ခဲတံမှာ ခဲဖျက်တပ်ထားရတာကိုက လူဟာ မှားတတ်လို့ပဲ ဟု ဆရာဦးအောင်သင်းက ပြောဘူးသည်။ တခါက စစ်တုရင်ထိုးသည့်စက်ရုပ်တရုပ် တီထွင်ရာ အမှားအယွင်းမရှိ ပြိုင်ဘက်တိုင်းကို နိုင်သည်။ သိပ္ပံပညာရှင်ကြီးက သူ့တီထွင်မှုအပေါ် မကျေနပ်။ နောက်ဆုံးတခါမှာ စက်ရုပ်က အမှားတကွက် ရွှေ့မိပြီး ရှုံးသွားသည်။ ထိုအခါကျမှ သူ့တီထွင်မှု အောင်မြင်ကြောင်း ပညာရှင်ကြီးက ကြေငြာသည်။ သူ့စက်ရုပ်သည် မှားတတ်သည့်အတွက် လူနှင့်တူသည့် ဉာဏ်ရည်ကို ပိုင်ဆိုင်သွားပြီဟု ရှင်းပြသည်။
မှားတတ်တာ လူ့သဘာဝဖြစ်သည်။ သို့သော် အမှားက အမျိုးမျိုးရှိသည်။ မရည်ရွယ်သောအမှား၊ တမင်တကာပြုသောအမှား။ ဘယ်သူ့ကိုမှ မထိခိုက်သည့်အမှား၊ တဖက်သားကို ဆုံးရှုံးနစ်နာစေသောအမှား။ အိမ်ကို လမ်းမှားပြန်မိတာမှစ၍ တိုင်းပြည်နှင့်လူမျိုးကို ချောက်ထဲတွန်းချသည့်အမှားမျိုးအထိ ရှိတတ်တာ အားလုံးသိပြီးဖြစ်သည်။ တချို့အမှားက ခွင့်လွှတ်လို့ရသည်။ တချို့အမှားက အရေးယူအပြစ်ပေးမှသာ ပြန်လည်တည့်မတ်လို့ရနိုင်သည်။
ဒီတော့ မှားတတ်သောသတ္တဝါမို့ မှားခွင့်ရှိသည်ဟု သက်သေထူလို့မရ။ အမှားက အမှားသာဖြစ်သည်။ ဘယ်သူမဆိုဖြစ်တတ်လို့၊ ဆင်ခြေပေးကောင်းလို့၊ အကြောင်းအချက်ခိုင်လုံလို့၊ ရွေးချယ်စရာမရှိတော့လို့ ပြုလိုက် ကျုးလွန်လိုက်ရသည့်တိုင် အမှားကို အမှန်ဟု ခေါင်းစဉ်ပြောင်းလို့မရပါ။ ဆားက ဘယ်တော့ဖြစ်ဖြစ် ငန်သည်။ ဘယ်အခြေအနေမှာဖြစ်ဖြစ် ငန်သည်။ အချိန်ကာလ ဘယ်လောက်ကြာသွားသွား ငန်သည်။ နှိုင်းရဓမ္မအရ ဘာနဲ့တွဲယှဉ်ပြပြ သူ့နဂိုဂုဏ်ရည်အတိုင်း ငန်နေမည်သာဖြစ်ပါသည်။ အမှားတခုသည်လည်း ထိုနည်းလည်းကောင်းဟုသာ ဆိုရမည်။
လူ့သမိုင်းကို ပြန်ကြည့်လျှင် အမှားကင်းသည်မရှိ။ သမိုင်းထဲက အမှားတွေကိုပဲ သင်ခန်းစာအဖြစ် သင်ကြားကြရသည်။ လူတယောက်၏ဘဝတွင်လည်း အမှားကင်းခဲ့သည်မရှိ။ ပြီးခဲ့သည့်အမှားတွေကို သတိထားကာ နောင်မမှားအောင် ရှေ့ဆက်ကြရသည်သာ။ ကိုယ်ရှေ့ကလူတွေရဲ့အမှားကို ရှောင်ကြဉ်ရမည်။ ကိုယ်နောက်ကလူတွေကို လမ်းပြရမည်။ အမှားသံသရာထဲ ထပ်ကျော့နစ်မြုပ်နေကြလျှင် ထိခိုက်ဆုတ်ယုတ်ကြမှာမလွဲ။ လူတဦးချင်းပဲဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်းတခုအနေနဲ့ပဲဖြစ်ဖြစ် ကောင်းကျိုးကိုလိုလျှင် အမှားနည်းအောင် ကြိုးစားကြရမည်သာဖြစ်သည်။
