Saturday, August 23, 2008

မနက်စာ



မနက်ခင်းက
မင်းပါးပြင်ပေါ်မှာ
မင်းဆံစတွေပေါ်မှာ
ဝါဝင်းတဲ့နဖူးပြင်ပေါ်မှာ
မင်းရဲ့ရွှေလည်တိုင်ပေါ်မှာ။

မနက်ခင်းကို
ငါငေးနေမိတယ်
မင်းဟာ
ငါ့ရဲ့မနက်ခင်းလေးပါကွယ်
ငါဒီလိုပြောခဲ့ဘူးတယ်မဟုတ်လား။

မနက်ခင်းမှာ
နုပျိုတဲ့နေရောင်ပါတယ်
သန့်ရှင်းတဲ့လေပြည်ပါတယ်
အတွေးသစ်အမြင်သစ်
ဗီတာမင်သစ်တွေပါတယ်
မြင်သူကိုကြည်နူးစေတဲ့
စိတ်ကူးရွရွလေးတွေပါတယ်
မနက်ခင်းဟာ
ကော်ဖီပူပူလေးတခွက်ဆိုလည်း မမှားဘူး။

မနက်ခင်းဟာ
နေ့တိုင်းအသစ်ပြန်မွေးဖွားတယ်
မနက်ခင်းဟာ
ကိုယ်တို့အိမ်ခန်းထဲကို
မီးဖိုချောင်ဘက်ကဝင်လာပြီး
ဝရန်တာလေးပေါ်ကပြန်ထွက်သွားတယ်
အိပ်ယာကနိုးတဲ့အခါ
မနက်ခင်းဟာ
ကော်ဖီစားပွဲပေါ်မှာစောင့်နေတယ်
သတင်းစာတစောင်နဲ့
ကော်ဖီတခွက်နဲ့
ထမင်းကြော်တပန်းကန်နဲ့
အိပ်ပုတ်ကြီးတဲ့သားကလေးနဲ့
အသံစာစာသမီးကလေးနဲ့
မျက်နှာသစ်ပြီးစ
အိမ်ရှင်မရဲ့အပြုံးနဲ့။

အိမ်ကလေးကတော့
မနက်ခင်းလိုမဟုတ်ဘူး
နေ့တိုင်းအသစ်ပြန်မမွေးဖွားနိုင်ဘူး
ဥတုရာသီထဲ
နံရံတွေရေနံမဝခဲ့
ပျဉ်ပြားကြမ်းတွေကျိုးပေါက်ခဲ့
အိမ်တိုင်တချို့ယိုင်ခဲ့၊
အခုတော့
သားကိုလည်း
နှိုးမယ့်သူရှိခဲ့ပြီ
ကိုယ်ပိုင်မနက်ခင်းတခုနဲ့
သမီးကလည်း သူ့တေးသူသီတတ်ခဲ့ပြီ
အိမ်ရှင်မရဲ့ပါးကွက်ကြားအောက်မှာလည်း
ပက်ကြားအက်ကလေးတွေထင်ခဲ့ပြီ
ကော်ဖီတခွက်ကလည်း
သကြားနဲ့နို့ဆီနည်းခဲ့ပြီ။

စားပွဲအိုလေးပေါ်မှာ
ငါ့ရဲ့မနက်ခင်းကို ငါငေးတယ်
အချိန်ကာလက
အိမ်ရှေ့ကပိတောက်ပင်ကြီးကိုခုတ်လှဲပစ်ခဲ့
ဒါပေမယ့် မင်းကလှတုန်းပါပဲကွယ်
လွတ်နေတဲ့ထိုင်ခုံပေါ်မှာ
ဓါတ်ဘူးဟောင်းလေးပေါ်မှာ
ဘုရားရှိခိုးစာအုပ်ပေါ်မှာ
ရေဒီယိုတလုံးပေါ်မှာ
မနက်ခင်းကိုငါငေးတယ်
ဒီအိမ်ထဲကဘယ်အရာဖြစ်ဖြစ်
လက်သည်းညှပ်လေးတခုကအစ
ငါကတွယ်ငြိမိသူ
ပြတင်းဘောင်ပေါ်မှာ
နေစာလှုံနေတဲ့ကြောင်လေးရောပေါ့
မနက်ခင်းကလှတုန်းပဲ
ငါ့ရဲ့အိမ်ရှင်မကိုငါငေးတယ်။

ဝရန်တာမှာ
စာလေးတွေကိုအစာကျွေးရင်း
တံစက်မြိတ်ကငှက်အိမ်ကလေး
မင်းကြည့်မောနေတဲ့အခါ
မနက်ခင်းမှာ
ဘယ်တော့မှအငွေ့မပြယ်မယ့်
ကော်ဖီပူပူတခွက်ကိုငါတွေ့တယ်။

မနက်ခင်းက
တငြိမ့်ငြိမ့် ငါ့ရဲ့မြစ်ရေစီးပေါ်မှာ။ ။

5 comments:

ATN said...

အင်း...အေးအေးချမ်းချမ်း မနက်ခင်းလေး တခုကို ဖြတ်သွားဖြတ်လာ တွေ့မိတော့ ကိုယ့် ပူပူလောင်လောင် မနက်ခင်းတွေကို စိတ်ညစ်တယ်။

ဘာလို့လဲ မသိ
မျက်ရည်တစက် ကျသွားမိ
နံနက်ခင်းတော့ သိ

pandora said...

မနက်ခင်းတခုဟာ နောက်မနက်ခင်းတခုနဲ့
မိုင်ထောင်ချီကြားမှာ တစက္ကန့်တောင်မခြားဘူး။
မနက်ခင်းက လေညင်းနဲ့ နှင်းစက်တွေကို ပြိုင်တူကျဲချပေးတယ်။
ကြည်နူးစရာကဗျာလေး ဖတ်ရတာ ကျေးဇူးတင်တယ် ကဗျာဆရာ။ အိမ်ရှင်မ ထမင်းကြော်ရင်တော့ နည်းနည်းလောက် ချန်ထားပေးပါ။

တန်ခူး said...

(ဟေး…….အသစ်တွေ့ လို့ ပျော်သွားတာပါ)

ကော်ဖီတခွက်နဲ့
အိပ်ပုတ်ကြီးတဲ့မြေးသားကလေးနဲ့
အသံစာစာမြေးသမီးကလေးနဲ့
မျက်နှာသစ်ပြီးစ
လှပတဲ့ မနက်ခင်းလေးတွေက
ဟိုးရှေးမှ စောင့်ကြိုနေကြတယ်…

Kaung Kin Ko said...

မနက်ခင်းဟာ

ချစ်စရာကောင်းလိုက်တဲ့ မနက်ခင်းလေး။

Nyein Chan Aung said...

ကဗျာအရမ်းကြိုက်တယ် အစ်ကို။ မနက်ခင်းတိုင်း ပျော်ရွှင်နိုင်ပါစေဗျာ။