Tuesday, July 8, 2014

ကော်ဖီ

ပူနွေးတယ်
မွှေးပျံ့တယ်
ရင်ကိုခုန်စေတယ်။

မနက်စောစောကို
မင်္ဂလာပါလို့မပြောမီ
ညကမှပွင့်တဲ့သစ်ခွအိုးကလေးကို
ငေးရင်း
တစိမ့်စိမ့်သောက်ဖြစ်ခဲ့တယ်
ကြိမ်စားပွဲကလေးအပေါ် နေရောင်နဲ့အတူ။

နောက်တခွက်မလိုဘူး
နောက်တဘဝပဲလိုတယ်။   ။





Tuesday, May 20, 2014

တလမ်းလုံးပိတောက်




ငါ့အပြန်လမ်းကို
အဲဒီလိုရွှေရောင်ဝင်းနေစေရော့လို့
ငါမတောင့်တခဲ့ပါဘူး-
ငါဟာတိတ်တိတ်ဆိတ်ဆိတ်ပဲ
မှန်လုံကားလေးတစီးပေါ်မှာလိုက်ပါလာခဲ့တယ်။

တောင်တွေကိုကျော်ဖြတ်ပြီးသွားခဲ့တယ်
လေယာဉ်ပျံကြီးစီးလို့ပြန်လာတယ်
အဲဒီလိုတိုးတိုးရေရွတ်ရင်း တယောက်တည်းပြုံးမိတယ်။

ဘာမှလည်းပါမလာဘူး
ဘာမှလည်းပြန်ယူမသွားချင်ဘူး
ဒီမြေပေါ် ခြေဖဝါးနှစ်ဘက်ပြည့်ပြည့်၀၀ချလိုက်ရရင်ပဲ ကျေနပ်ပြီ။
ကိုယ့်အရိုးတောင်ကိုယ်မကောက်နိုင်တဲ့ဘဝမျိုးနဲ့
အကြိမ်ကြိမ်လည်းကျဆုံးခဲ့ဘူးပြီ
ကိုယ်သိမ်းမိတဲ့တောင်ကုန်းပေါ်မှာ
ကိုယ့်အလံကိုယ်လည်း အမြင့်ဆုံးလွှင့်တင်ဘူးပြီ
စာအုပ်စင်ကြားကပြုတ်ကျလာတဲ့ပိုးဟပ်တကောင်လိုတော့
ငါ့ကိုလွယ်လွယ်နင်းခြေပစ်လိုက်မယ် စိတ်မကူးကြပါနဲ့။

မနက်စောစော တောင်ကုန်းကလေးအတိုင်းငါဆင်းလာတော့
အရင်လိုကျီးကန်းအော်သံတွေကိုကြားပြီး စိတ်မပျက်မိဘူး
လူကို မိတ်ဆွေလား ရန်သူလားမကွဲပြားတဲ့အကြည့်မျိုးနဲ့
ယောင်ပေပေပြေးပြေးထွက်လာတဲ့ ခွေးလေခွေးလွင့်တွေကြောင့်လည်း
စိတ်အနှောက်အယှက်မဖြစ်မိဘူး
သင်းသင်းပျံ့ပျံ့ရှုခင်းလေးထဲ
တလမ်းလုံးပိတောက်။

ဒီလမ်းကလေးအတိုင်းလာပြီး
ဒီလမ်းကလေးကပဲပြန်မယ်
သင်းပျံ့နေတဲ့သစ်ရိပ်စိမ်းစိမ်းတွေအောက်မှာ
ကျိုးပဲ့နေတဲ့ပလက်ဖောင်းကလေးအတိုင်း
အရေပြားပေါ်နေရောင်တွေမတောက်လောင်ခင်
မုန့်ဟင်းခါးဆိုင်ရဲ့အဖီကလေးကနေ
လက်ဖက်ရည်ဆိုင်ရဲ့ ပလက်စတစ်ခုံအကွဲတလုံးပေါ်
ကျောက်ချမိတဲ့အထိ
တလမ်းလုံးပိတောက်။

နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ပိတောက်ပင်တပင်ကြီးပြင်းဖို့လုံလောက်ပါတယ်
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ချစ်ခဲ့ဘူးသူတွေကိုမေ့ဖို့လုံလောက်ပါတယ်
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်တောင်လိုလိုမြောက်လိုလိုထင်ပြီး
လူတယောက်ကိုရူးနှမ်းနှမ်းဖြစ်သွားစေဖို့ လုံလောက်ပါတယ်
နှစ်ပေါင်းနှစ်ဆယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ်လုံးဝပျောက်ဆုံးသွားစေဖို့ ဒါမှမဟုတ်
ကိုယ့်ကိုယ်ကိုယ်အသစ်ပြန်ရှာတွေ့စေဖို့လည်း
လုံလောက်တာပဲမဟုတ်လား။

ပထမဆုံးရွာချတဲ့မိုးထဲ
အခန်းပေါ်ကပြေးဆင်းပြီးချိုးပစ်ချင်လိုက်တာ
တကယ်ကျ ပြတင်းပေါက်ကကိုယ်တပိုင်းထွက်ပြီး
ဆံပင်တွေကိုပဲ မိုးပေါက်တွေထဲထိုးခံလိုက်မိတယ်
ဒါပေမယ့် ငါ့အသက်က နှစ်ဆယ်ပြန်ငယ်မသွားနိုင်တော့ဘူး။

ဘုရားဝကခိုစာရောင်းတဲ့ကလေးမလေးတောင်
ဒီမနက်ရွှေရောင်ဝင်းလို့
ဂမူးရှုးထိုးမောင်းနေတဲ့ဘက်စကားတွေမှာလည်း
ဒီမနက်ရွှေရောင်တွေပြိုးပြက်လို့
အခန်းပေါ်ပြန်ရောက်တဲ့အထိ
ဘုရားစာလည်းမရွတ်မိဘူး
သီချင်းလည်းမဆိုဖြစ်ဘူး
ဒီမနက်စိတ်ထဲမှာရွှေရောင်တွေသင်းပျံ့နေတယ်
တနေ့လုံးလည်းပိတောက်
တလမ်းလုံးလည်းပိတောက်။

