Wednesday, March 26, 2008

ဥခွံလေးတွေကို အိမ်လုပ်နေခဲ့တဲ့အရွယ်



အီစတာကာလ အမှတ်အသားအနေနဲ့ နော်ဝေစာမျက်နှာတခုပေါ်မှာတွေ့တဲ့ ဥခွံက ပေါက်လာကစ ကြက်ကလေးတွေပုံကို ဘန်နာအဖြစ် တင်ခဲ့ပါတယ်။ ကြက် ကလေးတွေက အရုပ်ကလေးတွေလား၊ အကောင်လေးတွေလား သေချာမသိ ပေမယ့် ချစ်စရာကောင်းတာကတော့ အမှန်ပါ။ တကယ့်အကောင်ကလေးတွေကို ဥခွံထဲ ၀င်ထိုင်ခိုင်းဖို့ဆိုတာကတော့ ဘယ်လွယ်ပါ့မလဲ။ ဥထဲက ဖေါက်ထွက်ပြီး တဲ့နောက်မှာ ဥခွံဆိုတာ သူတို့အတွက် မလိုအပ်တော့ဘူးလေ။

မြို့ကလေးတမြို့မှာ တကိုယ်တည်းနေထိုင်ခဲ့စဉ် ကျနော့်မှာ အိမ်ခန်းကျဉ်းကလေး တခု ရှိခဲ့ပါတယ်။ တနေ့မှာ သူငယ်ချင်းတယောက်က ကျနော့်ကို လက်ဆောင်တခု ပေးပါတယ်။ တခုဆိုတာက ထည့်လာတဲ့ ခြင်းကလေးကို ဆိုလိုတာပါ။ ခြင်းထဲ မှာက ကြက်ပေါက်ကလေးတွေ၊ မြင်မြင်ချင်း ကျနော် တအံ့တသြ ဖြစ်ရပါတယ်။ ကြက်ပေါက်ကလေးတွေက ဘာမှ အံသြစရာမရှိပေမယ့် တကောင်ကို တရောင် ဖြစ်နေတာကတော့ တကယ့်ချစ်စရာ။ ဖြူ နီ ပြာ ၀ါ စိမ်း.. ငါးရောင် ငါးကောင်။ ဘာသတ္တ၀ါကိုမှ အနွံတာခံမွေးလေ့မရှိတဲ့ ကျနော် ဒီလက်ဆောင်ကို လက်ခံလိုက် ပါတယ်။ အဲဒီနေ့ကစလို့ ကျနော့်အိမ်ခန်းကျဉ်းကလေးဟာ ကြက်ခြံဖြစ်သွား တော့တာပါပဲ။

ဒီမှာ အီစတာကာလ ကြက်ဥရောင်စုံလေးတွေတွေ့တော့ ကျနော့်ကြက်ကလေး တွေကို လွမ်းလိုက်တာ။ သူတို့နဲ့ ကျနော် ဘယ်နှစ်ပတ် အတူနေခွင့် ရခဲ့ကြပါ သလဲ။ ကျနော် မမှတ်မိတော့။ကျနော့်အခန်းကို လာလည်သူတွေက ကျနော့်ရဲ့ ကြက်ခြံဧည့်ခန်းကလေးကို ကြည့်ပြီး နားမလည်နိုင်ကြပေမယ့် သဘောကျကြပုံ။ ကြက်ကလေးတွေ တဖြည်းဖြည်း အတောင်အလက်ကလေးတွေ ထွက်လာတော့ အရောင်တွေ မှိန်ဖျော့ကုန်ကြပုံ။ တကယ်က ကြက်ကလေးတွေကို ချစ်ခဲ့တာလား၊ ကြက်ကလေးတွေရဲ့အရောင်ကို ချစ်ခဲ့တာလား။ အရောင်ကလေးတွေ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာကို ချစ်ခဲ့တာပဲဖြစ်မည်။ လှုပ်နေတဲ့ ရှင်နေတဲ့ အရောင် ကလေးတွေ။ ကျနော်စာဖတ်ရင် ကျနော့်ခြေရင်းမှာ ပတ်ပတ်လည်ပြေးလွှား နေတဲ့ အရောင်ကလေးတွေ။ ကျနော်အပြင်က ပြန်လာရင် တံခါးဝမှာ စုပြုံတိုးဝှေ့နေတဲ့ အရောင်ကလေးတွေ။ ကျနော်အိပ်ပျော်နေစဉ် ထိုင်ခုံ၊ ထိုင်ခုံပေါ်က စာရေးစားပွဲ ပေါ်၊ အဲဒီနောက် ပြတင်းဘောင်ပေါ်ကတဆင့် ခေါင်းအုံးပေါ် ခုန်ခုန်ချတက်တဲ့ အရောင်ကလေးတွေ။ သူတို့ရဲ့ ကျိကျိ ကျိကျိ မြည်သံကလေးတွေကိုတောင် နားထဲမှာ ပြန်ကြားလာတယ်။

