တခါက မြန်မာ့ရုပ်ရှင်လောကတွင် အင်္ဂလန်စိန်ဆိုသော ကလေးသရုပ်ဆောင်လေးတယောက်ကို မေတ္တာရှင်မလေးငြိမ်းငြိမ်းအိအဖြစ် ပရိတ်သတ်ရင်ထဲ စွဲလန်းကျန်ရစ်ခဲ့ဘူးသည်။ ထို မေတ္တာရှင်မလေးငြိမ်းငြိမ်းအိ၏ မူရင်းမှာ ပေါ်လီယာနာဖြစ်သည်။ အယ်လီနာပေါ်တာရဲ့ အမေရိကန်ဝတ္ထုကို ဆရာထင်လင်း ဘာသာပြန်ပြီး အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရသော စာအုပ်ဖြစ်သည်။ လူ့ဘဝနှင့် လောကအပေါ် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် အမြဲတမ်း အကောင်းဘက်က ကြည့်မြင်တွေးတောတတ်သူ မိန်းမငယ်လေးတဥိီးအကြောင်း ရေးဖွဲ့ထားတာတွေ့ရသည်။
ရသစာပေစကားဝိုင်းမှာ ကျောင်းသားတယောက်က ထို၀တ္ထုကို နှစ်သက်ကြောင်းပြောတော့ ဦးဆောင်ဆွေးနွေးသူ ဒေါ်အောင်ဆန်းစုကြည်က ယခုခေတ်မှာ ဒီလိုလူမျိုးတွေ တကယ့်ဘဝမှာ မရှိနိုင်၊ စိတ်ကူးယဉ်မှုသာဖြစ်သည်ဟု ဝေဖန်ကြကြောင်း၊ တကယ်လို့ အပြင်လောကမှာ ဒီလိုအတွေးအမြင်နှင့် လူတွေသာ မရှိကြဘူးဆိုလျှင် ကမ္ဘာကြီးအတွက် စိုးရိမ်စရာ ဖြစ်လာမည်ဟုထင်ကြောင်း သူ့အမြင်ကို ပြောဆိုသွားတာ ကြားလိုက်ရသည်။ အမှန်တကယ်လည်း မိမိတို့ပတ်ဝန်းကျင်မှာ အကောင်းမြင်စိတ်တွေ တနေ့တခြားခြောက်ခမ်းလာတာ ၀မ်းနည်းဖွယ်တွေ့နေရသည်။ ဘာကြောင့်လဲ။
ကိုယ်ထင်ရင် ကုတင်ရွှေနန်းဟု ဆိုကြသော်လည်း ကုတင်ကကုတင်၊ ရွှေနန်းမှမဟုတ်ပဲ။ လက်တွေ့ဘဝကို ပြောင်းပြန်လှန်ပြီး ကိုယ်ထင်ရာမြင်ရာတို့သည် အမှန်တရားဖြစ်မလာနိုင်ပါ။ ခေတ်ကြီးမကောင်းပဲ ဘဝတွေကောင်းမလာနိုင်ပါ။ မကောင်းတဲ့ဘဝကို ဘယ်သူက ပျော်မွေ့ပါ့မလဲ။ သူ့ဘဝလည်းမကောင်း၊ ကိုယ့်ဘဝလည်းမကောင်း။ ကိုယ်တွေအပေါ် မကောင်းတဲ့လူတွေရဲ့ဘဝကျတော့ ကောင်းနေညွန့်နေတာ တွေ့ရပြန်တာလည်း မကောင်း။ လောကကို ကောင်းအောင်ကြိုးစားနေတဲ့သူတွေရဲ့ ဘဝတွေကျ မကောင်းပြန်တော့ ခံစားရတာမကောင်း။ အိမ်သာကျင်းထဲ နှင်းဆီပန်းနံ့ မမွှေးနိုင်သလိုဟု တင်စားပြောဆိုရလျှင်တော့ ဒေါသသင့်ရာရောက်မည်။ ဒီတော့ ဒေါသသင့်နေတဲ့စိတ်တွေမှာ ပေါ်လီယာနာဟာ သေဆုံးခဲ့ရရှာတာ မဆန်းပါ။
အခုထိလည်း နှင်းဆီပန်းက မမွှေးနိုင်သေး။ ကျင်းထဲက အနံ့အသက်အချို့ စွဲထင်နေဆဲဖြစ်သည်။ ပန်းတိုင်းပွင့်အောင် စိုက်ကြရအုန်းမည်။ ပွင့်သောပန်းတိုင်း မွှေးပျံ့နိုင်အောင် ရေလောင်းပေါင်းသင် လုပ်ကြရအုန်းမည်။ ဒါပေမယ့် လေတချက်တချက် သင့်လာလျှင်တော့ မဖို့ရသေးသော၊ မရွှေ့ရသေးသော ကျင်းဟောင်းကြီးတွေဆီက အနံ့အသက်တွေ လွင့်ဝဲရောက်ရောက်လာနေအုန်းမည်သာ။
ပန်းရောင်းသောသူငယ်ချင်းက ငါးစိမ်းရောင်းသောသူငယ်ချင်း အိမ်လာလည်သောအခါ အိပ်ခန်းထဲမှာ ပန်းတွေဝေနေအောင် မွှေးကြိုင်နေအောင် ပြင်ဆင်ပေးထားသည်။ ငါးသည်သူငယ်ချင်းက တညလုံးအိပ်မပျော်။ ခဏနေတော့ ပန်းတွေကိုဖယ်ရှားပစ်ကာ သူ့ငါးတောင်းလေး အိပ်ယာဘေးချထားလိုက်တော့မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်တဲ့။ တချို့လူတွေရဲ့ဘဝက အနံ့အသက်ဟောင်းမှာ နေသားကျစွဲလန်းနေတတ်ကြသည့်သဘာဝကို ဖော်ပြခြင်းဖြစ်သည်။ သူတို့အတွက် နှင်းဆီပန်းက မမွှေးပါ။
စာအုပ်စင်ပေါ်က ပေါ်လီယာနာကို ဖုန်ခါလိုက်သည်။ မေတ္တာရှင်မလေးငြိမ်းငြိမ်းအိကို သီချင်းတွေ ပြန်ဆိုစေချင်သည်။ အခက်အခဲတိုင်းမှာ အခွင့်အရေးတွေ ပါလာတတ်သည်။ လောကဓံဆိုတာက ခေါက်ရှာငှက်လိုပျံသည်။ ဗုံလုံနှင့် ငါးပျံလို ဆော့သည်။ ညနက်နက်ကိုကျော်သောအခါ အာရုဏ်ဦးကို ဖူးကြရမည်။ ဘဝရဲ့ ဒုက္ခအိုးထဲမှာ ချစ်ခြင်းက ကြည်မြနေတတ်ပါသည်။ အဆိုးဆုံးကို အကောင်းဆုံးစိတ်ဖြင့်သာ ဖြတ်ကျော်နိုင်သည်ဟု ယုံကြည်ကြဖို့လိုသည်။ သင့်တို့ရဲ့တံခါးတွေကို မဖွင့်မချင်း နေမင်းကြီးက အိမ်ထဲသို့ ၀င်လာနိုင်မည် မဟုတ်ပါ။
No comments:
Post a Comment