တံတားအလည်တည့်တည့်မှာရပ်ပြီး
နောက်ကိုပြိုင်တူငေးကြည့်ခဲ့ကြတယ်
ငါရယ် ငါ့သူငယ်ချင်းရယ်၊
ဒီလမ်းကိုငါတို့သေသေချာချာရွေးချယ်ခဲ့ကြတာ
အဝင်ရှိရင် အထွက်ရှိမယ်
အသွားရှိရင် အပြန်ရှိမယ်
အဲဒီကတည်းကယုံခဲ့တယ်
ငါတို့ရဲ့ခြေလှမ်းတိုင်း တလမ်းလုံးပိတောက်။    ။

Friday, March 7, 2014

သော့လေးချောင်းနှင့် ဦးနှောက်ကို ဒေါက်ထောက်ကြည့်ခြင်း

(ဝေလင်း)

ရှစ်လေးလုံးမှာ ကိုယ်တိုင်ကိုယ်ကျသာပါဝင်ခဲ့ပါတယ်။ လူ့အခွင့်အရေးကြေငြာစာတမ်း မဖတ်ဖူးခဲ့ပါဘူး။ စစ်ခုံရုံးက ထောင်ချလိုက်လို့ ထောင်ထဲသာရောက်ခဲ့ရပါတယ်။တရားဥပဒေစိုးမိုးရေးအယူအဆကို နားမလည်ခဲ့ပါဘူး။ ကိုယ်ညံ့လို့ ခံရတယ်ပဲ မှတ်ပါတယ်။ စစ်တပ်က အာဏာရှင်စံနစ်ကျင့်တယ်။ စစ်အာဏာရှင်စံနစ် ဆိုးဝါးတယ်။ ပြည်သူရွေးကောက်တဲ့သူ အစိုးရလုပ်တဲ့ ဒီမိုကရေစီစံနစ်ဆိုရင် လူထုကို ဘယ်သူကမှ အနိုင်ကျင့်လို့မရဘူး။ ဒီအသိလောက်နဲ့ နိုင်ငံရေး လုပ်ခဲ့တာပါ။
လူငယ်ဘ၀မှာ ဖတ်ခဲ့ဘူးတဲ့ ပန်းဆိုးတန်းပလက်ဖောင်းက နိုင်ငံရေးစာအုပ်ဟောင်းလေးတွေကို စွဲလန်းခဲ့ဘူးပေမယ့် လူကြားထဲကိုးကားလို့မသင့်တော်အောင် ခေတ်ကပြောင်းခဲ့ပါပြီ။အတွေးအခေါ်တွေလည်း ပြောင်းခဲ့ပါပြီ။ ငယ်ငယ်တုန်းက တိုးတက်တယ်ဆိုတဲ့ စကားလုံးကို သိပ်ကြိုက်တယ်။ ကြီးလာတော့ တိုးတက်တယ်ပြောပြီး ကိုယ်သိတာပဲဖက်တွယ်ထားတဲ့သူတွေကို စိတ်ပျက်တယ်။ 
မိရိုးဖလာအရ ဗုဒ္ဓဘာသာဖြစ်ခဲ့ပါတယ်။ ကိုးကွယ်သည့်ဘာသာဆိုပြီး ပုံစံဖြည့်ရတိုင်း ဗုဒ္ဓဘာသာရှေ့ မိရိုးဖလာထည့်ဖို့ ဘယ်တော့မှ မမေ့ခဲ့ဘူး။ နောက်တော့ ဗုဒ္ဓဘာသာကို အတွေးအခေါ်အရ နှစ်သက်ခဲ့တယ်။ သစ္စာလေးပါးနဲ့ မဂ္ဂရှစ်ပါးကို သေသေချာချာသိပြီထင်လို့ မိရိုးဖလာဖြုတ်ပြီး ဗုဒ္ဓဘာသာခံယူခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကိုမယူရင် ကျန်တာတွေက အယူမှားတွေချည့်၊ မိစ္ဆာဒိဌိတွေပဲဆိုတဲ့ ဟောပြောချက်ကိုတော့ ဒီနေ့ထက်ထိ လက်မခံနိုင်ခဲ့ပါ။ ကောင်းကင်ဘုံက တခုတည်းရှိပေမယ့် ကောင်းကင်ဘုံကို တက်တဲ့လမ်းတွေကတော့ အများကြီးရှိတယ်ဆိုတဲ့ ခံယူမှုမျိုးက ပိုသင့်မြတ်တယ်လို့ လက်ခံပါတယ်။ 

တိုးတက်ဖို့အတွက် အားလုံးကို လက်ခံရမယ်လို့ မပြောလိုပါ။ အားလုံးကို လေ့လာဖို့တော့လိုပါတယ်၊ အားလုံး ရဲ့တည်ရှိမှုကို လက်ခံတတ်ဖို့လိုပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့လက်တွေ့ဘ၀ပါ။ အတွေးအခေါ်ကနေ ထွက်ပြေးမယ်ဆို ထွက်ပြေးလို့ရပါတယ်။ ဘ၀ကတော့ ထွက်ပြေးလို့မရပါ။ဘ၀ကထွက်ပြေးရင် အရှုံးသမားဖြစ်သွားပါမယ်။ အနိုင်ရဖို့ ဘ၀နဲ့လိုက်ဖက်တဲ့ အတွေးအခေါ်လိုပါတယ်။ လက်တွေ့နဲ့ဘ၀ပေါင်းစပ်နိုင်တဲ့အတွေးအခေါ်ကိုသာ တိုးတက်တယ်လို့ ဆိုသင့်တယ်။ 
လမ်းဘေးအရက်ဆိုင်မှာထိုင်တုန်း လူကြီးလူမိုက်တယောက်က သြ၀ါဒပေးခဲ့ဘူးပါတယ်။ လူတိုင်းအဘိဓမ္မာဆရာချည်းပဲကွ တဲ့၊ လူအထင်ကြီးအောင် စာအုပ်ထူထူကြီးတွေကိုင်လေ့ရှိသူမို့ အတော်ဒေါပွခဲ့ဘူးပါတယ်။ အသက်ကလေးရလာ။ အတွေ့အကြုံလေး စုံသလိုရှိလာတော့မှ သူဘာဆိုလိုတယ်ဆိုတာ သဘောပေါက်ရတယ်။ အဆုံးအမတွေ၊ အကြားအမြင်တွေ၊ သင်ကြားချက်တွေ၊ ဖတ်ဖူးမှတ်ဖူးတာတွေကို လက်တွေ့ဘ၀နဲ့ပေါင်းစပ်ရင်း ကိစ္စရပ်တိုင်းအတွက် လူတိုင်းမှာ ပြောစရာကိုယ်ပိုင်စကားတွေ ရှိလာတတ်တယ်။ အဲဒါ သူ့ရဲ့ကိုယ်ပိုင်အဘိဓမ္မာပါပဲ၊
ဘယ်ကိစ္စပဲလုပ်လုပ် ကိုယ်ပိုင်အတွေးအခေါ်ရှိရမယ်။ တိုးတက်တဲ့အတွေးအခေါ်တွေကို လက်တွေ့ဘ၀နဲ့ပေါင်းစပ်ရင်း ကိုယ်ပိုင်အတွေးအခေါ်ဖြစ်အောင် လုပ်ယူဖို့လိုတယ်။ တိုးတက်တဲ့အတွေးအခေါ်ဆိုပြီး မိတ္တူ ကူးလက်ခံတတ်ယုံနဲ့ ဘ၀မှာ အနိုင်မရနိုင်ဘူး။ ဘ၀ဆိုတာ တပုံစံတည်းမဟုတ်ဘူး။  ကိုယ့်ဘ၀ သူ့ဘ၀ တထပ်တည်းမကျနိုင်ဘူး။ အဘိဓမ္မာဆိုတာ ဆိုင်တင်ရောင်းတဲ့ရှပ်အင်္ကျီလိုမျိုး ဖရီးဆိုဒ်လုပ်ထားလို့မရဘူး။ သူကိုယ်တိုင်းနဲ့သူ တိုင်းချုပ်ဖို့လိုပါတယ်။ 

