Tuesday, May 12, 2009

ပန်းစိုက်တဲ့မိုးရေစက်



သူများလို
စကားလုံးကြီးတွေ
ထူထူထဲထဲ မြည်သံစွဲကြီးတွေမပါ
“ကိုယ့်အသက်ကလေးကိုယ် ကြံဖန်မွေးရအောင်လို့
ရောက်လာတာပါ”တဲ့။

ရောက်တော့လည်း ရောက်သလို
မြင်တော့လည်းမြင်သလို
ကြည်ကြည်လင်လင် သူစီးဆင်းခဲ့တယ်၊

ခုတော့ ခမျာ
ခြေတလှမ်းနောက်ကျခဲ့ရ။
ပူပူပန်ပန်ဆုပ်ကိုင်ထားရက်က
အမှတ်တမဲ့ လွတ်ထွက်သွားခဲ့ပေါ့
သူ့အသက် သူ့လက်ထဲက။

မမြင်ရတဲ့တန်းစီဇယားထဲ
ငါ့ရှေ့က ငါ့သူငယ်ချင်းများ
ငါတို့ရှေ့က ငါတို့သူငယ်ချင်းများ
ခင်မင်မှုကို
စကားလုံးတွေနဲ့ဖူးပွင့်မပြခဲ့ပါ
ရှင်သန်မှုကိုလည်း
ခွက်ရေနဲ့ မတွက်စေခဲ့ပါ။

ဒီလိုတွေးကြည့်တယ်
ဘေဘီလုံဥယျာဉ်ကို
တရက်တည်းနဲ့ပြီးစီးခဲ့တာမဟုတ်သလို
တယောက်တည်းနဲ့တည်ဆောက်ခဲ့တာမဟုတ်။

ဥယျာဉ်တံခါးဖွင့်ရင်တော့
အားလုံးကို ဝင်ခွင့်ပြုပေလိမ့်။

ထိုအခါ
ကိုယ်နှစ်သက်ရာသစ်ရိပ်၌
နားခိုနိုင်ကြစေ။
မိုးရွာပြီးစမြက်ခင်းပြင်ပေါ်
ကိုယ့်အသက်ကလေးနှင့်ကိုယ်
နေစာလှုံဆော့ကစားနိုင်ကြစေ။ ။

ဒီကဗျာက လွန်ခဲ့တဲ့လေးနှစ်ကျော်လောက် ပုသိမ်က ကျောင်းဆရာလို့ ချစ်တဲ့သူတွေကခေါ်ကြတဲ့ ကိုအောင်မျိုးထွေး မထင်မှတ်ပဲ ဆုံးသွားတုန်းက၊ ပေါင်းသင်းခင်မင်ခဲ့ရတဲ့ ကာလတိုတောင်းပေမယ့် ရင်ထဲအမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ သူရဲ့ တည်ငြိမ်အေးဆေးတဲ့ ဘဝနေဟန်ပုံစံနဲ့ စိတ်ဓါတ်ကို ကြေကွဲလွမ်းဆွတ်မိရာက ရေးဖြစ်ခဲ့တာပါ။ ဒီတုန်းက ခေတ်ပြိုင်မှာ ဖေါ်ပြခဲ့ဘူးပါတယ်။
ခု ဘလော့ဂါသူငယ်ချင်းတယောက်က ရှာဖွေပို့ပေးပြီး ဘလော့ပေါ်တင်ဖို့ တိုက်တွန်းလို့ ကျေးဇူးတင်စွာနဲ့ စာမျက်နှာပေါ် ပြန်တင်ဝေငှလိုက်ပါတယ်။
ကုန်ဆုံးခဲ့တဲ့နေ့ရက်တွေ၊ ပြီးဆုံးခဲ့တဲ့အဖြစ်အပျက်တွေ၊ ခွဲခွာခဲ့ရတဲ့ခင်မင်သူတွေကို လွမ်းဆွတ် အမှတ်ရခြင်းမှာ ကျနော်တို့ရဲ့ တချို့ဘဝအဓိပ္ပါယ်တွေ အမှန်တကယ်ပါဝင်နေခဲ့ပါတယ်။

Saturday, May 2, 2009

လွမ်းပိုး

အနော်မာ

photo by blog.macroart.net


ငှက်ပိုး၊ နွားပိုးပြီးတော့
ဝက်ပိုး တဲ့ဗျာ၊

ထပ်တိုးဦးမယ့် ဆုတ်ကပ်တွေ
ကပ်စုပ်သွားတိုင်း သန်းနဲ့ ချီ၊

ဘဒ္ဒငိုသံ
သြော်
သွေးတွေ
သွေးတွေ၊

ကျွန်းဆေးသံလိုလို၊

စာရိတ္တလမ်းပျက်တွေပေါ်
ဒန်းပင်ကို ပုခက်ဆင်ချိန်ရောက်ပြီလား
ငါ့ကလေးတွေ ဘားဆွဲခိုင်းအုန်းမှ၊

