Friday, August 13, 2021

ကော်ဖီဖျော််စက်

ဇွန် ၂၀၊ ၂၀၁၉
- - - - - - -  - - - -  

ခါးခါးလား
ချိုချိုလား
ခလုတ်ကလေးနှိပ်ရုံပဲ။

နို့များများလား
သကြားများများလား 
ခလုတ်ကလေးနှိပ်ရုံပဲ။ 

စောရင်လည်းတခွက်
နောက်ကျရင်လည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

သူလာလည်းတခွက်
သူမလာလည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

ပျော်လည်းတခွက်
လွမ်းလည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

ချစ်လည်းတခွက်
မုန်းလည်းတခွက်
ခလုတ်ကလေးနှိပ်ရုံပဲ။

ရန်သူလား မိတ်ဆွေလား
စစ်ပွဲလား ငြိမ်းချမ်းရေးလား
ခလုတ်ကလေးနှိပ်ရုံပဲ။

အိပ်မက်များများလား
ဘဝများများလား
ခလုတ်ကလေးနှိပ်ရုံပဲ။

ဟလို မိတ်ဆွေ
သင်ဘာသောက်မလဲ။

- - - - - - - - - - - - - - - 
နှင်းခါးမိုး

Friday, July 23, 2021

လှေကားအောက်ကအခန်းကလေး

 
စိတ်က ကင်မရာနောက်လိုက်တယ်
ကင်မရာက ကြွပ်ကြွပ်အိတ်နောက်လိုက်တယ်
ကြွပ်ကြွပ်အိတ်က လေနောက်လိုက်တယ်
တယောက်ပင့်သက်က တယောက်အသက်ရှုသံနောက်လိုက်တယ်
ရုပ်ရှင်ကဒါပဲ
တကားလုံး ကြွပ်ကြွပ်အိတ်ကလေးလွင့်နေတာပဲ။

ဘုံဘိုင်ခေါင်းကရေကျသံတစက်စက်၊

- - - - - - - - - - -- - - - - 
နှင်းခါးမိုး

Thursday, July 22, 2021

ဆန္ဒပြတာကောင်းတယ်


(၂၂ ဇူလိုင်၊ ၂၀၁၉)
- - - - - - - - - - - - -
 
အဓိပတိလမ်းမှာ ပစ်သံခတ်သံတွေ ကြားမိသေးလား၊ ပြေးသံလွှားသံတွေ ကြားမိသေးလား၊ သူ့ဝန်းသူခြံနဲ့ဖြစ်သွားတဲ့ သစ်ပုပ်ပင်ကြီးကကော ကြေကွဲရွက်တွေ ကြွေနေတုန်းလား၊ ဒေါင်းအလံအရိပ်တွေ တလွန့်လွန့်နဲ့ ကျောင်းနံရံထိပ်တွေကလည်း တဖိတ်ဖိတ်ဆေးအရောင်သစ်တွေခြယ်၊ ဒေါင်းပျိုဒေါင်းသန်တွေကလည်း ဒေါင်းမာန်တကြွကြွနဲ့ ကျောင်းခြံဝမှာ စုကာရုံး၊ လိုတာကို ပိုစတာပေါ်ကြွေးဟစ်ကြတယ်။ ငြိမ်ချမ်းစွာဆန္ဒပြတယ်။ ငြိမ်းချမ်းစွာ ပြီးဆုံးသွားတယ်။

အချုပ်ကားကြီးတွေလည်း မတွေ့ခဲ့ရဘူး။ အဓိကရုဏ်းတပ်တွေလည်း မရှိဘူး။ မီးသတ်ပိုက်နဲ့လည်းမပက်ဘူး။ ၀ါးရင်းတုတ်နဲ့လည်းမရိုက်ဘူး။ လမ်းမပေါ်မှာ ဖိနပ်ကေလးတွေလည်း ပြန့်ကြဲမကျန်ခဲ့ဘူး။ ငြိမ်းချမ်းစွာ ဆန္ဒပြတယ်။ ငြိမ်းချမ်းစွာပြီးဆုံးသွားတယ်။