နောက်တခုက အတွေးအခေါ်ဆိုတာ ပြည်တွင်းဖြစ်ကိုပဲအားပေးရမယ်ဆိုပြီး ရူးသွပ်စွာဝံသာနုလို့မရဘူး။ ရာဘာဖိနပ်တို့၊ ခေါက်ထီးတို့လို သွင်းကုန်အစားထိုး ထုတ်လုပ်လို့လည်းမရဘူး။ မြန်မာပြည်မှာ ပြည်တွင်းဖြစ်အတွေးအခေါ်ရယ်လို့ မယ်မယ်ရရမရှိပါ။ ဗုဒ္ဓဘာသာကအစ၊ ဆိုရှယ်လစ်ဝါဒအလယ်၊ ကလေးသူငယ်အခွင့်အရေးအဆုံး အားလုံးနိုင်ငံခြားက တင်သွင်းလာတာပါ။ နအဖလက်ကိုင်တုတ် ပြည်ခိုင်ဖြိုးဝါဒဆိုတာလည်း ဆူဟာတိုလက်ထက် အင်ဒိုနီးရှားက ဂိုကာရဲ့အာ ဘော်ကို တင်သွင်းလာတာလို့ ပြောမယ်ဆိုပြောနိုင်ပါတယ်။ 
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုတာ မှတ်မိကြအုန်းမှာပါ။ ကိုယ်လုပ်ချင်တာနဲ့ (အဲဒီအချိန်က) လူကြိုက်များမယ့်အတွေးအခေါ်နဲ့ ဖြတ်ညှပ်ကပ်ပြီး ကိုယ်ပိုင်လိုလိုလုပ်ထားတာပါ။ ဖတ်လို့ကောင်းပြီး ဟုတ်သယောင်ထင်ခဲ့ရပေမယ့် လက်တွေ့ဘ၀နဲ့ကင်းကွာခဲ့လို့၊ ငါ ငါ့တပ် ငါ့လူဆိုတဲ့ အတ္တတွေ ရှေ့တင်ခဲ့လို့ ကျဆုံးခဲ့ရပါတယ်။ အခုလည်း နအဖက လူထုလိုလားချက်နဲ့ သူတို့ကိုယ်ကျိုးအတ္တကို ဖြတ်ညှပ်ကပ်ပြီး စည်းကမ်းပြည့်ဝတဲ့ဒီမိုကရေစီဆိုပြီး လုပ်နေပါတယ်။ စင်မတင်ခင်က ဘင်ပေါက်မယ့်ပြဇာတ်ပါ။ 
ဒီတော့ နိုင်ငံခြားဖြစ်၊ ပြည်တွင်းဖြစ်၊ ဖြတ်ညှပ်ကပ်၊ သူတို့တေးသွားကို ကိုယ့်စာသားထည့်ဆိုတဲ့ကော်ပီလိုမျိုး အတွေးအခေါ်တွေထွေပြားပေမယ့် အဓိကက ကိုယ့်ဘ၀ရဲ့လက်တွေ့နဲ့ ပေါင်းစပ်နိုင်ဖို့ဖြစ်တယ်။ ပေါင်းစပ်ဖို့ကိုကြိုးစားရမယ်။ 

ကမ္ဘာပေါ်မှာ ဆေးဝါးကုမ္မဏီတွေဟာ ဆေးဝါးအသစ်တခုထုတ်လုပ်ပြီးရင် ဈေးကွက်ကိုတင်ရောင်းဖို့ ခွင့်ပြုချက်ကို အတော်စောင့်ရတယ်။ စောင့်နေတဲ့အချိန်မှာ ဒီဆေးရဲ့အာနိသင်ကို လက်တွေ့စမ်းသပ်ချင်တယ်။ ဓါတ်ခွဲခန်းထဲမှာ တိရိစ္ဆာန်လေးတွေနဲ့ စမ်းသပ်ခဲ့ရပေမယ့် မကျေနပ်ဘူး။တကယ့်လူနာတွေနဲ့ လက်တွေ့စမ်းသပ်ချင်တယ်။ ဒါပေမယ့် သူတို့ဘက်ဆီမှာက အဲဒီအခွင့်အရေးမရနိုင်ဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ဒုက္ခရောက်နေတဲ့ဒေသတွေ၊ ဒုက္ခသည်တွေရှိတယ်။ သူတို့ဟာ ပြင်ပအကူအညီတွေလိုနေတယ်။ အစားအသောက်တွေလိုတယ်။ ဆေးဝါးတွေလိုတယ်။ ဆေးဝါးကုမ္မဏီတွအတွက် အကောင်းဆုံးစမ်းသပ်ကွင်းတွေ ရသွားတယ်။ အကြောင်းအမျိုးမျိုးနဲ့ ရွေးချယ်စရာကင်းမဲ့နေတဲ့ ဒုက္ခသည်တွေဟာ ဆေးဝါးအသစ်တွေရဲ့ အစမ်းသပ်ခံသတ္တ၀ါတွေဖြစ်ခဲ့ရတယ်။ဓါတ်ခွဲခန်းထဲမှာ ရေပက်မ၀င်အောင် စမ်းသပ်ခဲ့ပြီးသားတွေဖြစ်ပေမယ့်လည်း တကယ့်လူနာတွေကို လက်တွေ့တိုက်ကျွေးကုသကြည့်တဲ့အခါ ဘေးထွက်အကျိုးတွေ ရှိတတ်တာပါပဲ။ ဒါပေမယ့် အဲဒီအတွက် တရားစွဲလည်း မခံရ။ လျော်ကြေးလည်း မပေးရ။

