လူဟာသေမျိုး ဟု ဘာသာတရားက ဆုံးမသည်။ သေသွားတော့လည်း တယောက်တည်းနော့၊ လက်တွဲခေါ်ကာ ဖေါ်မပါဘူး၊ ဥစ္စာချည်းနှည်း ကိုယ်ထီးတည်း ဆိုသည့် သံဝေဂကဗျာလေးကို နားရည်ဝနေကြသည်။ သေရင် ဘာပါသွားသလဲဆိုတာထက် ဘာထားခဲမလဲဆိုတာက ပိုအရေးကြီးပါတယ်ဟု တချို့က တွေးခေါ်ပြောဆိုကြပြန်သည်။ ဘဝမှာ အဓိပ္ပါယ်တစုံတရာ မတွေ့နိုင်ခဲ့သူတို့ကတော့ သေရင်ပြီးပြီ ဟု ကောက်ချက်ချကြလေသည်။
သေတယ်ဆိုတာ လေယာဉ်တစီးကနေ နောက်တစီးကို ပြောင်းစီးရသလိုပါပဲ ဟု ကဗျာဆရာမောင်ချောနွယ်က ဆိုခဲ့ဘူးသည်။ သေရမှာကို ငါဘယ်လိုမှ မကြောက်တကား၊ ငါကြောက်တာက လွတ်လပ်စွာပြောဆိုခွင့်ကို အချိုးဖျက်ခံပြီး အနှစ်မဲ့စွာ အသက်ရှင်နေရမယ့် သီလကြောင် ဒီလောကရဲ့ နေ့လရက်များ လို့ ကဗျာဆရာအောင်ချိမ့်က ရေးဖွဲ့ခဲ့သည်။ မသေရဲသမျှ နေရဲရမယ် ဟု စာရေးဆရာမ မိုးမိုးကလည်း ရေးသားခဲ့ဘူးသည်။ ချစ်သူတို့ကား အသက်တို၏၊ မုန်းသူတို့ကား အသက်ရှည်၏ လို့ လောက၏ မညီမျှပုံနှင့် သေခြင်းတရားအကြောင်း ဆရာကြီးဦးတင်မိုးက စကားနာလှလှလေး ထိုးခဲ့တာ လွမ်းလွမ်းဆွေးဆွေး သတိရမိသည်။
ကပ်ဆိုးကြီးထဲမှာ တိုင်းပြည်အတွက် လောကအတွက် တန်ဘိုးရှိသူ လူကောင်းသူကောင်း အတော်များများကို ဆုံးရှုံးလိုက်ကြရသည်။ ဒီထဲမှာ တချို့က အချိန်မတိုင်ခင် နှမြောစရာဆုံးရှုံးလိုက်ရသလို တချို့ကတော့ သီလနှင့်ပညာပြည့်စွာ အသက်ရှည်ရှည်နေခဲ့ကြရသလို ကောင်းမှုအထွေထွေတွေလည်း လုပ်ဆောင်သွားခဲ့ကြသူများဟု ဆိုရမည်။ သူတို့အကြောင်း တခမ်းတနားစာဖွဲ့ပြဖို့မလို။ သူတို့ကို ချစ်ခင်လွမ်းဆွတ်သူများ၏ နှုတ်ဆက်စကားများက အပြည့်အဝဖော်ပြနေသည်။ သူတို့သည် အမှန်တရားဘက်က ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသည်။ စွန့်လွှတ်ပေးဆပ်ခဲ့ကြသည်။ သူတို့နိုင်သည်ထက်ပိုစွာ လူ့အဖွဲ့အစည်းအကျိုးကို ဦးထိပ်ထမ်းခဲ့ကြသည်။ သူတို့ကို အားလုံးက နှမြောတသ တမ်းတနေကြမှာပဲဖြစ်သည်။