လက်ညိုးငေါက်ငေါက်ထိုးပြီးလည်း ကြိမ်းမောင်းမသွားဘူး၊ ပါလာတဲ့လုံခြုံရေးအားကိုသုံးပြီး နောက်တလှမ်း မဆုတ်ခိုင်းခဲ့ဘူး။ စိတ်ဆိုးမာန်ဆိုးနဲ့ နောက်ပြန်လည်း လှည့်မသွားခဲ့ဘူး။ သူလမ်းသူမှန်မှန်လျှောက်ရင်း သူ့မျက်စေ့ရှေ့ထဲဝင်လာတဲ့ ပိုစတာစာသားတွေကို အသေအချာဖတ်သွားတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတယ်။ ငြိမ်းချမ်းစွာပြီးဆုံးသွားတယ်။

ဗစ်တိုးရီးယားမှ တရားမျှတမှုလိုတာ မဟုတ်ဘူး။ ၂၀၀၈ စာအုပ်အစိမ်းကိုပဲ ပြင်ဖို့လိုတာ မဟုတ်ဘူး။ လျှပ်စစ်မီးတခုပဲ မလုံမလောက်ဖြစ်နေတာ မဟုတ်ဘူး။ ကိုးတန်းကျောင်းသားလေးကိုပဲ မတရားဖမ်းထားတာ မဟုတ်ဘူး။ ပညာရေးကျောင်းသူတွေပဲ မလုံမခြုံဖြစ်နေတာ မဟုတ်ဘူး။ မြေစာပုံပြိုတဲ့သူတွေပဲ မသေသင့်ပဲ သေနေကြရတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်းပြည်မှာ ရခိုင်လက်နက်ကိုင်တဖွဲ့ပဲ အကြမ်းဖက်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်းပြည်ကြီးကို လှိုင်သာယာက လူအုပ်ကြီးပဲ ကျုးကျော်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်ပြည်ထဲမှာ လွတ်ငြိမ်းခွင့်နဲရောလွတ်လာတဲ့ ထောင်ထွက်တွေချည်းပဲ ခိုးဆိုးလုယက်နေတာ မဟုတ်ဘူး။ ပြီးတော့ ဒီတိုင်းပြည်ကြီးအတွက် ကြွပ်ကြွပ်အိတ်တွေသာ အမှိုက်ဖြစ်နေတာမဟုတ်ဘူး။

ဆန္ဒတွေ အေးခဲသွားရင် မကောင်းဘူး။ မြုံသွားတဲ့ဆန္ဒတွေမှာ ဆူးတွေထွက်လာရင် မကောင်းဘူး။ ပိတ်ဆို့ခံလိုက်ရတဲ့ဆန္ဒတွေမှာ မီးလောင်နေတဲ့ စနက်တံတွေရှိတယ်။ ဆန္ဒတွေကို မြေမှာမြုပ်ထားပြီး မင်းလာရာလမ်းမှာ ထောင်ထားရင် ဘယ်လိုလုပ်မလဲ။ ဆန္ဒတွေဟာ ပန်းပင်တွေလို ပွင့်ဖူးနေရမယ်။ ဆန္ဒတွေဟာ အလှပြမီးပွင့်တွေလို ပြိုးပြိုးပြက်ပြက်လင်းနေရမယ်။ ဆန္ဒတွေဟာ ချစ်သူရဲ့လက်မောင်သားလို့ သန်မာနုညံ့နေရမယ်။ ဆန္ဒတွေဟာ လေအတိုက်မှာ ငိုက်သွားတဲ့ နှင်းဆီပင်လေးရဲ့ရင်သားလိုမြင်သူကို လှိုက်ဖိုမောစေရမယ်။ ဆန္ဒတွေဟာ သင်္ဘောဦးမှာ လွင့်နေတဲ့ ရေလှိုင်းမလေးရဲ့ ညဝတ်အင်္ကျီလို စိတ်လေပြီး ငိုက်မြည်းနေတဲ့ ငါးကြင်းခွက်ထဲက ဘီယာတွေကို ဖိတ်စင်စေရမယ်။ ဆန္ဒပြတာကောင်းတယ်။