နယ်စပ်ဒေသမှာ အလုပ်ရုံဆွးနွေးပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ၊ သင်တန်းတွေ တက်ရတယ်။ ပြည်တွင်းမှာဖတ်မိရင် ထောင်ကျနိုင်တဲ့စာအုပ်တွေ ဖတ်ရတယ်။ စက္ကူတွေကလည်း အကောင်းစားတွေ၊ စာအုပ်ကြည့်လိုက်ရုံနဲ့ ဘယ်ကထုတ်တယ်ဆိုတာ တန်းသိနိုင်တယ်။ ဖတ်ကြည့်တော့ ရေငတ်ပြေသွားသလို စာအုပ်မျိုးတွေရှိသလို၊ လည်ချောင်းထဲ ငါးရိုးနင်သလို စာအုပ်မျိုးတွေလည်း ကြုံရတယ်။ ဆွေးနွေးပွဲတွေမှာလည်း လက်ခုပ်လက်ဝါးတီးပြီး ဘ၀င်ကျရတာတွေရှိသလို နားထဲ သံရည်ပူလောင်းထည့်ခံလိုက်ရသလို ကျဉ်တက်သွားရတာတွေလည်း ကြားရတတ်တယ်။ 
ဒါပေမယ့် စစ်အာဏာရှင်ကို ဆန့်ကျင်တယ်ဆိုရုံနဲ့မပြီး။ စစ်အာဏာရှင်ပြုတ်ရုံနဲ့ အားလုံးမပြီး။ အဲဒီလို အရင်ထက် အများကြီးပိုသိလာရတယ်။ လေ့လာလေ၊ လေ့လာဖို့လိုလေ၊ လေ့လာရေးစိတ် ထက်သန်ခဲ့ရတယ်။ 
အပြောင်းအလဲအတွက် အပြောင်းအလဲတွေလိုတယ်လို့ လက်ခံလာရတယ်။
ဘာကိုပြောင်းလဲရမလဲ၊ အတွေးအခေါ်တွေပြောင်းလဲရမယ်။ 
ဘယ်ကစပြောင်းမလဲ၊ မိမိကိုယ်တိုင်က စပြောင်းရမယ်။ 
ပြောင်းလဲဖို့ လေ့လာရမယ်။ 
အဲဒီလို လေ့လာဖို့ ပြောင်းလဲလာခဲ့ရပါတယ်။
ဒါပေမယ့် စမ်းသပ်ဆေးဝါးတွေ ဒုက္ခသည်တွေကို တိုက်ဖူးတယ်ဆိုတဲ့အတွေးကိုတော့ မမေ့ဘူး။

သမိုင်းဖတ်စာထဲမှာ မြန်မာပြည် ကျွန်ဖြစ်ရတဲ့အကြောင်းသင်တော့ ကိုလိုနီဝါဒကို သိခဲ့ရတယ်။ ကိုလိုနီတွေ နယ်ချဲ့တဲ့နည်းက မသုံးလုံး၊ အမ်သုံးလုံးနည်းဖြစ်သတဲ့။ ပထမ မစ်ရှင် Mission လို့ခ်ါတဲ့ သာသနာပြုတွေရောက်လာသတဲ့။ ဒုတိယ Marchant မားချန့်လို့ခေါ်တဲ့ ကုန်သည်တွေရောက်လာသတဲ့။ နောက်ဆုံးတော့ Military မစ်လထရီလို့ခေါ်တဲ့ စစ်တပ်ကြီးရောက်လာရောတဲ့။ 
အခုခေတ်က ဂလိုဘယ်လိုက်စေးရှင်း Globlization ခေတ်ပါ။ ကမ္ဘာကြီးဟာ ရွာကြီးတရွာလိုဖြစ်လာတဲ့အတွက် သူကြီးတွေ၊ ဆယ်အိမ်ခေါင်းတွေ လိုလာပါတယ်။ ကိုယ့်အိမ်ကိုယ် မီးနဲ့ရှို့တာ ဘယ်သူ့ဂရုစိုက်ရမှာလဲဆိုတဲ့သူတွေကို ဆုံးမနိုင်မယ့်သူလိုပါတယ်။ ဒါကြောင့် လူထုကို သံကွန်ခြာအုပ်ချင်တဲ့သူတွေက ဂလိုဘယ်ကို လက်သစ်ကိုလိုနီလို့ ဆိုင်းဘုတ်တပ် ဆန့်ကျင်ပါတယ်။ အမျိုးသားရေးဝါဒကို ကတုပ်ကျင်းတူးပြီး ခံတိုက်ဖို့ကြိုးစားပါတယ်။ စစ်အေးမှာ အရေးနိမ့်ခဲ့ ရတဲ့သူတွေကလည်း ဓမ္မကထိကလေသံနဲ့ ဂလိုဘယ်ဒုက္ခသစ္စာကို ယပ်လှဲတရား ၀င်ဝင်ဟောပါတယ်။
ဒါပေမယ့် အလုပ်ရုံဆွးနွေးပွဲတွေမှာ၊ နှီးနှောဖလှယ်ပွဲတွေမှာ၊ သင်တန်းတွေမှာ တခါတလေ နားထဲသံရည်ပူလောင်းခံရတဲ့အခါ သမိုင်းထဲက အမ်သုံးလုံးပုံစံမျိုး အိုင် I လေးလုံးကို စဉ်းစားကြည့်မိတယ်။ ဒီနေ့ ဂလိုဘယ်သွားနေတဲ့လမ်းကြောင်းကို ခြေရာကောက်ကြည့်တာပါ။ ဆန့်ကျင်စိတ်၊ ကြိုဆိုစိတ် ကင်းစင်စွာနဲ့ အတွေးအခေါ်အရ ချဉ်းကပ်ကြည့်တာပါ။
ပထမ အိုင် က အင်ဖော်မေးရှင်း Information ပါ။ သတင်းတွေ ၀င်လာပါတယ်၊ ၀င်ယူပါတယ်၊ တားလို့မရတော့ပါဘူး။
ဒုတိယ အိုင် က အင်ဗက်စမန့် Investment ပါ၊ ရင်းနှီးမြှပ်နှံမှုတွေ ရောက်လာပါတယ်။ မလာရင်တောင် လာချင်အောင် ဆွယ်ကြရပါတယ်။ အရင်းများမှ တိုးတက်မယ်လို့ သိကုန်ကြပါပြီ။
တတိယ အိုင် က အင်စီကျုးရှင်း Institution ပါ။ နိုင်ငံတကာ အေဂျင်စီတွေ၊ အန်ဂျီအိုတွေ ၀င်လာပါတယ်။ လက်မခံရင် လူတောမတိုးဖြစ်သွားမှာပါ။
နောက်ဆုံးဝင်လာတာက အိုင်ဒီရော်လော်ဂျီ Idiology ပါ။ အတွေးအခေါ်တွေ၊ စံနှုန်းတွေပါ။ တကမ္ဘာလုံးလက်ခံနေတဲ့အချိန်မှာ ကိုယ်ကငြင်းဆန်ရင် ရွာပြင်ထုတ်ခံရမယ့်ကိန်းပါ။ 
အတွေးအခေါ်ပြောင်းလဲရင် စံနှုန်းတွေပြောင်းလဲမယ်။ စီးပွားရေးဘ၀ဖွံ့ဖြိုးရင် လူနေမှုဘ၀စတိုင်တွေပြောင်းမယ်။ အကြားအမြင်တွေစုံလင်လာရင် အမူအကျင့်တွေပြောင်းမယ်။ လူ့အဖွဲ့အစည်းလည်း ပြောင်းလဲလာမယ်ပေါ့။

