တောမြိုင်ခရီးကို နှင်လာကြတာ ခရီးရှည်ကြာလာတော့ မောင့်နှမက ခြေဖဝါးတော်နုနု သွေးခြေတော်ဥလို့ နွမ်းလျခွေယိုင်..၊ သည်မြိင်ယံမှာပဲ ချန်ထားရစ်ပါလေတော့လို့ အားလျော့ငိုယို မြပုဝါပတ် ခြေစုံရပ်တဲ့အခါ။
နှမရယ်.. ရှေ့တမျှော် ရွှေပြည်တော်နီးပြီမို့ စိုးရိမ်တော်ပို ဆွေးမငိုပါနဲ့ သည်တောသည်တောင်လမ်းမှာ မောင်ထမ်းကာ ခေါ်ပါ့မယ် စသဖြင့် မင်းသားနဲ့ မင်းသမီး အဆိုအငိုအကတွေနဲ့ နှစ်ပါးစုံ ကြာမုံယှက် လထွက်ကလေးနဲ့ နန္ဒာကန်ဘေးမှာ ရွှေရေးမြထပ် ဇာပုဝါပတ်တဲ့ ဇာတ်ဝင်ခန်းကို ဥပမာပေးပြီး ဆရာ ဦးသိန်းဖေမြင့်က အနုပညာသည် အနုပညာအတွက်ဆိုတာ ရှိတယ်၊ ကမ္ဘာ့စာပေမှာလည်း ရှိတယ်။ မြန်မာ့စာပေမှာလည်း ရှိတယ်လို့ ဝိုင်အမ်စီအေ စာပေဆွေးနွေးပွဲမှာ ဟောပြောခဲ့ဘူးတာ သတိရမိတယ်။ အနုပညာအတွက်နဲ့ ပြည်သူ့အတွက် ဂယက်တွေ ထခဲ့ကြဘူးတဲ့ ဆရာတတ်တိုးနဲ့ ဆရာဒဂုန်တာရာတို့က အဲဒီဆွေးနွေးပွဲ ရှေ့ခုံတန်းမှာ အတူထိုင်နားထောင်နေခဲ့ကြ။
နှစ်တွေလည်း ကြာခဲ့ပြီ။ သမိုင်းခေတ်သည်လည်း အတက်အဆင်း အကွေ့အကောက်ခရီးလမ်းပေါ်မှာ ဖြတ်သန်းခဲ့ပြီ။ ဖန်ခွက်သစ်နဲ့ အရက်ဟောင်းတွေလည်း သောက်ခဲ့ဘူးပြီ။ တချို့က အနုပညာမဲ့သွားကြ။ တချို့က အဘိဓမ္မာမဲ့သွားကြ။ တချို့ကတော့ ရှင်သန်ခြင်းပါမဲ့သွားကြ။ ဘဝဆိုတာ ဘာလဲ။ ဘဝအဓိပ္ပါယ်ဆိုတာ ဘာလဲ။ ဘဝနဲ့ လောက ဘယ်လိုပေါင်းစပ်ဖွဲ့စည်းသလဲ။ ထိုမေးခွန်းသည်ပင် အဘိဓမ္မာ။ ထိုမေးခွန်းသည်ပင် အနုပညာ မဟုတ်လား။ အခုတော့ ဒါတွေအားလုံး မိုးကုပ်စက်ဝိုင်းတခုတည်းအောက်မှာ အတူရှိနေခဲ့ကြ။ အဲဒီမိုးကုပ်စက်ဝိုင်းဟာ တောအုပ်တအုပ်ဆိုပါတော့။ လေးကိုတင်၍ တောကိုဝင်ကြပါလေ။
ထိုအချိန် လပြာရိပ်နုက ရေးရေးပျပျ..။
တောလမ်းခရီး
သည်တောက
နက်တယ်....