ဆန္ဒမပြရတုန်းက ငါတို့ ဘာတွေဖြစ်ခဲ့ကြသလဲ။

- - - - - - - - - -- - - -  -
နှင်းခါးမိုး

Wednesday, July 21, 2021

ကုိဗစ္မွတ္စု ၅

၀၉၊ ဧပြီ၊ ၂၀၂၀


ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဇာတ်လမ်းတိုင်းမှာ ဇာတ်သိမ်းရှိပါသည်။
လက်ဖက်ရည်ဆိုင်မှာ အတူထိုင်ကာ သူ့စိတ်ကူးတွေ၊ သူ့အိပ်မက်တွေ၊ သူ့ရှေ့ဘဝခရီးလမ်းကြောင်းတွေ စိတ်အားထက်သန်စွာ ပြောဆိုသွားခဲ့သည်။ ခဏနေတော့ ပြန်အုန်းမယ်ဆိုကာ ထွက်သွားသည်။ မကြာပါ လမ်းပေါ်က အသံဆူဆူတွေကြောင့် ထွက်ကြည့်တော့ အခုလေးတင် ထသွားသည့်သူငယ်ချင်းကို ကားလမ်းပေါ်က သွေးအိုင်ထဲ လဲနေတာ တွေ့လိုက်ရသည်။ ဘာမှ မကြာလိုက်။
ခုနကပဲ ရှင်သန်နေသည့်လူတယောက်။ အခုတော့ ဘဝထဲက ထွက်ခွာသွားခဲ့ပြီ။ သူ့ဘဝသူ့စိတ်ကူးတွေ၊ သူအိပ်မက်တွေ အားလုံး ဒီနေရာမှာ သူနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ။ ဘယ်လောက် လွယ်ကူလိုက်ပါသနည်း။ 
တချိန်က ဖတ်ခဲ့ဘူးသည် ဆရာချစ်ဦးညို၏ ဝတ္ထုတိုလေးတပုဒ်ပဲဖြစ်ပါသည်။ 

လွန်ခဲ့သည့် နှစ်ပတ်သုံးပတ်ကဆိုလျှင် မောင်တရွာမယ်တမြို့ဘဝမှာ ခဏပြန်ဆုံသည့်အခိုက် သူတို့ပျော်ရွှင်ကြည်နူးခဲ့ကြမည်မှာ သံသယရှိစရာမလို။ ဒီတုန်းက အခုလိုအဖြစ်ဆိုးကြီးတခုကို သူတို့တွေးမိကြမည် မဟုတ်။ နောက်ဆုံးအချိန်ဖြစ်သည့်တိုင် ကိုယ်လည်း သူ့အနားပြေးသွားခွင့် မရှိ။ ကိုယ့်အပြစ်တွေပါဟု မျက်ရည်တွေနှင့် သူ့ကိုတောင်းပန်ခွင့်လည်း မရလိုက်။ ထုံးစံအတိုင်း သူ့အပြုံးမိန့်မိန့်ကြီးဖြင့် ခေါင်းလေးယမ်းကာ ကိုယ့်ကိုပြန်နှစ်သိမ့်နေမှာသိသည့်တိုင် ဒီအခွင့်အရေးလေးကိုပင် မရနိုင်တော့။ ဘာမှ ပြန်မရနိုင်တော့။
တကယ်တော့ ဘယ်သူ့ကို အပြစ်တင်ရမည်နည်း။ အားလုံး ကိုယ့်ဘဝထဲ ကိုယ်ရုန်းကန်ကာ ုယ့်အလုပ် ကိုယ်လုပ်နေကြခြင်းပင်။ ခရီးသည်တွေကို ဧည့်ဝတ်ပြုသူကပြုသည်။ ဝန်ဆောင်မှုပေးသူကပေးသည်။ သူတို့ရဲ့ နေ့စဉ်ဘဝထဲ ဘာမှ အမှားအယွင်းမလုပ်မိခဲ့ကြ။ အခုတော့ ကံကြမ္မာစေရာအတိုင်း၊ ဘုရားသခင်အလိုတော်အတိုင်း။ ဒီနေ့ ဂလိုဘယ်လိုက်စေးရှင်းကမ္ဘ့ာရွာကြီးရဲ့ အပေးအယူအတိုင်း။