သေတဲ့သူမြေပုံကို တံတွေးဖြင့်မထွေးရ၊ ခြေထောက်ဖြင့်မကန်ရ ဟု လူ့ကျင့်ဝတ်စကား ရှိသည်။ သို့သော် အသက်ရှင်စဉ် လူ့လောကအပေါ် သူပြုခဲ့သော ကောင်းမှု၊ မကောင်းမှုက သေရွာအထိလိုက်သည်ဟု ပြောရပေမည်။ မြန်မာ့သမိုင်းတွင် လူတွေဝမ်းသာမည်စိုး၍ တိတ်တိတ်ကလေး ဆေးကုနေရသော အသက်ရှင်နေရက်က သေနေတဲ့လူတွေရှိသလို၊ တချိန်မှာ တံတွေးထွေး ခြေဖြင့်ကန်ကြောက်ကြမှာစိုး၍ ပြာတဆုပ်ပင် မချန်ရဲခဲ့သူတို့ ရှိခဲ့တာ ပူပူနွေးနွေး သင်ခန်းစာဟု ဆိုရမည်။ လောကတရားရုံး၏ စီရင်ချက်ကို သေခြင်းတရားပင် လုံခြုံမှုမပေးနိုင်ပါ။ ဘာလင်မြေအောက်ခန်းထဲမှာ ဘယ်သူမှမသတ်နိုင်အောင် သူ့ကိုယ်သူစီရင်သွားသော်လည်း သူ့အကြောင်းတခါပြန်ပြောတိုင်း လူတယောက်ရဲ့ပါးစပ်ဖျားမှာ တခါပြန်သေနေရသည့်အဖြစ်မျိုးကို ဟစ်တလာလည်း ရင်နာနေပေလိမ့်မည်။
လူသည် သေရမည်ကို သိသည့်တိုင်၊ သေခြင်းကို လက်ခံထားရသည့်တိုင် သေခြင်းသည် ကျိုးကြောင်းမျှတခြင်းမရှိသော ဖောက်ဖျက်မှုကြီးတခုသာဖြစ်ပါသည် ဟု ဆီမွန်ဒီဗူးဗွားက သူ၏ A VERY EASY DEATH (ဆရာမြသန်းတင့် ပြန်ဆိုသည့် ရေပွက်ပမာ) စာအုပ်ထဲတွင် ရေးသားခဲ့ပါသည်။ သေရမှာကို အားလုံးကြောက်ပါသည်။ ဘယ်သူမှလည်း ပြေးမလွတ်ပါ။ လွတ်လိုလွတ်ငြား သေခြင်းကို စူးစမ်းနေခြင်းလည်း မဟုတ်ပါ။ သေခြင်းတရားအကြောင်းကို ပြောဆိုနေရခြင်းမှာ နေခြင်းတရားအပေါ် ပိုမိုလေးနက်စေလိုသောကြောင့်ဟုဆိုက ပိုမှန်ပါသည်။
လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ။ လောကကြီးကို ဖျက်ဆီးသွားသူဖြစ်စေ၊ တည်ဆောက်သွားသူဖြစ်စေ။ ကိုယ်ချစ်ခင်ရသူဖြစ်စေ၊ မုန်းတီးစက်ဆုပ်သူဖြစ်စေ။ လူတဦးဦးသေဆုံးသွားတိုင်း မိမိ၏အသိတရားကို လှုပ်နှိုးခံကြရပါသည်။ မိမိ၏ ရှင်သန်နေထိုင်ရခြင်း အဓိပ္ပါယ်ကို ပြန်ရှာဖွေမိကြပါသည်။ ဒါကိုပင် မသာတခေါက် ကျောင်းဆယ်ခေါက်ဟု ရှေးလူကြီးတို့ ရည်ညွုန်းခဲ့ခြင်းဖြစ်ဟန်တူသည်။
လောကကိုချစ်လျှင် ဘယ်သူ့အတွက် ခေါင်းလောင်းထိုးတာလဲဟု ရဲရဲကြီး မေးလိုက်ကြဖို့ လိုပါသည်။ ရေအိုးမခွဲရ၊ ကြေးစည်မထုရ ဆိုသော စျာပနမျိုး ဘယ်သူမှ နောက်ထပ်ကြံုချင်ကြတော့မည် မဟုတ်ပါလေ။
၀၃၊ အောက်တိုဘာ၊ ၂၀၁၈
No comments:
Post a Comment