ရင်ထဲမှာမငြိမ်းချမ်းတဲ့ကောင်တွေက
ငြိမ်းချမ်းရေးလိုချင်တယ်ပြောတာ ငါမယုံဘူး
မေတ္တာတရားမရှိရင်
တရားမျှတမှုမရှိရင်
အစာမဝတဲ့အသွေးအသားတွေဟာ
မနက်မိုးလင်းတာနဲ့ စစ်တိုက်နေကြမှာပဲ
ခင်ဗျားတို့ရဲ့ အတတ်ပညာဆန်တဲ့ငြိမ်းချမ်းရေး
မြွေအလိမ္မယ်ဆန်တဲ့ငြိမ်းချမ်းရေး
ကြေးစားဆန်တဲ့ငြိမ်းချမ်းရေး
ဧည့်ခန်းဆောင်နိုင်ငံရေးရဲ့သားပြောမယားပြောပြက်လုံး
ဇာတ်ခုံပေါ်ကငြိမ်းချမ်းရေး
ဆိုင်းဘုတ်ပေါ်ကငြိမ်းချမ်းရေး
သတင်းစာခေါင်းစီးထဲကငြိမ်းချမ်းရေး
သံချပ်ထဲကငြိမ်းချမ်းရေး
ကျမ်းသံပေသံငြိမ်းချမ်းရေး
လက်ဖက်ရည်ပန်းကန်လုံးထဲကငြိမ်းချမ်းရေး
ပွဲဈေးရှိရင် လူဆူမယ် ဖုတ်ထူမယ် ညှော်နံ့လည်းပူမယ်
ကျောင်းတက်ချင်တယ်
ရုပ်ရှင်ကြည့်ချင်တယ်
လရောင်အောက်ကတောင်ယာတဲလေးမှာ
ချစ်သူသဘက်လေးကိုခဏယူခြုံချင်တယ်
အဲဒီလိုညလေးတညအတွက်
ဘဝတွေကိုပေးခဲ့ကြတာပါ
တန်ရာတန်ဘိုးတွေပေးခဲ့ကြတာပါ
မြို့ကြီးသားတွေယူလာမယ့်လက်ဆောင်က
ဒီနေရာကိုလမ်းမပေါက်သေးဘူး
လျှိုထဲကိုရေဆင်းခပ်တာ
သူ့ခြေထောက်တဘက်ကျန်ခဲ့တယ်
ပလပ်စတစ်ဆံညှပ်ကလေးတချောင်းဟာ
အဲဒီအပျိုမလေးရဲ့အိပ်မက်ပဲ
လူကြီးမင်းများငြိမ်းချမ်းကြပါစေ
နေလောင်ထားတဲ့ဆံတောက်ကလေးပေါ်မှာ
တောပန်းကလေးပွင့်ပါစေ။

1 comment:
Post a Comment