မုဆိုးလည်းပေါ
သားကောင်းလည်းပေါပါဘိ။
လမ်းမပေါက်ဘူး
စခန်းမထောက်ဘူး
နေပြောက်မထိုးဘူး
အော်သံတွေမှာ နာမည်ပါသလိုလို
သစ်ရိပ်တွေနောက်
တကောက်ကောက်လိုက်နေတဲ့မျက်လုံးများ
ကိုယ့်တောတိုးသံမှာ
ကိုယ်ပြန်ခြောက်ခြားကြရ။
သည်တောကို ဖြတ်ရမယ်
တလမ်းစာဖြစ်ဖြစ်
ခုတ်ထွင်ရှင်းလင်းကြရမယ်
တောခြောက်တိုင်း
လမ်းပျောက်နေလို့မဖြစ်ဘူးလေ။
လူမကွဲစေနဲ့
ခြေဦးတည့်ရာမသွားနဲ့
စွတ်ကြောင်းတွေနောက် ရမ်းမလိုက်နဲ့
ရေအိုင်တွေမှာ ထောင်ချောက်တွေနဲ့
သားကောင်က ခြေရာဖျောက်တယ်
မုဆိုးက လင့်စင်ဆောက်တယ်
လန့်လန့်ပြီးထပျံတဲ့ငှက်တွေကြောင့်
တို့ခရီး နှောင့်ရတယ်။
သည်တောက
နက်တယ်...
သားကောင်နဲ့ မုဆိုး
ကံကြမ္မာက အတူတူပဲ။
နှင်းခါးမိုး
4 comments:
ခရီးတောလမ်း
သည်တောမို့
မောမိတယ်…
မုဆိုးလား သားကောင်လား
ဝေေ၀၀ါးဝါး စိတ်ထွေပြားတယ်။
အာရုံမွှေနှောက်
ခြောက်တဲ့အခါခြောက်လိုက်
ကန်ရေပြာမာလာအေးနဲ့
ဟိုအဝေးကမြှူလာလိုက်
ခလုတ်တိုက် သွေးစိမ်းထွက်
ခရောင်းခက် အဆိပ်သင့်တယ်။
ညဥ့်ယံနက်နက်
မျက်လုံးဝင်းလက်လက်
တောကောင်ရဲ့ခေါ်သံ
ဖန်ဖန်ပဲ့တင်
ဟင်...ပြန်မထူးနဲ့
ထောင်ချောက်ကိုသတိထား
လင့်စင်ကိုခိုင်ခိုင်ကိုင်ထား
တောကမာယာများတယ်
မိန်းမသားဆိုတော့လည်း
အားငယ်...... တဲ့။
မတွေ့ ခြေရာ
လှိုက်ဟာ မောပန်း
အနိုင်နိုင်လှမ်းစဉ်
ဘယ်စခန်းပေါက်
ဘယ်လမ်းရောက်ခဲ့ပြီလဲ
ဟိုတောင်တန်း ဟိုသောင်ကမ်းကို
မှန်းလို့မျှော်ရ ရင်ဝမှာဆို့တယ်။
သည်တောက
ခက်တယ်…
သားကောင်တလှည့် မုဆိုးတလှည့်
ကံကြမ္မာကို အမဲလိုက်ကြတယ်။
ပန်ဒိုရာ
နှင်းခါးမိုးရဲ့ “တောလမ်းခရီး” ကို ဖတ်ရတော့ စိတ်ဓါတ်တွေ တက်ကြွလာတယ်။ သတိဝီရိယတွေလည်း နိုးကြားလာတယ်။ ပန်ဒိုရာရဲ့ “ခရီးတောလမ်း” ကိုဖတ်ရတော့ စိတ်ကျသွားတယ်။ေ၀၀ါးသွားတယ်။ အင်း...စိတ် တက်လွယ်ကျလွယ် ဖြစ်ရန်ကောလို့ မထင်ကြပါနဲ့။ ကဗျာနှစ်ပုဒ်လုံးက ဖမ်းစားလွန်းလို့ပါ။
တောထဲမှာနေ
တောထဲမှာ...ဖွား။
တောဓလေ့ တောစရိုက်နဲ့
တောဂိုက်ကို ကိုယ်မဖျောက်နိုင်ဘု
တောခြောက်ကာ တောပစ်လာတော့
တောမှာပင်...ကား။
လာဖတ်ပါ၏
ကဗျာအတော်များများကို ဖတ်လို့နားမလည်တတ်ဘူး။ ဒါပေမဲ့ ဒီကဗျာလေးကို နားလည်တယ်။ အနှစ်သာရကို သိပ်သဘောကျပါတယ်။
Post a Comment