သဘာဝအလျောက်သေခြင်းဟူ၍ မရှိပါ။ လူသည် လောကကြီးထဲသို့ အကြောင်းကိစ္စဖြင့် ရောက်လာခြင်းဖြစ်ရာ လူတွင်ဖြစ်နေသောအရာတိုင်းသည် သဘာအလျောက် အလိုအလျောက် ဖြစ်လာကြသည် မဟုတ်ပါ။ လူအားလုံးသည် သေကြရမည်သာဖြစ်ပါသည်။ သို့ရာတွင် သေခြင်းသည် လူတိုင်းအတွက် မတော်တဆဖြစ်ရသည့် ကိစ္စတခုသာ ဖြစ်ပါသည်။ လူသည် သေရမည်ကို သိသည့်တိုင်၊ သေခြင်းကို လက်ခံထားရသည့်တိုင် သေခြင်းသည် ကျိုးကြောင်းမျှတခြင်းမရှိသော ဖောက်ဖျက်မှုကြီးတခုသာဖြစ်ပါသည်။
ဆရာမြသန်းတင့် ဘာသာပြန်ခဲ့သည့် ဆီမွန်ဒီဗူးဗွား၏ ရေပွက်ပမာထဲက နောက်ဆုံးစာပိုဒ်ပဲဖြစ်ပါသည်။ 

ကပ်ရောဂါကလာကြီးအတွင်းမှာတော့ ထိုဖောက်ဖျက်မှုကြီးသည် ငြိမ်သက်ခြောက်ကပ်နေသည့်မြို့တော်ကြီးအတွင်း ဟိုဒီလှည့်ပတ်သွားလာနေသော အရိပ်မည်းကြီးတခုပဲဖြစ်ပါသည်။ တံခါးတွေအားလုံးပိတ်ကာ ကြောက်ရွံ့မှုနောက်ကွယ်၌ ပုန်းကွယ်နေရုံဖြင့် မလုံခြုံနိုင်ပါ။ အသိအမြင်တံခါးတွေကို အကုန်ဖွင့်ကာ ထိုအရိပ်မဲကြီးကို မောင်းထုတ်ပစ်ရပါမည်။ 
ပိတ်ထားသောတံခါးကိုသာ ခေါက်လို့ရပါသည်။ ကျိုးကြောင်းမျှတမှုဆိုသည်မှာလည်း ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါသည်။
ရန်ကုန်
၀၉၊ ဧပြီ၊ ၂၀၂၀

ကုိဗစ္မွတ္စု ၄

 ၆၊ ဧပြီ၊ ၂၀၂၀

မီးရထားကြီးတစင်း လမ်းခုလတ်မှာ ရပ်သွားသလိုပင်။ လူတွေမှာ ခံစားချက်တွေ ရှုတ်ထွေးနေကြပါသည်။ 
တခါက ဝတ္ထုတိုတပုဒ်ထဲတွင် ထိုကဲ့သို့ မီးရထားကြီးလမ်းခုလတ်မှာ ရပ်သွားစဉ် ခရီးသည်တဦးချင်း၏ အကြိုက်နှင့် စရိုက်ကလေးများကို ပုံဖော်ထားတာ သွားသတိရမိသည်။ ဆေးလိပ်မသောက်ရ မနေနိုင်သူတစ်ဦးမှာ နောက်ဆုံး ဘယ်လိုမှ မအောင့်အည်းနိုင်တော့ပဲ ကြမ်းပေါ်ကျနေသည့် ဆေးလိပ်တိုလေးကို ကောက်ကာ လူမသိအောင် ရှိုက်ဖွာပုံကို စိတ်ထဲစွဲကျန်နေခဲ့သည်။ 