ဒီအိုင်လေးလုံးဟာ ပိတ်မိနေတဲ့လူ့အဖွဲ့အစည်းတွေကို ဖွင့်ဖို့ရာ သော့လေးချောင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ဂလိုဘယ်အားလိုတာ အမှန်ပါ။ ဒါပေမယ့် အတွေးအခေါ်တွေမှာလည်း ဘေးထွက်ဆိုးကျိုး side effect  တွေ ရှိတတ်ပါတယ်။ ဒါကိုသတိရှိရပါမယ်။ တနည်း သူတို့ဆီမှာတောင် ရောင်းခွင့်မရသေးတဲ့ဆေးဝါးတွေ မဖြစ်အောင်လို့တော့ ဦးနှောက် ဒေါက်ထောက်ကြည့်ကြဖို့ မလစ်ဟင်းသင့်ပါ၊ 

ဝေလင်း
၂၀၀၃၊ ဧရာဝတီအွန်လိုင်းမဂ္ဂဇင်း၊ မြန်မာစာမျက်နှာမှ။

Saturday, February 15, 2014

စပါတာကပ်




ဒီအိမ်ကြီးမှာ ငါတို့ဟာ ကျွန်တွေပဲ
သေဆိုသေ ရှင်ဆိုရှင်ပဲ
ပေးတာယူ ကျွေးတာစားပဲ
ငြင်းဆန်ခွင့်မရှိဘူး
ရွေးချယ်ခွင့်မရှိဘူး
ကိုယ့်အခန်းတံခါးကို ကိုယ်ပိတ်ခွင့်ဖွင့်ခွင့်မရှိဘူး၊

လင်းနေတဲ့မီးတိုင်တွေကို ငါတို့ထွန်းထားတာ
ပြောင်လက်နေတဲ့ကြမ်းပြင်တွေကို ငါတို့တိုက်ထားတာ
ပူနွေးနေတဲ့အစားအသောက်တွေကို ငါတို့ချက်ထားတာ
နှင်းဆီပွင့်ဖတ်လေးတွေနဲ့ပြည့်နေတဲ့ ချိုးကန်ထဲကရေကို ငါတို့ခပ်ထားတာ
သခင်မရဲ့ပုခုံးသားနုနုပေါ်ကဖဲကြိုးလေးကို ငါတို့ချည်ပေးထားတာ
ဂုဏ်သရေရှိလူကြီးမင်းရဲခွက်ထဲကဝိုင်ကို ငါတို့ငှဲ့ပေးထားတာ၊

အတူတူနေကြတယ်
မိသားစုမဟုတ်ဘူး၊
လူကလူကိုပိုင်ဆိုင်တယ်
လူကလူကိုလုပ်ကျွေးခစားရတယ်
လူလူချင်းမတူဘူး၊

နံရံမြင့်မြင့်ကြီးနဲ့
တဘက်မှာအသူတရာချောက်နဲ့
တောင်ကုန်းပေါ်ထီးထီးမားမား
အဆောင်ဆောင်အခန်းခန်းနဲ့
ကြီးမားတဲ့တံခါးကြီးတွေနဲ့
မြို့ကိုစီးမြင်ရတဲ့လေသာဆောင်နဲ့
အိမ်ကြီးကကျယ်ဝန်းလွန်း ကြီးမားလွန်း
ခိုင်ခံ့လွန်းပါဘိ၊
  