ပထမဆုံးတော့ အမှားကို အမှားမှန်းသိရမည်။ မှားလျှင် မှားသွားကြောင်း ၀န်ခံရမည်။ ထိုအမှားကြောင့် တဖက်သားကို၊ လူအများကို ထိခိုက်နစ်နာစေခဲ့လျှင် တောင်းပန်ရမည်။ ကုစားပေးဆပ်ရမည်။ တနည်း အမှားအပေါ် တာဝန်ယူဖို့လိုအပ်သည်။ မှားခဲ့တာကို ကိုယ့်ကြောင့်မဟုတ်သလိုလို၊ ကိုယ်နဲ့မဆိုင်ခဲ့သလိုလို၊ အမှားမဟုတ်သလိုလို လှည့်ပတ်ရှောင်ကွင်းနေလျှင်တော့ ပထမအမှားက မပျောက်သွားသည့်အပြင် နောက်ထပ်အမှားတခုကို ကျူးလွန်ရာရောက်ပါလိမ့်မည်။ အမှားကျုးလွန်သူကို အကာအကွယ်ပေးတာဖြစ်ဖြစ်၊ သတိပေးဖို့၊ အရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေတာဖြစ်ဖြစ် လုပ်သူများလည်း ထိုအမှားနှင့်ပတ်သက်၍ အနည်းနှင့်အများ တာဝန်ရှိသွားတာ မမေ့ဖို့လိုသည်။
ရေပြည့်နေသောဆည်ကို သွားစစ်ဆေးပြီး ဘာမှအန္တရယ်မရှိဟုပြောသည်။ နောက်တနေ့မှာ ဆည်ကကျိုးသည်။ ရွာတွေလူတွေ နစ်ကုန်သည်။ သေကြေဆုံးရှုံးကြရသည်။ ရေကြောင့် တံတားကျိုးသည်။ အမြန်လမ်းကြီးပိတ်လိုက်ရသည်။ ထိခိုက်ဆုံးရှုံးမှုတွေက နိုင်ငံနှင့်ချီသွားသည်။
တခါကလည်း နာဂစ်မုန်တိုင်းကြီးဖြစ်သည်။ မရှောင်နိုင်မတိမ်းနိုင် အသက်ပေါင်းသိန်းချီ ဆုံးရှုံးလိုက်ရသည်။ သဘာဝကြီးကပဲ မှားသည်။ ရှေးကံအကြောင်းတရားတွေကပဲ မှားသည်။ တာဝန်ရှိပါတယ် ပြောမယ့်သူမရှိ။ စိတ်မကောင်းကြောင်း၊ တောင်းပန်ကြောင်း တခွန်းမှ ဟဖေါ်မရ။ ဒီနိုင်ငံမှာ ဒီလိုအဖြစ်မျိုးတွေ ပြောရလျှင် ဆုံးမှာမဟုတ်။ ၀န်ခံဖို့၊ တောင်းပန်ဖို့၊ အမှားအပေါ် တာဝန်ယူဖို့ ရာဇဝင်မရှိဘူးဟုသာ ပြောရတော့မည်။
မှားတာလုပ်တဲ့သူတွေထက် မှားတာကိုမှားတယ်ပြောဖို့ ပျက်ကွက်တဲ့သူတွေက ပိုအပြစ်ကြီးတယ်ဟု နိုင်ငံရေးခေါင်းဆောင်တယောက်က ပြောဘူးသည်။ ဒီနိုင်ငံမှာ ထွန်းကားနေတဲ့အမှားတွေအတွက် တကယ်တော့ ဒီနိုင်ငံတခုလုံး တာဝန်ရှိသည်ဟု ဆိုရတော့မည်။ ဒီနိုင်ငံကလူတွေအားလုံးမှာ တာဝန်ရှိသည်။ တာဝန်ယူကြဖို့လိုသည်။ တကမ္ဘာလုံးထုတ်ချင်းပေါက်နေသည့် ဂလိုဘယ်လိုက်ဇေးရှင်းလို ခေတ်ကာလကြီးမှာ မှားနေသောနိုင်ငံတနိုင်ငံအဖြစ် ၀ုိင်းသတ်မှတ်မခံရအောင် အားလုံး ရုန်းထွက်ကြရမည်။
အခုအချိန်ကစလို့ အရိပ်မဲကြီးထိုးကျနေသည့် အမှားယဉ်ကျေးမှုကို ပြောင်းကြဖို့လိုပြီ။ အမှားတွေကို မှားကြောင်း ပြောကြပါ။ မှားနေသူတွေကို ဖော်ထုတ်ပါ။ ကိုယ့်အမှားအတွက် ၀န်ခံပါ။ တောင်းပန်ပါ။ အပြစ်ပေးမှု၊ အပြစ်ခံမှုလုပ်ပါ။ အမှားမရှိတဲ့သူ၊ အမှားကင်းသောလူ့အဖွဲ့အစည်းတခု ဖြစ်စရာမလိုပါ။ အမှားကို အမှားနေရာမှာထားတတ်ဖို့၊ အမှားတွေကို တာဝန်ယူတတ်ဖို့ပဲ လိုပါသည်။ အဆိုးအကောင်းအပေါ် တာဝန်ယူမှုမရှိသူများ လက်ထဲမှာ အဆိုးတွေ ဘယ်တော့မှ ကောင်းလာလိမ့်မည် မဟုတ်ပါ။
No comments:
Post a Comment