည်းများသလောက်လောက်
နာမည်တွေလည်း မှိုလိုပေါက်၊ မြွေလိုပေါက်၊ ရွာရိုးကိုးပေါက်။

အိမ်မှာနေတော့တခု၊ ဧည့်စာရင်းတိုင်တော့တခု
မဂ္ဂဇင်းစာမျက်နှာမှာတခု၊ အင်တာနက်စာမျက်နှာမှာတခု၊
ဒီလောက်များတဲ့အထဲကနေမှ တကယ်ခေါ်ရတော့
ဧည့်သည်ကြီးတဲ့၊ အုပ်ကြီးတဲ့၊ ကတုံးကြီးတဲ့၊ သပြေညိုကြီးတဲ့၊
စောင့်ရတယ်၊ မီးစောင့်ရသလို၊ ရေစောင့်ရသလို
ဖုတ်သွင်းရထားစောင့်သလိုစောင့်နေတာ ဘာကိုပါလိမ့်၊
စောင့်နေတာကိုပါ စောင့်နေရတာ
လှသန်းကို လှသန်းလို့ခေါ်ခွင့်ရဖို့
ဘဂျမ်းကို ဘဂျမ်းလို့ခေါ်ခွင့်ရဖို့
စောင့်၊ စောင့်၊ စောင့်ရင်းစောင့်ရင်း၊
ရေပေါ်မှာ ကိုယ့်အမည်ကိုယ်
ရေးကြည့်နေမိတယ်
ရေကြည့်နေမိတယ်။ ။


Friday, December 12, 2008

အရိုးစု


ကျနော့်အရိုးတွေကို ကျနော်ကျေးဇူးတင်တယ်
သူတို့ကအခုထိ ကျနော့်အပေါ်ကောင်းတုန်းပဲ
ကျနော့်ခါးက အခုထိမတ်တုန်းပဲ
ကျနော့်ခြေထောက်တွေက အခုထိအမြင့်ကိုတက်တုန်းပဲ
ကျနော့်လက်ဖျံတွေက အခုထိမြန်ဆန်သွက်လက်တုန်းပဲ
ကျနော့်စိတ်သွားရာနောက်ကို သူကလိုက်တုန်းပဲ။

ကျနော့်အရိုးတွေက ဘယ်တုန်းကမှ မပျော့ခဲ့ဘူး
ခုလည်း မပျော့သေးဘူး
ကျနော်သတိလက်လွတ်ဖြစ်လို့
ကျနော်ကံမကောင်းလို့
ကျိုးတုန်းကကျိုးခဲ့ဘူး
ပြီးတော့ပြန်ကောင်းတာပဲ။

နှစ်ပေါင်းရာထောင် အရိုးတွေ ပြန်တူးဖော်တော့
အရိုးတွေက လူတယောက်ရဲ့ပုံပန်းကိုပြောပြသတဲ့
အရိုးတွေက လူတယောက်ရဲ့ဘဝကိုပြောပြသတဲ့
သူတို့သန်မာခဲ့တာ
သူတို့ချည့်နဲ့ခဲ့တာ
သူုတို့ပျော်ရွှင်ခဲ့တာ
သူတို့ကြေကွဲခဲ့တာ
သူတို့ငြိမ်းချမ်းခဲ့တာ
သူတို့တိုက်ပွဲဝင်ခဲ့တာ...
အရိုးတွေက မလိမ်ဘူး။

အရိုးသားဆုံးနှလုံးသားများ၏အစုအဝေးကို
အရိုးစုဟုခေါ်ပါသည် (နွေလယ်နေ)
အရိုးစု ဆိုတဲ့ကဗျာစာအုပ်ကလေး
တခါကကျနော်တို့တည်ဆောက်ခဲ့ဘူးတယ်
နံရိုးတူသူချင်း။

မေးစေ့နှစ်ထပ်နဲ့ မေးရိုးမရှိတဲ့ကောင်
အဆီတထပ်အသားတထပ်နဲ့ ကျောရိုးမပါတဲ့ကောင်
အဲဒီကောင်ကို ကျနော်မုန်းတယ်
လေးတွဲ့ထိုင်းမှိုင်းစွာရပ်လို့
ကျနော့်ရှေ့ကမှန်ထဲမှာ..
သူ့အရိုးတွေကနေ သူထွက်ပြေးနေတဲ့ကောင်။

အရိုးအရင်း
အသားလိုလို့အရိုးတောင်း
အရိုးပေါ်အရေတင်
အရိုးကွဲမှအသဲစွဲ
အရိုးထိအောင်နာ
ဘာပဲဖြစ်ဖြစ်
အောက်ဆုံးကအရိုးတွေကိုတော့
မမေ့ကြပါနဲ့။

ကမ္ဘောဒီးယားကအရိုးတွေ
ရဝမ်ဒါကအရိုးတွေ
ဘောစနီးယားကအရိုးတွေ
ဟိုနေရာ ဒီနေရာမှာ
မတူးရသေးတဲ့အရိုးတွေ
လူမသိသူမသိအရိုးတွေ..။

ကိုယ့်ခြေထောက်အောက်ကိုယ်ပြန်ငုံ့ကြည့်လိုက်တယ်
ကျနော်ဘယ်သူ့အရိုးပေါ်ရပ်နေမိသလဲလို့။

မင်းဟာငါ့ရဲ့နံရိုးတချောင်းပါပဲကွယ်လို့
ဘယ်သူ့ကိုမှမပြောဖြစ်ခဲ့ဘူး
ကျနော့်အရိုးတွေကို ကျနော်ချစ်တယ်။ ။

Monday, December 8, 2008

ပင်လယ်ဓါးပြ


အဆုံးမရှိတဲ့ပင်လယ်မှာ
သားကောင်နောက်ကိုလိုက်သူ
အပြောကျယ်တဲ့ပင်လယ်မှာ
ရတနာကျွန်းကိုရှာသူ
မြေပုံထဲမှာမပါတဲ့ကျွန်းကလေးတွေမှာ
တခါတလေပုန်းခိုတတ်သူ။

စိတ်ကြိုက်ကမ်းခြေတခုမှာ
တနေ့ကျရင်မြို့ကြီးတမြို့တည်အုန်းမတဲ့၊
ကမ္ဘာကြီးကိုလုယက်ဖို့ဆိုတာ
သိန်းငှက်တကောင်နဲ့
သစ်သားခြေထောက်တဖက်ပဲလိုသတဲ့။

ကောင်မလေးရေ
နောက်ဆုံးကျန်တဲ့မျက်လုံးတဖက်လို
ငါ မင်းကိုချစ်ခဲ့ပါတယ်။ ။

Thursday, November 13, 2008

လပြည့်ည



ဒီညမှာ ငါ့လရောင်က မှန်တံခါးက ဝင်တယ်
ဒီညမှာ မင်းလရောင်က သံတိုင်ကြားက ဝင်တယ်
တနေ့ကျရင် မင်းနဲ့ငါ လရောင်အောက်မှာ အတူလမ်းလျှောက်ကြအုန်းမယ်။
အုတ်နံရံပေါ်မှာ မင်းရေးခဲ့တဲ့ကဗျာ
အဲဒီညမှာ ငါပြန်ရွတ်ပြချင်ပါတယ်။ ။