နည်းနည်းကြီးလာချိန်မှာ တခြားတယောက်ကို မွေးဖို့ ကျနော် ပေးပစ်ခဲ့ပါတယ်။ သူတို့ ဘယ်လောက်အထိ ဘယ်လို ကြီးပြင်းလာခဲ့သလဲ၊ ဟင်းအိုးထဲ ဘယ်အချိန် ရောက်သွားသလဲ ကျနော် မသိတော့။ တခါက ကျနော့်မှာ ရင်ထဲထိ ၀င်ရောက် ခုန်ပေါက်တတ်တဲ့ ရောင်စုံဘောလုံးကလေးတွေ ရှိခဲ့ဘူးတယ်ဆိုတာကိုတော့ အမြဲတမ်း သတိရနေမိတယ်။ အခုတော့ ဒီသတိရစိတ်ကိုပဲ အရောင်ကလေးတွေ ဆိုးပြီး ကျနော့်ရင်ထဲမှာ ခြံခတ် မွေးမြူထားလိုက်ပါတော့မယ်။ ခုန်ပေါက်ဆော့ ကစားကြပါစေလေ။

Sunday, March 9, 2008

ကမ်းခြေ

နှင်းခါးမိုး

သဲပြင်ပေါ်
လှဲအိပ်လိုက်တယ်

လှိုင်းသံတွေက
ရင်ကိုဆောင့်တယ်
ကောင်းကင်မှာ
ကမ်းခြေရှာမိသူပါ
ထွက်ပြေးသွားတာလား
တိုးဝင်လာတာလား
တိမ်တွေကို မယုံရဲဘူး
ခြေရာများ
ရေးခြစ်ခဲ့သောအရုပ်များ
ပင်လယ်ရေကသိမ်းဆည်းသွား...

ခရုခွံလှလှလေးတွေသာ
အမှတ်တရ အိမ်ပါခဲ့တယ်။

Friday, March 7, 2008

အိမ်ရှေ့ကသစ်ပင်

နှင်းခါးမိုး

အဖွားကစိုက်ပြီး
ကျနော်က ရေလောင်းခဲ့တယ်။

သူ သီးတော့ပွင့်တော့
အဖွားက ဘဝတပါးမှာ
သူ့အရိပ်ဖားဖားဝေတော့
ကျနော်က ရေခြားမြေခြားမှာ..။

သစ်မြစ်တွေက
အချိန်ကာလထဲတိုးဝင်တယ်
သူ့ကိုမှီပြီး
မရှိတော့တဲ့အိမ်လေးကို ငေးကြည့်နေမယ်
တနေ့ကျရင်။ ။

Tuesday, February 5, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါ မောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တနှစ်တင်းတင်း ပြည့် သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ဘလော့ မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည် ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာ သမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော် ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ရက် အတွင်းမှာ သူ့မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်မွေးထုတ် ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ်၊ ရသလမ်းတွေ ဆန်းလာခဲ့တယ်၊ ပညာမီးတွေ လင်းပလာခဲ့တယ်။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။

ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံး တော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီး ကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့် စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန် ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက် တက်ရောက်ခဲ့သူ ဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံး ကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေ အကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူ ချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါ ရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတခု ရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါ တစ်ယောက်ရဲ့ အထိမ်းအမှတ် နေ့တွေမှာ အထူးရေး သားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တနှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ် ရေးသားခွင့် ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ် တင်မယ့် အစီအစဉ် ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်း စေချင်တဲ့ သူ့အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့အတွက် ဘေးဒုက္ခ ဆိုတာ မြူတမှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကို မောင်နှမ အားလုံးက ဒီ အမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။