လုံခြုံတဲ့အမိုးအကာရှိတယ်
အိပ်ယာတနေရာရှိတယ်
စားစရာရှိတယ်
ခိုးကြည့်စရာမျက်ဝန်းလေးတစုံရှိတယ်
ဘယ်တော့မှငြင်းဆန်ခွင့်မရှိတဲ့အမိန့်အာဏာတွေရှိတယ်
လိုအပ်တဲ့အခါအချည်ခံထားရတဲ့သံကြိုးနဲ့
စိတ်မထင်ရင်အပို့ခံရလေ့ရှိတဲ့အမှောင်ခန်းရှိတယ်
အရေပြားပေါ်မှာမီးနဲ့ကပ်ခံထားရတဲ့အမှတ်တံဆပ်တခုနဲ့
ခွဲခြားခံထားရတဲ့ဘဝတခုရှိတယ်
လွတ်လပ်မှုတော့မရှိဘူး
လွတ်လပ်မှုဆိုတာကို အသံကျယ်ကျယ်နဲ့တောင်ပြောခွင့်မရှိဘူး၊

လွတ်လပ်မှုဆိုတာ အိမ်တံတိုင်းကြီးအပြင်ကအရာ
တောင်အောက်ဟိုးအဝေးမှာလှမ်းမြင်ရတဲ့ တလက်လက်မီးရောင်
တခါတရံလေနဲ့ဝေ့၀ဲရောက်လာတဲ့ကျွဲချိုမှုတ်သံ
မြင်းရထားနဲ့အဝေးကရောက်လာတဲ့ဧည့်သည်တွေရဲ့ရယ်မောအပြုံး
သူတချိန်မှာရယူပိုင်ဆိုင်ချင်တဲ့ သူ့စိတ်ကူးထဲကဘဝ
သူစုထားတဲ့သားရေကြုတ်ထဲကကြေးပြားစတွေ
သွန်ချကြည့်လိုက်ရင် လွတ်လပ်မှုကိုငါဝယ်မယ် လွတ်လပ်မှုကိုငါဝယ်မယ်လို့
မြည်တယ်
လွတ်လပ်မှုဆိုတာ အလကားမရဘူးလေ၊

ဒီလိုနဲ့
ဒီအိမ်ကြီးထဲမှာကုန်လွန်
ဒီအိမ်ကြီးထဲမှာသေဆုံး
လွတ်လပ်မှုဆိုတာ
အသူတရာချောက်ထဲပစ်ချခံလိုက်ရမှ ပိုင်ဆိုင်ကြရတယ်။

ရွေးချယ်ခွင့်မရှိဘူးဆိုတာ
သူတို့လည်ပင်းမှာအပတ်ခံထားရတယ်
တခုခုကိုနာနာကျင်ကျင်လက်ခံလိုက်ရတိုင်း
(ကိုယ့်အချစ်ဆုံးသူငယ်ချင်းနံကြားထဲ
ဓါးကိုအဆုံးထိထိုးစိုက်ချလိုက်ရသလိုမျိုး
ကိုယ်ခိုးကြည့်နေတဲ့မျက်ဝန်းလေး
လူပုံအလည်မှာဖျော်ဖြေခံရသလိုမျိုး
ဓါးမြှောင်ဦးနဲ့ရင်ဘတ်ကိုလှီးပြီး
ကိုယ့်သွေးကိုဝိုင်နဲ့ရောအသောက်ခံရလိုမျိုး)
ရွေးချယ်ခွင့်မရှိဘူး ရွေးချယ်ခွင့်မရှိဘူး
ဒါ သူတို့ဘဝကျမ်းစာပဲ၊

ဒီကျမ်းစာကိုမီးရှို့ပစ်ရမယ်
ဒီအိမ်ကြီးကိုမီးရှို့ပစ်ရမယ်
ငါတို့ရဲ့လုပ်အား ငါတို့ရဲ့ဘဝကို
ငါတို့ချွေး ငါတို့သွေးကို
သူ့အာဏာ သူ့စည်းစိမ်ဖြစ်စေသူဆီက
လွတ်လပ်မှုကို ဘယ်လိုကြေးပြားနဲ့ဝယ်မလဲ
ငါတို့ကိုချောက်ထဲပစ်ချပြီး
ငါတို့ကြေးပြားတွေကိုသိမ်းလိုက်တဲ့အထိ
အိပ်မက်မက်နေကြအုန်းမလား၊

ဘယ်သူ့အတွက်မဆို
ဘယ်အခြေအနေမှာမဆို
ရွေးချယ်ခွင့်တခုခုဟာ ရှိကိုရှိတယ်
ရှာနိုင်ဖို့ပဲလိုတယ်
လူတိုင်းမှာရွေးချယ်ခွင့်ရှိတယ်
လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ်
သူ့အဘိဓမ္မာက လွတ်လပ်မှုပဲ၊

လွတ်လပ်မှုဆီကလာတယ်
လွတ်လပ်မှုအတွက် သူတိုက်ခိုက်တယ်
သူက တိုက်ခိုက်ရေးသမား
တိုက်ခိုက်ရေးသမားကတော့
တိုက်ပွဲကိုပဲယုံတယ်
တိုက်ပွဲဆိုတာ ဘယ်သူ့ကိုမှဖျော်ဖြေဖို့မဟုတ်ဘူး
ဘဝတူအချင်းချင်း သွေးဆာဖို့မဟုတ်ဘူး
ချပ်ဝတ်တန်ဆာတွေဝတ်ပေးပြီး ပျော်ပျော်ကြီးလူသတ်ခိုင်းသူတွေချီးမြှင့်တဲ့
ချန်ပီယံခါးပတ်တခုအတွက်မဟုတ်ဘူး
တိုက်ပွဲဟာ ကျမ်းစာတွေကိုငြင်းပယ်တယ်
ချီးမြှင့်လှည့်ဖျားမှုကိုတွေငြင်းပယ်တယ်
အချောင်သမားနဲ့ သစ္စာဖောက်တွေကိုငြင်းပယ်တယ်
ဂါထာတွေရွတ်ဖတ်ပြီး ကြေးပြားတွေထိုင်ရေတွက်နေတဲ့သူတွေကို
ငြင်းပယ်တယ်
ပွဲကြည့်စင်ပေါ်က သံသေးသံကြောင်နဲ့အော်တဲ့သူတွေ
လက်ခေါက်မှုတ်တဲ့သူတွေကိုငြင်းပယ်တယ်
တိုက်ပွဲဟာ လွတ်လပ်မှုကိုပဲယုံတယ်။