သီလညစ်ညစ် ဗွက်တွေရှောင်ရင်း
ဒီနေ့ ဘာဝယ်ရရင်ကောင်းမလဲ ဈေးမှာ
ကြက်၊ ဘဲ၊ အမဲ၊ ၀က်တော့ သွားရှာပြီ။

မ သာဓု
မ သာဓု
မ သာဓု

သာဓုမရေ....
ရွာနဲ့ နင့်အိမ်နောက်ဖေးက
ချဉ်ပေါင်ခင်းတွေ
လွမ်းတယ်။ ။

၂၉.၄.၀၉(၄း၁၅ am)

Saturday, April 25, 2009

သစ်ခွစိုက်မယ့်သူ














အခန်းကလေးတခန်းရတယ်
ခင်မင်သူတွေနဲ့မလှမ်းမကမ်းမှာ
ရန်လိုမုန်းတီးသူတွေနဲ့ မနီးမဝေးမှာ။

အခန်းကလေးတခန်းရတယ်
ဆူညံတဲ့လမ်းတခုရဲ့ဘေးမှာ
တိတ်ဆိတ်တဲ့ခြံဝင်းတခုနဲ့ကပ်ရက်မှာ။

အတွေးထဲတကိုယ်တည်းခိုလှုံဖို့
စိတ်လိုရင် တေးကလေးတပိုင်းတစသီဖို့
နေ့မှာ မျက်နှာကြက်ပန်ကာနဲ့
ညမှာ လေအေးစက်နဲ့
အခန်းကလေးတခန်းရတယ်။

အခန်းကလေးတခန်းရတယ်
မိုးလင်းတာနဲ့ နေရောင်က
ကုတင်ပေါ်ခုန်ဝင်တယ်
ရေချိုးခန်းထဲမှာ
ညကပေကျံခဲ့တဲ့အညစ်အကြေးတွေကိုဆေးတယ်
ရပ်ကွက်လမ်းကြားလေးထဲကမုန့်ဟင်းခါးဆိုင်ဆီ
စက်ဘီးကလေးစီးပြီးသွားတယ်
ကျနော်အပြင်ထွက်တိုင်း သော့ခလောက်တန်းလန်းနဲ့ကျန်ခဲ့။

ဖြစ်ချင်တော့ အခုပဲလက်ဖက်ရည်ဆိုင်က
ပြန်ရောက်တယ်
မနေ့ညကမထိုင်ဖြစ်ခဲ့တဲ့ခုံအလွတ်ကလေးတလုံးက
ကျနော့်အခန်းကလေးထဲမှာ
စောင့်လို့
အရင်ဘဝကတည်းကစောင့်နေခဲ့တာတဲ့
ကျနော်ဆွံ့အခဲ့ပါတယ်။

အခန်းကလေးတခန်းရတယ်
စိတ်မကောင်းတဲ့အခါ
အပြင်ကိုထွက်ငေးလို့ရတဲ့ဝရန်တာကလေးနဲ့၊
အခုမှသတိရတယ်
သစ်ခွအိုးလေးတွေ ဟော့ဒီနေရာမှာချိတ်ဆွဲမယ်
ညနေခင်းတိုင်းရေလောင်းပေးမယ်
ပထမဆုံးပွင့်တဲ့ပန်းကလေးကိုတော့
သူ့ဆီရောက်အောင်ပို့ပေးအုန်းမယ်လို့။ ။

Saturday, April 4, 2009

ဧရာဝတီမြစ်ရိုးမှာ မိုးမဲတွေရွာ

နှင်းခါးမိုး



ပန်းတခြင်း
ပို့ခွင့်ပေးပါ
ကဗျာဆရာကိုနှုတ်ဆက်တယ်။

အနုပညာမာရသွန်မှာ
ပြေးအားမကျခဲ့တဲ့ဆရာ
သစ္စာရှာဖို့
ခေတ်ကိုစီးခဲ့တာ
စာမျက်နှာတွေကို
တိမ်ဖုံးခဲ့ပေမယ့်
ယုံကြည်မှုက လမင်းတရာ

ဧရာဝတီရေ
ကဗျာဆရာ ကမ်းကခွာပြီ
အမှောင်ရိပ်မှာ
လှေဆိပ်ကလေးကိုထားခဲ့ပေါ့။
အနာဂတ်အတွက်ပန်းတခြင်း
မြေကမ္ဘာမှာပွင့်ခဲ့တယ်
ဆရာကြည်အောင်
ကမ္ဘာတည်အောင်မွှေးပါစေ။ ။