လူတွေကိုယ်၌ကလည်း မီးရထားတစင်းလိုပဲဟု ပြောရမည်ထင်သည်။ ကိုယ့်နေ့စဉ်ဘဝထဲမှာကိုယ် ပုံမှန်ကျင်လည်လာကြသည်။ ကိုယ့်သံလမ်းပေါ် ကိုယ့်အမြန်ရှိန်ဖြင့်ကိုယ် ခုတ်မောင်းလာခဲ့ကြသည်။ ဒီလို ထိုးရပ်ကောင်း ရပ်နိုင်သည်ဟု သိထားသည့်တိုင် ဒီလို ထိုးရပ်သွားလိမ့်မည်ဟု မထင်ခဲ့ကြ။ 
ကိုယ့်ထိုင်ခုံပေါ်မှာကိုယ် ငြိမ်ငြိမ်ကလေးထိုင်ကာ ငိုက်သူကငိုက်နေသည်။ ပြတင်းကနေ အပြင်ကို ငေးသူက ငေးနေသည်။ ယေက်ယက်ခတ်ကာ လမ်းသလားသူက လမ်းသလားနေသည်။ အော်ကြီးဟစ်ကျယ်တွေ ထင်ရာမြင်ရာပြောသူတွေက ပြောနေသည်။ ရထားကြီးကို တယောက်တည်း ဆင်းဆွဲတော့မလို၊ တွန်းတော့မလို ဟန်ရေးပြင်သူက ပြင်ကြသည်။ ဒီအထဲမှာ လူအလစ်တွင် ဆေးလိပ်တိုကလေးကောက်ကာ ခိုးဖွာသူတွေလည်း တွေ့ရနိုင်သည်။ 
အခုလို ထိုးရပ်သွားသည့် တဒင်္ဂလေးကို ရင်ဆိုင်စောင့်ဆိုင်းရင်း လူတစ်ဦးချင်း၏ အတွင်းအပြင်ဥပဓိတွေကို တွေ့လာကြရသည်။ ဒါသည်ပင် ကိုယ်လိုရာသွားသည့်ခရီးတစ်ခုတွင် မတော်တဆမှုတခုကြောင့် ရလိုက်သည့် အပိုလက်ဆောင်ဟု ဆိုချင်ဆိုနိုင်ပါသည်။

တချိန်မှာ သည်ကပ်ရောဂါက တသတ်လုံးစွဲနေမည့် ဒဏ်ရာတစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူးသည့် အချိုးအကွေ့တစ်ခုလည်း ဖြစ်ချင်ဖြစ်မည်။ နောက်တခါ ပြန်သင်ကြားခွင့်မရနိုင်သည့် တန်ဘိုးမဖြတ်နိုင်သော ဘဝသင်ခန်းစာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပါမည်။ သို့သော် ယခုတဒင်္ဂမှာတော့ ကွင်းလယ်ခေါင် စက်ပျက်ပြီး ဒုံးဒုံးချရပ်ထားသည့် မီးရထားတစင်းပေါ်မှာလို စိတ်တွေကို ရှုတ်ထွေးနေစေအုန်းမည်မှာ မလွဲ။ ဆေးလိပ်သမားကတော့ ဆေးလိပ်တိုတခုပဲ သူ့ခေါင်းထဲ ရှိနေမှာတော့ သေချာလှပါသည်။ 

တွဲပေါ်တက်လာသည့်လူတိုင်းကို လက်မှတ်စစ်ထင်ပြီး ကိုယ့်အိတ်ကပ်ထဲကလက်မှတ်ကို ထုတ်ထုတ်ပြီးထောင်ပြနေသူတစ်ဦးလည်း ထိုရထားတွဲထဲတွင်ရှိနေမှာကတော့ နောက်ထပ်သေချာမှုတခုပဲဖြစ်ပါသည်။