နှင်းခါးမိုး
![]() |
| r-193 by Rolf Hoff |
ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ စာတကြောင်းကိုငါရေးချလိုက်တော့ ငါ့အာငွေ့ပေါ်မှာ ငါ့လက်ချောင်းကလေးတွေနဲ့ငါရေးချလိုက်တော့ ဒီစာတကြောင်းက အသံစူးစူးလေး တဖြတ်ဖြတ်လွင့်နေတဲ့ဂါဝန်အနားစလေး မရီတတ်မငိုတတ်ပြက်လုံးနဲ့ ဒီစာတကြောင်းက လေရူးနဲ့ခဲလုံးနဲ့သစ်ရွက်ခြောက်နဲ့ ငါရေးချလိုက်တော့ လမ်းကလေးနဲ့ အိပ်ယာဝင်ပုံပြင်ကလေးနဲ့၊
ငါနားအစုံကိုပိတ်ပြီး ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ စာတကြောင်းကိုချရေးလိုက်တော့ ငါခေါင်းကိုခါယမ်းရင်း မှန်တံခါးပေါ်မှာ စာတကြောင်းကိုချရေးလိုက်တော့ ဘာမှမမြင်ရတဲ့မျက်လုံးတစုံနဲ့ စာတကြောင်းကိုချရေးလိုက်တော့ ဆိုင်ကယ်မောင်းရင်း မြွေတကောင်ကိုဖြတ်ကြိတ်မိတဲ့အခါ လမ်းပေါ်မှာ ပြားချပ်နေတဲ့မြွေအသေလေးတွေတွေ့ရတဲ့အခါ ငါ့အိပ်ခန်းပြတင်းရဲ့မှန်တံခါးပေါ်မှာ မြွေတကောင်လူးလွန့်သွားလာနေတော့ ဆောင်းရာသီအိမ်ခေါင်မိုးတွေပေါ် မီးခိုးလေးတလူလူနဲ့ခေါင်းတိုင်များရဲ့နောက်မှာ ဝင်ရိုးစွန်းအရိပ်ဟာမြွေတကောင်လို စာတကြောင်းလို ဆောင်းရာသီကိုငါချရေးလိုက်တော့၊
ရှုံးခဲ့တဲ့စစ်ပွဲတွေ တိုက်ပေါ်ကခုန်ချခဲ့တဲ့အချစ်တွေ ဘဝမရှိတဲ့သစ်ပင်တွေ ဆောင်းရာသီရဲ့မှန်တံခါးပေါ်မှာ ပျက်နေတဲ့အပူပေးစက်နဲ့ ဆိုဖာခုံဟောင်းပေါ်ကမသိမ်းရသေးတဲ့အိပ်ယာနဲ့ မလျော်ရသေးတဲ့အဝတ်ပုံနဲ့ ဘယ်တုန်းကမှလေတိုးမခံခဲ့ရဘူးတဲ့ဇာခန်းဆီးနဲ့ မှန်တံခါးပေါ်မှာ စာတကြောင်းကို
ဖိနပ်ကနှင်းတွေကိုခါရင်း ဖယောင်းတိုင်တွေကိုမီးညှိရင်း မိုက်ကရိုဝေ့ဖ်ထဲညစာပြင်ဆင်ရင်း တနာရီချင်းတရက်ချင်းတရွေ့ရွေ့ ရေခဲသေတ္တာထဲကဟင်းသီးဟင်းရွက်တွေလို ကိုယ့်ကိုယ်ကိုယ်လတ်ဆတ်နေတုန်းပဲထင်ရင်း ငါမတွေးဘူး ဒါ့ကြောင့်ငါမရှိဘူးလို့ရေရွတ်ရင်း စာတကြောင်းကိုငါချရေးလိုက်တော့။