Friday, March 6, 2009

ခေါင်းစဉ်မပါတဲ့မှတ်စု


အမှောင်ကကြီးစိုးဖို့အားယူနေသည်။ အလင်းရောင်က မှိန်ပြယ်ဖျော့လှီစ၊ အားမရှိတော့။ နေနှင့်ညအကူးအပြောင်းကာလဟုဆိုနိုင်သည်။ အနောက်ဖက်ကောင်းကင်မှာ တိမ်တွေက အရောင်စုံသည်။ ဒါကိုပင် ဆည်းဆာအလှဟု ဖွဲ့ဆိုကြသည်။ တိမ်စွယ်မှာဆီးမီးထွန်းသလိုပင် ဆိုတဲ့စာသားကလေးက ရင်ကိုရိုက်ခတ်လာသည်။ ဒီအချိန်မှာ အကျည်းတန်တွေတောင်လှတယ်ဟုပင် ဆိုလိုက်ကြသေးသည်။ ညက အမှောင်ကိုသာမဟုတ်။ တိတ်ဆိတ်ငြိမ်းအေးမှု၊ ငြိမ်သက်အနားယူမှုတို့ကို ယူဆောင်လာသည်လေ။ တနေ့တာနွမ်းလျမှုတို့ကို အမောဖြေအနားယူခွင့်ရချိန်မဟုတ်လား။ မိသားစုအိမ်အမိုးလေးအောက်မှာ၊ ချစ်သူ့ရင်ခွင်မှာ၊ နွေးထွေးလုံခြုံတဲ့ကိုယ်ပိုင်အိပ်ယာလေးထဲမှာ ညက အားလုံးကိုချော့သိပ်နေသည်။ လက်ဆောင်အိပ်မက်ကလေးများကိုပင် ဝေငှလိုက်သေးသည်။ ကြယ်ပုဝါ လဆံထိုးနှင့် လှသောည ကြင်နာသောညကို ဘာ့ကြောင့် ငြူစူရမှာလဲ၊ မုန်းရမှာလဲကွယ်။ ကြိုဆိုပွေ့ဖက်ရုံသာပေါ့။ ဒီအတွေးကြောင့်ပင် ဆည်းဆာက ပိုလို့လှလာသည်။


အမှောင်ထုတဲ့။ ညရဲ့ နောက်ထပ်အဓိပ္ပါယ်တခုဆိုပါတော့။ ရှည်လျားထူသိပ်တဲ့အမှောင်ထုက ဘ၀တွေကို ခဏသေစေသတဲ့။ ခြောက်အိပ်မက်တွေနဲ့ မောပမ်းစေသတဲ့။ ခရီးရှည်ကြီးတခုကို လမ်းပြနေတဲ့ အဝေးက ကြယ်မှိတ်တုတ်ကလေးတွေကလည်း ပေါ်လိုက်ပျောက်လိုက်။ သစ်ခက်သစ်ရွက်တွေပေါ်မှာ၊ အိမ်အမိုးဓနိလက်အဖျားပေါ်မှာ ဒါဏ်ရာရသားကောင်တကောင်ရဲ့ ရင်မှပွက်တဲ့သွေးစက်သွေးနတွေလို လရောင်က ဖိတ်စင်စွန်းပေနေသည်။ ကမ္ဘာမြေပေါ် တယောက်တည်းစွန့်ပစ်ထားခံရသလို အကြိမ်ကြိမ် ထိတ်လန့်တကြား လန့်နိုးခဲ့ရဘူးသည်လေ။


ညရဲ့ခေါင်းနဲ့ပန်းက ဆည်းဆာထဲငေးမောနေသူတယောက်ရဲ့ အတွေးတွေကို လှိုင်းထနေစေပြန်သည်။ ဘာပဲဖြစ်ဖြစ် ငြင်းဆန်ခွင့်မှ မရှိခဲ့ပဲကွယ်။ ညတွေ ထောင်ပေါင်းများစွာ၊ နေ့တွေထောင်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီးပြီလေ။ ခြောက်ခြားခဲ့ရ၊ မိန်းမောခဲ့ရ။ ပျောက်ဆုံးခဲ့ရ၊ ရှာဖွေတွေ့ရှိခဲ့ရ ဆိုပါတော့။ ကြာတော့လည်း ညဆိုသည် လာချိန်တန်လာ၊ သွားချိန်တန်သွားရသည့် ဧည့်သည်တဦးပဲမဟုတ်လား။ ဘာ့ကြောင့် ရင်ဖိုနေမည်လဲ။ အခုတော့ ဆည်းဆာနှင့် အာရုဏ်ဦးကြားက စီးနေကျရထားလေးတစင်းပေါ်မှာ အချစ်တွေ အမုန်းတွေအစား ပန်းပွင့်တွေကိုသာ တင်ဆောင်သွားပါတော့မည်။ သင်းတပျံ့ပျံ့ဖြင့် ခုတ်မောင်းပါစေလေ။


ကွေ့ကောက်သောမြေနီလမ်းကလေးအတိုင်း။ ဘေးမှာ အဖေါ်မပါ။ တွေ့ခဲ့တဲ့လူတွေကိုလည်း မမှတ်မိ။ ဒီအချိန်က ညီအကိုမသိတသိမဟုတ်လား။ ကိုယ်ပိုင်အခန်းကလေးထဲရောက်တော့ ခလုတ်တွေအားလုံးကို လိုက်ဖွင့်သည်။ ခန်းဆီးလိုက်ကာစတွေကိုချသည်။ စားပွဲပေါ်က ဖတ်လက်စစာအုပ်ကို ကောက်ကိုင်လိုက်သည်။ ပြီးတော့ သီချင်းတစကို ခပ်ဖွဖွလေးညည်းသည်။ စပယ်ဖြူတွေတောင်ပွင့်ပြီကွယ်။