သူတို့သိခဲ့ပြီ
ဒီအိမ်ကြီးရဲ့ဂိတ်တံခါးဝရှေ့အရောက်
လွတ်လပ်မှုကိုဘယ်သူကမှ လာပို့မပေးဘူး
ဒီတံခါးကြီးကိုဖွင့်တဲ့သော့ဟာ
ဒီအိမ်ကြီးထဲမှာပဲရှိတယ်
အိမ်နံရံကြီးရဲ့အပြင်မှာ
ကိုယ်သွားချင်ရာသွားနိုင်တဲ့လမ်းတွေဟာ
သူတို့ကိုစောင့်နေတယ်
အဲဒီလမ်းတွေအဆုံးမှာ သေခြင်းတရားကစောင့်နေတယ်ဆိုရင်တောင်
အဲဒါ သူတို့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပဲ
သူတို့ရဲ့လွတ်လပ်မှုပဲ
လွတ်လပ်တဲ့လူတယောက်အဖြစ်သေရတာ
ကျေးကျွန်တယောက်အဖြစ်နေထိုင်ရတာထက်ပိုပြီး
ရှင်သန်တယ်
ဒီတန်ုဘိုးကဝင်းပတယ်၊

ကျစ်ကျစ်ဆုပ်ထားတဲ့လက်တွေဟာ လေထဲကိုမြောက်တက်လာတယ်
သူတို့ဟစ်ကြွေးသံဟာ
ဟိုးတောင်ခြေကမြို့ကလေးရဲ့အိမ်ခေါင်မိုးတွေပေါ် မိုးလိုရွာကျတယ်
အိမ်ကြီးရှင်ရဲ့ချိုးရေကန်ဟာ
နို့ရည်တွေအစား သွေးတွေနဲ့ပြည့်လျှံသွားတယ်
ရွှေပိန်းချခန်းမဆောင်ထဲကပန်းနွယ်ပန်းခက်တွေဟာ
အပိုင်းပိုင်းပြတ်ကြွေခဲ့ပြီ
အချိန်တိုင်း လေထဲမှာတရွှမ်းရွှမ်းမြည်ခဲ့တဲ့ကြာပွတ်ဟာ
ရိုက်သတ်ခံလိုက်ရတဲ့မြွေတကောင်လို ကြမ်းပြင်ပေါ်အသက်ငင်ခဲ့ပြီ၊
သူတို့ လမ်းပေါ်ကို အားကုန်ပြေးထွက်လာတယ်
တယောက်ယောက်ကမောင်းပို့လိုက်တာမဟုတ်ဘူး
ဒါ သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်း
လမ်းဟာလွတ်လပ်မှုမဟုတ်ပေမယ့်
လွတ်လပ်မှုဆီ ဒီလမ်းကသွားကြမယ်၊

ဂိတ်တခါးကြီးပွင့်သွားတာ အောင်ပွဲမဟုတ်ဘူး
တိုက်ပွဲက ခုမှစတာ
ဒီလမ်းက ဘယ်လောက်ဝေးလဲ
ဒီလမ်းကဘယ်လောက်ကြမ်းလဲ
အဆုံးထိရောက်အောင်လျှောက်ကြမယ်
ပင်လယ်တွေကိုဖြတ်ရမယ်
ကျောက်သားတောင်တန်းတွေကိုကျော်ရမယ်
သွေးတွေချွေးတွေမျက်ရည်တွေ
ခြေထောက်အောက်ကသဲထဲ ဘယ်လောက်အိုင်ထွန်းအုန်းမလဲ
ဒီလမ်းကိုငါတို့ဆုံးအောင်သွားကြမယ်၊

ပိုပြီးကြီးကျယ်ခမ်းနားတဲ့ နောက်ထပ်ဒီလိုအိမ်ကြီးတလုံးဆီမဟုတ်ဘူး
သဘောကောင်းပြီးကြင်နာတတ်တဲ့ နောက်ထပ်အိမ်ကြီးရှင်အသစ်တယောက်
ရှာဖို့မဟုတ်ဘူး
ပတ္တမြားစိန်စီသော့နဲ့ခတ်တဲ့ နောက်ထပ်ရွှေတံခါးကြီးတခုကို ခေါက်ဖို့မဟုတ်ဘူး၊
ခိုးပြီးကြည့်တဲ့အကြည့်အပေါ် အပြုံးပန်းကလေးခြွေချမိလို့
ဘယ်မှန်းမသိရောင်းစားခံလိုက်တဲ့ ကိုယ့်ရဲ့မျက်ဝန်းနက်ကလေးကိုတွေ့အောင်ရှာဖို့
မနက်မိုးလင်းတာနဲ့ကြာပွတ်သံမကြားရနိုင်တဲ့
တယောက်ဝိုင်ခွက်ကို တယောက်ကငှဲ့ပေးစရာမလိုတဲ့
ကိုယ့်တံခါးကို ကိုယ်တိုင်ဖွင့်နိုင်ပိတ်နိုင်တဲ့
အမိုးအကာကလေးတခုဆီ။

လွတ်လပ်မှုဆိုတာ အလကားမရဘူး။



Monday, January 20, 2014

ကြက်သားစွပ်ပြုတ်

မနက်ဖြန်ကို အိပ်မက်နဲ့လုပ်တယ်/ လွန်ခဲ့တဲ့ ၂၅ နှစ်က/ ခုတော့ ဟောင်းနွမ်းမှိန်ဖျော့ စုတ်ပြတ်ပျောက်ဆုံး ဘာမှဖြစ်မလာ၊
မနေ့ကကို ဒါဏ်ရာနဲ့လုပ်တယ်/ ငယ်ဘဝမှာ ခါးသီးမှုတချို့ကြုံခဲ့ရတာကိုပဲ တိုက်ပွဲပြန်စစ်ဗိုလ်ချုပ်တယောက်ဟန်ပန်နဲ့၊ 
ဒီနေ့ကို ဘဝနဲ့လုပ်တယ်/ ယုံကြည်ရာရဲရင့်ခဲ့/ ဘာကိုမှမမှုတတ်ခဲ့တဲ့အရွယ်၊
ပေါင်မုန့်ကိုတော့ ဂျုံနဲ့လုပ်တယ်/ ဘယ်လိုလုပ်လဲတော့လာမမေးနဲ့/ မသိဘူး/ ပေါင်မုန့်ကောင်း မကောင်းပြောဖို့ ပေါင်မုန့်ဖုတ်တတ်ဖို့မလိုဘူးဆိုတဲ့အယူအဆအရ။

မနက်ဖြန်ကိုအိပ်မက်နဲ့လုပ်တယ်၊
မနေ့ကကို ဒါဏ်ရာနဲ့လုပ်တယ်၊
ဒီနေ့ကို ဘဝနဲ့လုပ်တယ်၊
ပေါင်မုန့်ကိုတော့ ဂျုံနဲ့လုပ်တယ်။

ဘဝကိုကော ဘာနဲ့လုပ်ပါလိမ့်
အဟာရလည်းဖြစ်ရမယ်/ အရသာလည်းရှိရမယ်။


Sunday, January 12, 2014

မပြောဖြစ်တဲ့ပုံပြင်

ပန်းလေးတွေကိုကြည့်ရင်း ငိုချလိုက်ရကောင်းမလား၊ ကြယ်လေးတွေကိုငေးရင်း ရယ်မောပစ်လိုက်ရကောင်းမလား၊ ခြံထဲကခုံတန်းကလေးပေါ်မှာ အိပ်မပျော်တဲ့ညကလေးဟာ မိုးစိုနေရှာ။ အမှောင်ထဲက သူလှမ်းငေးလိုက်တဲ့ အဝေးကဝရန်တာတခုမှာ တန်းလန်းကလေးကျနေတဲ့ ပိုင်ရှင်မဲ့သစ်ခွအိုးကလေးဟာ ခုတော့သွေ့ခြောက်နေရှာ။ မင်းပွင့်ခဲ့တဲ့ပန်းကလေး ခုတော့ဘယ်မှာ။ လူမရှိတဲ့တိုက်ခန်းကလေး၊ မီးမလင်းတဲ့တိုက်ခန်းကလေး၊ ဘယ်တော့မှ ရယ်မောသံရှရှ ပြန်ရောက်မလာနိုင်တော့တဲ့တိုက်ခန်းကလေး။ သော့ခလောက်တန်းလန်းနဲ့ အိမ်ရှေ့သံတခါးကိုသာ အပြင်းမောင်းလာတဲ့ပြိုင်ကားတစီးလို ဂမူးရှုးထိုးဝင်တိုက်ပစ်လိုက်ချင်ရဲ့။ ပိတ်ထားတဲ့မှန်ပြတင်းတွေနောက်မှာ ဘယ်သူ့ကိုမှပြောမပြဖြစ်သေးတဲ့ ပုံပြင်အသစ်ကလေး
ဟောင်းနွမ်းနေပြီ။ ဖုန်တက်နေပြီ။ ပိုင်ရှင်မဲ့နေပြီ။

မျက်ရည်မရှိတဲ့မိန်းမ ကျောက်ရုပ်ဖြစ်သွားရင်ကောင်းမယ်။ လူတွေက အဲဒီကျောက်ရုပ်ကို ပန်းခြံတခုထဲမှာ ရွေ့ထားမယ်။ တောင်ကုန်းနိမ့်နိမ့်ကလေးတခုပေါ်မှာ၊ ရောင်စုံပန်းခြုံကလေးတွေခြံရံလို့၊
ကြေးပြားလေးပေါ်မှာတော့ သူမ ဤနေရာတွင် မထင်မှတ်ပဲပျောက်ဆုံးခဲ့သည်။ သူမ၏ခွေးကလေးကိုသာ ချန်ရစ်ခဲ့သည် တဲ့။

ပိုက်ဆံရှိရင် ထမင်းကောင်းဟင်းကောင်းတွေ ချက်လို့ရတယ်။ တခါကထမင်းဝိုင်းလေးကိုတော့ မီးဖိုပေါ်တင် ပြန်ပူနွေးစေလို့မရနိုင်ပါ။ ဘယ်လောက်မူးမူး လမ်းမှာဆိုင်ကယ်မမှောက်ဘူး တဲ့။ ညကလေးတညကတော့ အသေအချာမှောက်ခဲ့ပါတယ်။ ကံကြမ္မာဟိုင်းဝေးကြီးပေါ်မှာ ဘယ်သူက ဘယ်သူ့ကိုဝင်တိုက်ခဲ့တာလဲ။ အခင်းဖြစ်တဲ့နေရာမှာ အဲဒီကောင်မ ပွဲချင်းပြီးခဲ့တယ်။ လူကသေပြီး စိတ်ကဝဲပျံနေတယ်။ မနက်မိုးလင်းတော့ ညကရုပ်ရှင်ကို သတိမရတော့ဘူးတဲ့လား။ ထားလိုက်ပါကွယ်။ ဝဲပျံနေတဲ့လိပ်ပြာကလေးတကောင်ကိုသာ ရှင်စိုက်ထားတဲ့သစ်ခွအိုးကလေးပေါ်က မောင်းမထုတ်လိုက်ပါနဲ့။ 

ပန်းခင်းကြီးအလည်ကပန်းပုရုပ်ဟာ ပန်းခြံထဲမှာ ပျောက်သွားတဲ့မိန်းမ။ ပန်းလေးတွေက သူ့ကိုကြည့်ရင်းငိုတယ်။ ကြယ်လေးတွေက သူ့ကိုငေးရင်း ရယ်မောကြတယ်။ သူ့ရှေ့နားက ခုံတန်းကလေးမှာ လူတယောက်ဟာ လမ်းလျောက်ကပြန်လာတိုင်း ထိုင်နားလေ့ရှိတယ်။ ကောင်းကင်ကြီးကိုမော့ကြည့်လိုက် ငှက်တွေကိုအစာကျွေးလိုက် ကျောက်သားမိန်းမကိုစိုက်ကြည့်လိုက်နဲ့။ ခဏနေတော့ အဲဒီလူဟာ သူ့ရဲ့အိမ်ခန်းကလေးဆီပြန်၊ ပြတင်းပေါက်ဘောင်ပေါ်က သစ်ခွအိုးကလေးကိုရေလောင်း။ ပြီးတော့ ဘယ်သူမှပြန်မထူးတဲ့ဖုန်းကို အကြာကြီးခေါ်လို့။

စိမ်းမနေရင်လည်း အသံဖိုင်ကလေးပို့ထားခဲ့ပါ
ဖုန်းတွေကစမတ်ဖြစ်သလောက် ဘဝတွေကစမတ်မဖြစ်သေးဘူး။

နှင်းခါးမိုး